no

Font
Theme

အပိုင်း (၆၇) - စစ်ဆေးမေးမြန်းခြင်း (၁)

"မင်း - မင်း ဘာကို..." ကျိလေက ရှန်ဇယ်ချွမ်း၏အပြုံးကို ကြည့်လိုက်ပြီး သံတိုင်များဆီကနေ အနောက်ကိုအမြန်ဆုတ်လိုက်သည်။ "မင်း ဘာလိုချင်တာလဲ!"

"ခင်ဗျားက ကျွန်တော့်ကိုမေးနေတာလား။" ရှန်ဇယ်ချွမ်းက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ "ခင်ဗျားက ကျွန်တော့်ကို မေးနေတာပေါ့?" ရှန်ဇယ်ချွမ်း၏အကြည့်က ကြောက်မက်ဖွယ်ကောင်းလာပြီး ကျိလေကို မောက်မာစွာ လက်ယက်ခေါ်လိုက်သည်။ ကျိလေက နေရာမှာတင် အေးခဲနေ၏။ သူက နောက်ကျောကို နံရံနှင့်ဖိကပ်ထားပြီး ရှန်ဇယ်ချွမ်းဆီ အနားတိုးကပ်သွားဖို့ ငြင်းဆန်နေခဲ့သည်။

"အကျဥ်းသားတွေက အသတ်ခံရဖို့စောင့်နေတဲ့ တိရစ္ဆာန်တွေပဲ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ရှစ်ရှူးက ဘယ်လိုလုပ်ပြီး ကျွန်တော့်ကိုမေးရဲရတာလဲ။"

"မင်း ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ။" ကျိလေက ပြန်ပြောလိုက်၏။ "ငါ့ကိုသတ်မှာလား။"

"သိုင်းကျင့်ကြံတဲ့တူဝရီးတွေ ဒီလိုတွေ့ဖို့ဆိုတာ မကြာခဏအခွင့်အရေးမရနိုင်ဘူးလေ။ ကျွန်တော်တို့ အခုလိုကစားဖို့ ခဲခဲယဥ်းယဥ်းအချိန်လေးရလာတာကို ဘယ်လိုလုပ်ပြီး မြန်မြန်သတ်နိုင်မှာလဲ။" ရှန်ဇယ်ချွမ်း သံတိုင်များကို လက်မဖြင့်ပွတ်သပ်၍ နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။ "ခင်ဗျားရဲ့လျှို့ဝှက်ချက်တွေက ခင်ဗျားအတွက် ကယ်တင်ရှင်ထင်လို့ ပါးစပ်ပိတ်ထားတာပေါ့။ ခင်ဗျား နှုတ်လုံနေသရွေ့ ဘယ်သူကမှ ခင်ဗျားအပေါ် လက်မတင်ဘူးဆိုပါတော့။ အကျဥ်းထောင်ထဲနေရတဲ့ ခင်ဗျားရဲ့နေ့ရက်တွေက ပိုပြီးသက်တောင့်သက်သာရှိလာမယ်။ နေ့စဥ်လိုအပ်ချက်တွေအတွက် ပူပန်စရာမလိုသလို ခင်ဗျားရဲ့အသက်အတွက် ကြောက်စရာလည်းမလိုဘူး။ ခင်ဗျားကို အဖော်ပြုပေးဖို့ ဖန်းရူကွေ့လည်းရှိတယ်၊ အားလပ်ချိန်တွေလည်း ပေါသောလို့ပေါ့။ သိပ်ကိုလွတ်လပ်ပြီး ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်နေတာပဲ။"

ကျိလေတစ်ယောက် ချွေးအေးများထွက်လာ၏။ သူက သူ့ကိုယ်သူ နံရံနှင့်ကပ်ထားပြီး ရှန်ဇယ်ချွမ်း၏မျက်လုံးများကို စေ့စေ့မကြည့်ရဲပေ။

"ဒါပေမဲ့ ပျော်ရွှင်စရာနေ့ရက်တွေက အမြဲတမ်း ကုန်ဆုံးတာမြန်တယ်။ လျှာက အလုပ်လုပ်နေသေးသရွေ့ ခြေထောက်တစ်ဖက်ပြတ်သွားတာ၊ လက်မောင်းတစ်ဖက်ပြုတ်သွားတာ၊ ဒါမှမဟုတ် မျက်လုံးနှစ်လုံးကိုထုတ်လိုက်လည်း ကိစ္စမရှိဘူးလေ။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ရှစ်ရှူး ကျွန်တော့်ကို မြည်းသားကင်နဲ့ဧည့်ခံခဲ့တယ်။ အဲ့တုန်းက ကျွန်တော် မြည်းစမ်းမကြည့်လိုက်ရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရှေ့မှာ ညတာအရှည်ကြီးကျန်နေသေးတော့ အရက်သောက်ပြီး ထမင်းတစ်နပ်လောက်စားဖို့ အချိန်ကကွက်တိပဲ။" ရှန်ဇယ်ချွမ်းက သူ၏လက်ချောင်းများကြားကနေ ပါးလျသောဓါးသွားတစ်လက်ကိုထုတ်ကာ သံတိုင်များကို ခေါက်လိုက်သည်။ "ကျိလေ၊ စားတော်ပွဲကျင်းပကြတာပေါ့။"

"မင်း—ရူး—နေပြီ!" ကျိလေက လည်တိုင်ကိုဆန့်ကာ တစ်လုံးချင်းစီပြောလိုက်သည်။ "ရှန်ဇယ်ချွမ်း၊ မင်း ရူးနေပြီ!"

"ကျွန်တော် ရူးနေပြီ။" ရှန်ဇယ်ချွမ်းက သူ့ကို တည်ငြိမ်စွာကြည့်ရင်း သဘောတူလိုက်လေ၏။

"မင်း ငါ့အပေါ်ကို လက်တစ်ချောင်းတောင် တင်ရဲမှာမဟုတ်ဘူး!" ကျိလေက နှာမှုတ်လိုက်၏။ "ဧကရီမယ်မယ်က မင်းရဲ့အသက်ကို ဆုပ်ကိုင်ထားတာ။ မင်း ငါ့ဆံချည်မျှင်တစ်ချောင်းကိုတောင် ထိရဲမှာမဟုတ်ဘူး!"

ယင်းက ရှန်ဇယ်ချွမ်းကို နောက်တစ်ဖန်ပျော်ရွှင်သွားစေသည့်ပုံပင်။ သူက ပြုံးလိုက်၏။ "ရှစ်ရှူးက ဒီနေ့ည အရမ်းရယ်ရတာပဲ။ ကျွန်တော့်ကို ဒီနေရာလွှတ်လိုက်တာ ဘယ်သူလို့ထင်နေတာလဲ။"

ဒေါသထွက်သွားသောကျိလေက ပြောလိုက်၏။ "ငါ့ကို လှည့်စားဖို့မကြိုးစားနဲ့-"

"ရှန်ဝေ့က သေပြီ။ ရှန်ဝေ့ သူ့ကိုယ်သူ မီးရှို့ပြီးသတ်သေတုန်းက သွင်ကျိုးမှာရှိတဲ့ ကျန့်ရှင်းဘုရင်ရဲ့အိမ်တော်ကပါ သူနဲ့အတူမီးလောင်သွားတယ်လို့ ကျွန်တော်ကြားတယ်။ တော်ဝင်အစောင့်တပ်သားတွေ သူ့ကို အပျက်အစီးတွေကြားထဲကနေ ဆွဲထုတ်တုန်းတဲ့အချိန်မှာ သူ့အလောင်းက မမှတ်မိလောက်အောင်ထိ ပျက်စီးသွားပြီး အားလုံးကိုပြသဖို့ မြို့တံတိုင်းရဲ့ထိပ်မှာ ချိတ်ဆွဲထားခဲ့တယ်။ ကျွန်တော် အဲ့ဒါကို ကိုယ်တိုင်မမြင်လိုက်ရပေမဲ့ နှစ်ပေါင်းများစွာတိုင်အောင် စိတ်ကူးပုံဖော်ကြည့်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်စိတ်ထဲ ထပ်တလဲလဲတွေးရင်းနဲ့ နောက်ဆုံးတော့ ကျွန်တော် တစ်စုံတစ်ခုကို သဘောပေါက်သွားတယ်။"

ကျိလေက တံတွေးမျိုချလိုက်သည်။

"ရန်သူတွေနဲ့ပူးပေါင်းမဲ့ သူ့ရဲ့အစီအစဥ်က အောင်မြင်ခဲ့တယ်။ ဒါဆို တိုက်ပွဲမတိုင်ခင် တစ်ဖက်ကိုကူးသွားတာက ပိုပြီးအဆင်ပြေမှာမဟုတ်ဘူးလား။ အဲ့ဒီအချိန်မှာ သွမ်ကျိုးက ကျသွားပြီ။ သူသာ သူ့ရဲ့မဟာမိတ်အဖွဲ့တွေကိုကြိုဆိုဖို့ သူ့ရဲ့တပ်ဖွဲ့ကိုဦးဆောင်ပြီး ပျန်းရှားမြင်းတပ်နဲ့ အင်အားပူးပေါင်းခဲ့မယ်ဆိုရင် လီပေသံချပ်ကာမြင်းတပ် ရေခဲမြစ်ကိုမဖြတ်ခင် ချွိတူးကို သူတို့အရင်ရောက်နိုင်တယ်။ ဒါပေမဲ့ သူက အဲ့လိုမလုပ်ခဲ့ဘူး။ သူက အကြောက်တရားကြောင့် နောက်ပြန်ဆုတ်ခဲ့တယ်။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "သူ့ရဲ့ပန်းတိုင်က ရန်သူတွေလက်ထဲ ကျုံးပေါ်ကိုထည့်ပေးဖို့ဆိုရင် သူ လုပ်ပြီးသွားပြီလေ။ သူသာရှေ့ဆက်သွားရင် လွတ်လမ်းကစောင့်ကြိုနေပေမဲ့ ထပ်တလဲလဲ အနောက်ကိုပဲဆုတ်ခွာခဲ့တယ်။ သူက အရူးဖြစ်နေရင်တောင် အနောက်ဆုတ်တာက သူ့ရဲ့သေလမ်းပဲရှိတယ်ဆိုတာကို သူသိသင့်တယ်။"

"ဘာလို့လဲဆိုတော့ သူ့မှာ သတ္တိမှမရှိတာ။" ကျိလေ၏အသံက အမုန်းတရားများနှင့် ပြည့်နှက်နေပြီး လေးလံစွာအသက်ရှူလိုက်သည်။ "ပျန်းရှားမျိုးနွယ်ဆယ့်နှစ်စုထဲမှာ ဘယ်သူကများ သူ့ကိုသောက်ဂရုစိုက်မှာလဲ။ သူ သူ့တိုင်းပြည်ကို ရန်သူ့လက်ထဲ ရောင်းစားလိုက်ကတည်းက သူက သေလူဖြစ်နေပြီးသား!"

ရှန်ဇယ်ချွမ်းက အရှေ့တိုင်းပုလဲကို အကျဥ်းခန်းထဲပစ်ပေးလိုက်ရာ ကျိလေ၏ခြေထောက်နားကို လှိမ့်သွားခဲ့သည်။ သူ တဖြည်းဖြည်းအရောင်မဲ့လာသော ကျိလေ၏မျက်နှာကို လေ့လာနေခဲ့သည်။

သူက ရယ်မောလိုက်၏။

ကျ်ိလေ၏လက်များ တုန်ယင်လာပြီး အရှေ့တိုင်းပုလဲကို စူးစိုက်ကြည့်ကာ ခက်ခက်ခဲခဲပြောလိုက်သည်။ "မဟုတ်ဘူး... မဖြစ််နိုင်ဘူး..."

"ရှန်သျယ်ဧကရာဇ် ဆုံးပါးသွားပြီ။" ရှန်ဇယ်ချွမ်းက အရှေ့ကိုကိုင်းလာ၏။ "ရှန်ဝေ့လည်း မရှိတော့ဘူး။"

ကျိလေက ပုလဲလုံးကို ကန်ထုတ်လိုက်သည်။ "ညှို့ယူတတ်တဲ့ မြွေဟောက်၊ မင်း ငါ့ကို လှည့်စားဖို့မကြိုးစားနဲ့!"

"ဟွားစစ်ချန်းက လျှာကိုက်ပြီး သတ်သေသွားတယ်။" ရှန်ဇယ်ချွမ်းက ရွှင်ရွှင်ပျပျပြောလိုက်သည်။ "နောက်ထပ် ဘယ်သူဖြစ်မလဲ။ ခင်ဗျားလား၊ ဖန်းရူကွေ့လား။ ကျွန်တော်တို့ မဲနှိုက်ကြမလား။ ရှစ်ရှူး ခင်ဗျားအရင်နှိုက်လိုက်ပါ။" သူက သူ၏လက်ချောင်းများကြားကနေ ဓါးသွားနောက်တစ်ချောင်းကို ထုတ်လိုက်ပြီး သံတိုင်အဟကြားထဲကနေ ကျိလေဆီ ဆန့်တန်းပေးလိုက်သည်။ "တကယ်လို့ အကျိုးအပဲ့တစ်ခုကျရင် ကျွန်တော်တို့ ဖန်းရူကွေ့ကိုသတ်မယ်။ မဟုတ်ရင်တော့ ခင်ဗျားရဲ့အသားကို ခွေးကျွေးလိုက်ပါ့မယ်။ စိတ်မပူပါနဲ့။ တစ်ခုကို ရွေးလိုက်ပါ။"

ကျိလေက ဓါးသွားပေါ်ရှိ အေးစက်သောအလင်းတန်းကို ကြည့်လိုက်ပြီး ပါးစပ်ဖွင့်ဟလိုက်၏။ "ဟာသပဲ..."

"ဧကရီမယ်မယ်က ကျွန်တော့်ကို မြန်မြန်လုပ်ဖို့ ညွှန်ကြားလိုက်တယ်။" ရှန်ဇယ်ချွမ်းက သူ့ကို စိုက်ကြည့်လိုက်သည်။ "ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကို ရွေးချယ်ခွင့်ပေးထားတာနော်။ ရှစ်ရှူး ခင်ဗျား အသက်ရှင်နေသရွေ့ ပိုကောင်းတဲ့အလှည့်အပြောင်းဖြစ်လာဖို့ အခွင့်အရေးရှိနေတုန်းပဲ။"

ရက်ပေါင်းများစွာ နှိပ်စက်ခံရပြီးနောက် ကျိလေမှာ ကယောင်ကတမ်းဖြစ်ချင်နေလေပြီ။ ယခု ဤကဲ့သို့ကိုးရိုးကားရားအခြေအနေမှာ ရှန်ဇယ်ချွမ်း၏စကားလုံးများက သူ့ကို ရှုပ်ထွေးသွားစေပြီး အမှားအမှန် မခွဲခြားတတ်တော့ပေ။ သူက ဓါးသွားနှစ်ခုကို စိုက်ကြည့်နေ၏။ နောက်ဆုံးတော့ အတင်းအကျပ်ဖိအားပေးခံရသလိုမျိုး လက်တစ်ဖက်မြှောက်လိုက်သည်။ တုန်ယင်နေသော သူ၏လက်ချောင်းများက ဓါးသွားကိုထိလိုက်ချိန်၌ ရှန်ဇယ်ချွမ်း၏နှုတ်ခမ်းများ တဖြည်းဖြည်းကွေးညွတ်သွားသည်ကို မြင်လိုက်ရလေ၏။

"အာ။" ရှန်ဇယ်ချွမ်းက ပြုံးလိုက်၏။ "ဒီနေ့ ဓါးအသစ်တွေယူခဲ့တာကို ကျွန်တော် မေ့သွားတယ်။ ကျိုးပဲ့နေတာတွေကို လွှင့်ပစ်လိုက်ပြီ။"

ကစားခံလိုက်ရသော အရှက်တရားက ကျိလေကိုလွှမ်းမိုးသွား၏။ နောက်ဆုံးတော့ သူက ထိန်းချုပ်မှုလွတ်ကာ အရှေ့သို့တိုးလာပြီး သံတိုင်များကိုကိုင်လှုပ်၍ အရူးအမူး အော်ဟစ်လိုက်သည်။ "မင်းလုပ်ချင်တာ လုပ်လိုက်တော့ - ငါ့ကိုသတ်မှာလား၊ လာသတ်လိုက်။ အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ပစ်လိုက်! မင်းသိချင်တာတွေကို ငါ တစ်ခွန်းမှပြောမှာမဟုတ်ဘူး! လုပ်လေ၊ ငါ့ကိုသတ်လိုက်!"

"မှားနေပြီ။" ရှန်ဇယ်ချွမ်းက တည်ငြိမ်နေဆဲပင်။ "ခင်ဗျားကိုသတ်ချင်တာ ကျွန်တော်မဟုတ်ဘူး။"

"မင်းပဲ!" ကျိလေ၏လက်ချောင်းများက သံတိုင်များကိုဆုပ်ကိုင်လျက်။ "အဲ့ဒါ မင်းပဲ!"

"ကျွန်တော်?" အရှေ့တိုင်းပုလဲက သံတိုင်များကြားကနေ ပြန်လှိမ့်လာပြီး ရှန်ဇယ်ချွမ်းက ထိုပုလဲလုံးအပေါ် တင်နင်းလိုက်သည်။ သူက ကျိလေကို အေးစက်စွာစိုက်ကြည့်ကာ ထပ်မေးလိုက်၏။ "တကယ်ပဲ ကျွန်တော်လား။"

ကျိလေက ရှုပ်ပွနေသော သူ၏ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး သံတိုင်များအနောက်မှာ ထိုင်ချကာ ထပ်တလဲလဲရေရွတ်နေခဲ့သည်။ "မင်း... အဲ့ဒါက မင်းပဲ..."

"ရှန်ဝေ့က အိမ်ရှေ့စံမင်းသားကို သတ်ခဲ့တယ်။" ရှန်ဇယ်ချွမ်းက ရုတ်တရက်ပြောလိုက်သည်။

ကျိလေက သူ့ကို ထိတ်လန့်တကြားမော့ကြည့်ကာ ရေခဲဂူထဲရောက်သွားသလို တုန်ယင်လာခဲ့၏။ "မင်း-"

"ခင်ဗျားနဲ့ ရှန်ဝေ့က အိမ်ရှေ့စံကို အတူတူသတ်ခဲ့ကြတာ။" ရှန်ဇယ်ချွမ်းက ဆက်ပြောလိုက်သည်။

"အဲ့ဒါ ငါမဟုတ်ဘူး!" ကျိလေက သူ၏ဆံပင်များကို ဆွဲဖွနေ၏။ "အဲ့ဒါ ငါမဟုတ်ဘူ! အိမ်ရှေ့စံကိုသတ်တာ ရှန်ဝေ့ပဲ!"

"ခင်ဗျားက ပုန်ကန်မှုအတွက် အိမ်ရှေ့စံကို စွပ်စွဲဖို့ သူနဲ့ပူးပေါင်းခဲ့တာ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ခင်ဗျားက စာရွက်စာတမ်းတွေကို အတုလုပ်ခဲ့တဲ့သူ။ ခင်ဗျားရဲ့လူတွေက အိမ်ရှေ့စံမင်းသားကို ကျောင်းကျွေ့ဘုရားကျောင်းမှာ ချောင်ပိတ်ခဲ့ကြတယ်။ သူက ကွမ်းချန်ဧကရာဇ်ကို တွေ့ချင်တယ်လို့ ပြောခဲ့ပေမဲ့ ခင်ဗျားက ဓါးကိုဆွဲထုတ်ပြီး သူ့ကိုသတ်လိုက်တာ။"

"ငါမဟုတ်ဘူး!" ကျိလေ ရူးသွပ်သွား၏။ ရှန်ဇယ်ချွမ်း၏စစ်ဆေးမေးအြန်းမှုကို သူ ပြန်လည်ချေပဖို့ ကြိုးစားခဲ့သည်။ "ဓါးကိုဆွဲထုတ်တာ ငါမဟုတ်ဘူး! အဲ့ဒါ ရှန်ဝေ့ - ရှန်ဝေ့ကသာ သူ့ကိုသတ်ဖို့ ခေါင်းမာနေခဲ့တာ!"

"အဲ့ဒါကြောင့် ရှန်ဝေ့က သေသွားပြီ။" ရှန်ဇယ်ချွမ်းက ထပ်ပြောလိုက်သည်။ "ရှန်ဝေ့က သူ့ကိုယ်သူမီးရှို့ခဲ့ပြီး သူ့အလောင်းက မမှတ်မိနိုင််လောက်အောင် လောင်ကျွမ်းသွားခဲ့တာ။ အခု ခင်ဗျားတစ်ယောက်တည်းပဲ ကျန်တော့တယ်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment