no

Font
Theme

အပိုင်း (၂၉) - လွမ်းတယ်

ဟော့ထင်းလန်က ယဲ့ဟုန်ကျွင်း၏ US သို့ကုသမှုခရီးစဥ်အတွက် အစစအရာရာ ဂရုစိုက်ပေးခဲ့သည်။

အရာအားလုံး ချောမွေ့နေပြီး ယဲ့စစ်တစ်ယောက် ဘာအခက်အခဲမှ မကြုံတွေ့လိုက်ရပေ။ သူက လူနာ၏မိသားစုဝင်အနေဖြင့် စာရွက်စာတမ်းများစွာကို လက်မှတ်ထိုးကာ ယဲ့ဟုန်ကျွင်းကို နာတာရှည်ဆေးရုံကနေ ပြောင်းရွှေ့ပေးခဲ့ရုံသာ။

ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေသော သူ့အမေက သမုဒ္ဒရာကိုကျော်ဖြတ်ကာ ဆေးကုသမှုခံယူရမည်ဖြစ်ပြီး ဆေးအဖွဲ့က လိုက်ပါစောင့်ရှောက်ပေးမည်ကို သိထားသော်လည်း ယဲ့စစ် စိတ်မပူဘဲမနေနိုင်ခဲ့ချေ။ ထို့ကြောင့် ကျောင်းကနေခွင့်ယူကာ ဟော့ထင်းလန်နှင့်အတူ ဆန်ဖရန်စစ္စကိုသို့လေယာဥ်ဖြင့် ယဲ့ဟုန်ကျွင်းအား အဖော်ပြုလိုက်ပါပေးခဲ့ကြ၏။

မနှစ်တုန်းက နှစ်ကုန်ခါနီး၊ ခရိုင်အကြီးတန်းစာမေးပွဲအတွင်းမှာ ယဲ့စစ်က ကျောင်းနားထားဆဲဖြစ်သဖြင့် ယင်းအား မဖြေဆိုခဲ့ရပေ။ ယခုတစ်ခေါက် ကုစားဖြေဆိုရသည့် ဇွန်လစာမေးပွဲကိုတော့ သူ လွတ်သွားလို့မဖြစ်ချေ။ ထို့ကြောင့် ထိုအားလပ်ရက်အနည်းငယ်အတွင်း သူ၏စာလေ့လာမှုကို ခက်ခက်ခဲခဲ ဆက်လုပ်သွားဖို့လိုအပ်သည်။ သူက သမိုင်းနှင့် ပထဝီစာမေးပွဲအတွက် စစ်ဆေးရေးပစ္စည်းအစုံ ယူလာခဲ့ပြီး လေယာဥ်ပေါ်မှာတောင် စာလုပ်နေခဲ့သည်။ မျက်စိညောင်းလာသောအခါ လေယာဥ်ပြတင်းပေါက်ကိုဖွင့်၍ အဖြူရောင်နှင့် မီးခိုးပြာရောင်ရောယှက်နေသော တိမ်တိုက်ပင်လယ်ပြင်ကို ငေးကြည့်နေခဲ့၏။ တည်ငြိမ်ပြီး အေးချမ်းသောစိတ်အခြေအနေထဲ နစ်မြုပ်သွားရင်း သူ မှင်တက်နေခဲ့သည်။

စာမေးပွဲကာလက နီးလာပြီဖြစ်၍ ယဲ့စစ် လေယာဥ်ဆိုက်ရောက်ပြီးနောက် သုံးရက်သာနေနိုင်ပေသည်။ သူ့ဘဝမှာ ပထမဆုံးအကြိမ် နိုင်ငံခြားသွားခြင်းကြောင့် အသစ်အဆန်းများကို ခံစားမိသော်လည်း နောက်လအနည်းငယ်အတွင်း သူ့အမေကို မတွေ့ရတော့မည်ဖြစ်ရာ လှည့်ပတ်ကြည့်ရှူနေဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက သူ့အမေ၏နောက်မှ ကော်ကပ်ထားသောအမြီးလေးလို သူ့အမေဘယ်သွားသွား နောက်ကလိုက်နေခဲ့သည်။

သုံးရက်တာက လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ ယဲ့ဟုန်ကျွင်းက ကောင်းကောင်းအခြေကျသွားပြီး ယဲ့စစ်ကလည်း တရုတ်သို့ ပြန်ရတော့မည်ဖြစ်၏။

သူနေနေလည်း ဘာမှအကူအညီမဖြစ်ပေ။ သူ(မ)ကိုစောင့်ကြပ်ပေးနေသော အဖွဲ့တစ်ခုလုံးရှိနေသော်လည်း ယဲ့စစ်မှာ သူ(မ)ဆီကနေ မခွာနိုင်ဖြစ်နေရာ ယဲ့ဟုန်ကျွင်းက သူ့ကို ကျောင်းပြန်သွားဖို့ တိုက်တွန်းလိုက်ရတော့သည်။

ယဲ့စစ်က စိတ်မအေးဖြစ်နေကြောင်း တွေ့လိုက်ရသောအခါ ဟော့ထင်းလန်က 'အမေရိက၌ လုပ်ငန်းခွဲများမှာ ကိုင်တွယ်စရာတချို့ရှိသည်' ဆိုသောအကြောင်းပြချက်နှင့် ဆန်ဖရန်စစ္စကိုမှာ နေရစ်ခဲ့သည်။ သူက အလုပ်ကိစ္စများကိုကိုင်တွယ်နေစဥ်အတွင်း ယဲ့ဟုန်ကျွင်းအတွက် တိုင်းတစ်ပါးမှာ မရင်းနှီးသောမျက်နှာများနှင့်ဆို သူ(မ)၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို မတည်မငြိမ်မဖြစ်စေရအောင် သူ(မ)ကိုအဖော်ပြုပေးမည်ဟု ပြောလာခဲ့သည်။

"...ကိုယ် အစကတည်းက ဒီမှာအလုပ်ရှိနေတာ၊ အဲ့ဒါကြောင့် မင်းကို လိမ်ပြောနေတာမဟုတ်ပါဘူး။"

ဟော့ထင်းလန်က ယဲ့စစ်၏ဦးခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ လေယာဥ်ထွက်ခွာမည့်အချိန်က စောနေသေး၏။ သူက ယဲ့စစ်အား ပျံသန်းခြင်းနှင့်အသားမကျမှာကိုစိုးရိမ်ကာ လက်ထောက်တစ်ယောက်ကိုပါ ထည့်ပေးထားသဖြင့် ဤပုဂ္ဂိုလ်လေးအား ယခုလွှတ်လိုက်ဖို့အတွက် အလျင်မလိုခဲ့ပေ။

"ဒီကိစ္စရှိမလာရင်လည်း ကိုယ် ဇွန်လကျရင် လာလည်ဦးမှာပဲလေ။ ဒီတော့ အတူတူပါပဲ။"

"ခင်ဗျား တရုတ်ကို ဘယ်အချိန်ပြန်လာဖို့စီစဥ်ထားတာလဲ။"

ယဲ့စစ် စောစောကမေးဖို့ မေ့လျော့နေခဲ့သော်လည်း ဟော့ထင်းလန်၏ ပေါ့ပါးနေသောလေသံအရ ရက်အနည်းငယ်သာဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။

"ကိုယ် မသေချာသေးဘူး။ ကိုယ့်အလုပ်ပြီးမဲ့အချိန်ကို ကြည့်ရမှာပဲ။" ဟော့ထင်းလန်က ခန့်မှန်းလိုက်၏။ "တစ်ပတ်ကနေ လဝက်အတွင်းဖြစ်လောက်မယ််။"

ကုမ္ပဏီကိစ္စများကို နောက်မှလုပ်လည်း ကိစ္စမရှိသော်ငြား ယခု သူက ဤနေရာမှာရှိနေမည့်အတွက် တစ်ခါတည်းလုပ်လိုက်ခြင်းပင်။

ယဲ့စစ်တစ်ယောက် ကြောင်အမ်းသွား၏။ သူက ကျောင်းလွယ်အိတ်ကြိုးကို ဆုပ်ကိုင်ကာ တီးတိုးရေရွတ်လိုက်သည်။

"အဲ့ဒါက၊ အဲ့ဒါက အကြာကြီးပဲ။"

"ကြာတယ်?"

ဟော့ထင်းလန်က မျက်လွှာချကာ အောက်သို့ကွေးကျနေသော ယဲ့စစ်၏နှုတ်ခမ်းထောင့်များကို ကြည့်လိုက်သည်။ ချာတိတ်လေးကို ကျီစယ်ချင်သည့် ညစ်ကျယ်ကျယ်ရည်ရွယ်ချက်များနင့်အတူ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။

"မနေ့က ကိုယ် ဒီမှာ အလုပ်ကိစ္စလေးတွေကိုင်တွယ်ရင်း မင်းအမေကို အဖော်ပြုပေးမယ်လို့ပြောတော့ အဲ့ဒီအခိုက်အတန့်တုန်းက မင်း ပျော်နေခဲ့တာကို ကိုယ်တွေ့လိုက်ရတယ်၊ အဲ့ဒါကြောင့် ကိုယ် ကြာကြာနေမယ်ဆိုရင် အဆင်ပြေလောက်တယ်လို့ တွေးလိုက်မိတာ..."

ယဲ့စစ်က မျက်မှောင်ကြုတ်ကာ တီးတိုးလေးခုခံလိုက်သည်။

"အဲ့ဒါက၊ အဲ့ဒါက သုံးရက်ကနေ ငါးရက်လောက်ပဲဖြစ်မယ်လို့ ကျွန်တော်ထင်လိုက်တာ။"

"ကိုယ့်ကို မင်းအမေနဲ့ အချိန်မဖြုန်းစေချင်ဘူးလား။"

"အဲ့လို၊ အဲ့လိုမဟုတ်ပါဘူး။"

ယဲ့စစ်တစ်ယောက် အပြင်းအထန်ခေါင်းယမ်းပြလိုက်၏။ သူက ဆန်ဖရန်စစ္စကိုမှာ မနေနိုင်ခြင်းအတွက် စိတ်မကောင်းဖြစ်မိရုံသာ။

"မင်းပြန်သွားရင် မင်းကို စောင့်ရှောက်ပေးမဲ့သူရှိမှာမဟုတ်လို့ ကိုယ့်ကိုယ်ကိိုယ် ဂရုစိုက်ရမယ်နော်။"

ဟော့ထင်းလန်က နူးညံ့စွာပြောလိုက်ပြီး သူ့ကို အသေးအမွှားလေးကအစ မှာကြားလာခဲ့၏။

"ဆေးလိပ်မသောက်နဲ့၊ နောက်ကျတဲ့အထိမနေနဲ့၊ မင်း စာလုပ်ချင်တယ်ဆိုရင် စောစောထရမယ်၊ အစားအသောက်ကို ပုံမှန်စား၊ ယာယီ heat ဖြစ်လာရင် ကိုယ့်အခန်းထဲကိုသွားပြီး ခဏလောက်လှဲနေလိုက်။"

သူက ခဏရပ်တန့်ကာ ပို၍နူးညံ့သောအသံဖြင့် ပြောခဲ့သည်။

"ကိုယ့်ဆီကို အချိန်မရွေးဖုန်းခေါ်လို့ရတယ်၊ အချိန်ကွာဟချက်က အရေးမကြီးဘူး... ကိုယ်ပြောတာတွေကို မှတ်ထားမယ်မလား။"

ခန့်မှန်းခြေ လဝက်လောက်ခွဲနေရမည်ဖြစ်သော်လည်း ယင်းက နှစ်ဝက်လောက် ခွဲနေရသလိုမျိုး တူညီသောအကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။

အနှီဗီလိန်၏ ကျီစယ်သံစွက်နေသည့် နှုတ်ဆက်စကားမှာ ယဲ့စစ်၏ရင်ဘတ်က အကြိမ်အနည်းငယ်လောက် လျင်မြန်စွာခုန်ပေါက်သွားခဲ့သည်။ သူ ဘာလုပ်ရမှန်း မသိသလို စကားလည်း ကောင်းကောင်းမပြောနိုင်သည့်အတွက် ဟော့ထင်းလန်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူက လက်ငါးချောင်းဖြင့် တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး သူ့ကို ကူကယ်ရာမဲ့စွာမော့ကြည့်လိုက်၏။

ပန်းရောင်ဖျော့ဖျော့အရေပြားလေးနှင့် မျက်ဝန်းများက အလင်းရောင်များဖြင့် လှုပ်ခတ်နေခဲ့သည်။ ပုံမှန်ဆို လူမကပ်တတ်သည့် အလိုလိုက်ခံထားရသာ ကြောင်ပေါက်လေးလို ခွဲခွာရတော့မည့်အချိန်မှာ ပိုင်ရှင်၏လက်ကောက်ဝတ်မှအင်္ကျီစအား သူ့လက်သည်းလေးများဖြင့်ချိတ်တွယ်လျက် ညင်သာစွာဖြင့် တမြောင်မြောင်အော်နေသကဲ့သို့ပင်။

"ဟော့ရှူးရှူ။" သူက သူ၏ရှက်ရွံ့မှုကို ဖိနှိပ်ကာ တုန်တုန်ယင်ယင်ဖြင့် တောင်းဆိုလိုက်၏။ "နည်းနည်းလောက်စောပြီး... ပြန်လာခဲ့လို့ရမလားဟင်။"

ဟော့ထင်းလန်က ပြုံးလိုက်သည်။ "အွန်း၊ ကိုယ် တတ်နိုင်သမျှ အမြန်ဆုံးပြန်လာခဲ့မယ်။"

ယဲ့စစ်က လွှတ်မပေးသေးချေ။

ဟော့ထင်းလန်က သိသိလျက်ဖြင့် သိမ်မွေ့စွာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

ဘာဖြစ်နေလဲမှာ သိသာလှ၏။

သို့သော် ယဲ့စစ်တစ်ယောက် ထုတ်မပြောနိုင်ခဲ့ပေ။ သူ သူ၏အကန့်အသတ်ကိုရောက်နေပြီး လွန်ခဲ့သောမိနစ်အနည်းငယ်က နီရဲကာ နူးညံ့နေသော သူ၏နှုတ်ခမ်းတစ်စုံက ခြောက်သွေ့ကာ ယားယံလာသလို ခံစားလိုက်ရသည်။

အခိုက်အတန့်တစ်ခုလောက်ထိ တိတ်ဆိတ်သွား၏။

ထို့နောက်မှာတော့ ဟော့ထင်းလန်က တီးတိုးမေးလိုက်သည်။

"ကိုယ့်ကိုလွမ်းနေမှာလား။"

ယဲ့စစ်က အားနည်းစွာဖြင့် ခေါင်းညိတ်ပြလာခဲ့၏။

သိပ်ကိုနူးညံ့လွန်းတယ်။

အိစက်နေတဲ့ တို့ဖူးလေးလိုပဲ။

သူ အနှီတို့ဖူးလေးကို ခပ်ဖွဖွပုတ်ကာ ၎င်း၏လှုပ်ခတ်သွားပုံကို ကြည့်ချင်ခဲ့သော်လည်း ယင်းက ပြိုလဲသွားလိမ့်မည်ဟု မည်သူကထင်ထားမိမည်နည်း။

ချာတိတ်လေးကိုစနောက်ပြီးနောက် ဟော့ထင်းလန်က အသိစိတ်များကို ပြန်လည်စုစည်းကာ သူ့ကိုနှစ်သိမ့်လိုက်သည်။

"ကိုယ် တစ်ပတ်အတွင်း ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်၊ ဟုတ်ပြီလား။"

လေယာဥ်တက်ရတော့မည့်အချိန်ကို ရောက်လာပြီဖြစ်၏။

ယဲ့စစ်တစ်ယောက် တွန့်ဆုတ်စွာဖြင့် လက်ထောက်နောက််ကနေ လိုက်ပါသွားခဲ့သည်။

ငါးမိနစ်ကြာပြီးနောက်။

ဟော့ထင်းလန်၏ဖုန်းက အသံမြည်လာခဲ့၏။

သူ ဖွင့်ကြည့်လိုက်သောအခါ ယဲ့စစ်ဆီမှမက်ဆေ့ချ်တစ်စောင်ကို တွေ့လိုက်ရသည်။

ယင်းက စောစောကမေးခွန်းအတွက် ခေါင်းညိတ်တာထက် ပို၍ရှင်းလင်းသည့်အဖြေအား ပြန်ပေးထားခြင်းပင်။

[ယဲ့စစ်]: ကျွန်တော် ခင်ဗျားကိုလွမ်းတယ်။

...

အရှေပိုင်း ခရိုင်အမှတ် ၈၊ ညအချိန်၌။

ဗီဒီယိုကောခေါ်ဆိုနေသည့် စခရင်ကိုဖွင့်ထားပြီး ဆန်ဖရန်စစ္စကို၏ မနက််ခင်းအလင်းရောင်က ကန့်လန့်ကာကိုဖြတ်၍ ယဲ့ဟုန်ကျွင်း၏လူနာခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ယဲ့ဟုန်ကျွင်းက ပြုံးနေပြီး ကင်မရာကို လက်ပြနှုတ်ဆက်ခဲ့သည်။ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကြောင့်လားကို မသိသော်လည်း ဆေးဝါးအသစ်ဖြင့် ကုသမှုခံယူပြီးနောက် ယဲ့ဟုန်ကျွင်း၏အသားအရောင်က အရင်ကထက် အနည်းငယ်ကိုကောင်းလာသည်ဟု ခံစားလိုက်ရ၏။

ကင်မရာကိုပိတ်ပြီးနောက် ဟော့ထင်းလန်က အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

ယဲ့ဟုန်ကျွင်းနှင့် ဗီဒီယိုကောခေါ်ဆိုမှုအတွက် ယဲ့စစ်တစ်ယောက် ဤရက်ပိုင်းအတွင်းမှာ နောက်ကျမှအိပ်ရာဝင်ခဲ့ပြီး ထိုသို့နောက်ကျဖို့ကိုလည်း တရာဝင်ခွင့်ပြုချက်ရထားပြီးဖြစ်သည်။

ဖုန်းခေါ်ဆိုမှုချိတ်သွားပြီးနောက် သူက ယဲ့ဟုန်ကျွင်းနှင့် စကားစမြည်ပြောကာ ညဘက်နောက်မကျခင် အိပ်ရာဝင်နိုင်စေရန်အလို့ငှာ ဟော့ထင်းလန်နှင့် ဆယ်မိနစ်လောက်သာ စကားပြောခဲ့သည်။

ယဲ့ဟုန်ကျွင်းကို သက်တောင့်သက်သာအဖော်ပြုပေးနိုင်ရန် ဟော့ထင်းလန်က လွန်ခဲ့သောနှစ်ရက်ကတည်းက သူ(မ)အခန်း၏ဘေးမှာ သူ၏ကွန်ပျူတာကို တပ်ဆင်ခဲ့သည်။ သူ အပြင်ထွက်လိုက်ပြီး ဘယ်ဘက်ကိုချိုးကွေ့လိုက်သည်နှင့် ယင်းက ဆန်ထရန်စစ္စကိုမှာရှိသော သူ၏ယာယီရုံးခန်းပင်။

"...ဘာလို့ မီးတွေက အရမ်းမှိန်နေရတာလဲ။" ဟော့ထင်းလန်က တံခါးပိတ်လိုက်ပြီး မျက်လုံးများမှေးကျဥ်း၍ ကြည့်လိုက်သည်။ ထို့နောက် ယဲ့စစ်၏အနောက်မှနံရံကို သူ မှတ်မိသွားခဲ့၏။ "မင်းက မင်းရဲ့အခန်းထဲမှာမဟုတ်ဘူးလား။"

နံရံအရောင်က သိသိသာသာကို လွဲမှားနေ၏။

လေအေးပေးစက်ကိုလည်း အလွန်ရင်းနှီးနေသည်။

လွန်ခဲ့သောဆယ်မိနစ်က ဗီဒီယိုခေါ်ဆိုမှုချိတ်ဆက်သွားသောအခါ သူက အနီးကပ်မကြည့်ခဲ့ရဘဲ ယဲ့ဟုန်ကျွင်းအတွက်သာ ကိုင်ထားပေးခဲ့သည်။

ယဲ့စစ်က ခေါင်းယမ်းလိုက်ပြီး နွေရာသီစောင်ပါးလေးကိုခြုံကာ အနည်းငယ်ရှက်ရွံ့နေပုံပင်။ "ကျွန်တော်၊ ကျွန်တော် ယာ၊ ယာယီ heat ဝင်နေလို့..."

ဟော့ထင်းလန်၏နှုတ်ခမ်းများက ပင့်တက်သွားလေသည်။ "မင်း ကိုယ့်အခန်းထဲမှာလား။"

"အွန်း။" ယဲ့စစ်က အဆင်မပြေစွာဖြင့် စောင်ကို သူ့ခန္ဓာကိုယ်တစ််ဝိုက်မှာ ရစ်ပတ်ထားခဲ့သည်။

ဟော့ထင်းလန်၏မျက်လုံးများက စူးရှနေပြီး အပြာရောင်ကော်လံကိုကြည့်ကာ ပြုံးလိုက်သည်။

"ကိုယ့်အခန်းက အေးလို့လား။ မင်းက စောင်ကို တင်းနေအောင်ခြုံထားတာဆိုတော့။"

ယဲ့စစ်တစ်ယောက် မျက်နှာကနေ လည်ပင်းအထိ နီရဲလာခဲ့သည်။ "နည်း၊ နည်းနည်း အေးတယ်။"

ယာယီအမှတ်အသားပေးထားသည်မှာ တစ်လကျော်ကြာပြီဖြစ်၏။

သူ့ခန္ဓာကိုယ်ထဲ ကျန်နေခဲ့သော ဟော့ထင်းလန်၏ အယ်ဖာဖယ်ရိုမုန်းများက ဇီဝဖြစ်စဥ်များအဖြစ် ပြောင်းလဲသွားပြီး ယာယီအမှတ်အသား၏အာနိသင်ကို လျော့နည်းလာကာ ယဲ့စစ်၏ဖယ်ရိုမုန်းချို့ယွင်းမှုက များစွာသက်သာလာခဲ့သည်။

အတိုချုပ်ရသော် ယာယီ heat လက္ခဏာများက လွန်ခဲ့သောလကလောက် မပြင်းထန်တော့ပေ။

သူ့စိတ်က ရှင်းနေပြီး သူ၏အမူအရာက ပုံမှန်ဖြစ်နေသလို... ဟော့ထင်းလန်၏ ရှုပ်ပွနေသောစောင်ကိုပွေ့ဖက်ကာ အိပ်စက်နေခဲ့သည့် အရင်တစ်ခေါက်ကလို ထိန်းချုပ်မှုလွတ်မနေခဲ့ပေ။

ဟော့ထင်းလန်က သူ့လက်ထောက်စီစဥ်ပေးထားသော ယာယီအလုပ်စားပွဲမှာထိုင်ကာ အေးဆေးသောအမူအရာဖြင့် ထိုင်ခုံအနောက်ကိုမှီလိုက်ပြီး သန့်စင်သောလေသံဖြင့် အရှက်မဲ့စွာမေးလိုက်သည်။

"မင်း ဘာဝတ်ထားတာလဲ။"

ထိုနေ့က လေဆိပ်မှာ ယဲ့စစ်၏ 'ကျွန်တော် ခင်ဗျားကိုလွမ်းတယ်' ဆိုသည့်စာကို တွေ့ပြီးကတည်းက သူ ထပ်ပြီးသည်းမခံနိုင်တော့ပေ။

ထိုစကားလုံးလေးများကို တွေးလိုက်ရုံဖြင့် သူ၏ရင်ဘတ်က စိတ်လှုပ်ရှားမှုများဖြင့် ပူလောင်လာခဲ့သည်။ ယင်းက အချိန်အတော်ကာ လူသူမနေခဲ့သော အိမ်အဟောင်းကြီးက ယခု မိုးထိအောင် မီးတောက်လောင်နေသကဲ့သို့ပင်။

အပူဒဏ်ကြောင့် ပုံပျက်နေသော လူကြီးလူကောင်း၏မျက်နှာဖုံးကို ဝတ်ဆင်လိုက်သောအခါ သူ လုံးဝမတည်ငြိမ်တော့ဘဲ ထိုမျက်နှာဖုံးအား သူ၏လက်ဖြင့် ဖိထားရလေ၏။ ထိုသို့မဟုတ်ပါက သူ့မျက်နှာပေါ်ကနေ မချိန်မရွေးကွာကျသွားနိုင်ပေသည်။

"ဒီတိုင်း။" ယဲ့စစ်၏စကားသံက တုန်ယင်နေခဲ့သည်။ "အဝတ်၊ အဝတ်တစ်ထည်လေးပါ။"

"အဝတ်တစ်ထည်ဆိုတာတော့ ကိုယ်သိတာပေါ့။" ဟော့ထင်းလန်က အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီး သူ့လျှာဖျားထက်ရောက်လာပြီဖြစ်သည့် အရှက်မဲ့သော "မဟုတ်ရင် ကိုယ့်အိပ်ရာထဲမှာ ကိုယ်တုံးလုံးအိပ်နေမှာလား" ဆိုသည့်စကားကို မျိုချလိုက်ရသည်။

မည်သို့ပင်ဆိုစေ ၎င်းတို့၏ဆက်ဆံရေးက ပြတ်ပြတ်သားသားမဖြစ်သေးရာ ပရောပရည်လုပ်ခြင်းနှင့် အနိုင့်ကျင့်ခြင်းတို့ကို စည်းကျော်လို့မဖြစ်ပေ။ သူက ဤသို့သာမေးလိုက်ရသည်။

"ဘာအင်္ကျီလဲ၊ ကိုယ့်ကိုပြကြည့်။"

သူ၏လေသံက တည်ငြိမ်နေ၏။ အလွန်တည်ငြိမ်လွန်းလို့ သိမ်မွေ့သောနည်းလမ်းဖြင့် လူယုတ်မာဆန်ဆန်မေးနေတာထက် ဒီအတိုင်းမေးလိုက်တာနှင့်တောင် ပိုတူနေခဲ့သည်။

"ဒီတိုင်း... ရှပ်အင်္ကျီတစ်ထည်ပါ..."

ယဲ့စစ်က အလွန်နာခံမှုရှိပြီး မျက်နှာနီမြန်းလျက် စောင်ကိုဆွဲချလိုက်သည်။

အဝတ်အစားက အမှန်တကယ်ကို ရှက်စရာမဟုတ်ပေ။

ယင်းက ရှပ်အင်္ကျီတစ်ထည်သာ။

အပြာပိတ်အရောင်ကို ခပ်ချွန်ချွန်ကော်လံက ခေတ်ဟောင်းဆန်ပြီး တောင်ပြောင်နေသော ကမာခွံကြယ်သီးလေးများက ကျောက်စိမ်းကဲ့သို့ ချောမွေ့နေ၏။

၎င်းမှာ ဟော့ထင်းလန်၏ရှပ်အင်္ကျီဖြစ်သည်။

သူတော့ သေပြီ။

ဟော့ထင်းလန်၏လည်စလုတ်က ဖြည်းဖြည်းချင်းလှုပ်ရှားသွားခဲ့သည်။

ယဲ့စစ်က ၁.၈ မီတာမြင့်ပြီး ပုံမှန်အားဖြင့် ကွက်တိကျသောကျောင်းဝတ်စုံများကို ဝတ်တတ်၏။ သူ့ကိုကြည့်ရတာ သွယ်လျသော်လည်း အားနည်းသည့်ပုံတော့မပေါ်ပေ။

သို့သော် ဟော့ထင်းလန်၏အဝတ်ကို ဝတ်လိုက်သောအခါ သူ့တစ်ကိုယ်လုံးက ပြောင်းလဲသွားခဲ့သည်။

ရင့်ကျက်သောရှပ်အင်္ကျီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် နုပျိုနေဆဲမျက်နှာလေးက ပိုလို့တောင် သန့်စင်သွားခဲ့သည်။

အင်္ကျီလက်ကနေ ပေါ်ထွက်နေသော သေးသေးသွယ်သွယ်လက်ကောက်ဝတ်လေးများက ဟော့ထင်းလန်ထက်ကို သိသိသာသာသွယ်လျနေ၏။

သူ၏ပခုံးကြွက်သားများကလည်း သွယ်လျနေရာ အဝတ်က ထိုအပေါ်မှာရှိမနေနိုင်ခဲ့ပေ။

...

အဲ့ဒါက မတော်ဘူး။

ဒါပေမဲ့ ကြည့်ကောင်းတယ်။

သူ့ကိုကြည့်ရတာ အရမ်းသေးသွားသလိုပဲ။

အနှီအတွေးများက မီးတောက်ထဲ ရေနံဆီလောင်းထည့်လိုက်သလိုပင်။

မီးက အမြင့်တစ်ခုထိ ထပ်တက်လာခဲ့ပြီး သူ၏စိတ်ကို ညစ်ညမ်းလာစေခဲ့သည်။

ဟော့ထင်းလန်က လည်ချောင်းရှင်းလိုက်သော်လည်း သူ၏အသံက အက်ရှနေဆဲပင်။

"အဲ့ဒီရှပ်အင်္ကျီကဘယ်လိုဖြစ်တာလဲ... လျှော်ဖို့မေ့သွားတာလား။"

"မဟုတ်ပါဘူး။ ဒါက၊ ဒါက လျှော်ပြီးသားပါ။"

ယဲ့စစ်က အလျင်အမြန်ပြောလိုက်သည်။

"ဒီမှာ ဖယ်ရိုမုန်း မ၊ မရှိပါဘူး။ ကျွန်တော်က ဒီတိုင်း..."

သူ၏သတ္တိများက မည်သည့်နေရာကနေလာမှန်း မသိတော့ပေ။ ယင်းက heat ကာလကြောင့် လှုံ့ဆော်ခံလိုက်ရခြင်းဖြစ်နိုင်ပြီး သူ စပြောလိုက်တာနှင့် နောက်ထပ်ပြောဖို့ ပိုလွယ်သွားတာလည်းဖြစ်နိုင်သည်။ သို့မဟုတ် လွန်ခဲ့သောရက်ပိုင်းအတွင်း သူရုန်းကန်ခဲ့ရသော အရှုပ်အထွေးမေးခွန်းတစ်ခုက နောက်ဆုံးမှာ အဖြေတစ်ခုရရှိသွားတာလည်း ဖြစ်နိုင်၏။

ယဲ့စစ်တစ်ယောက် မျက်လွှာချကာ ကင်မရာကိုမကြည့်ဝံ့ဘဲ နူးညံ့စွာပြောလိုက်သည်။

"ဒီတိုင်း လွန်ခဲ့တဲ့ရက်တွေကတည်းက ခင်ဗျားကို အများကြီးလွမ်းနေလို့။"

သန့်ရှင်းသော ရှပ်အင်္ကျီတစ်ထည်က ဂလင်းများကို မနှစ်သိမ့်နိုင်သော်လည်း စိတ်ဝိညာဥ်ကိုတော့ ကျေနပ်စေနိုင်သည်။

ရုတ်တရက်ဆိုသလို စခရင်က မည်းမှောင်သွား၏။

ယဲ့စစ်က ကင်မရာကို ဖုံးလိုက်ခြင်းဖြစ်သည်။

"ခင်ဗျားဝတ်ထားတဲ့ အင်္ကျီကိုဝတ်ရတာက... ဟိုလို... ခံစားရတယ်..."

သူ စိတ်လွတ်သွားလေပြီ။

ဒီအကောင်ပေါက်လေးက...

အဝေးကနေ သူ့ကို မှီခိုနေတာလား။

ဟော့ထင်းလန်တစ်ယောက် လည်စည်းကိုဆွဲချလိုက်ပြီး ငြိမ်ငြိမ်လေးထိုင်မနေနိုင်တော့ပေ။

"ဘယ်လိုမျိုးလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment