no

Font
Theme

"ငါ့နာမည်က ကျန်းယွမ်းပိုင်ပါ။ မင်းနာမည်ကရော"

 

နူးညံ့တဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့ အမျိုးသားက သူတို့လမ်းလျှောက်နေတုန်း သူ့ကိုယ်သူ တိတ်တဆိတ် မိတ်ဆက်လာသည်။

 

မော့ရိ သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ညင်သာစွာ ပြန်ဖြေလိုက်သည်။

"မော့ရိပါ"

 

"ဟယ်လို"

 

ကျန်းယွမ်းပိုင်က ခါးခါးသီးသီးပြုံးလိုက်ပြီး သူ့အသံကိုနှိမ့်ကာ

"ဒါက ဒီဂိမ်းထဲကို ငါရောက်လာတဲ့ ဒုတိယကြိမ်လေ"

 

ဖုံးကွယ်မထားနိုင်တဲ့ ကြောက်ရွံ့မှုတွေက သူ့မျက်လုံးတစ်လျှောက် ဖျတ်ခနဲလက်သွားသည်။ သူ အသံတုန်တုန်ရီရီနဲ့ ဆက်ပြောသည်။

"ငါအရင်ဘ၀က ဘယ်လိုမကောင်းမှုတွေများ လုပ်ခဲ့မိလို့ ဒီလိုကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးမျိုးကို ခံစားနေတာလဲမသိတော့ပါဘူးကွာ"

 

ကျန်းယွမ်းပိုင် သူ့အသံထဲက ကြောက်ရွံ့မှုကို ဖုံးကွယ်ဖို့အတွက် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် အတောင့်လိုက်ကြီးပြုံးပြကာ သဘာ၀မကျစွာဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"မင်းကရော ဘယ်နှကြိမ် ၀င်လာဖူးလဲ"

 

မော့ရိ ကော်ရစ်ဒါနံရံမှာ ချိတ်ထားတဲ့ အဖွဲ့လိုက်ပုံကို သေချာဂရုတစိုက် ကြည့်နေပြီး ခေါင်းမော့မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

"ဒါကပထမဆုံးအကြိမ်ပဲ"

 

ဒါက ဘွဲ့ဓာတ်ပုံတစ်ပုံဖြစ်သည်။ ဓာတ်ပုံရဲ့အနားဘောင်တွေတောင် အဝါရောင်ပြောင်းနေပြီဆိုမှတော့ ဒီဓာတ်ပုံရိုက်ထားတာ တော်တော်ကြာနေလောက်ပြီ။ ပုံထဲကလူတွေရဲ့ မျက်နှာတွေက ဝါးနေပေမယ့် သူတို့အကုန်လုံးကတော့ တောက်တောက်ပပ ပြုံးနေကြသည်။

 

ဓာတ်ပုံပေါ်မှာ အနက်ရောင်စာလုံးသေးလေးတွေနဲ့ ထင်ထင်ရှားရှား မှတ်သားထားတာကတော့

"June 8, 1995, နောက်ဆုံးနှစ်၊ အခန်းတစ်"

 

ဟောရာဂိမ်းတွေထဲက နံပါတ်တွေ အထူးသဖြင့် မြင်ရတဲ့ နံပါတ်‌တွေက များသောအားဖြင့် အဓိပ္ပာယ်ရှိတတ်တာကြောင့် နောက်ပိုင်းမှာ အသုံး၀င်လာနိုင်သည်။

 

မော့ရိ သူ့မေးစေ့သူ ပွတ်လိုက်ပြီး ထိုရက်စွဲကို ဦးနှောက်ထဲ တိတ်တဆိတ် မှတ်သားထားလိုက်သည်။

 

"ပထမဆုံးအကြိမ်!"

 

ကျန်းယွမ်ပိုင်က အော်လိုက်တာကြောင့် တခြားသူတွေရဲ့အာရုံကို ဖမ်းစားသွားသည်။ သူ့အသံကိုနှိမ့်လိုက်ပြီး

"မင်းအရမ်း တည်ငြိမ်လွန်းမနေဘူးလား"

 

မော့ရိ ကိုယ်ကိုမတ်ကာ သူကိုကြည့်လိုက်သည်။

"...အိုး"

 

သူလည်း လုံး၀တော့ တည်ငြိမ်နေတာမဟုတ်။ ဒါက စိတ်ကူးယဉ်၀တ္ထုမှ မဟုတ်ဘဲ။ ဘယ်ကောင်က ဒီလိုတကယ့်အပြင်လောကက ဟော်ရာဂိမ်းမျိုးကို ကြုံချင်မှာလဲ။

 

"မင်းက စကားများများပြောရတာ မကြိုက်တဲ့ပုံပဲ"

 

ကျန်းယွမ်းပိုင်က မေးလိုက်သည်။ သူခေါင်းကုတ်လိုက်ပြီး ကူကယ်ရာမဲ့တာတစ်၀က် သူ့ကိုယ်သူ သရော်ချင်တာတစ်၀က် အပြုံးမျိုးကို ပြုံးလိုက်ပြီးမှ အသံကိုနှိမ့်လိုက်ပြီး

 

"တကယ်ဆိုရင် ပထမဆုံး၀င်လာတဲ့ လူတော်တော်များများက တော်တော်လေး...ပြင်းပြင်းထန်ထန် တုံ့ပြန်ကြတယ်။ တကယ်တော့ ကျွန်တော် ဒီဂိမ်းထဲကို ပထမဆုံး စရောက်ရောက်ချင်းတုန်းကလည်း အခုအော်နေတဲ့လူနဲ့ ဘာမှမကွာဘူး။ မင်းလိုမျိုး ဒီလောက်တည်ငြိမ်လွန်းတဲ့ လူသစ်ကို ဒါပထမဆုံး ကြုံဖူးတာပဲ"

 

"...အင်း"

 

မော့ရိ ကြုံသလိုသာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူကော်ရစ်ဒါတစ်ခုလုံးကို ကြည့်ဖို့အတွက် ကိုယ်ကိုတစ်ပတ်လှည့်လိုက်သည်။

 

ကော်ရစ်ဒါက သက်တမ်းကြာနေတဲ့ လက္ခဏာမရှိပေ။ အဖြူရောင်နံရံတွေက သန့်ရှင်းပြီး ချောမွတ်နေသည်။ ပြတင်းပေါက်တွေကို ကော်ရစ်ဒါရဲ့ တစ်ဖက်ခြမ်းမှာ တပ်ဆင်ထားသည်။ ပြတင်းပေါက် တစ်ခုနဲ့တစ်ခုကြားမှာ သူအခုလေးတင်တွေ့ခဲ့တဲ့ ဓာတ်ပုံနဲ့ ဆင်တူတဲ့ ဓာတ်ပုံငါးပုံစီရှိသည်။ ကော်ရစ်ဒါရဲ့ တခြားဖက်မှာတော့ အခန်းတစ်မှ အခန်းငါးထိ စာသင်ခန်းငါးခန်းရှိပြီး တံခါးတစ်ချပ်စီရဲ့ဘေးမှာ ဆိုင်းဘုတ်များရှိကြသည်။

 

ပထမထပ်က အခန်းသုံးနဲ့လေးကြားမှာ လှေကားရှိပေမယ့် အပြင်ကိုထွက်တဲ့ တံခါးကိုတော့ တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ လှေကား‌ကျဉ်းကျဉ်းလေးက အမှောင်ထုထဲကို ဆန့်ထွက်သွားသည်။ လူနှစ်ယောက်က လှေကားပေါ်မှာ ရှိနေကြပြီး တံခါးကိုကလော်ဖွင့်ဖို့ ကြိုးစားနေကြသည်။

 

သိသိသာသာပင် ပွင့်ဖို့မျှော်လင့်ချက် မရှိသလောက်ပင်။

 

ရုတ်တရက် ကော်ရစ်ဒါအဆုံးကနေ စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာသည်။

 

မော့ရိ ရင်ထဲတင်းကြပ်သွားပြီး အော်သံနောက်ကို ချက်ချင်းလိုက်သွားခဲ့သည်။ သူအပြင် ကျန်းယွမ်းပိုင်ကလည်း နှာခေါင်းရိုးကို ပွတ်သပ်ပြီး သူ့နောက်ကနေ အပြေးအလွှား လိုက်လာခဲ့သည်။

 

လီယွင်ယ သန့်စင်ခန်းထဲကို စိုးရိမ်ကြောက်လန့်စွာ ၀င်သွားလိုက်သည်။

 

သူမ ထိန်းလို့မရလောက်အောင် ကြောက်စိတ်မွှန်ထူနေသည်။

 

သူမက ဒီ"ဂိမ်း"လို့ခေါ်တဲ့ထဲကို ပထမဆုံး၀င်လာဖူးတာဖြစ်ပေမယ့် သန့်စင်ခန်းသွားတာက ဒီအချိန်မှာ လုံး၀ကို ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက် မဟုတ်တာကိုတော့ သိသေးသည်။ ဒါပေမယ့် သူတကယ့်ကို အောင့်မထားနိုင်တော့ဘူး။ လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်ကတည်းက သန့်စင်ခန်းသွားချင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူအောင့်ထားနိုင်တဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီဖြစ်သည်။ ကံကောင်းထောက်မစွာနဲ့ သူမရဲ့အသင်းဖော်တွေက သူမရဲ့တောင်းဆိုမှုကို လိုက်လျောခဲ့ပြီး သန့်စင်ခန်းအပြင်ဘက်ကနေ ရပ်စောင့်နေပေးဖို့ကို သဘောတူပေးခဲ့ကြသည်။ သူ့ကိစ္စဝိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် လုပ်နိုင်ရင်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်လောက်ပါဘူးလေ။

 

လီယွင်ယ စိတ်ထဲကနေ သူ့ကိုယ်သူ စိတ်သက်သာရာရအောင် ပြောလိုက်သည်။

 

အိမ်သာက ခေတ်ဟောင်းပုံစံ ထိုင်တက်ရတဲ့ဟာဖြစ်ပြီး အစိမ်း‌ရင့်ရောင် အကန့်လေးတွေနဲ့ ကန့်ထားသည်။ တံခါးလော့ခ်က သံချေးတက်နေပြီး ပိတ်ဖို့နည်းနည်းခက်နေသည်။ ကြည့်ရတာတော့ ဟောင်းနေပြီထင်ရပေမယ့် အထဲကအခန်းလေးကတော့ သန့်သားပဲလို့ သူမတွေးလိုက်သည်။

 

စက္ကန့်သုံးဆယ် ကုန်သွားသည်။

 

လီယွင်းရာ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စဝိစ္စတွေကို ဖြေရှင်းပြီးသွားတော့ အိမ်သာခန်းထဲကနေ ကမန်းကတန်း ထွက်လိုက်သည်။ သူဒူးပေါ်လက်ထောက်ကာ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းအရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သူကိစ္စဖြေရှင်းနေတုန်း စိတ်ထဲမှာ ထိန်းမရသိမ်းမရနဲ့ ဟော်ရာကားတွေထဲက ဇာတ်၀င်ခန်းတွေ ပေါ်ပေါ်လာတာက သူ့နှလုံးခုန်နှုန်းကို ထိန်းမရသိမ်းမရ မြန်လာစေသည်။ သူ မျက်နှာကြက်မှာ တစ်ခုခုများ တွားသွားနေမလားဆိုပြီး နှစ်စက္ကန့်တစ်ခါ အိမ်သာခန်းပတ်ပတ်လည်ကို ခေါင်းမော့ကြည့်နေရသည်။

 

ကံကောင်းထောက်မစွာနဲ့ ဒါတွေအကုန်လုံးက သူမခေါင်းထဲကအရာတွေသာ ဖြစ်နေသည်။

 

လီယွမ်းရာက ရယ်သွမ်းသွေးလိုက်သလိုမျိုး ခေါင်းခါလိုက်ပြီး ရေပိုက်ခေါင်းကို ဖွင့်လိုက်သည်။ စီးကျလာတဲ့ ရေစီးသံက လူသူမရှိ‌တဲ့ သန့်စင်ခန်းထဲမှာ ပဲ့တင်ထပ်သွားသည်။ သူလက်ဆေးလိုက်တာနဲ့ အေးမြတဲ့ ရေအပူချိန်က သူမစိတ်ကို ငြိမ်သက်သွား‌စေသည်။

 

ရုတ်တရက် တစ်စုံတစ်ခုက သူမရဲ့ခြေသလုံးကို လာထိသလို ခံစားလိုက်ရသည်။

 

လီယွမ်းရာ မျက်‌မှောင်ကြုတ်လိုက်ပြီး ဇဝေဇဝါဖြစ်သွားကာ အောက်ကိုငုံ့ကြည့်လိုက်သည်။ ညစ်ပေနေတဲ့ ဘောလုံးတစ်လုံးက ကြမ်းပြင်ပေါ်မှာ ရှိနေသည်။ ဘောလုံး? ဘောလုံးက သန့်စင်ခန်းထဲကို ဘယ်တုန်းက ရောက်လာတာလဲ။

 

လီယွမ်းရာ အံ့အားသင့်သွားသော်လည်း နောက်တစ်စက္ကန်တွင် တစ်စုံတစ်ရာကို စဉ်းစားမိသွားသည်။ ကျောင်းသန့်စင်ခန်းက ကျဉ်းပြီးတော့ တော်တော်လေး သန့်ရှင်းသပ်ရပ်သည်။ သူ၀င်၀င်ချင်းမှာတင် အခန်းတစ်ခုလုံးကို ခြုံကြည့်ခဲ့သည်။ အရင်က သန့်စင်ခန်းထဲမှာ ဘာဘောလုံးမှမရှိတာ သေချာသည်။ တကယ်လို့ ဒီလိုသာဆိုရင်...ဒါကလေထဲကနေ ရောက်လာတာများလား။

 

သူမမျက်နှာတစ်ခုလုံး လူသေလိုဖြူဖျော့သွားပြီး ချက်ချင်းဆိုသလို ချွေးစေးတွေ တစ်ကိုယ်လုံးပြန်လာသည်။

 

"...ဖန်ထင်း"

 

တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေထတာတဲ့ လီယွမ်းရာက တံတွေးအနိုင်နိုင်မျိုချပြီး အသံတုန်တုန်ယင်ယင်ဖြင့် သူ့အသင်းဖော်ရဲ့နာမည်ကို အော်ခေါ်နေသည်။

"နင်အဲ့မှာရှိလား"

 

ဘာအဖြေမှ ပြန်မလာပေ။

 

ခုနတုန်းက တံခါးအပြင်ဘက်မှာ တခြားလူတွေ စကားပြော‌နေတာကို ကြားပေမယ့် အခုတော့ ဘာဆိုဘာမှ မကြားရတော့။

 

သူတခြားကမ္ဘာတစ်ခုထဲကို ရောက်သွားသလိုမျိုးပင်။

 

လီယွမ်းရာ ဒီအတွေးကြောင့် ကြောက်လန့်တကြားဖြစ်သွားပြီး တံခါးဆီကို အပြေးအလွှားသွားကာ ဖွင့်ဖို့လက်လှမ်းလိုက်သည်။ ဒါပေမယ့် တံခါးက သံဖြင့်ပိတ်ထားသလိုမျိုး ဖြစ်နေသည်။ သူလက်ကိုင်ကို အလျင်စလို လှုပ်ရမ်းလိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် တံခါးကိုထုရိုက်ကာ သူ့အသင်းဖော်ရဲ့နာမည်ကို အော်ခေါ်နေသည်။

 

ထိုအချိန်မှာပင် သူမအနောက်ကနေ ညင်ညင်သာသာ ခေါက်နေသံကို ကြားလိုက်ရသည်။

 

"ဒေါက်" "ဒေါက်" "ဒေါက်"

 

သူမ ထိုနေရာမှာတင် အေးခဲသွားသည်။ လွှတ်ခနဲ အော်လိုက်မိတော့မယ်အသံက လည်ချောင်း၀မှာတင် တစ်သွားသည်။ အရှိန်ပြင်းပြင်းနဲ့ခုန်‌နေတဲ့ သူ့နှလုံးခုန်သံကိုသာ ကြားနိုင်တော့သည်။ ချွေးစက်တွေက သူမရဲ့ အရောင်မရှိ ဖြူဖျော့နေတဲ့ပါးပြင်ပေါ် တစ်က်စက် စီးကျသွားပြီး သူ့ရှပ်အကျီကော်လံထဲ စီး၀င်သွားသည်။

 

လီယွင်ယ တောင့်တောင့်ကြီး လှည်ကြည့်လိုက်ပြီး သူမနောက်ကျောကို တံခါးနဲ့ အသေဖိကပ်ထားလိုက်သည်။

 

လွတ်နေတဲ့ တတိယမြောက် အိမ်သာခန်းထဲက တံခါးကို တ‌ဒေါက်ဒေါက်ခေါက်နေသံ ဆက်တိုက်ထွက်ပေါ်နေသည်။

 

"ဒေါက်" "ဒေါက်" "ဒေါက်"

 

လီယွင်ယရဲ့ သူငယ်အိမ်တွေ ပြူးကျယ်သွားပြီး သူမရဲ့ ချောက်ချားနေတဲ့ အသက်ရှူသံကနေ ဘာအသံမှ မထွက်မိအောင် လက်နဲ့ သူ့ပါးစပ်သူ ပိတ်ထားလိုက်သည်။ သူမ မျက်ရည်တွေ တိတ်တဆိတ်ကျဆင်းလာပြီး လေပွေထဲကသစ်ရွက်လို တသိမ့်သိမ့်တုန်နေသည်။

 

သူ အိမ်သာထဲကနေ ညည်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။

 

ကလေးငယ်တစ်ဦးရဲ့ အပြစ်ကင်းစင်လှတဲ့အသံက လူသူမရှိတဲ့ သန့်စင်ခန်းထဲမှာ ထူးဆန်းစွာ ထွက်ပေါ်လာသည်။ ထိုအသံက တေးသွားတစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ ညည်းနေသည်။ လီယွင်ယက သေချာဂရုတစိုက် နားထောင်ဖို့ကို အလွန်တရာ ကြောက်လန့်နေပေမယ့် ထိုတေးသွားက သူမရဲ့ဦးနှောက်ထဲကို ၀င်ရောက်လာနေဆဲပင်။

 

"အချစ်ကလေး...လာပြီးကစားလေ..."

 

လီယွင်ယရဲ့ခြေထောက်တွေ တဆတ်ဆတ်တုန်လာပြီး နောက်ဆုံးမှာတော့ သူမ ဆက်မရပ်ထားနိုင်တော့ပေ။ သူမခန္ဓာကိုယ်‌က လျှောကျသွားပြီး အခန်းထောင့်ထဲကို ကျုံ့၀င်သွားသည်။ ဖြူ‌ဖျော့နေတဲ့မျက်နှာက ကြောက်ရွံ့မှုကြောင့် ရှုံ့တွနေပြီး သူမမျက်လုံးတွေကို လက်ဖြင့်အုပ်ထားလိုက်သည်။။ ထို့နောက် အရူးအမူး စတင်ဆုတောင်းလိုက်သည်။

 

ဒါပေမယ့်...ဘာဆိုဘာမှ မဖြစ်ခဲ့။

 

တစ်မိနစ် ငါးမိနစ် ဆယ်မိနစ် ကုန်လွန်သွားခဲ့‌ပြီး ဘာမှဖြစ်မလာခဲ့ပေ။

 

တဒေါ‌က်ဒေါက်ခေါက်သံလည်း ရပ်သွားသည်။

 

မိန်းကလေးငယ်လေးရဲ့ အသံတောင်မှ ပျောက်ကွယ်သွားခဲ့သည်။

 

သန့်စင်ခန်းတစ်ခုလုံးမှာ ကြားနေရတဲ့ တစ်ခုတည်းသောအသံမှာ ခေါင်းပေါ်မှာရှိတဲ့ မီးလုံးတွေက အသံတွေဖြစ်ပြီး ကြပ်နေအောင် မပိတ်ထားရသေးတဲ့ ရေပိုက်ခေါင်းဆီက 'ထစ်ခ် ထစ်ခ်' ဆိုတဲ့ ပုံမှန်အသံသာဖြစ်သည်။

 

အရာအားလုံးက ပုံမှန်ပဲလို့ ထင်ရသည်။

 

နောက်ဆုံးတော့ သူမရဲ့သံသယတွေက သူမရဲ့ကြောက်ရွံ့မှုကို အနိုင်ယူနိုင်သွားခဲ့သည်။ လီယွင်ယရဲ့ မျက်တောင်တွေ တုန်ယင်သွားသည်။ သူမ မျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်ပြီး ပတ်ပတ်လည်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ အရာအားလုံးက ပုံမှန်ပင်ဖြစ်သည်။ ဘောလုံးတောင်မှ ပျောက်ကွယ်သွားခဲ့သည်။ ပြီးတော့ ထိုအသံကလည်း သူမရဲ့ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပုံရသည်။

 

သူဒီဟာကနေ တကယ်လွတ်မြောက်သွားပြီလား။

 

လီယွင်ယ ခပ်တိုးတိုး မရှိုက်ငိုဘဲ မနေနိုင်တော့ပေ။ မျက်ရည်ပေါက်ကြီးတွေက သူမပါးပြင်ပေါ် စီးကျလာသည်။

 

တောက် တောက်

 

တစ်စုံတစ်ခုက သူမမျက်နှာပေါ် ကျလာသည်။ သူအသက်ရှူကြပ်သွားပြီး ထိုအရာကို သုတ်ပစ်ဖို့ လက်လှမ်းလိုက်သည်။

 

တတောက်တောက် တတောက်တောက်နဲ့ နောက်ထပ်အစက်တွေ ပိုကျလာသည်။

 

လီယွင်ယ မော့ကြည့်လိုက်သည်။

 

"အချစ်ကလေး လာပြီးကစားလေ"

 

အဲဒီအချိန်မှာ ကလေးငယ်ရဲ့အသံက သူမခေါင်းအပေါ်တည့်တည့်ကနေ ထွက်ပေါ်လာခဲ့သည်။

 

ဖန်ထင်းက သန်စင်ခန်းအပြင်ဘက်မှာ စိတ်မရှည်စွာ ရပ်နေပြီး သူ့နာရီကို သုံးကြိမ်မြောက် ငုံ့ကြည့်လိုက်သည်။ လီယွင်ယ အထဲမှာရှိနေတာ အတော်ကိုကြာနေပြီဖြစ်ပြီး အခုထိ ထွက်မလာသေးပေ။

 

နောက်ဆုံးတော့ သူမရဲ့စိတ်ရှည်မှု ကုန်ဆုံးသွားပြီး သူတံခါးကိုဖွင့်ကာ အထဲကို၀င်သွားလိုက်သည်။

"နင်အဆင်ပြေရဲ့..."

 

ကျန်တဲ့စကားလုံးတွေက သူ့လည်ချောင်းထဲမှာ တစ်သွားပြီး စူးစူးဝါးဝါးအော်သံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

 

အိမ်သာခန်းတစ်ခုချင်းစီရဲ့ တံခါးတွေက အကျယ်ကြီးပွင့်နေပြီး ကြမ်းပြင်က သိသာထင်ရှားတဲ့သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး တချို့က အပြင်ကိုစီးကျနေသည်။

 

ဒါက မော့ရိ ရောက်သွားတဲ့အချိန်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းပင်ဖြစ်သည်။

 

တည်ငြိမ်နေတဲ့ မျက်နှာထားနဲ့ အတွေ့အကြုံ ရှိပုံပေါ်တဲ့လူက ရှေ့ကိုလျှောက်လာခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးနေသည်။ ထို့‌နောက် ပြန်လှည့်လာပြီး ခေါင်းခါလိုက်ကာ

"အဲဒီမှာ အလောင်းမရှိနေဘူး"

 

လူတိုင်းလူတိုင်းရဲ့ မျက်နှာမှာ ကြောက်စိတ်မွှန်ထူနေတဲ့ အမူအရောတွေ ဖြစ်ပေါ်လာသည်။ ဒီလောက် သွေးတွေအများကြီးဆိုရင် ပျောက်ဆုံးသွားတဲ့သူက အန္တရာယ်ကျရောက်ခဲ့ဖို့ အလွန်များသည်။ လူအုပ်ကြီးထဲကနေ ငိုကြွေးအော်ဟစ်သံတွေက တစ်စထက်တစ်စ ပိုပိုကျယ်လာသည်။

 

မော့ရိ လူအုပ်ထဲကနေ ခွဲထွက်ကာ အရှေ့ကို လျှောက်သွားလိုက်သည်။ သန့်စင်ခန်းကို သေချာဂရုတစိုက် လေ့လာပြီးတဲ့နောက်မှာ သွေးတွေက တစ်ခန်းလုံးကို ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရသည်။ တတိယမြောက် အိမ်သာခန်းတစ်ခုတည်းကသာ သန့်ရှင်းနေသည်။

 

သူ သင်္ကာမကင်းစွာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူဆက်လျှောက်သွားဖို့ ပြင်လိုက်တုန်းမှာပဲ အခန်းထဲမှာ တစ်ခုခုကို ရှာဖွေနေတဲ့လူဆီကနေ စူးစူးဝါးဝါးအော်ဟစ်သံကို ကြားလိုက်ရသည်။ မော့ရိ ရှေ့တိုးသွားလိုက်ပြီး ထိုလူအကြည့်ရောက်နေတဲ့ နေရာကို လိုက်ကြည့်လိုက်သည်။ သန့်စင်ခန်းတံခါးက အံ့ဩစရာကောင်းစွာနဲ့ လက်သည်းခြစ်ရာတွေနဲ့ သွေးတွေအပြင် လက်သည်းအပိုင်းအစတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။ တစ်ချက်လေးကြည့်ရုံနဲ့တင် ထိုမြင်ကွင်းက သူတို့ရဲ့ဦးရေပြားကို ထုံကျင်သွားစေသည်။ ပြီးတော့ တံခါးနားက မျက်နှာကြက်ပေါ်မှာ ကလေးလက်ဖဝါးအရွယ် သွေးလက်‌ဗွေရာတွေနဲ့ ပြည့်နှက်နေသည်။

 

မော့ရိရဲ့မျက်လုံးတွေက သွေးအိုင်အလယ်ကို ရောက်သွားသည်။ အဲဒီမှာ သွေးတစိုးတစိမှမပေတဲ့ နေရာလေးတစ်ခု ရှိနေသည်။

 

သူအံ့အားသင့်သွားကာ အတွေးတစ်ခုက သူ့ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာခဲ့သည်။ သူထိုအတွေးကို ပြန်မှတ်မိဖို့ ကြိုးစားခဲ့ပေမယ့် သူအမိအရ မဖမ်းဆုပ်နိုင်ခဲ့ပေ။

 

ရုတ်တရက် သတိမပေးဘာမပေးနဲ့ စူးဝါးပြင်းထန်လွန်းပြီး တစ်သမတ်တည်းဖြစ်နေတဲ့ ခေါင်းလောင်းသံက ကော်ရစ်ဒါမှာ မြည်းဟည်းလာတော့ လူတိုင်း အလန့်တကြား ဖြစ်ကုန်ကြသည်။ ကျယ်လောင်တဲ့ ခေါင်းလောင်းသံက လစ်လပ်နေတဲ့ ကော်ရစ်ဒါနဲ့ စာသင်ခန်းထဲ ပဲ့တင်ထပ်နေသည်မှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည်။

 

မော့ရိ ပြတင်းပေါက်အပြင်ကို ဖျတ်ခနဲကြည့်လိုက်မိတော့ သူ့အကြည့်တွေ ထိုနေရာမှာ နစ်မြှုပ်သွားသည်။

 

အချိန်နောက်ပြန်ရေတွက်နေတဲ့ ဂဏန်းက အခု "4:15" လို့ ပြနေသည်။

 

ဂိမ်းစကတည်းကနေ အခုထိဆို လေးဆယ့်ငါးမိနစ် ရှိသွားခဲ့ပြီဖြစ်သည်။

 

ဒါက အတန်းပြီးတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်။

 

 

စာရေးသူမှာ ပြောစရာရှိပါတယ်။

 

PS: ကျန်းယွမ်းပိုင်က CP ဟုတ်ပါဘူး။

 

PSS: ဒီတစ်ခန်းက လုံး၀ကြောက်စရာ မကောင်းပါဘူး! ငါ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ မျက်လုံးတွေကိုသာ ကြည့်ကြည့်လိုက်တော့!

 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment