no

Font
Theme

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း

အခန်း (၉)

ဟယ်ချွင်းဖန်မှာ ချန်အိမ်မှနှင်ထုတ်ခံခဲ့ရပြီးနောက် သူမအိမ်ပြန်ရောက်တဲ့အခါ ကျိန်ဆဲနေဆဲပင်။

သူမရဲ့ခင်ပွန်းဖြစ်သူ ကျုံးကောတုန်က သူမကို မေးလေသည်။ "မင်းဘာဖြစ်နေတာလဲ"

ဟယ်ချွင်းဖန်က နှာခေါင်းရှုံကာဖြင့် "အဲ့ဒီချန်မိသားစုကညီမ​ပေါ့။ ချင်းမျန့်ရဲ့ညီမလေးက ချစ်စရာကောင်းပြီး စွဲမက်စရာကောင်းတယ်လေ။ သူမက အရင်ကတော့ မိထွေးဖြစ်ဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် အခုကျတော့ သူမရဲ့ခေါင်းဆောင်က သူမကို မိသားစုနောက်ခံကောင်းရှိတဲ့ အရာရှိငယ်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်ဆိုပြီး ပြောနေတာ။ ဟမ့် လာဖြီးဖြန်းနေတာများ! သူမရဲ့ အဲ့ဒီအရာရှိကို တွေ့ဖို့ ငါစောင့်နေလိုက်မယ်။"

ခင်ပွန်းဖြစ်သူက ဖျောင်းဖျလျက် "မင်းက ချန်မိသားစုနဲ့ ဘာလို့အဆင်ပြေပြေမနေတာလဲ"

ဟယ်ချွင်းဖန်မှာ ဒေါသတကြီးဖြင့် သူမခင်ပွန်းကို စိုက်ကြည့်လိုက်၏။ ချင်းမိသားစုရဲ့ညီအစ်မတွေက အရမ်းလှပတယ်လို့ သူမရဲ့ခင်ပွန်းဖြစ်သူက ထင်ပေသည်။ ချင်းမျန့်ရဲ့မိသားစုက လယ်မြေဘက်ကို ရွှေ့ပြောင်းပြီးနောက် သူမရဲ့ခင်ပွန်းက ချင်းမျန့်ကို အကြိမ်ပေါင်းများစွာ တိတ်တဆိတ်ကြည့်ခဲ့လေသည်။

ဒီညီအစ်မတွေ ကောင်းမွန်တဲ့ဘဝမှာနေရမှာကို မတွေ့ချင်ဘူး။

***

ချင်းရို့ပြန်လာတဲ့အခါ အသားနှစ်ကတ်တီ ယူလာခဲ့၏။ ချင်းမျန့်သည် မီးဖိုချောင်တွင် အချိန်အတော်ကြာ ချက်ပြုတ်နေခဲ့သည်။ ညစာအတွက် ဝက်သားနှပ်ခေါက်ဆွဲ၊ ခရမ်းသီးနဲ့အာလူးနှပ်၊ ရွှေဖရုံသီးနဲ့အာလူးနှပ်၊ ငါးပေါင်းနှင့် ဂုံးစွပ်ပြုတ်တို့ကိုလည်း ချက်ပြုတ်ထားလေသည်။(Me: ဟင်းနာမည်တွေကို အရမ်းဆီလျော်အောင်ဘာသာမပြန်တတ်လို့လေ ပုံလေးတွေထည့်ပေးထားတယ်နော်။ 😁)

"ကျွမ်းကျွမ်းရေ၊ သမီးအဖေနဲ့ အဘိုးကို ညစာစားဖို့သွားခေါ်လိုက်တော့။" ချင်းမျန့်က အခန်းထဲသို့ လှမ်းပြောလိုက်သည်။

ကလေးမလေးက အရမ်းပျော်ရွှင်နေ၏။ သူမလှည့်ကာ အထဲဝင်ပြေးသွားစဥ် ချင်းရို့နှင့် သူမရဲ့တူအကြီးဆုံးက စားပွဲပေါ်သို့ ဟင်းပွဲတွေနေရာချနေပေသည်။

တစ်မိသားစုလုံးက ထမင်းစားပွဲဆီ ရောက်လာကြပြီး ချင်းရို့အရှေ့တွင် သူမရဲ့ခဲအို ချန်မျန့်နှင့် သူ့အဖေ ချန်ယွီပိုင်တို့ထိုင်ကြ၏။ သူမရဲ့ခဲအိုမှာ မျက်မှန်နှင့် ကြင်နာတတ်သူပင်။ ယခင်က သူသည် သိမ်မွေ့ကြော့ရှင်းရည်မွန်လှတဲ့ အမျိုးသားတစ်ဦးဖြစ်ခဲ့သော်လည်း ယခုတော့ တိတ်ဆိတ်လာကာ စကားများများပြောရတာမကြိုက်တော့ပေ။

သူ့ဘေးမှာထိုင်နေတဲ့ ချန်ယွီပိုင်ကလည်း စိတ်အခြေအနေအရမ်းကောင်းမနေခဲ့ချေ။ အဘိုးအိုက သူ့ခေါင်းပေါ်မှာ ဦးထုပ်တစ်လုံးဆောင်းထားခဲ့သည်။ ရံဖန်ရံခါတွင် သူက ဦးထုပ်ပျောက်မည်ကို စိုးရိမ်သောကြောင့် သူ့လက်ကိုမြှောက်လျက် ဦးခေါင်းကိုထိကြည့်နေခဲ့သည်။

ချင်းရို့သည် တစ်ဖက်ခြမ်းတွင် တစ်ယောက်တည်းထိုင်ကာ ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်ဟွာတို့က ဆန့်ကျင်ဘက်မှာထိုင်ကြပြီး ချင်းမျန့်ကတော့ သူမရဲ့လေးနှစ်အရွယ်သားလေး ချန်ကျင်းရိကို ချီထားရင်း တခြားတစ်ဖက်မှာထိုင်လေသည်။

ချန်ကျင်းရိသည် သူ့အမေရဲ့ပေါင်ပေါ်ထိုင်ကာ ခေါင်းငုံ့၍ သူ့လက်ထဲက ပုလင်းအဖုံးနှင့် ဆော့ကစားနေ၏။ လေးနှစ်သားအရွယ်ရောက်လာတာတောင် စကားသိပ်မပြောသေးပေ။

ချင်းမျန့်က ချန်ကျင်းရိကို အန်တီချင်းရို့လို့ ခေါ်ဖို့ပြောတဲ့အခါ ကောင်ငယ်လေးက ခေါင်းငုံ့လျက် အချိန်အတော်ကြာလျစ်လျူရှုထားခဲ့ပေသည်။

ချင်းရို့သည် သူ့အရှေ့ကို မှီလိုက်ပြီး စကားစပြောလိုက်တော့သည်။ "ကျင်းရိရေ အန်တီ မင်းကို တွေ့ဖို့လာတာလေ။"

သူမရဲ့အသံမှာ ကြည်လင်ပြီး စိမ့်စမ်းရေကဲ့သို့ ချိုမြိန်သာယာလှသောကြောင့် ချန်ကျင်းရိသည်ပင် ဆွဲဆောင်ခံလိုက်ရလေသည်။ သူက ခေါင်းကိုမော့ကာ သူမကို ဗလာဖြစ်စွာကြည့်နေခဲ့ပေမယ့် စကားတစ်ခွန်းမှမပြောချေ။ ထို့နောက် သူက ခေါင်းငုံ့ကာ လက်ထဲမှ ကွဲနေတဲ့ပုလင်းအဖုံးနှင့်သာ ဆက်၍ကစားနေတော့သည်။

ချန်ကျင်းရိက သူ့ခေါင်းကိုမော့လိုက်တဲ့အခါ ချင်းရို့မှာ အံ့သြသွားရ၏။ ဒီကလေးရဲ့မျက်လုံးတွေက တကယ်အကြီးကြီးနှင့် မည်းနက်နေပြီး မျက်ဆံသည်လည်း သာမန်ကလေးတွေထက် ပို၍မည်းနက်နေ​တာကို သူမတွေ့ရှိခဲ့သည်။

ချင်းရို့သည် သူမရဲ့အစ်မ ချင်းမျန့်ကို တုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်သည်။ သူမက ကလေးတွင် အော်တစ်ဇင်ဖြစ်နိုင်တယ်လို့ တကယ်သံသယရှိလေသည်။

"ကျင်းရိက နာခံမှုအရှိဆုံးကလေးပဲ။ သူ့ကို ဦးဆောင်ရတာအရမ်းလွယ်တာ။ သူက သူ့အစ်ကိုနဲ့အစ်မလို လုံးဝမဟုတ်ဘူး။" ချင်းမျန့်က သူမရဲ့နဖူးမှ ဆံပင်တွေကို နားရွက်နောက်ဘက်ပို့လိုက်ပြီး ဝန်လေးစွာပြုံးနေလိုက်၏။

ချင်းမျန့်သည် သူမရဲ့အငယ်ဆုံးသားလေးက အခြားမိသားစုများရှိ သာမန်ကလေးများနှင့် မတူဘဲ ပုံမှန်မဟုတ်တဲ့အပြုအမူအချို့ရှိကြောင်း ရှင်းရှင်းလင်းလင်းသိထားသည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မိသားစုရဲ့ ပြောင်းလဲမှုတွေ​က ကလေးအပေါ်ကို သက်ရောက်သွားတယ်လို့ ခန့်မှန်းမိသဖြင့် သူမရဲ့နှလုံးသားထဲတွင် ခါးသီးစွာခံစားခဲ့ရသည်။

ပရမ်းပတာ​တွေကြောင့်​ ဘယ်သူ​တွေထိခိုက်​သွားခဲ့ရသလဲ။ ကလေးက အရမ်းငယ်သေးတော့ တအားကြောက်သွားမှာပဲ။

ကလေးကိုမပြောပါနဲ့ဦး၊ မိသားစုထဲမှာ အရွယ်ရောက်ပြီးသူနှစ်ယောက်တောင် ပုံမှန်မဟုတ်တဲ့အခြေအနေ ဖြစ်သွားခဲ့တာလေ။

"အင်း" ချင်းရို့က ခေါင်းညိတ်ပြီး ဘာမှမပြောလိုက်ချေ။

ဒီလိုအခြေအနေမျိုးမှာ အဲ့ဒီအကြောင်းတွေပြောဖို့ မသင့်တော်ပါဘူးလေ။

ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်ဟွာတို့ ကလေးနှစ်ယောက်ရဲ့ မျက်လုံးတွေက အလယ်ရှိ ဝက်သားခေါက်ဆွဲပြုတ်အိုးပေါ်တွင် ရှိနေကြလျက်။ အဲ့ဒီဟင်းက သူတို့စိတ်ထဲမှာ အကောင်းဆုံးပဲ။

ညဘက်တွင် ချင်းရို့က ချန်အိမ်မှာပဲ အိပ်လေသည်။ ချင်းမျန့်က သူမရဲ့ခင်ပွန်း ချန်မျန့်ကို သူ့သားနှစ်ယောက်၊ သမီးတို့နှင့်အတူတူ သူတို့ဇနီးမောင်နှံအိပ်ရာမှာ အိပ်ခိုင်းလိုက်ပြီး ချင်းမျန့်ကတော့ ချင်းရို့နဲ့အတူ သူမရဲ့သမီးအိပ်ရာမှာ အိပ်ကြပေမည်။ ညီအစ်မတွေက တစ်အိပ်ယာတည်းကို မျှအိပ်လိုက်ကြ၏။

သူမခေါင်းပေါ်ရှိ အဝါရောင်မီးမှိန်မှိန်လေးလင်းနေပြီး ချင်းမျန့်က ချင်းရို့အား အရာရှိငယ်အကြောင်းကို အသံတိုးတိုးလေးဖြင့် မေးလာသည်။

တခြားသူတွေရှိနေတဲ့အခါ ချင်းရို့ကို အသေးစိတ်မေးမြန်းဖို့ ခက်ခဲလေ၏။ ထို့ကြောင့် သူတို့နှစ်ယောက်ပဲကျန်တော့မှသာ ချင်းမျန့်က ဒီအကြောင်းကို ပြောနိုင်တော့သည်။ "သူမက ရေတပ်အရာရှိငယ်ကို တကယ်ပဲမိတ်ဆက်ပေးခဲ့တာလား။"

ချင်းရို့လည်း ခေါင်းညိတ်ကာ "ဟုတ်တယ်၊ သူ့နာမည်က လုယန်ပါ။"

ချင်းရို့က သူမသိထားတဲ့အချက်အလက်အားလုံးကို ချင်းမျန့်အား ပြောပြလိုက်၏။ သူမရဲ့အစ်မကို သူမအတွက်ပါ စိတ်ပူမနေစေချင်ဘူး။ တစ်ချိန်တည်းမှာပင် သူမလည်း လိမ်ပြောခဲ့တာမဟုတ်ပေ။ ခေါင်းဆောင်က သူမကို "လူကောင်း"နဲ့ မိတ်ဆက်ပေးထားတာပဲလေ။

ဤဘလိုင်းဒိတ်က အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာကတော့ အနာဂတ်ကိစ္စပဲပေါ့။

ချင်းမျန့်သည် လုယန်ရဲ့ နာမည်နှင့် မိသားစုအခြေအနေကို သူမကြားသိပြီးတဲ့နောက် နောက်ဆုံးမှာတော့ ယုံကြည်သွားခဲ့ပြီ။

"ဒါဆို နင်သေချာဂရုစိုက်ရမယ်နော်။ မနက်ဖြန် သူနဲ့သွားတွေ့တဲ့အခါ သပ်သပ်ရပ်ရပ်၀တ်စားပြီး ချိုချိုသာသာလေးပြောဦး..."ဟူ၍ ချင်းမျန့်က ဒီလိုလူကောင်းတစ်ယောက်နဲ့ လွဲချော်သွားမှာစိုး၍ အလေးအနက်မှာလေသည်။

ချင်းရို့က ပြုံးကာ ဘေးမှာလှဲလိုက်ပြီး သူမကို ရှင်းပြတဲ့အကြောင်းအရာတွေကို နားထောင်နေလျက် - ဘလိုင်းဒိတ်မှာ ဘယ်လိုပြောဆိုရမလဲ၊ ဘယ်လိုပြုမူရမလဲဆိုတာတွေ၊ အိမ်ထောင်ပြုပြီး ဇနီးတစ်ယောက်ဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာတွေ ပြောပြနေခဲ့သည်။

အစ်မအကြီးဆုံးက အမေတစ်ယောက်လိုပါပဲလို့ အဆိုရှိသည့်အတိုင်း ချင်းမျန့်က သူမရဲ့အမေလိုပဲလို့ ခံစားရပေသည်။

"နင်ငါ့ကိုကြည့်ပြီး ဘာလို့ပြုံးနေတာတုန်း။ ငါပြောတာတွေကြားရဲ့လား"

ချင်းရို့ပြုံးလျက် ခေါင်းညိတ်ပြကာ "ငါကြားပါတယ်။"

သူမက ချင်းမျန့်ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး သူ့အစ်မရဲ့ နူးညံ့သိမ်မွေ့လှတဲ့မျက်နှာလေးကို ကြည့်ကာ "မမရေ နင်က အမေပုံစံလို သရုပ်ဆောင်နေတာပဲ။"လို့ မရေရွတ်ပဲမနေနိုင်တော့ချေ။

ထိုစကားကိုကြားသောအခါ ချင်းမျန့်မှာ အံ့အားသင့်သွားပြီးမှ သူမအား ဒေါသတကြီးကြည့်ကာ "နင်ငယ်ငယ်တုန်းက အိပ်တဲ့အခါ ဘယ်သူက ချီပေးခဲ့ရသလဲ။ နင်မွေးစတုန်းက နင့်ကိုချော့မြူဖို့ နေ့တိုင်း ငါပဲဖက်ထားပေးခဲ့ရတာနော်။ နင်ဘယ်ပဲသွားသွား ငါချီပေးခဲ့တာလေ။ ငါက နင့်အမေလား?"

"အခုရော နင့်ကို ချော့စေချင်လို့လား"

"ငါ့ကိုချော့လေ"

"နင့်ကိုယ်နင် သုံးနှစ်သားထင်နေတာလားဟယ်။ သွားအိပ်တော့။"

Thanks for reading!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment