no

Font
Theme

ရှောင်ထန်ချိုး ယွမ်အိမ်တော်ထဲ ဝင်လိုက်ချိန်ကစပြီး သူ့တစ်ကိုယ်လုံး မသက်မသာခံစားနေရ၏။ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေက သူ့ကိုသတိ‌ပေးနေကြသလိုပင် " ဒီနေရာက အခုချက်ချင်းထွက်ကြတော့! "

Horror ရုပ်ရှင်များ၊ horror game များထဲတွင် (သင်သာ အဓိကဇာတ်လိုက်မဟုတ်ပါက) အဖွဲ့မှခွဲထွက်ခြင်းသည် သေချာပေါက်သေဆုံးခြင်းဖြစ်သည်ဟူသည့် ပုံမှန်စည်းမျဉ်းကို သူသာ မရင်းနှီးထားပါက အခုချက်ချင်းထွက်ပြေးလိုက်မည်သာ။ သို့သော် လုတာ့သုန်ရဲ့ အပြုအမူတွေက horror ရုပ်ရှင်များ၊ ဗွီဒီယိုဂိမ်းများထဲမှ " အဆောက်အအုံထဲ ဝင်သွားပြီးနောက် တံခါးမကြီးက တင်းတင်းကြပ်ကြပ်ပိတ်သွားကာ ဖွင့်ရန်မဖြစ်နိုင် " ဟူသည့် နောက်ထပ်ပုံမှန်စည်းမျဉ်းအား သက်သေပြလိုက်ပြီးဖြစ်ရာ သူ ကြိုးစားကြည့်ဖို့မလိုတော့ပေ။

အိမ်တော်ထိန်း ပါဝင်ထားသည့် ‌ထိုကြောက်စရာမြင်ကွင်းကို မျက်မြင်ကြုံရပြီးချိန်တွင် လူတိုင်းက နေရာမှာအမြစ်တွယ်ရင်း လှုပ်ရှားဖို့ ကြောက်ရွံ့နေခဲ့ကြသည်။ လုတာ့သုန်က ကြောက်ရွံ့မှုကြောင့် မြေပြင်ပေါ်တွင် တုန်ယင်နေလေကာ သရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး တည်ငြိမ်အေးဆေးနေသည့် အိမ်တော်ထိန်းအား ဆွံ့အစွာငေးကြည့်နေမိလျက်...... အင်း၊ သရဲတစ်ကောင်ကို မြင်လိုက်ရတာ ဆိုပေမယ့်လည်းပေါ့လေ.......

တဖြည်းဖြည်းနှင့် အရင်ဆုံးတည်ငြိမ်သွားခဲ့သူက လော့မန်စုဖြစ်ကာ " ဒါဆိုရင် ကျွန်တော်တို့ကို ပင်မ‌ခန်းမဆီ ခေါ်သွားပေးဖို့ ခင်ဗျားကိုအနှောင့်အယှက်ပေးမိပါပြီ "

အိမ်တော်ထိန်းက သူ့ခေါင်းကိုဦးညွှတ်လျက်သားနှင့် လမ်းလျှောက်သွားခဲ့၏။ လူတိုင်းက ကြောက်ကြောက်လန့်လန့်ဖြင့် ‌သူ့နောက်မှ လိုက်သွားခဲ့ကြသည်။

ရှောင်ထန်ချိုးက လမ်းလျှောက်ရင်း သူ့ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သည်။ ၎င်းက horror ဗွီဒီယိုဂိမ်းတွေကို နှစ်ပေါင်းများစွာ ဆော့ခဲ့ခြင်းမှ ရလာသည့် အကျင့်တစ်ခုပေ။ မြေပုံအသစ်တစ်ခုထဲ ဝင်ရောက်ချိန်တွင် မြေပြင်အနေအထားကို အရင်ဆုံးမှတ်မိအောင်လုပ်ရကာ တစ်ချိန်တည်းမှာပဲ လွတ်မြောက်ဖို့လမ်းကြောင်းတစ်ခုကို အစီအစဉ်ချရသည်။ ဒီနေရာမှာရှိတဲ့ သရဲတွေက horror ဗွီဒီယိုဂိမ်းတွေထဲက စည်းမျဉ်းတွေကို လိုက်နာမလား၊ မနာဘူးလားဆိုတာကို သူ မသေချာဖြစ်နေရုံသာ။ ဂိမ်းထဲမှာပါတဲ့ သရဲတွေက ဒြပ်ထုရှိတဲ့အတားအဆီးတွေကို ‌ရှောင်သွားဖို့ လို‌အပ်ပေမယ့် တကယ့်သရဲတွေကတော့ ကိုယ်ခန္ဓာလုံးဝမရှိပဲ နံရံတွေကို ဖြတ်ကျော်သွားနိုင်၏။ စက္ကူရုပ်ရဲ့ရှေ့က သူပြေး‌နိုင်ခဲ့တယ်ဆိုတာက စက္ကူရုပ်မှာ ကိုယ်ခန္ဓာဒြပ်ထုရှိနေတာကြောင့်ပင်။ယွမ်အိမ်တော်မှာရှိတဲ့ သရဲတွေအတွက်ကတော့...... သူတို့တွေ horror ဗွီဒီယိုဂိမ်းတစ်ခုမှာမှ သရုပ်မဆောင်ခဲ့ဖူးတာ ဖြစ်လောက်တယ်! မဟုတ်ရင် ဗွီဒီယိုဂိမ်းတွေထဲက "အမဲလိုက်ပြိုင်ပွဲ" စည်းမျဉ်းတွေကို သရဲတွေ လိုက်နာကြမှာပေါ့!

ဒီနေရာမှာ ဂိမ်းကို 'save' လုပ်လို့ မရပေ။ သူသာ သေဆုံးခြင်းအခြေအနေနဲ့ မတော်တဆ ကြုံကြိုက်ခဲ့ပါက file ကို reload ပြန်လုပ်ပြီး အစကပြန်စဖို့ဆိုတာ မဖြစ်နိုင်တော့ !

သို့သော်လည်း ယွမ်အိမ်တော်က အပြင်ပန်းတွင် ခမ်းနားကြီးကျယ်သလို အတွင်းဖက်တွင်လည်း ခံ့ညားလှပသည်ကိုတော့ သူ ဝန််ခံရပေမည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အသုံးအဖြုန်းကြီးပြီး အဆင့်အတန်းမြင့်မားသည့် မိသားစုတစ်ခု၏ အိမ်ဖြစ်ကြောင်းကို ပြောနိုင်လေသည်။

" ကျွန်ုပ်တို့ရောက်ပါပြီ။ ဝင်လာခဲ့ပါ "

သူတို့မသိလိုက်ခင်မှာပဲ ပင်မခန်းမထဲကို ရောက်လာခဲ့ကြပြီ။ ခန်းမထဲကို ဝင်လိုက်ကြသည်နှင့် ကြီးကျယ်သည့်စားပွဲသောက်ပွဲကြီးတစ်ခုက သူတို့ကို အမှန်တကယ်စောင့်ဆိုင်းနေသည်အား တွေ့လိုက်ကြရပေသည်။ ဘယ်ဖက်အခြမ်းတွင် လူတွေအများကြီးထိုင်နေကြပြီး စားပွဲရဲ့ထိပ်ဆုံးမှာတော့ တန်ဖိုးကြီးဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားသည့် အဖွားအိုတစ်ယောက်က ထိုင်နေလေသည်။ အဖွားအိုမှာ အိမ်တော်ထိန်းပြောခဲ့သည့် သခင်မကြီးဖြစ်ကြောင်း သိသာလှ၏။

" အားလုံးပဲ ထိုင်ကြပါ " အဖွားအိုက အထက်စီးဆန်သည့် ဖိအားတစ်ခုအား ဖော်ထုတ်လာခဲ့သည်။ သူမပတ်ဝန်းကျင်မှ လူများအပေါ် သာလွန်သည့် သြဇာသက်ရောက်မှုခံစားချက်ကို ပေးစွမ်းလာခဲ့၏။ 

" မနက်ဖြန်ကျင်းပမယ့် ငါ့သားရဲ့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ဖို့ မင်းတို့အားလုံးကို ကြိုဆိုပါတယ်။ စစားကြစို့ "

သခင်မကြီး၏ ဘယ်ဖက်တွင်ထိုင်နေသည့် မိန်းမငယ်လေးမှာလည်း တန်ဖိုးကြီးစွာ ဝတ်ဆင်ထားခဲ့သည်၊ သို့သော် ညာဖက်ထိုင်ခုံကတော့ လစ်လပ်နေလျက်။ လွတ်နေသည့်ထိုင်ခုံတွင် ထမင်းဟင်းစားသောက်ရန် ပန်းကန်ပြားများ ပြင်ဆင်ထားသည်ကတော့ ထူးဆန်းနေခဲ့လေသည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရှောင်ထန်ချိုးရဲ့အာရုံက ဧည့်သည်တွေဆီ ပြောင်းသွားခဲ့၏။

ယွမ်အိမ်တော်တွင် သူတို့အပြင် ဧည့်သည်အနည်းငယ် ထပ်ရှိနေခဲ့သည်။ ထိုဧည့်သည်များကတော့ အစပိုင်းတွင် သူတို့ဆီမှ ခွဲထွက်သွားခဲ့သည့် တိတ်ဆိတ်သည့်သုံးယောက်သားပင်။ တိတ်ဆိတ်သည့်သုံးယောက်က သူတို့ရောက်လာမှာကို အစကတည်းက မျှော်လင့်ထားသလိုမျိုး သူတို့ကိုမြင်တဲ့အခါ အံ့သြသွားခြင်းမရှိခဲ့ပါ။

အသစ်ရောက်လာသူများက သူ့တို့အတွေးနဲ့သူတို့ ထိုင်လိုက်ကြသည်။ ထိုင်ခုံတစ်ခုံကို နေရာယူပြီးနောက်မှာတော့ သူတို့အတွက် ပြင်ဆင်ထားခဲ့သည့် ဇွန်းခက်ရင်းနှင့် ပန်းကန်အရေအတွက်မှာ အတိအကျဖြစ်နေသည်အား ရှောင်ထန်ချိုး သတိထားမိသွားခဲ့သည်။ သူ ဒါကို ကျင့်သားရနေပြီဆိုပေမယ့် သခင်မကြီးဘေးမှ ဇွန်းပန်းကန်အပိုတို့ကတော့ သူ့အား ပိုလို့တောင် သံသယဝင်စေခဲ့လေ၏။

ဒါပေမယ့် ဇွန်းပန်းကန်အပိုရှိနေတာကို ကျင့်သားရနေပုံပေါ်တဲ့ ယွမ်အိမ်တော်က လူတွေကိုမပြောနဲ့၊ တခြားဘယ်သူကမှ ဒါကို သတိထားမိပုံမရပေ။

စားပွဲပေါ်မှ ဟင်းပွဲတို့က တန်ဖိုးကြီးလေသည်။ ငါး၊ အသားတို့ဖြင့် အားလုံးက သွားရည်ယိုစရာပင်။ သို့သော်လည်း အသစ်ဝင်လာသူများ၏ မျက်နှာထက်တွင် စိုးရိမ်ကြောင့်ကြသည့် အကြည့်တစ်ခုရှိနေခဲ့၏။ အဲ့ဟင်းပွဲတွေကို ဘာနဲ့လုပ်ထားမှန်း ဘယ်သူကသိမှာလဲလို့ ?!

ရှောင်ထန်ချိုးက တိတ်ဆိတ်တဲ့သုံးယောက် သူတို့ရဲ့တူတွေ ကောက်ကိုင်လိုက်တာကိုကြည့်ပြီးနောက် လော့မန်စုကို လှည့်ကြည့်လိုက်သည်။ လော့မန်စုက အကြာကြီးတုံ့ဆိုင်းမနေပဲ သူ့ရှေ့မှအစားအသောက်ကို ပျော်ရွှင်စွာ စတင်စားသောက်တော့၏။

အလုပ်ကြမ်းသမားတစ်ယောက်ရဲ့ ပင်ပန်းတဲ့ နေ့ရက်ကိုကျော်ဖြတ်ခဲ့ပြီးနောက် ရှောင်ထန်ချိုးတစ်ယောက် ဆာလောင်နေခဲ့ပြီ။ သူ့တူတွေကို အလျင်အမြန်ကောက်ကိုင်လိုက်ပြီး သူ့ရှေ့မှ ခမ်းနားကြီးကျယ်တဲ့ စားသောက်ပွဲကြီးကို အပြတ်ဖြတ်ဖို့အတွက် ခေါင်းငုံ့လိုက်လေ၏။ ထန်းမျန်မျန်က တုံ့ဆိုင်းနေခဲ့ပေမယ့် ရှောင်ထန်ချိုး စားတာကို မြင်ပြီးချိန်မှာတော့ သူလည်း စစားတော့သည်။ နောက်ဆုံးတော့လည်း သူ သေရမယ်ဆိုရင်တောင် အတူသေရတာ ပိုကောင်းသည်လေ !

ဒါပေမယ့်လည်း အစားအစာတွေက ကြည့်ရုံသာကြည့်ကောင်းကြောင်းကို မကြာခင်မှာပဲ ရှောင်ထန်ချိုး ရှာတွေ့သွားတော့သည်။ တခြားတစ်ဖက်မှာတော့ အရသာတွေက သိပ်အဆင်မပြေလှပေ။ ဖယောင်းကို ဝါးနေရတာနဲ့တူပေမယ့် အရင်ရက်က စားခဲ့တဲ့ ငါးနဲ့စာရင်တော့ ပိုကောင်းနေလေဆဲပင်။

သူတို့ စားသောက်ပြီးလို့ မကြာခင်မှာပဲ သခင်မကြီးက သူတို့ကို အထက်စီးဆန်စွာ နှင်ထုတ်ခဲ့သည်။ အိမ်တော်ထိန်းက သူတို့နေဖို့အတွက် တခြားအိမ်ဝင်းတစ်ခုဆီ ခေါ်သွားပေးခဲ့၏။

" မင်းတို့တွေ ယွမ်အိမ်တော်မှာ တစ်ခုခုရှာတွေ့ထားတာရှိလား? " လော့မန်စုက ဘာလေးစားမှုမှမရှိပဲ သုံးယောက်ကိုမေးလိုက်သည်။

သုံးယောက်ထဲတွင် ခေါင်းဆောင်သည့်အမျိုးသမီးက သူ့ကို ဖြတ်ခနဲကြည့်လာခဲ့ကာ " ငါတို့က ဘာလို့ပြောပြရမှာလဲ? "

လော့မန်စုက ပြန်ဖြေသည် " ဒါပေါ့၊ အဲ့လိုဆိုရင် ငါတို့တွေ ပူးပေါင်းဆောင်ရွက်ပြီး သတင်းလဲလှယ်လို့ ရတယ်လေ "

အမျိုးသမီးက လှောင်ရယ်လိုက်ကာ " နင့်ဆီကပူးပေါင်းမှုကိုရော၊ နင့်ရဲ့သတင်းအချက်အလက်ကိုရော မလိုဘူး "

တခြားသူတွေက စိတ်ရှုပ်သွားဟန်ရှိပေမယ့် လော့မန်စုက ပြန်ဖြေရုံသာ ဖြေလိုက်သည် " အိုး၊ ဒါဆိုလည်းမေ့လိုက်တော့။ ငါတို့ကိစ္စကို ငါတို့လုပ်မယ်။ မင်းသာ ငါတို့ကိစ္စတွေကို မဖျက်စီးသရွေ့ ငါကလည်း မင်းတို့ကိုဝင်ရှုပ်မှာမဟုတ်ဘူး "

ထိုအမျိုးသမီးက စကားမပြောတော့ပါ။ သူတို့ အိမ်ဝင်းထဲရောက်ချိန်တွင် သူမရဲ့အသင်းဖော်နှစ်ယောက်နဲ့အတူ အခန််းတစ်ခန််းဆီ ထွက်သွားတော့သည်။

အိမ်တော်ထိန်းက နေရာမှာပဲ ရပ်သွားခဲ့ကာ ရှေ့ကိုတစ်လှမ်းမှမရွေ့တော့ပေ။ သူ့ခေါင်းကို ငုံ့ကာ မျက်လုံးတွေပိတ်သွားခဲ့သည်။ ငြိမ်သက်နေသည့် လေသံတစ်ခုတည်းဖြင့် ပြောလာခဲ့၏။

" မင်္ဂလာပွဲမှာ ပါဝင်ဆင်နွှဲဖို့အတွက် မနက်ဖြန်ညကျရင် ပင်မခန်းမကို အချိန်မီအရောက်လာကြပါ "

" မနက်ဖြန်ညလား? " ရှောင်ထန်ချိုးက ဗလာသက်သက် ငေးကြည့်နေခဲ့၏။ ဘယ်သူက မင်္ဂလာပွဲကို ညဖက်ကျင်းပလို့လဲ ? ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒါက ယွမ်မိသားစုရဲ့အကြီးဆုံးသခင်လေး ယွမ်ကျိကျိုးရဲ့ မင်္ဂလာပွဲဖြစ်ကြောင်း ပြန်မှတ်မိသွားခဲ့လေသည်။ သေချာပေါက်ကို တစ္ဆေမင်္ဂလာပွဲပဲ !

တခြားသူတွေဟာလည်း သုံးယောက်အဖွဲ့ရဲ့ ပူး‌ပေါင်းဆောင်ရွက်မှုမရှိခြင်းကို အပြစ်တင်နေကြဆဲပင်။

" သူတို့က ဘာလို့ ဒီလောက်ထိမောက်မာနေကြတာလဲ? ငါတို့ ပူးပေါင်းပြီး ဒီစိတ်ပျက်စရာနေရာကြီးက တတ်နိုင်သမျှ မြန်မြန်ထွက်သွားရင် အကောင်းဆုံးမဟုတ်ဘူးလား?! "

အဲ့အချိန်မှာပဲ လုတာ့သုန်က လူတိုင်းအပေါ် သံသယဝင်နေခဲ့၏။

" မဟုတ်မှလွဲရော သူတို့က သေပြီးသားလား? ဒီသရဲခြောက်တဲ့အိမ်မှာ နှစ်ရက်နေနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဟုတ်တယ်၊ သူတို့ သေပြီးသားပဲဖြစ်ရမယ်! ဒီကြောက်စရာရွာကြီးက သရဲတွေနဲ့ ပြည့်နေတာ။ အခုတောင် သရဲတွေက ငါတို့ထဲကတစ်ယောက်အဖြစ် ဟန်ဆောင်နေတာလားဆိုတာ မသိဘူးလေ! "

သူ့စကားတွေထွက်လာချိန်မှာပဲ လူတိုင်းက အချင်းချင်းတိတ်တဆိတ် ကြည့်လိုက်ကြသည်။ ‌လုတာ့သုန်ရဲ့စိတ်က ပုံမှန်မဟုတ်ဘူးဆိုပေမယ့် သူပြောလိုက်တဲ့စကားက လုံးဝမဖြစ်နိုင်တာ မဟုတ်ပေ။

" ပါးစပ်ပိတ်ထားစမ်း! " လော့မန်စုသည် လုတာ့သုန်အား စူးစူးရဲရဲစိုက်ကြည့်လိုက်၏။ " D-level ဂိမ်းထဲမှာ လှည့်ကွက်တွေ၊ အလှည့်အပြောင်းတွေ အများကြီးမရှိဘူး! နောက်ပြီး မင်းကိုယ်မင်း ဘာထင်နေတာလဲ?! မင်းပြောလိုက်တာနဲ့ပဲ လူတိုင်းက ပူးပေါင်းဆောင်ရွက်ရတော့မှာလား? ဘယ်သူမှကြည့်မနေတဲ့အချိန် မင်းဘာလုပ်မယ်ဆိုတာကို ဘယ်သူကသိမှာလဲ! အကျိုးသင့်အကြောင်းသင့်မရှိပဲ ဘယ်သူမှ မင်းကိုယုံမှာမဟုတ်ဘူး! တခြားသူတွေအပေါ် လုံးဝယုံကြည်နေတဲ့ ငတုံးတစ်ယောက်က ဒီလိုနေရာမျိုးမှာ တစ်ရက်မခံဘူးကွ! "

လုတာ့သုန်က ‌မကျေနပ်တဲ့အကြည့်ကို ဖော်ထုတ်လာခဲ့ပေမယ့် စကားပြောတာ တန့်သွားခဲ့သည်။ လော့မန်စုက သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ််ခံမနေပဲ တည်ကြည်စွာဆက်ပြောလာခဲ့၏။ " အခုက ဒုတိယမြောက်နေ့ကို ရောက်သွားပြီ။ ဂိမ်််းရဲ့ သတ်မှတ်ထားချိန်က သုံးရက်ဆိုတော့ မနက်ဖြန်သန်းခေါင်အချိန်မှာ ငါတို့တွေ အရာအားလုံးကို ဖြေရှင်းရလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ "

ရှောင်ထန်ချိုးက လော့မန်စု ပြောချင်တဲ့သဘောကို ချက်ချင်းနားလည်သွားခဲ့သည်။ 

" ယွမ်အိမ်တော်ကို ရှာဖို့စီစဉ်ထားတာလား? "

လော့မန်စု ခေါင်းညိတ်၏။ " ယွမ်အိမ်တော်ထဲမှာ သဲလွန်စတွေအများကြီးရှိနေသေးမှာစိုးမိတယ်။ အဲ့သုံးယောက်က သဲလွန်စတွေအားလုံး ရှာတွေ့ထားတာလားဆိုတာကို ပြောဖို့မလွယ်ဘူး။ မမေ့လိုက်နဲ့၊ ဒီဂိမ်းထဲမှာ ဘယ်သူ့ကိုမှမယုံပဲ ဘယ်သူ့အပေါ်ကိုမှ မမှီခိုတာ ပိုကောင်းတယ်!"

ရှောင်ထန်ချိုး မျက်မှောင်ကျုံ့သွားကာ ခဏမျှတန့်သွားပြီးနောက် ပြောလာခဲ့သည်။ " ယွမ်အိမ်တော်က ကြီးလွန်းတယ်။ တစ်ညတည်းမှာ တစ်အိမ်လုံးကိုရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး....... "

လော့မန်စု ရှင်းပြလာခဲ့၏၊ " အဲ့ဒါက ငါနဲ့အတူအလုပ်လုပ်ဖို့ လူတွေလိုအပ်ရတဲ့ အကြောင်းအရင်းပဲ။ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် သတင်းမျှဝေကြမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိသေးတယ်လေ "

ရှောင်ထန်ချိုး ဒီအကြောင်းကိုတွေးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ " ကောင်းပြီ ဒါဆို၊ ထန်းမျန်မျန်နဲ့ ငါနဲ့ အတူသွားလိုက်မယ်။ ရှာလို့တွေ့တဲ့ သဲလွန်စတွေကို မင်းနဲ့အတူမျှမယ် "

ထန်းမျန်မျန်က မကျေမနပ်ပြောလာခဲ့၏၊ " ဟေး! ငါ့ရဲ့ထင်မြင်ချက်ကို မမေးရသေးဘူးလေ! "

ရှောင်ထန်ချိုး မေးလိုက်သည်၊ " မင်းက အတူတူမသွားချင်လို့လား? "

ထန်းမျန်မျန်က အခန််းထဲမှာ တစ်ယောက်တည်းရှိနေတဲ့ ပုံကို မြင်ယောင်ကြည့်လိုက်ပြီး ချက်ချင်းခေါင်းညိတ်လာခဲ့၏၊ " ငါမင်းနဲ့သွားမယ်! အတူသွားရအောင်! မင်းငါ့ကိုစွန့်ပစ်ရဲရင်တော့ ငါ သရဲဖြစ်သွားရင်တောင် မင်းဘယ်သွားသွား နောက်ကလိုက်နေမှာ! "

တင်းထျန်းထျန်းနဲ့ တင်းမီမီတို့ တုံ့ဆိုင်းနေခဲ့ကြသည်။ အရင်တစ်ခေါက် လော့မန်စု အုတ်ဂူသွားတူးတုန်းက သူတို့မလိုက်ခဲ့ကြပေ။ သူတို့သာ ထပ်ပြီးနောက်ဆုတ်နေပါက လော့မန်စုက သူတို့ကို သေချာပေါက် စွန့်လွှတ်လိုက်တော့မည်။ ဒါကြောင့် အမြွှာနှစ်ယောက်က တုန်တုန်ယင်ယင်နဲ့ပဲ လော့မန်စုကို အတူသွားဖို့ တောင်းဆိုလိုက်ကြ၏။

စုံတွဲက မနက်ဖြန်ကျရင် သူတို့ သဲလွန်စသွားရှာမည့်အကြောင်း ပြောလာခဲ့သည်။ သူတို့က သရဲခြောက်တဲ့အိမ်ကို ညဖက်ကြီး ရှာရမှာကြောက်တာကြောင့် သူတို့အခန်းဆီ ထွက်သွားကြတော့သည်။ လူတိုင်းအပေါ်တွင် သံသယစိတ်ကြီးထွားနေသည့် လုတာ့သုန်ကတော့ သူ့ဘာသာ အခန်းတစ်ခန်းနေဖို့ ထွက်သွားလေသည်။

သူတို့ငါးယောက်က အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြသည်။ တစ်ဖွဲ့က ဘယ်ကိုသွားကာ နောက်တစ်ဖွဲ့က ညာကိုသွားမည်ပင်။

ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်က ညာဖက်ကိုသွားဖို့ ရွေးချယ်လိုက်ကြသည်။

အမှောင်ထုရဲ့ ဖုံးတစ်ဝက် ဖော်တစ်ဝက်အောက်တွင် နေ့အချိန်၌ ခမ်းနားကြီးကျယ်ဟန်ပေါ်သည့် အိမ်ကြီးမှာ ညအချိန်၌ အတိတ်နိမိတ်မကောင်းသည့်ပုံကို ဆောင်နေလေသည်။

ထန်းမျန်မျန်က ရှောင်ထန်ချိုးရဲ့ ရှပ်အင်္ကျီအစွန်းကို ဆွဲကိုင်ရင်း တအင့်အင့်ရှိုက်သံထွက်နေခဲ့သည်။ ရှောင်ထန်ချိုးလည်း ကြောက်ရွံ့နေခဲ့ပေမယ့် တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားနေခဲ့၏။

ဒါပေမယ့် သူ တည်ငြိမ်အောင်ကြိုးစားနေသလိုပဲ သူ့နားတည့်တည့်ကို လေနဲ့လာမှုတ်ထုတ်နေတဲ့ ထန်းမျန်မျန်ရဲ့ အဆက်မပြတ် " တဝူးဝူး " ငိုသံက သူ့နားထဲကို စတင်ဝင်ရောက်လာခဲ့သည်။ အစတုန်းက သိပ်မကြောက်ခဲ့တာတောင် ထန်းမျန်မျန်ရဲ့ ထပ်တလဲလဲ "တဝူးဝူး" ငိုသံကို နားထောင်ပြီးနောက်မှာတော့ တကယ်ကို စတင်ကြောက်ရွံ့လာလေသည်။

" မင်း ငိုနေတာ ရပ်လိုက်လို့ရမလား?! မင်းရဲ့ စောက်ဝူးဝူးဝူးက စိတ်ရှုပ်ဖို့ကောင်းတယ်ကွ! မင်းတစ်ခါငိုတိုင်း ငါမင်းကို တစ်ခါရိုက်မယ်။ ပြီးတော့ ငါ့နားထဲကို ဘာကိစ္စ လေနဲ့လာမှုတ်နေတာလဲ?! မင်း လေမှုတ်နေတာက စိတ်ရှုပ်ဖို့ကောင်းတယ်! "

ထန်းမျန်မျန်က အကြာကြီးတန့်သွားပြီးနောက် အသံသေးသေးလေးဖြင့်ပြောလာခဲ့သည်။

" ငါမငိုဘူးလေ အာ......"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment