သူ ပြုတ်ကျသွားခဲ့သည်။
အေးစက်နေသော အမှောင်ထုက ပင်လယ်ရေကဲ့သို့ သူ့လည်ပင်းနှင့် နှာခေါင်းနေရာထိ ရစ်ပတ်တွယ်တတ်လာသည်။ သေခြင်းတရားနှင့် နီးကပ်လာသကဲ့သို့ အသက်ရှုကြပ်လာကာ အော်နိုင်စွမ်းအလျဉ်းမရှိသလို လွတ်မြောက်နိုင်စွမ်းလည်း မရှိပေ။
နှလုံးသားက တစ်ဖြေးဖြေး အားနည်းလာကာ ရေထဲပစ်ချခံလိုက်သော ကျောက်တုံးတစ်တုံးကဲ့သို့ နောက်ဆုံးထွက်သက်ကို ရောက်ရှိလာခဲ့သည်။ ထို့နောက် အရောင်နှင့်အသံများ ပျောက်ကွယ်သွားကာ ထာဝရအိပ်ပျော်သွားစေန်ိုင်သော ပိတ်ပိတ်မှောင်နေသည့် အမှောင်ထုသာ ကျန်ခဲ့တော့လေသည်။
အဆုံးမဲ့တိတ်ဆိတ်ခြင်းမှ သူ့ကို ပွေ့ဖက်လိုက်ကာ နားနားကပ်၍ တိုးတိုးလေးပြောခဲ့သည်။
"နေပါဦး"
မော့ရိ မျက်လုံးချက်ချင်းဖွင့်ကာ အလင်းရောင်ထဲကို စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှုလိုက်သည်။ချွေးများဖြင့် စိုရွှဲနေသော နောက်ကျောထံမှ အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရကာ သူ့အာရုံကြောများ တင်းကြပ်သွားခဲ့သည်။
ဒီအိပ်မက်ကို ထပ်မက်ခဲ့ပြန်ပြီ...
မော့ရိသည် လည်ပင်းက အကြောအချင်များ ပြေအောင်လုပ်လိုက်သည်။ သူသည် မျက်တောင်ကို ဖြည်းဖြည်းချင်းခတ်ယူပြီး စူးရှုတဲ့ အလင်းရောင်ကို အသားကျအောင်လုပ်ကာ သူ့ဘေးနားတွေ ဘာများရှိမှန်းသိအောင် လှည့်ပတ်ကြည့်လိုက်သည်။ သူ့ရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။
သူသည် စာသင်ခန်းအဟောင်းတစ်ခုထဲ ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုအရာက မသုံးတော့တဲ့ စာသင်ခန်းတစ်ခန်းပင်။ နံရံပေါ်က ကျောက်သင်ပုန်းမှာ သိပ်ပြီးတော့သန့်ရှင်းမနေ သလို ထောင့်တွေမှာ မြေဖြူမှုန့်တွေရှိနေပြီး သင်ပုန်းအလယ်မှာတော့ သင်္ချာပုံသေနည်းတွေ အများကြီးကို ရေးသားထားသည်။ ကျောက်သင်ပုန်းရဲ့ ဘေးဘက်တွင်တော့ လျှောက်ရေးခြစ်ဆွဲထားတာကို တွေ့ရသည်။
ပုံစံမကျသည့် ငှက်တစ်ကောင်ပုံပင်။
စာရေးစားပွဲခုံနှင့် ဖင်ထိုင်ခုံများကိုတော့ သပ်သပ်ရပ်ရပ်စီထားသည်။ ခုံတိုင်းတွင် စာအုပ်များ စာရွက်များကို တန်းစီတင်ထားတာတွေ့ရသည်။ လေ့ကျင့်ခန်းစာအုပ်များပါ အပါအ၀င်ဖြစ်သည်။
နံရံပေါ်တွင် အဖြူရောင်နဲ့ဆေးသုတ်ပြီး ရေးထားသည်ကတော့ "တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတိုင်မီ ၂၀၈ ရက်အလို" ဟူ၍ဖြစ်သည်။
သူ့ခေါင်းထက်က အားသိပ်မရှိသည့် မီးအိမ်ကနေ အသံတစီစီ ထွက်နေသည်။ အခန်းတစ်ခန်းလုံးသည် ချောက်ခြားဖွယ်ကောင်းလှအောင် တိတ်ဆိတ်နေလေသည်။
ဘာတွေဖြစ်နေတာလဲ?
သူ ဘယ်ရောက်နေတာလဲ?
မော့ရိသည် မျက်မှောင်ကြုတ်လိုက်ပြီး မနည်းရအောင် ပြန်စဉ်းစားနေသည်။
သို့ပေမယ့် သူ့မှတ်ဉာဏ်ထဲတွင် ဘာမှမရှိပဲ သူ အိမ်မှာ ရုတ်တရက် အိပ်ပျော်သွားသည်ဆိုတာပဲ သတိရလိုက်သည်။ ဒါပေမဲ့ သူဘာလို့ စာသင်ခန်းအလွတ်ထဲမှာ နိုးလာရတာလဲ။
သူ့ရှေ့ကလွတ်နေတဲ့ စားပွဲကိုကြည့်လိုက်တော့ သစ်သားစားပွဲပေါ်တွင် ဓားဖြင့်ခြစ်ရေးထားသော ရုပ်ပုံလေးများကို တွေ့ရသည်။
ခဲတံနဲ့ ဘောပင်များစားပွဲပေါ်တွင် တစ်ခုနှင့်တစ်ခု ထပ်နေပြီး လှန်ထားတဲ့ စာအုပ်လေးတစ်အုပ် ပါရှိနေသည်။ ဘေးတွင်တော့ အဖုံးမပါတဲ့ ဘောပင်တစ်ချောင်းရှိနေကာ စာအုပ်ထဲရှိ လက်ရေးက သေသပ်လှပပေမယ့် ထိုလူစာရေးနေစဉ်အတွင်း နှောင့်ယှက်ခံလိုက်ရပုံပေါ်သည်။ မိုရိသည် စာအုပ်ကိုလက်ဖြင့်ထိကြည်သည်။
အပြာရောင်မင်များ သူ့လက်ပေါ်တွင် စွန်းထင်းသွားမှသာ သူသည်တစ်ခုခုမှားနေမှန်း ခံစားလိုက်ရလေသည်။
ဤစာသင်ခန်းထဲမှ အရာအားလုံးဟာ တစ်၀က်တစ်ပျက်တွေဖြစ်နေသည် ဆရာမနဲ့ ကျောင်းသားတွေလည်း တစ်ချိန်တည်းမှာပဲ ရုတ်တရက်ပျောက်ကွယ်သွားသလိုမျိုး။မော့ရိသည် အလန့်လွန်ပြီး အမြန်ထသည်။ သူ့ခါးနောက်ပိုင်းက စားပွဲထောင့်နဲ့ ဆော့င်မိပြီး သူသည် စူးခနဲနာကျင်သွားကာ အခုမှ တကယ်သတိလည်လာသလိုရှိတော့သည်။
သူ့ရုတ်တရက်လှုပ်ရှားမှုကြောင့် စာအုပ်တစ်အုပ် စားပွဲပေါ်မှ ပြုတ်ကျသွားသည်။မော့ရိက စာအုပ်ကို ကောက်ယူခါမှ စာအုပ်ပေါ်တွင် "အထက်တန်း အခန်းသုံး ကျောက်ချိုးလန်" ဆိုပြီး ရေးထားတာကို တွေ့ရသည်။
အဲ့ဒီအချိန်မှာပဲ ရုတ်တရက် အဝေးတစ်နေရာမှ အသံတစ်စုံတစ်ရာကို ကြားလိုက်ရသလိုရှိသည်။ ရန်ဖြစ်စကားများနေသော အသံလိုပင်။မော့ရိသည် အံ့သားသင့်လျက်ရှိပြီး စာအုပ်ကို ပြန်တင်ထားကာ တံခါးဆီသို့ ဦးတည်ကာ အပြင်ကိုထွက်ခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် မသတီစရာအနံ့ကို ရလိုက်သည်။ အခန်းတစ်ခန်းကို နေရောင်ခြည်မရောက်ရှိတာကြာပြီဖြစ်တဲ့ အောက်သိုးသိုးအနံ့လို မွန်းကျပ်စရာပင်။
မော့ရိက အသံကို နားထောင်ပြီးလိုက်သွားသည်။
ဖျော့တော့သည့်မီးရောင်အောက်မှာ စင်္ကြလမ်းတွင် အရိပ်တစ်ခုကို မြင်ရပြီး လူ ၁၁ ယောက်မှ ၁၂ ယောက်လောက် စုပြုံရပ်နေခြင်းဖြစ်သည်။
အသံက ပိုပြီးရှင်းလင်းပြတ်သာလာသည်။ ကြောက်ရွံ့ပြီးအော်လွန်းလို့ အသံ၀င်နေသည့် ယောင်္ကျားတစ်ယောက်ရဲ့ အသံကို ကြားရသည်။
"... မင်းတို့က ဘယ်သူတွေလဲ! ဒီနေရာက ဘာနေရာလဲ! မင်းတို့ ငါ့ကို တစ်ယောက်မှ မပြောပြနိုင်ရင် ငါရဲတိုင်မယ်!"
ထိုပြဿနာဖြစ်ရပ်တွင် မိန်းကလေးတွေရဲ့ ငိုညည်းသံပါ ပါနေသည်။ ရုတ်တရက် လူအုပ်အစွန်ဘက်ရှိ တစ်ယောက်က သူ့ခေါင်းကိုမော့ကာ မော့ရိအား ကြည့်ပြီးနောက်ပြောလိုက်သည်မှာ-
"မင်း... လူသစ်လား"
ထိုသူဟာ စကားပြောပြီးနောက် သူ့ဘယ်လက်ကို မြှောက်လိုက်ကာ နှုတ်ခမ်းကြားထဲသို့ စီးကရက်ကို ညှပ်လိုက်သည်။ သူ့ပါးစပ်မှ ဆေးလိပ်ငွေ့များ ထွက်လာကာ သူ့မျက်နှာကို မှုန်ဝါးဝါး ဖြစ်သွားစေခဲ့သည်။
ထို့နောက် သူ့လေသံကို နှိမ့်ချလိုက်ကာ အထင်သေးတဲ့လေသံတစ်ဝက် သရော်သလိုလို လေသံဖြင့် ပြောလိုက်သည်။
"မင်းလည်း အဲ့ဒီလူလို စိတ်ဓာတ်ပျော့ညံ့တဲ့သူ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်"
မော့ရိ- "...."
မော့ရိ ရုတ်တရက်ဆိုသလို သူ့နှလုံးသားထဲမှ မကောင်းသည့် ခံစားချက်တစ်ချို့ကို ရလိုက်သည်။ သူ သူ့နေရာသို့ မြန်မြန်လျှောက်သွားကာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
ထို့နောက် သူ ဘာမှမပြောရသေးခင် သူ့နားထဲသို့ ချိုသာသည့် အမျိုးသမီးတစ်ယောက်၏လေသံဟာ ဝင်လာခဲ့သည်။
"မင်္ဂလာပါရှင့်... လူတိုင်းကို 'STAY ALIVE' လို့ ခေါ်တဲ့ ထွက်ပြေးလွတ်မြောက်ခြင်းဂိမ်းကနေ ကြိုဆိုလိုက်ပါတယ်..."
ထိုအမျိုးသမီး၏လေသံဟာဆိုရင် အလွန်ချိုမြိန်ကာ လှပပါသော်လည်း ယခုကဲ့သို့ ထူးဆန်းသော ကျောင်းဝင်းနှင့် အသက်မဲ့နေသော အနေအထားသာ မဟုတ်ခဲ့ပါက လူတိုင်း ပျော်ရွှင်နေလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုနေရာတွင်တော့ ချောက်ခြားဖွယ်ရာနဲ့ မကောင်းသောနိမိတ်မှတပါး အခြားသောခံစားချက်များ ရှိမနေတော့ပေ။
ခုနက အော်ဟစ်နေသည့်သူ၏မျက်နှာဟာ ဖြူဖက်ဖြူရော်ဖြစ်လာကာ ချွေးများ ရွှဲစိုနေပြီးတော့ ထိုအမျိုးသမီးအား ချိန်းခြောက်သည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ဘယ်လိုအစီအစဉ်လဲ? ငါ မင်းတို့ကို ပြောမယ် မင်းတို့ ဥပဒေကို ချိုးဖောက်နေတာ! ယုံယုံ မယုံယုံ ငါ ရှေ့နေကို ငှားပြီးတော့ မင်းတို့ကို ဒေဝါလီခံသွားအောင် တရားစွဲဆိုပစ်မယ်!"
ထိုအမျိုးသမီးရဲ့ အသံကတော့ တည်ငြိမ်နေဆဲပင်ဖြစ်ကာ ထိုစကားလုံးများသည် သူမ့အပေါ်သို့ ဘာမှ မထိခိုက်သွားသကဲ့သို့ပင်-
"မင်းတို့ရဲ့ တာဝန်က ဒီကျောင်းဝင်းထဲကနေပြီးတော့ ငါးနာရီကြာအောင် အသက်ရှင်ရမယ်၊ မင်းတို့အတွက် သဲလွန်စတွေကတော့ ၉၃၃/ခြေမရှိတဲ့ငှက်/၇၁၂ အမည်တပ်မရတဲ့မြူ၊ မင်းတို့အားလုံးအတွက် ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
သူမဟာ ထိုစကားပြောပြီးနောက် ဘယ်သူ့ဘယ်သူရဲ့ တုံ့ပြန်မှုကိုမှ မစောင့်တော့ဘဲ ပျောက်ကွယ်သွားကာ ပြတင်းပေါက်ထောင့်နားမှာ အပြာရောင် အချိန်ရေတွက်စက်တစ်ခုသည် ရုတ်တရက်ဆိုသလို ပေါ်လာခဲ့သည်။
လေးနာရီ ငါးဆယ့်ကိုးမိနစ်...
'လေးနာရီ ငါးဆယ့်ကိုးမိနစ်' ဟူ၍ အမှောင်ထုထဲ၌ အလင်းရောင်တစ်ခုဟာ ပေါ်နေခဲ့သည်။
မကောင်းတဲ့ စိတ်ခံစားချက်တွေက အမှန်တကယ် ဖြစ်လာခဲ့တာပဲ...
မော့ရိ ထိုမြင်ကွင်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင် မရေတွက်နိုင်သော အရာများ ပေါ်လာခဲ့သော်လည်း ဘာကို ဘယ်လိုတွေးရမလဲဆိုတာ သူ မသိတော့ပေ။ သူ horror ဂိမ်းများစွာကို ကစားခဲ့ဖူးပေမဲ့ တစ်နေ့မှာတော့ သူကိုယ်တိုင် အခုလို လက်တွေ့ကြုံရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ပေ။
ဒီလိုကိစ္စမျိုးက သူ ကျွမ်းကျင်တဲ့အရာ မဟုတ်ဘူး။
ထိုအချိန်မှာပဲ အသက် ၂၃/ ၂၄ လောက်သာ ရှိသေးသည့် ကောင်မလေးတစ်ယောက် ရှေ့သို့ တိုးလာကာ ခုနက မော့ရိအား စကားပြောနေသည့်သူ၏လက်ကို လှမ်းဆွဲလိုက်သည်။ သူမ့မျက်နှာတစ်ခုလုံး မျက်ရည်များနှင့် ပြည့်နှက်နေကာ အလွန်ပင် သနားစဖွယ်ကောင်းလှသည်။ သူမသည် တုန်ယင်နေသောလေသံဖြင့် ဆိုလိုက်သည်။
"အကိုကြီး... ဒီဟာက ဘယ်နေရာလဲဟင်? ဟာသလုပ်နေကြတာမလား ပြောပါအုံး၊ ကျေးဇူးပြုပြီး ပြောပါအုံး!"
ထိုလူသည် အေးစက်စွာဖြင့် သူမ၏လက်အား ဖယ်ထုတ်လိုက်ကာ လူအုပ်ကို ကြည့်၍ပြောလိုက်သည်။
"ဒီဟာက နောက်နေတာမဟုတ်ဘူး၊ မင်းတို့ ဒီမှာသေခဲ့ရင် တကယ့်ကမ္ဘာမှာလည်း သေသွားလိမ့်မယ်၊ အဲ့ဒါကြောင့်မို့လို့ မင်းတို့ သဲလွန်စတွေကို သေချာစဉ်းစားပြီးတော့ အဖြေထုတ်ကြ၊ အဲ့တာက မင်းတို့ရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူ ကျောင်းကို လှည့်ပတ်ကြည့်လိုက်သည်။ သူ့လေသံက အေးစက်နေပေမဲ့ စိုးရိမ်ပူပန်စိတ်များကို ဖုံးကွယ်မထားနိုင်ဘဲ ထပ်လောင်းပြောဆိုလိုက်သည်။
"အခု နှစ်ယောက် ဒါမှမဟုတ်ရင် သုံးယောက်ရှိတဲ့ အဖွဲ့တွေ ဖွဲ့ကြပြီးတော့ အသက်ရှင်နိုင်ဖို့ အထောက်အကူဖြစ်မဲ့ သဲလွန်စတွေကို ရှာကြရအောင်"
ထိုလူနှင့် သူ့အနားတွင်ရှိသော နှစ်ယောက်တို့သည် အချင်းချင်း ကြိုသိနေပြီးသားဆိုတာ ထင်ရှားလှသည်။ သူ ထိုနှစ်ယောက်ကို ခေါင်းငြိမ့်အချက်ပြလိုက်ပြီးနောက် ဦးဆောင်ကာ ထွက်သွားခဲ့သည်။
ကျန်တဲ့လူအုပ်ကြီးကလည်း တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ အဖွဲ့ဖွဲ့ဖို့ လူရှာဖွေနေကြသည်။ မြင်ကွင်းကတော့ အနည်းငယ်ဆူညံကာ ပွက်လောရိုက်နေလေသည်။
မော့ရိကတော့ သူ့နေရာမှာပဲ သူ ရပ်နေခဲ့ကာ တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ပြတင်းပေါက်အပြင်ကို ကြည့်နေခဲ့သည်။ သူ့နေရာက ကြည့်မယ်ဆိုလျှင် ပြတင်းပေါက်အတွင်းထဲဘက်၌ အချိန်ရေတွက်နေသည့် နာရီ၏အလင်းရောင်ကလွဲရင် အခြား မည်သည့်အလင်းရောင်မှ ရှိမနေပေ။
အမှောင်ထုကြီးတစ်ခုက ကျောင်းဝင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသကဲ့သို့ပင်။
ကျောင်းဝင်းတစ်ခုလုံးသည် အနန္ဒအမှောင်ထုကြီးနဲ့ သင့်မြတ်နေကာ သချိုင်းဂူတစ်လုံးနှင့်ပင် ဆင်တူလှပေသည်။
ထို့အတူ သူ့ခေါင်းထဲသို့ ဖြတ်ကနဲ ဝင်ရောက်လာခဲ့သည်။ မော့ရိကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်ကာ ခေါင်းကိုခါပြီး ထိုစိတ်ကူးကို ဖယ်ထုတ်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့လက်မောင်းကို တစ်စုံတစ်ယောက်က လှန်းဆွဲလိုက်သည်။
မော့ရိ ကြောင်သွားကာ ထိုလူ့ကို လှမ်းကြည့်လိုက်သည်။ သူ မြင်လိုက်ရတာကတော့ အလွန်သိမ်မွေ့သည့် မျက်နှာနှင့် လူတစ်ယောက် သူ့ဘေးတွင် ရပ်နေခဲ့တာ ဖြစ်သည်။ သို့သော်လည်း ကြည့်ရုံနှင့်ပင် စိတ်မသက်မသာဖြစ်စေသည်။
မော့ရိ သူ့ကို စိုက်ကြည့်နေတာမြင်တဲ့အခါမှာတော့ သူ ရှက်သလို ပြုံးကာ ပြောလိုက်သည်။
"ဟယ်လို... မင်း ငါနဲ့ အဖွဲ့ဖွဲ့ချင်လား?"