1.1) ကျိုးယွီက တန်လို့လား
နွေရာသီဖြစ်ပြီး နေရောင်ခြည်က အလွန်အမင်း ပူပြင်းနေခဲ့တယ်။
"မြောင်~"
သေးငယ်ပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော အခန်းကျဥ်းလေးထဲမှာ အိုဟောင်းနေတဲ့ လေအေးပေးစက်ကအလုပ်လုပ်နေပြီး အဟောင်းတန်းမှ လျှပ်စစ်ပန်ကာလေးကလည်း အိပ်ယာဘက်ကို လေတွေ မှုတ်ထုတ်နေခဲ့တယ်။
မီးခိုးပြာရောင်ကြောင်ဝတုတ်တစ်ကောင်က မျက်လုံးတွေကို မှေးစက်ထားပြီး အိပ်ယာပေါ်မှာ အသံထွက်အောင်အိပ်စက်နေခဲ့တယ်။
ခြေသံတွေကိုကြားတော့ ထိုမီးခိုးပြာရောင်ကြောင်က မျက်လုံးကိုဖွင့်ဟလာကာ အိပ်ယာပေါ်မှ ခုန်ဆင်းလာပြီး ခြေကျင်းဝတ်တစ်စုံဆီကို အလျှင်အမြန်ပြေးလာခဲ့တယ်။
ရုန်ရုန် ရေနွေးဓာတ်ဘူးကို လှန်းယူလိုက်ချိန်မှာ သူ့ရဲ့ခြေကျင်းဝတ်ဆီမှ နူးညံ့တဲ့အထိအတွေ့လေးကို ခံစားရတာကြောင့် ခေါင့်ငုံ့ကြည့်လိုက်ပြီး ကြောင်ဝတုတ်လေးကိုပြောလိုက်တယ်။
"ငါ မင်းကိုခေါ်သွားလို့မရဘူး"
"မြောင် မြောင်~"
ကြောင်ပြာလေးက သေးငယ်တဲ့မြောင်သံပေးလာပြီး သူ့ရဲ့အသံက နူးညံ့နေခဲ့တယ်။
ဒီကြောင်ပြာလေးက ရုန်ရုန်ရဲ့နောက်ဆုံးတစ်ခေါက်တုန်းက အလုပ်ဖြစ်တဲ့ လေအေးပေးစက်တပ်ဆင်တဲ့အလုပ်တုန်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်မှ မွေးစားချင်လားဆိုပြီးမေးခဲ့တဲ့ အကောင်လေးပဲ။
ရုန်ရုန် စဥ်းတောင်မစဥ်းစားပဲ ငြင်းဆန်ခဲ့တယ်။
သူ့ရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ စီးပွားရေးအခြေအနေတို့က သူ့ကိုယ်သူတောင် အသက်ရှင်ရပ်တည်နိုင်ဖို့ ခက်ခဲနေတာလေ။ အိမ်မွေးတိရိစ္ဆာတစ်ကောင်ကို ဘယ်လိုများမွေးနိုင်မှာတဲ့လဲ။
ဒါပေမဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်က သူငှားတဲ့တဲ့အိမ်က အချိန်ပြည့်နေပြီဖြစ်ကြောင်းပြောလာတယ်။ သူက သူ့အစ်မနဲ့ ယောက်ဖတို့ရဲ့ မိသားစုဆီ ပြောင်းရွှေ့တော့မှာ။ သူ့အစ်မနဲ့ ယောက်ဖရဲ့မိသားစုက ကြောင်မွေးတာကိုခွင့်မပြုဘူး။ ဒါဆို ဒီကြောင်လေးက လေလွင့်ကြောင်တစ်ကောင်ဖြစ်လာတော့မယ်။
အိမ်မွေးကြောင်လေးတစ်ကောင်အတွက် အိမ်ခြေရာမဲ့ကြောင်တစ်ကောင်ဖြစ်လာရမှာက ကြောက်မက်ဖွယ်အခြေအနေဖြစ်ကြောင်း တွေးကြည့်နိုင်တယ်။
ရုန်ရုန် နောက်ဆုံးတော့ ကြောင်လေးကို မွေးစားခဲ့တယ်။
လုပ်ဖော်ကိုင်ဖက်မှ သူ့ကိုကြောင်လေးပေးလာချိန်မှာ ရုန်ရုန် ကြောင်ရဲ့နာမည်ကို မမေးမိခဲ့ဘူး။
ဒါကြောင့် ညဘက်ကိုရောက်တော့ အွန်လိုင်းပေါ်မှ ထိုကြောင်လေးရဲ့နာမည်ကိုမေးချင်ခဲ့တယ်။ ထို့အပြင် ကြောင်တစ်ကောင်ကိုမွေးဖို့အတွက် ဘာတွေကိုဂရုစိုက်ရမလဲဆိုတာကိုပါမေးချင်ခဲ့တယ်။ သို့ပေမဲ့လည်း ထိုလုပ်ဖော်ကိုင်ဖက်က သူ့ကို သူငယ်ချင်းစာရင်းထဲမှ ဖျက်သွားခဲ့ပြီ။
မကြာခင်မှာပဲ ထိုလုပ်ဖော်ကိုင်ဖက်က သူ့ကိုဘာကြောင့် သူငယ်ချင်းအဖြစ်မှပယ်ဖျက်သွားတာလဲဆိုတာကို သိရှိခဲ့ရတယ်။
ကြောင်လေးက ကျန်းမာသန်စွမ်းမနေခဲ့ဘူး။
ကြောင်လေးရဲ့ ဘယ်ဘက်မျက်လုံးက တိမ်စွဲနေပြီး အပျော့စားနှာချေတတ်တဲ့ရောဂါလည်းရှိတယ်။ သူက အမြဲတမ်းနှာချေနေတတ်ပြီး နှာချေတဲ့အချိန်မှာ နှာရည်တွေကပါ ကျဆင်းလာတတ်တယ်။
ဒီတော့ သူ့ရဲ့အစ်မနဲ့ ယောက်ဖက သူ့ကို ဒီကြောင်ကိုမမွေးခိုင်းခဲ့ကြတာပဲ။
ပြောရရင် သူတို့က ကြောင်အတွက် စျေးကြီးတဲ့ကုသစရိတ်ကို မပေးချင်သလို ဒုက္ခတွေလည်းမခံချင်ခဲ့ကြတာပဲ။
"ဒီတော့ မင်းလည်းပဲ ငါ့လိုမျိုး စွန့်ပစ်ခံလိုက်ရတာပဲကိုး"
ဒီအကောင်သေးသေးလေးသည်လည်း သူ့လိုမျိုး ပြန်စရာအိမ်မရှိတော့တာကြောင့် ရုန်ရုန် သူ့ရဲ့ဘေးနားမှာပဲ ဆက်ထားခဲ့တယ်။
ဒီကြောင်လေးက နေမကောင်းတာကြောင့် သူ့ရဲ့ပိုင်ရှင်က သေချာပေါက် ပြန်မယူတော့ဘူး။
သူ့ရဲ့ပိုင်ရှင်ဆီက စွန့်ပစ်ခံလိုက်ရတာကြောင့်ဖြစ်နိုင်တယ်။ ဒီအကောင်ငယ်လေးက တွယ်ကပ်လွန်းတယ်။
ရုန်ရုန် ထိုင်ချလိုက်ပြီး သူ့ရဲ့ မေးစေ့ကို ကုတ်ခြစ်ပေးလိုက်တယ်။
"ငါ ဆောက်လုပ်ရေးဆိုဒ်ကိုသွားရမှာ.. မင်းကိုငါနဲ့အတူခေါ်သွားလို့မရဘူးလေ.. မင်း အလိုလိုက်ခံရတဲ့ကလေးလိုလုပ်နေရင်တောင် မသုံးမဝင်ဘူး.. အိမ်မှာပဲနေပြီး ငါပြန်လာတာကိုစောင့်နေလိုက်နော် အမ်?"
"မြောင် မြောင်~"
ထိုအကောင်သေးလေးရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ရုန်ရုန် သူ့ကို အိပ်ယာပေါ်ပြန်တင်ပေးလိုက်တယ်။
အိပ်ယာပေါ်မှာ ဖျာတစ်ချပ်ခင်းထားပြီး လျှပ်စစ်ပန်ကာလေးကို အိပ်ယာဘက်သို့လှည့်ထားတာကြောင့် အခန်းထဲမှ တခြားနေရာတွေထက်တော့ ပိုပြီးအေးနေတယ်။
ရုန်ရုန် လေအေးပေးစက်ကိုပိတ်လိုက်တယ်
သူ ရေချိုးခန်းထဲကို ဝင်ကာ တံဘက်အစိုတစ်ခုနဲ့ လည်ပင်းကိုသုတ်လိုက်ပြီး လက်တစ်ဖက်က ဆောက်လုပ်ရေးဦးထုပ်ကိုကိုင်ပြီး တစ်ဖက်က ရေနွေးဓာဆ်ဘူးကို ကိုင်ကာ အခန်းထဲမှထွက်လာခဲ့တယ်။
အခန်းထဲမှ ထွက်လာတာနဲ့ ရုန်ရုန်တစ်ယောက် အခန်းတွင်းနဲ့ ခြားနားလွန်းတဲ့အပူချိန်နဲ့ ရင်ဆိုင်လိုက်ရတယ်။
အခန်းထဲက ထွက်လာရုံသာရှိသေးပေမဲ့ အပူရှိန်က သူ့မျက်နှာကိုလာဟတ်နေပြီ။
နေ့တစ်နေ့မှာ ညနေပိုင်း နှစ်နာရီနဲ့ သုံးနာရီကြားအချိန်က အပူချိန်အမြင့်ဆုံးပဲ။
ဒီလိုအချိန်ကာလအတွင်း အပြင်ဘက်မှာလုပ်ရတဲ့အလုပ်တွေအတွက် မြင့်မားလွန်းတဲ့အပူချိန်ကို ထောက်ထားမှုအားဖြင့် အပိုဆောင်းငွေအဖြစ် ယွမ်၂၀ တိုးပေးလိမ့်မယ်။
တစ်ရက်ကို ၂၀။ တစ်လကို ၆၀၀ ရမှာပဲ။
ယွမ်၆၀၀။ ရေနဲ့ လျှပ်စစ်ခကို နှုတ်လိုက်မယ်ဆိုရင် ပိုတဲ့ငွေကို "ပင်စိမ်း(ရွက်)"လေးအတွက် အစားအစာဖိုးရရှိနိုင်တယ်။
မင်းသာ ဆင်းရဲမွေးတေနေမယ်ဆိုရင် မင်းရဲ့ကလေးလည်း ဆင်းရဲမွဲတေမနေနိုင်ဘူးလား?
***
ဆိုဒ်ထဲမှာ သစ်ပင်တွေမရှိတာကြောင့် နေရောင်ခြည်က တိုက်ရိုက်ပဲ ကျဆင်းနေတယ်။
ရုန်ရုန် သူ့ခေါင်းပေါ်မှ ဦးထုပ်ကို အနည်းငယ်ထပ်နှိမ့်လိုက်တယ်။
အပြင်ကိုထွက်တဲ့အချိန်မှာ တချို့သောပြသနာတွေကို ရှောင်ရှားနိုင်ဖို့ ရုန်ရုန်လုံခြုံရေးဦးထုပ်ကိုမချွတ်ခဲ့ဘူး။
အလုပ်သမားခေါင်းဆောင်ကလည်း လုံခြုံရေးဦးထုပ်တွေကို လိုက်စစ်လေ့ရှိပြီး ဖမ်းမိခဲ့ရင် ဘယ်သူ့ကိုမဆို ယွမ်၅၀ဒဏ်ငွေရိုက်လေ့ရှိတယ်။
၅၀ယွမ်က သူ့ရဲ့ကြောင်လေးအတွက် အစားအစာတွေပိုဝယ်ပေးနိုင်လိမ့်မယ်။
ဘဝက မလွယ်ကူဘူး။
အခုချိန်မှာ သူထောက်ပံ့ပေးရမဲ့ မိသားစုရှိနေပြီ။ ဒီတော့ ဂရုမစိုက် အစီအစဥ်မရှိ ဖြတ်သန်းနေလို့မရတော့ဘူး။
သူက သူ့ရဲ့ရှေ့မှ လူကို သတိမထားမိပဲ ခေါင်းနဲ့ ဝင်တိုက်လိုက်မိတယ်။
ဘိလပ်မြေတွေက မြေပြင်ပေါ်ကို မသွန်ချခင်မှာပဲ သူ့ရဲ့လက်မောင်းထဲမှ ရေနွေးဓာတ်ဘူးလေးက မြေပြင်ပေါ်သို့ အသံကျယ်ကျယ်နဲ့ကျဆင်းသွားတယ်။
ရုန်ရုန်ရဲ့တောင်းပန်စကားကို ကြမ်းတမ်းတဲ့ အသံက ဝင်ရောက်နှောင့်ယှက်လိုက်တယ်။
"မင်းဘာဖြစ်နေတာလဲ.. အခန်းထဲကထွက်လာတဲ့အချိန် မျက်လုံးကိုထည့်ယူလာဖို့ မေ့ကျန်ခဲ့တာလား.. လမ်းလျှောက်နေတဲ့အချိန် မျက်လုံးကမကြည့်တတ်ဘူးလား"
ဆောက်လုပ်ရေးဆိုဒ်မှ မန်နေဂျာရဲ့စကားတွေကိုကြားတော့ ရုန်ရုန်တစ်ယောက် တစ်ဖက်လူကိုတောင်းပန်တော့မဲ့စကားတွေကို ပြန်လည်မြိုချလိုက်ရတယ်။
သူ အမှား ကျူးလွန်ဖို့မတတ်နိုင်ဘူး။
သေချာတာပေါ့။ သူ့အနေနဲ့ တိတ်ဆိတ်စွာနေဖို့သာတတ်နိုင်ပြီး အနိုင်ကျင့်မှုတွေအားလုံးကိုလက်ခံလိုက်ဖို့ ၊ လူတိုင်းက သူ့ကိုရွံ့နွံထဲကိုနင်းချတာကို လက်ခံဖို့သာ တတ်နိုင်တယ်။
ရုန်ရုန် တိတ်တဆိတ်နဲ့ ခါးကိုင်းကာ မြေပြင်ပေါ်မှ ဓာတ်ဘူးကိုကောက်ယူဖို့လုပ်လိုက်တယ်။
"ပြာယာခတ်နေတာပဲ!"
သူ့ကိုကြိမ်းမောင်းပြီးနောက် ထိုသူက ရိုသေလေးစားတဲ့အသံနဲ့ ပြောလာတယ်။
"မစ်စတာရုန် အဆင်ပြေရဲ့လား"
"ရုန်?"
ရုန်ရုန် မြေကြီးပေါ်မှ ဓာတ်ဘူးကိုကောက်ယူခါနီးမှာပဲ ထိတ်လန့်သွားခဲ့ရတယ်။
သူက စိတ်ထဲကနေ ကိုယ့်ဘာသာကိုယ်ရေရွတ်နေမိတယ်။ ဒီကမ္ဘာကြီးက ဒီလောက်တောင် မတိုက်ဆိုင်နိုင်လောက်ပါဘူးလေ။
တစ်ဖက်လူရဲ့နာမည်က ရုန်ဖြစ်နေရုံပါပဲ။
အမှန်တရားကတော့ ဒီကမ္ဘာကြီးပေါ်မှာ ကျိုးကြောင်းမညီညွတ်တဲ့ တိုက်ဆိုင်မှုတွေ ရှိနေကြောင်း သက်သေပြခဲ့တယ်။
မြေကြီးပေါ်မှ ဓာတ်ဘူးကို သူ့ရှေ့မှလူက ကောက်ပေးလာခဲ့တယ်။
"မင်းအဆင်ပြေရဲ့လား"
သူ့ရဲ့အသံက ခပ်နိမ့်နိမ့်ရှိပြီး ရှင်းလင်းကြည်လင်ကာ နွေဦးအတွင်းမှာ တောင်ပေါ်မှ ထွက်ပေါ်လာသလိုမျိုးပဲ။
ရုန်ရုန်ရဲ့လက်ဖျားတွေက အေးစက်သွားခဲ့ကာ သူ့ရဲ့ခေါင်းကို စက်တစ်ခုလိုမျိုး ခါယမ်းမိတယ်။
တစ်ဖက်လူရဲ့မျက်လုံးက စူးရှလွန်းတယ်။
ရုန်ရုန် ရုန်ကျန်းရဲ့အကြည့်က သူ့ဆီကိုရောက်နေကြောင်း ခံစားနိုင်တယ်။
ရုန်ရုန် ဓာတ်ဘူးကိုကိုင်ထားရင်း ခေါင်းကိုပိုငုံ့လိုက်မိကာ အသက်ကို ခပ်ဖျော့ဖျော့ပဲရှူရဲတယ်။
သူ သူ့ကိုသတိထားမိသွားပြီလား?
"မင်းခေါင်းကိုမော့လိုက်"
ရုန်ရုန် နှလုံးရောဂါတောင်ရတော့မယ်။
ဆောက်လုပ်ရေးမန်နေဂျာက ဘေးကနေ တွေဝေစွာပြောလာတယ်:
"မစ်စတာရုန်..."
"မင်းခေါင်းကိုမော့လိုက်"
ရုန်ရုန် သူ့ခေါင်းကို ဖြေးညှင်းစွာမော့လာတယ်။
သူ့ရဲ့လုံခြုံရေးဦးထုတ်က သူ့ရဲ့မျက်နှာကို ဖုံးကွယ်ထားလုနီးပါးဖြစ်ကာ သူ့ရဲ့မည်းညိုနေတဲ့ အသားအရည်က အနည်းငယ်ပေါ်ထွက်လာတယ်။
ရုန်ကျန်း ရုတ်တရက်ပြောလိုက်တယ်။
"မလိုတော့ဘူး သွားမယ်"
ဒါက ရုန်ရုန်မဖြစ်နိုင်ဘူး။
ရုန်ရုန်ကတော့ သူ့ရဲ့တစ်ကိုယ်လုံး အေးစက်နေခဲ့ပြီ။