no

Font
Theme

ခုအချိန်မှာ သင်္ချိုင်းကိုလာတဲ့သူဆိုတာက အတော့်ကိုရှားရှားပါးပါးပင်။ ရှောင်ထန်ချိုးခမျာ ယနေ့ horror game stream ထဲမှ ဇာတ်ကွက်တွေနှင့် ပန်းဆိုင်မှဆိုင်ရှင်ပြောလိုက်သည်များကို အမှတ်မထင်ပြန်တွေးမိသွားရ၏။ သို့သော်လည်း ရောက်လာသူကိုကြည့်ဖို့ရာအတွက် ခေါင်းလှည့်လိုက်ချိန်မှာတော့ သူ တန့်သွားရလေသည်။

၄င်းက ခါးပတ်ပါသည့် မိုးကာအင်္ကျီအပွကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ပင်။ သူမက အတော့်ကိုလှပ၏။ အသက်ကြီးနေပြီဆိုပေမယ့် အရွယ်တင်နုပျိုနေသေးဆဲ။ သူမရဲ့မျက်ခုံးတို့ကသာ အနည်းငယ်ဝမ်းနည်းနေပုံပင်။

သူမက မုန့်ရှင်းဟယ်ရဲ့အုတ်ဂူဆီ တည့်တည့်မတ်မတ်လျှောက်လာကာ ရှောင်ထန်ချိုးကို မြင်ဟန်မရှိပေ။ ၄က ရှောင်ထန်ချိုးရဲ့မျက်လုံးတို့အား မှေးမှိန်သွားစေခဲ့သည်။ သူ့နှုတ်ခမ်းတို့ လှုပ်ရှားသွားခဲ့ပေမယ့် အဆုံးမှာတော့ ဘာမှမပြောလိုက်‌ပေ။

သက်လတ်ပိုင်းအရွယ်အမျိုးသမီးမှာ မုန့်ရှင်းဟယ်၏အမေ မုန့်ချင်းချိုးပင်။

ရှောင်ထန်ချိုးမှတ်ဉာဏ်ထဲမှ မုန့်ချင်းချိုးဟာ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့်အမျိုးသမီးတစ်ယောက်ပင်။ သူနဲ့ မုန့်ရှင်းဟယ်တို့မှာ အတူကြီးပြင်းလာခဲ့ကြသည်။ သူတို့ အပြင်မှာကစားပြီးလို့ပြန်လာချိန်တိုင်း မုန့်ချင်းချိုး အိမ်မှာရှိနေလျှင် သူတို့အား နူးနူးညံ့ညံ့ပြုံးပြကာ လက်ကိုင်ပုဝါတစ်ထည်ဖြင့် သူတို့ရဲ့လက်ပိစိလေးများကို သုတ်ပေးပေလိမ့်မည်။

ဒါပေမယ့် မုန့်ရှင်းဟယ် သေဆုံးသွားပြီးကတည်းက သူမ လုံးဝပြောင်းလဲသွားခဲ့သည်။ သူမရဲ့ပင်ကိုစရိုက်တစ်ခုတင် ပြောင်းလဲသွားခဲ့ခြင်းမဟုတ်ပဲ ရှောင်ထန်ချိုးအပေါ်ထားသည့် သူမရဲ့သဘောထားကပါ ပြောင်းလဲသွားခဲ့၏။ ရှောင်ထန်ချိုးကို သင်္ချိုင်းထဲမှာတွေ့ချိန်တိုင်း သူမက သူ့ကိုမမြင်သလိုမျိုး လျစ်လျူရှုထားပေသည်။ သူ့ရဲ့တည်ရှိနေမှုကို မသိကျိုးကျွန်ပြုကာ သူပြောသမျှကိုလည်း ဂရုမစိုက်ပေ။

ဒီတစ်ကြိမ်မှာလည်း မုန့်ချင်းချိုးက ရှောင်ထန်ချိုးအား လျစ်လျူရှုထားခဲ့သည်။ ရှောင်ထန်ချိုးအနေဖြင့် အနည်းငယ်မသက်မသာခံစားရသော်လည်း မုန့်ချင်းချိုးရဲ့အေးစက်မှုကို သူအပြည့်အဝနားလည်နိုင်ပါ၏။ နောက်ဆုံးတော့လည်း သူမရဲ့သားဖြစ်သူကိုသတ်ခဲ့တဲ့ အပြစ်သားကို ဘယ်သူက သာမန်အတိုင်းဆက်ဆံနိုင်မှာလဲ။

လွန်ခဲ့သည့်ခုနစ်နှစ်တုန်းက သူ့ကြောင့် မုန့်ရှင်းဟယ် သေဆုံးခဲ့ရသည်။

ထိုနေ့က မုန့်ရှင့်ဟယ်ရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မတိုင်ခင်ညဖြစ်၏။ မိသားစုဝင်တွေနဲ့ အချင်းပွားမှုတစ်ခုကြောင့် သူတို့နှစ်ယောက် အတူထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြသည်။ အပြင်မှာ တစ်ရက်လောက်လှည့်ပတ်သွားပြီးချိန်မှာတော့ နှစ်ယောက်လုံးက ပင်ပန်းပြီး ဗိုက်ဆာနေလေပြီ။ ထိုနေ့က မုန့်ရှင်းဟယ်ရဲ့မွေးနေ့ဖြစ်တာကြောင့် သူတို့မှာရှိသမျှပိုက်ဆံတွေနဲ့ မွေးနေ့ကိတ်တစ်လုံးဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ကိတ်ဝယ်ပြီးလို့ သူတို့အနားယူသည့်ပန်းခြံကို ပြန်လာသည့်လမ်းတွင် စကားများခဲ့ကြ၏။

သူက အဝေးသို့လှည့်ထွက်သွားကာ ဒေါသတကြီး လမ်းဖြတ်ကူးမလို့ပြင်လိုက်ပေမယ့် ကားတစ်စီးက သူ့ထံသို့ အရှိန်ပြင်းပြင်းဦးတည်လာခဲ့သည်။

သူ သေတော့မယ်ဆိုပြီး ထင်လိုက်ချိန်မှာပဲ မုန့်ရှင်းဟယ်က တဟုန်ထိုးပြေးဝင်လာခဲ့ကာ သူ့အားတွန်းထုတ်ပစ်ခဲ့သည်။  ရှောင်ထန်ချိုးဟာ ကိတ်နဲ့အတူ လွင့်ထွက်သွားခဲ့ရသည်။ 

သွေးချင်းချင်းနီရဲနေသည့် မုန့်ရှင်းဟယ်မှာတော့ နေရာမှာတင် သေဆုံးသွားခဲ့သည်။ လူနာတင်ယာဉ်ရောက်လာချိန်မှာတော့ အရမ်းကိုနောက်ကျသွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ခဲ့သည်မှာ ခုနစ်နှစ်ကြာသွားပြီဆိုပေမယ့် ရှောင်ထန်ချိုးကတော့ သူ့မျက်လုံးပိတ်လိုက်ချိန်တိုင်း အဆိုပါမြင်ကွင်းကို မှတ်မိနေသေးဆဲပင်။ သူက လမ်းမပေါ် လဲလျောင်းရင်း သူ့မျက်လုံးရှေ့မှာတင် မုန့်ရှင်းဟယ်တစ်ယောက် နောက်ဆုံးထွက်သက်ရှူထုတ်သွားသည်အား ကြည့်နေခဲ့ရသည်။ အနှီအဖြစ်အပျက်က သူ့ရဲ့စိတ်အခြေအနေကို အပြင်းအထန်သက်ရောက်သွားခဲ့ရကာ နာတာရှည် ထရော်မာတစ်ခုအဖြစ် ကျန်ရစ်ခဲ့၏။

ထိုကိစ္စအပြီးတွင် နှစ်နှစ်တာမျှ သူ့ကိုယ်သူအိမ်ထဲပိတ်လှောင်ထားခဲ့သည်။ ဘယ်ကိုမှမသွားရဲခဲ့သလို ဘယ်ကိုမှလည်းမသွားချင်ခဲ့၊ အတိအကျပြောရလျှင် ကားစီးဖို့အတွက် မရဲခဲ့ခြင်းပင်။ နှစ်နှစ်ကြာပြီးနောက်မှာတော့ ကားမတော်တဆမှုရဲ့ ထရော်မာကနေ တဖြည်းဖြည်းသက်သာလာခဲ့သည်။ သို့သော်လည်း ကားကိုတော့ မစီးနိုင်သေးပါ။  သဘာဝကျကျပြောရလျှင် လုံးဝအပြင်မထွက်ရခြင်းကတော့ အကောင်းဆုံးပင်။

သူက အများနဲ့မတူတဲ့လူတစ်ယောက်ဖြစ်လာခဲ့ကာ ကျောင်းသွားဖို့၊ မိတ်ဆွေဖွဲ့ဖို့ကို ငြင်းဆန်ခဲ့သည်။ ၄င်းမှာ လွန်ခဲ့သည့်ငါးနှစ်က အင်တာနက်ကို သူ စွဲလန်းလာခဲ့ချိန်အထိပင်။ အွန်လိုင်းတွင် သူငယ်ချင်းတချို့ဖွဲ့ကာ H Station  ကို အသုံးပြုမိသွားရင်း live streamer တစ်ယောက်အဖြစ် စတင်ခဲ့သည်။ ထို့နောက်တွင် အခြေအနေက တဖြည်းဖြည်းတိုးတက်လာခဲ့၏။

ရှောင်ထန်ချိုးသည် အတိတ်မှ ဖြေးဖြေးချင်း ရုန်းထွက်လာခဲ့သော်လည်း မုန့်ချင်းချိုးကိုတော့ မျက်နှာချင်းမဆိုင်နိုင်သေးပေ။ မုန့်ရှင်းဟယ်ရဲ့အဖေကို သူ တစ်ခါမှမမြင်ဖူးသလို တခြားဆွေမျိုးသားချင်းတွေကိုလည်း မတွေ့ဖူးပေ။ ဒီကမ္ဘာပေါ်မှာ မုန့်ချင်းချိုးကသာ မုန့်ရှင်းဟယ်ရဲ့ တစ်ဦးတည်းသောဆွေမျိုးဖြစ်လောက်သည်။

ဒါကြောင့်ပဲ မုန့်ချင်းချိုးနဲ့ပတ်သက်လို့ သူပိုပြီးအပြစ်မကင်းသလို ခံစားခဲ့ရ၏။

အုတ်ဂူပေါ်မှ မုန့်ရှင်းဟယ်ရဲ့ဓာတ်ပုံကို ‌ငေးကြည့်နေတုန်းမှာပဲ သူ့ဖုန်းက ရုတ်တရက်ထမြည်လာခဲ့သည်။ တိတ်ဆိတ်နေသည့် သင်္ချိုင်းထဲတွင် အသံက ပေါက်ကွဲထွက်လာခဲ့၏။

သူ မုန့်ချင်းချိုးကို သတိဖြင့်အသာကြည့်လိုက်သော်လည်း သူမကတော့ သူ့ကို လေကဲ့သို့သဘောထားသလိုမျိုး အမူအရာပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ အင်္ကျီအိတ်ကပ်ထဲမှ ဖုန်းကို အလျင်အမြန်ထုတ်ယူကာ ဖုန်းမဖြေမီ ခပ်လှမ်းလှမ်းသို့လျှောက်သွားလိုက်သည်။

ရှောင်ထန်ချိုးရဲ့အမေအသံက ဖုန်းရဲ့တခြားတစ်ဖက်မှနေ ထွက်ပေါ်လာခဲ့၏။ သူမနဲ့ ရှောင်ထန်ချိုးတို့ စကားလုံးအနည်းငယ်မျှပြောဆိုပြီးနောက်တွင်တော့ လိုရင်းကို တိုက်ရိုက်ပြောလာခဲ့၏။ သူမက မနက်ဖြန်ကျလျှင် ရှောင်ထန်ချိုးအား blind date လုပ်ပေးဖို့ စီစဉ်ထားခဲ့ခြင်းပင်။

ရှောင်ထန်ချိုးသည် ကူကယ်ရာမဲ့စွာပြုံးရင်း သူ့အသံကိုအနည်းငယ်နှိမ့်ကာ " အမေ၊ ကျွန်တော်က ငယ်ငယ်လေးပဲရှိသေးတာ၊ ကျွန်တော့်အတွက် blind date လုပ်ပေးစရာမလိုပါဘူး"

မေမေရှောင်က ထိုအမှန်တရားကို လုံးဝနားမထောင်ပေ " ဟုတ်တယ်၊ မင်းက ငယ်သေးတယ်။ ဒါပေမယ့် ဒီနှစ်တွေတလျှောက်လုံးမှာ ကောင်မလေးတစ်ယောက်တောင် မရှိခဲ့ဘူးမလား "

ရှောင်ထန်ချိုးတစ်ယောက် တုံ့ပြန်ဖို့စကားလုံးရှာမရနိုင်ခဲ့ပဲ မေမေရှောင်က ဆက်ပြောလာခဲ့သည် " မင်းရဲ့ကံကြမ္မာကိုတွက်ပေးဖို့ ဆရာသခင်တစ်ယောက်ရှာခဲ့တယ်။ ဆရာသခင်ပြောတာက မင်းအသက် 25 နှစ်မှာ အချစ်ရေးကပ်ဘေးတစ်ခုကို ကြုံတွေ့ရလိမ့်မယ်တဲ့။ မင်း ဒါကိုမဖြေရှင်းနိုင်ရင် အသက်ကိုဆုံးရှုံးရနိုင်တယ်။ ဒါကြောင့် မင်းရဲ့မက်မွန်ပွင့်ကံကြမ္မာကိုလွင့်စင်သွားအောင် အကူအညီဖြစ်လိုဖြစ်ငြားဆိုပြီး အမေ့ဘာသာ blind date နည်းနည်းရှာထားခဲ့တာ၊ မင်းရဲ့ဘဝအတွက်ထောက်ထားပြီး သူတို့ကိုသွားတွေ့ရမယ်နော် "

" အမေ၊ အဲ့ဒါတွေအားလုံးက အယူသည်းတာတွေပါ... "

ရှောင်ထန်ချိုး တီးတိုးရေရွတ်လိုက်သည်။ " ဘာကိုဆရာသခင်လဲ၊ အမေ့ပိုက်ဆံတွေကိုလိုချင်တဲ့ လိမ်စားပဲနေမှာ ! "

" ဒါက အယူသည်းတာဆိုရင်တောင် ငါကတော့ ယုံမှာပဲဟဲ့! " 

မေမေရှောင်သည် သက်ပြင်းချလိုက်ရင်း " မင်း မုန့်ရှင်းဟယ်ကို မေ့သွားပြီလား၊ သူမွေးတော့ သူ့အမေက ကံကြမ္မာတွက်ပေးဖို့ လူတစ်ယောက်ရှာခဲ့တယ်လေ။ သူ့ကိုငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးမှာ၊ ဆယ့်ရှစ်နှစ်ကို ကျော်မှာမဟုတ်ဘူးဆိုပြီး ဆရာသခင်က ‌ဟောခဲ့တာ!  ငယ်ငယ်လေးကတည်းက ကောင်းကင်ဘုံရဲ့မျက်လုံးတွေကလွတ်အောင် သူ့အမေကြိုးစားခဲ့တာတောင် ကြည့်လေ! ဆယ့်ရှစ်နှစ်ကိုမကျော်ခဲ့ဘူး! "

ရှောင်ထန်ချိုး တိတ်ဆိတ်သွားခဲ့သည်။

မေမေရှောင်က သူ့လေသံပြင်းထန်သွားမှန်း သဘောပေါက်သွားပုံပေါ်ကာ အသံကိုလျှော့ပြောလာခဲ့၏။

" ရှောင်ချိုး၊ အမေက စိတ်မရှည်တာမဟုတ်ပါဘူး။ ဒီနှစ်တွေမှာ... မင်းကို ချက်ချင်းလက်ထပ်ဖို့ပြောနေတာ မဟုတ်ဘူးလေ၊ ဒါပေမယ့် အနည်းဆုံးတော့ တစ်ခေါက်လောက်ကြိုးစားရမှာပေါ့ "

ရှောင်ထန်ချိုး အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့ပြီးနောက် ခက်ထန်စွာပြောလာခဲ့သည်၊ "‌ ကောင်းပြီ၊ ကျွန်တော်စမ်းကြည့်မယ်၊ ဒါပေမယ့် ဒီတစ်ပတ်တော့မဟုတ်ဘူး။  မနက်ဖြန်ကျရင် အိမ်ကြည့်ဖို့အတွက် ချိန်းထားတာရှိတယ် "

" စရံချဖို့အတွက် ငွေလောက်ရဲ့လား၊ အမေတို့အကူအညီလိုလား " မေမေရှောင်ရဲ့အသံမှာ အများကြီးပျော့ပြောင်းသွား၏။

" ဟင့်အင်း၊ ကျွန်တော့်မှာ ပိုက်ဆံလောက်တယ်... " ရှောင်ထန်ချိုးသည် မေမေရှောင်နှင့် စကားအနည်းငယ်မျှထပ်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်သည်။

သက်ပြင်းမှုတ်ထုတ်ရင်း သူမော့ကြည့်လိုက်ချိန်တွင် မုန့်ချင်းချိုးမှာ အကြောင်းပြချက်တချို့ကြောင့် သူ့အားပွင့်ပွင့်လင်းလင်းစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူမရဲ့မျက်လုံးတို့ထဲမှ အမူအရာမှာ လွန်စွာရှုပ်ထွေးနေလျက် ဤသည်က  သူ့နှလုံးသားအားတင်းကြပ်သွားစေ၏။

တစ်အောင့်မျှကြာပြီးနောက်တွင် မုန့်ချင်းချိုးက ခပ်အက်အက်လေသံဖြင့် စကားပြောလာခဲ့သည်။

" ... မင်း blind date သွားတွေ့မလို့လား "

ရှောင်ထန်ချိုး အေးခဲသွားခဲ့သည်။ ဤသည်မှာ ခုနစ်နှစ်အတွင်း မုန့်ချင်းချိုးဖက်ကနေ သူ့အား စကားစပြောလာခဲ့သည့် ပထမဆုံးအကြိမ်ပင်။ သူ မဖြေနိုင်ခင်မှာပဲ မုန့်ချင်းချိုးက ဒုတိယမေးခွန်းကို ထပ်မေးလာသည်။

" မင်းက မိသားစုတစ်ခုထူထောင်ဖို့ စပြီးစီစဉ်နေပြီလား "

ရှောင်ထန်ချိုးက သူ့အသံကိုနှိမ့်ပြောခဲ့ပေမယ့် မုန့်ချင်းချိုးက အားလုံးကိုကြားသွားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဒါက နည်းနည်းတော့ရှက်စရာကောင်းသည်။ ခဏကြာပြီးနောက် သူ တိတ်တဆိတ်တောင်းပန်ခဲ့၏။

ကလေးတစ်ယောက်ကို ပျိုးထောင်တာ၊ ကလေးက မိသားစုတစ်ခုကိုထူထောင်ပြီး ချွေးမတစ်ယောက်ကိုလက်ထပ်ရင်း ကလေးလေးတစ်ယောက်ရလာတာကို စောင့်ကြည့်ဖို့ဆိုတာက မိခင်တိုင်းရဲ့ ဆန္ဒပဲလေ။ ဒါပေမယ့် မုန့်ချင်းချိုးကတော့ ဒါတွေအားလုံးကို ကနဦးအစကတည်းက ဆုံးရှုံးလိုက်ရပြီး သူသားနဲ့အတူကြီးပြင်းလာခဲ့တဲ့ကလေးက ဖြစ်မြောက်သွားတာကိုစောင့်ကြည့်ဖို့ရာပဲ တတ်နိုင်လေသည်။

သင်္ချိုင်းထဲမှ မှောင်တစ်ဝက် လင်းတစ်ဝက် အလင်းရောင်ထဲတွင် မုန့်ချင်းချိုးက ရှောင်ထန်ချိုးအား စိုက်ကြည့်နေခဲ့သည်။ ခဏကြာပြီးနောက် မသက်ဆိုင်သည့်မေးခွန်းတစ်ခုအား မေးလာခဲ့၏။

 "  မင်း ထားခဲ့နိုင်သွားပြီလား "

ရှောင်ထန်ချိုးမှာ မုန့်ချင်းချိုးက သူ့အား လွန်ခဲ့သည့်ခုနစ်နှစ်က ကားအက်ဆီးဒန့်အကြောင်းကို ထားခဲ့နိုင်သွားပြီလားဆိုတာ မေးနေမှန်း သဘောမပေါက်ခင်အထိ ရှုပ်ထွေးသွားခဲ့ရသည်။ သူ တိတ်ဆိတ်သွားခဲ့ပြီး ဘယ်လိုပြန်ဖြေရမယ်မှန်းမသိခဲ့ပေ။

" မင်း ထားခဲ့နိုင်သွားပြီပဲ... " မုန့်ချင်းချိုးက သက်ပြင်းချလိုက်သည်။

ရှောင်ထန်ချိုးသည် လှောင်ပြောင်သည့်အပြုံးတစ်ခုကို ထုတ်ဖော်ရင်း " ဟင့်အင်း "

ဤကမ္ဘာပေါ်တွင် လွန်ခဲ့သည့်ခုနစ်နှစ်က ကားအက်ဆီးဒန့်အကြောင်းကို သတိရနေသေးသည်မှာ လူနှစ်ယောက်တည်းသာ ရှိလောက်သည်။ သူသာ ထားခဲ့လိုက်ပြီဆိုပါက အနှီသင်္ချိုင်းမြေထဲတွင် မုန့်ချင်းချိုးတစ်ယောက်သာ ရှိပေတော့မည်။ ဒါဟာ မိခင်တစ်ယောက်အတွက် အရမ်းကိုရက်စက်ရာကျသွားလေပြီ။

မုန့်ချင်းချိုးသည် ရှောင်ထန်ချိုးအားကြည့်နေရင်း အကြာကြီးနေပြီးမှ မေးလာခဲ့သည်။

" တကယ့်လို့ လွန်ခဲ့တဲ့ခုနစ်နှစ်က အချိန်ကိုပြန်ရောက်သွားမယ်ဆိုရင် မင်းသူ့ကိုကယ်ဖို့ဆန္ဒရှိမှာလား "

ရှောင်ထန်ချိုးသည် တုံ့ဆိုင်းခြင်းမရှိပဲ ဖြေလိုက်၏။ "ဟုတ်ကဲ့"

သူ ဒီမေးခွန်းကို အကြိမ်ပေါင်းများစွာ တွေးကြည့်ခဲ့ဖူးသည်။

" တန်ဖိုးက မင်းရဲ့အသက်ဆိုရင်တောင်လေ ? "

မုန့်ချင်းချိုးရဲ့အသံမှာ အဝေးကြီးက ပြောနေသလိုမျိုး ခပ်ရေးရေးမျှသာ ကြားရသည်။

ရှောင်ထန်ချိုး တုံ့ဆိုင်းသွားခဲ့ပေမယ့်လည်း ခေါင်းကိုညိတ်ခဲ့၏။

မုန့်ချင်းချိုးသည် သူ့အား နင့်နင့်နဲနဲကြည့်လာခဲ့သော်လည်း ဘာမှမပြောခဲ့ပေ။ ထို့နောက်တွင် ပြန်လှည့်သွားကာ ကျောက်ပြားပေါ်မှ မုန့်ရှင်းဟယ်ရဲ့ဓာတ်ပုံကိုသာ ဆက်ပြီးစိုက်ကြည့်နေခဲ့သည်။

ရှောင်ထန်ချိုးသည် မုန့်ချင်းချိုးနှင့်အတူ နာရီဝက်ကြာမျှ မတ်တပ်ရပ်နေခဲ့ပြီးနောက် လှည့်ထွက်လာခဲ့၏။

ကောင်းကင်က မှောင်မဲနေခဲ့ကာ သင်္ချိုင်းမှ မီးအလင်းတို့ကလည်း လွန်စွာဖျော့တော့နေပေသည်။ သူက မရေမတွက်နိုင်တဲ့ horror ရုပ်ရှင်တွေ၊ horror game တွေကို အတွေ့အကြုံရှိ‌တဲ့ လူကြီးတစ်ယောက်ဖြစ်နေရင်တောင် အနည်းငယ်စိတ်တင်းကြပ်သလိုမျိုး ခံစားနေရဆဲ။ မုန့်ချင်းချိုးလို နူးညံ့တဲ့မိန်းမသားတစ်ယောက်က သင်္ချိုင်းထဲမှာ ညဖက်ကြီး ဘယ်လိုများတစ်ယောက်တည်းလမ်းလျှောက်ရဲလဲဆိုတာတော့ သူ မသိပေ။

လမ်းတစ်ဝက်လောက်အရောက်တွင် မနေနိုင်ပဲ ခေါင်းလှည့်ကြည့်မိလိုက်သည်။ လှည့်ကြည့်လိုက်ပြီးနောက်မှာတော့ သူ တွေ့လိုက်ရသည်မှာ မုန့်ချင်းချိုးတစ်ယောက်... အုတ်ဂူရှေ့တွင် မရှိတော့‌ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment