ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၂၄.၁)
လီချန်ဖုန်းက ရွှီချင်းအပေါ်မှာ ထပ်လျက်လှဲကာ အမောဖြေနေခဲ့ပြီး သူ့လက်တွေက ရွှီချင်းရဲ့ချွေးစို့စို့ဆံပင်လေးတွေကို ညင်ညင်သာသာလေး ပွတ်သပ်ပေးနေခဲ့သည်။ ရွှီချင်းမှာ လေ့ကျင့်ခန်းကြောင့် မောပန်းနွမ်းနယ်နေဆဲဖြစ်၍ အသံတောင်မထွက်နိုင်တော့ဘဲ လီချန်ဖုန်းရဲ့ချွေးထွက်နေတဲ့ခန္ဓာကိုယ်က သူ့ကိုဖက်ထားတာကို ခွင့်ပြုထားလိုက်၏။
(Me: ကားဖြတ်သွားတာ ရှယ်မြန်တယ်နော် ဟားဟား 😆)
လီချန်ဖုန်းလည်း သူ့ကိုယ်သူကူရှင်အဖြစ်ခံကာ ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ရွှီချင်းကိုဖက်ထားလိုက်သည်။ အခုထိသတိပြန်မဝင်သေးသော ရွှီချင်းကိုကြည့်၍ သူ့ရဲ့ချွေးနည်းနည်းထွက်နေသေးတဲ့နဖူးလေးကို အားရကျေနပ်စွာ အနမ်းပေးလိုက်သည်။
"မင်း အဆင်ပြေရဲ့လား?"
လီချန်ဖုန်းက ရွှီချင်းမျက်နှာနီရဲနေသေးသည်ကိုတွေ့၍ သူ့ကိုကုတင်ပေါ် ဂရုတစိုက်တင်လိုက်ပြီး အိပ်ရာမှထကာ အခန်းထဲမှထွက်သွားပြီး သန့်ရှင်းတဲ့အဝတ်တစ်ထည်နှင့်ပြန်လာကာ ရွှီချင်းရဲ့ခန္ဓာကိုယ်ကို သေချာသုတ်ပေးလေသည်။ ထို့နောက် သူက ရွှီချင်းရဲ့ခေါင်းလေးကို ညင်ညင်သာသာလေးထိလိုက်၏။
"သတိပြန်ဝင်လာပြီလား"
ရွှီချင်းသည် လီချန်ဖုန်းရဲ့စနောက်နေသည့်လေသံကိုကြားလိုက်ရသော်လည်း ငြင်းခုံရန် အားမရှိ၍ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားခဲ့သည်။ အခုချိန်မှာ သူလှုပ်တောင်မလှုပ်ချင်ပါဘူးနော်!
"အိပ်ရာခင်းတွေနဲ့ စောင်တွေက...!"
လီချန်ဖုန်းက သူ့ဇနီးလေးရဲ့နူးနူးညံ့ညံ့အသံလေးကို ကြားလိုက်သည်နှင့် ချက်ချင်းပင် ရွှီချင်းကို စောင်အခင်းနဲ့အတူတူချီမလိုက်ကာ အိပ်ရာခင်းကိုဖယ်၍ အသစ်လဲလိုက်ပေသည်။ ထို့နောက် စောင်အသစ်တထည်ယူကာ သူ့လက်မောင်းထဲမှာ အိပ်ပျော်လုဆဲဆဲရွှီချင်းကို အိပ်ရာပေါ်အမြန်ပြန်တင်ပေးလိုက်၏။
"အခု အိပ်တော့နော်..."
လီချန်ဖုန်းသည် ရွှီချင်းရဲ့နှာခေါင်းနီနီလေးကို ခပ်ဖွဖွလေးထိကာ ကြင်နာစွာနမ်းလိုက်၏။ သူက နားကပ်ဝတ်ထားသော ရွှီချင်းရဲ့နားရွက်လေးကို ကြည့်ပြီး ယနေ့ သူ့ဇနီးလေးက နာကျင်မှုတွေခံစားခဲ့ရတာကို သိရှိသွားသည်။
ရွှီချင်းသည် သူ့ကိုယ်ကိုနေရာရွှေ့ကာ လီချန်ဖုန်း၏ပွေ့ဖက်မှုဆီတိုးဝင်လျက် ရှက်သွေးရဲနေသေးဆဲပါးပြင်နှင့်ပွတ်သပ်နေပြီး သက်တောင့်သက်သာအနေအထားကိုတွေ့သွားသည်နှင့် ဆက်အိပ်သွားလေသည်။ လီချန်ဖုန်းလည်း စောင်ဖြင့် သူတို့နှစ်ယောက်လုံးကို လုံခြုံအောင်သေချာခြုံလိုက်သည်။ ချွေးထွက်ပြီးတဲ့နောက် အအေးမိဖို့လွယ်တာကိုး!
လီချန်ဖုန်းသည် သူ့လက်မောင်းထဲက ရွှီချင်းရဲ့မျက်နှာလေးကိုကြည့်ရင်း မင်္ဂလာဆောင်နေ့က ရွှီချင်းရဲ့အနီရောင်ပုဝါစကိုလှန်လိုက်သည့်အချိန်မှာ အံ့သြဝမ်းသာသွားရသည်ထက် နှလုံးသားထဲမှာ ပိုချဥ်သွားရသည်ကို သတိရမိသွား၏။ သူ့ရဲ့ရွှီချင်းလေးက အရမ်းကိုကောင်းတာပဲ။ ကောင်းလွန်းလို့ သူ့ကို သူတစ်ယောက်ထဲမြင်နိုင်အောင်လို့ ဖွက်ထားချင်မိသည်။ သို့ပေမယ့် အဲ့လိုသာလုပ်ခဲ့ရင် ရွှီချင်းပျော်မှာမဟုတ်ဘူးဆိုတာ လီချန်ဖုန်းသိသောကြောင့် သူတို့ရဲ့ကျန်ဘဝတစ်လျှောက်လုံး သူ့ကိုအဖော်ပြုပေးရင်း ကောင်းကောင်းကာကွယ်စောင့်ရှောက်ပေးမှာပင်။
တိတ်ဆိတ်နေတဲ့ညတစ်ည၌ လီချန်ဖုန်းလည်း သူ့မျက်လုံးတွေကိုမှိတ်လျက် သက်ပြင်းအသာချလိုက်ကာ အိပ်ပျော်နေတဲ့သူ့ဇနီးလေးကိုဖက်ထားရင်း အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့နေ့လည်ပိုင်း၌ ရွှီချင်းလည်း ဆာလောင်မှုကြောင့် နိုးလာခဲ့သည်။ သူလှုပ်လိုက်သည်နှင့် သူ့ရဲ့အောက်ပိုင်းတစ်နေရာမှာ အနည်းငယ်နာနေသေးသလိုခံစားရ၏။ ယမန့်နေ့ညက စေးကပ်ကပ်ခံစားချက်မှာမရှိတော့ဘဲ သန့်ရှင်းနေသည်ကို သတိထားမိလိုက်ပြီး လီချန်ဖုန်းက သူ့ကိုဂရုတစိုက်ရှိတာကို သိသွားခဲ့သည်။ မနေ့ညက ထိုလူရဲ့အပြုအမူတွေအတွက် နည်းနည်းခွင့်လွှတ်ပေးလိုက်ပါ့မယ်လေ။
"အဲ့ဒီလူက အချိန်အကြာကြီး ဘုန်းကြီးဖြစ်နေခဲ့တာဆိုတော့လည်း!" (အိမ်ထောင်မပြုရသေးတော့ ဟိုကိစ္စမရှိတာကိုပြောတာပါ)
သူထထိုင်ဖို့ကြိုးစားလိုက်ပေမယ့် သူ့တင်ပါးမှာ ထူးဆန်းနေသလို ခံစားနေရကာ သူ့အောက်ပိုင်းမှာ အတော်လေးနာကျင်နေခဲ့သည်။ ရွှီချင်းလည်း အိပ်ရာပေါ်ပြန်လဲကျသွားခဲ့၏။ သူမထနိုင်ဘူးဟ!! သူ့ကျောလည်းနာနေတယ်!! ခြေထောက်တွေလည်း အားမရှိဘူး!!
ရွှီချင်းသည် စိတ်တိုတိုနှင့် အားကုန်သုံး၍ တစ်ဖက်ခေါင်းအုံးပေါ်မှ စာအုပ်လေးနှစ်အုပ်ကို ကြမ်းပြင်ဆီကောက်ပစ်လိုက်သည်။ ဒါတွေအားလုံးဖြစ်ရတာ ဒီစာအုပ်တွေကြောင့်ပဲ!! မဟုတ်ရင် သူဒီလိုအခြေအနေဖြစ်နေမှာမဟုတ်ဘူး!!
ယာဂုချက်နေဆဲ လီချန်ဖုန်းသည် အခန်းထဲမှ လှုပ်ရှားသံကြားသဖြင့် တံခါးကိုအမြန်တွန်းဖွင့်လိုက်ကာ ဝင်လာခဲ့သည်။
"နိုးပြီလား?"
ကုတင်ပေါ်တွင် မျက်နာနီနီနှင့်လှဲနေသော ရွှီချင်းမှာ သူ့ကိုဒေါသတကြီးကြည့်နေသည်ကိုတွေ့တော့ လီချန်ဖုန်းလည်း သူ့နှာခေါင်းသူ ကိုးရိုးကားယား ကုတ်နေလိုက်သည်။ သူလျှောက်လာတော့မည့်အချိန်မှာပင် ရွှီချင်းပစ်ထုတ်လိုက်တဲ့ စာအုပ်လေးနှစ်အုပ်ကို မတော်တဆကန်မိသွား၏။
"ခင်ဗျား ရယ်နိုင်သေးတယ်ပေါ့!!"
ရှက်ဒေါသအပြည့်နှင့် ရွှီချင်းမှာ စာအုပ်လေးတွေကိုကိုင်ထားရင်း ပြုံးနေတဲ့လီချန်ဖုန်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
"ကျွန်တော် မထနိုင်ဘူးလို့!"
လီချန်ဖုန်းကြားသည်နှင့် စာအုပ်လေးတွေကို ဗီရိုပေါ်တင်လိုက်ကာ ရွှီချင်းဘေးမှာထိုင်လိုက်၏။ ထို့နောက် သူ့လက်တွေနွေးထွေးစေပြီးမှ စောင်ဆီသို့လက်လှမ်းကာ ရွှီချင်းရဲ့နူးနူးညံ့ညံ့ခါးလေးကို နှိပ်ပေးလိုက်သည်။
ကောင်းပြီလေ၊ လီချန်ဖုန်းမှာ သန်မာအားကောင်းတဲ့လက်တွေရှိတာပဲ၊ အားကလည်း အနေတော်ပါပဲ။ ရွှီချင်းလည်း မနေနိုင်တော့ဘဲ သူ့အထိအတွေ့အောက်မှာ သက်တောင့်သက်သာရှိစွာ ညည်းညူနေခဲ့သည်။
"ဟိုဘက်နည်းနည်းတိုး၊ ဟုတ်တယ် ဟုတ်တယ်၊ အဲ့နေရာလေး!"
"အပေါ်နည်းနည်းတက်ဦး၊ မဟုတ်ဘူး နည်းနည်းပိုတက်ဦး!"
ရွှီချင်းအသံလေးကိုကြားသောအခါ လီချန်ဖုန်းရဲ့မျက်လုံးများမှာ အနည်းငယ်နက်မှောင်လာပြီး တဖြေးဖြေးပွတ်ပေးရင်း သူ့လက်တွေကို အပေါ်ရွှေ့လိုက်ရင်း သူ့၏ညွှန်ကြားချက်အတိုင်း လိုက်နှိပ်ပေးနေလိုက်သည်။
"ဒီမှာလား?"
ရွှီချင်းမတုံ့ပြန်နိုင်ခင်မှာပင် လီချန်ဖုန်းသည် သူ့လက်ကို အပေါ်ထပ်တက်လျက် "ဒါမှမဟုတ် ဒီမှာလား?"
လီချန်ဖုန်းရဲ့ထိန်းမရနိုင်သောလက်မှာ သူ့ရဲ့ထိလွယ်ရှလွယ်နေရာလေးအားလာထိသောကြောင့် ရွှီချင်းမျက်နှာလေးနီရဲလာပြီး တုံ့ပြန်မှုတစ်ချို့စတင်ခံစားလိုက်ရ၏။
"ချန်ဖုန်း..."
အနှီအသံလေးးမှာ လီချန်ဖုန်းကို ယဲ့ယဲ့လေးပြုံးစေသည်။ တစ်ညတာရင်းနှီးခဲ့ကြပြီးနောက် အနှီအသံလေးရဲ့ပိုင်ရှင်မှာ ဘယ်လိုခံစားနေရသလဲ၊ စိတ်အခြေအနေဘယ်လိုရှိနေသလဲဆိုတာကို အတိအကျသိခဲ့ပြီ။ သူ နောက်တစ်ဆင့်ထပ်တက်တော့မည့်အချိန်မှာပင်...
"ဂွီး ဂွီး ဂွီး...!!"
ရွှီချင်းမျက်နှာလေးမှာ ပိုလို့တောင်နီရဲသွားရပြီ! သူလည်း ဒီလိုမျိုးမဖြစ်ချင်ပါဘူးနော်!
လီချန်ဖုန်းလည်း စောင်အောက်ရှိ ရွှီချင်းဝမ်းဗိုက်လေးကိုကြည့်ရင်း စိုးရိမ်သွားရ၏။သူ့လက်တွေကို စောင်အောက်မှ ပြန်ထုတ်လိုက်ပြီး "မင်းဗိုက်ဆာနေမယ်ဆိုတာကို ကိုယ်သိသင့်တာကွာ! ခဏစောင့်နော်!"
ခဏအကြာမှာ ရွှီချင်းသည် သူ့အစာအိမ်ကို ပိုဆူညံလာစေတဲ့အနံ့မွှေးမွှေးလေးကို ရလိုက်ပေသည်။
လီချန်ဖုန်းလည်း ယာဂုတစ်ပန်းကန်ကိုင်လျက် အခန်းထဲဝင်လာခဲ့သည်။ ရိုးရိုးယာဂုပဲဖြစ်နေရင်တောင် ရွှီချင်းမှာ သွားရည်ကျတော့မလိုပင်။ ရွှီချင်းမျက်လုံးတွေဆီမှ စိတ်အားထက်သန်နေတဲ့အကြည့်ကို မြင်လိုက်တော့ လီချန်ဖုန်းလည်း သူ့ကို ထိုင်ဖို့ကူညီပေးလိုက်ကာ စောင်ကိုဆွဲခြုံပေးလိုက်၏။
"ဒီမှာ၊ ကိုယ်ခွံ့ပေးမယ်နော်!"
ရွှီချင်းမှာ သူ့ဘာသာသူစားလို့ရပါတယ်လို့ ပြောချင်ပေမယ့် သူအဝတ်တွေမဝတ်ထားတာကိုသဘောပေါက်သွားရ၏! ထို့ကြောင့် လီချန်ဖုန်းက သူ့ကို တစ်ဇွန်းပြီးတစ်ဇွန်းခွံ့ကျွေးနေသည်ကို ခွင့်ပြုလိုက်ရသည်။ ယာဂုပန်းကန်မှာ ပြောင်စင်သွားကာ ရွှီချင်းလည်း သူ့နှုတ်ခမ်းကိုလျှက်လိုက်သည်။ သူထပ်စားချင်နေသေးတယ်!
"အများကြီးမစားနဲ့ဦးနော်။ ဒီနေ့ ပေါ့ပေါ့ပါးပါးပဲစားလို့ရမယ်!" လီချန်ဖုန်းလည်း ရွှီချင်းကို ဗိုက်မဆာစေချင်ပေမယ့် သူဒီနေ့ယာဂုသာစားသင့်တယ်လို့ မနေ့ညက အဒေါ်ရှဲ့ညွှန်ကြားသွားခဲ့တာဖြစ်သည်။ ရွှီချင်းအတွက် စိတ်မကောင်းဖြစ်ရပေမယ့်လည်း သူလိုက်နာရပေမည်။
ရွှီချင်း စိတ်မဆိုးပေ။ လီချန်ဖုန်းက ဘာမှမရှိတော့တဲ့ပန်းကန်ကို ယူသွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေလိုက်၏။ သူက ခေတ်သစ်ကမ္ဘာမှလာသူဖြစ်သည်မို့ ဒီလိုအချိန်မှာ ပေါ့ပေါ့ပါးပါးစားတာက သူ့အတွက်ကောင်းမှန်း သိပေသည်။
လီချန်ဖုန်းအခန်းထဲပြန်ဝင်လာတော့ ရွှီချင်းမှာ ဖြည်းဖြည်းချင်း အင်္ကျီလဲပြီးသွားကာ အဒေါ်လျိုပေးထားတဲ့ ကြေးမုံမှန်ရှေ့၌ထိုင်ရင်း ဆံပင်ဖြီးရန် ပြင်နေ၏။ သူ သစ်သားခေါင်းဘီးကိုယူတော့မည့်အချိန်မှာပင် ၄င်းဘေးမှ ပုံစံတစ်မျိုးထွင်းထုထားတဲ့သစ်သားသေတ္တာတစ်လုံးကို သတိပြုမိသွားသည်။ ရွှီချင်းယူကာ ဖွင့်ကြည့်လိုက်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ လှပတဲ့ငွေဆံညှပ်လေးတစ်စုံကို တွေ့လိုက်ရ၏။
ဤဆံညှပ်လေးမှာ မနေ့ညက လီချန်ဖုန်းက သူ့ကိုပေးခဲ့သည့် အချစ်သင်္ကေတပင်။ ရွှီချင်းလည်း ပထမတော့ အံ့သြသွားခဲ့သည်။ ဤငွေဆံညှပ်မှာ အတော်စျေးကြီးပုံရသည်။ ငွေ ၇လျန်၊၈လျန်လောက်ဖြစ်နိုင်ပေ၏။ ယခင်က လီချန်ဖုန်းသည် သူ့ပိုက်ဆံတွေအားလုံးကို သူ့ဆီပေးထားခဲ့တာကိုသတိရသွားခဲ့သည်။ ရွှီချင်းလည်း လီချန်ဖုန်းရှင်းပြတာတွေကို နားထောင်ပြီး လီမိသားစုရှိအခြေအနေကို သဘောပေါက်သွားခဲ့ပြီးဖြစ်၏။ သူ့ကို ပိုအံ့သြသွားစေတာကတော့ လီချန်ဖုန်းက သူ့ကို ငွေ ၂၅လျန်ထပ်ပေးလာ၍ပင်!
လက်ကြီးကြီးတစ်စုံက ရွှီချင်းဆီမှ သစ်သားခေါင်းဘီးကို ယူသွားခဲ့သည်။ လီချန်ဖုန်းလည်း ရွှီချင်းရဲ့နက်မှောင်ရှည်လျားတဲ့ဆံပင်လေးတွေကို ညင်ညင်သာသာလေးဖြီးပေးနေခဲ့သည်။
"ကိုယ် မင်းအတွက် လုပ်ပေးမယ်"
ရွှီချင်းသည် သစ်သားသေတ္တာလေးကို ချလိုက်ကာ သူ့ဆံပင်တွေကို စမ်းတဝါးဝါးဖြီးပေးနေသော လီချန်ဖုန်းဆီ စနောက်သည့်ဟန်ဖြင့် "ကျွန်တော့်ဆံပင်အားလုံးကျွတ်မသွားစေနဲ့ဦးနော်!"
လီချန်ဖုန်းလည်း ပြုံးကာ ရွှီချင်း၏အနည်းငယ်ရှုပ်ထွေးနေတဲ့ဆံပင်ရှည်တွေကို ဂရုတစိုက်ရှင်းပေးနေ၏။ အိမ်ထောင်ရှိကောတစ်ယောက်ရဲ့ဆံပင်ပုံစံမှာ အိမ်ထောင်မပြုရသေးတဲ့ကောရဲ့ဆံပင်ပုံစံနှင့် ကွဲပြားလေသည်။ အိမ်ထောင်မပြုခင်မှာ ရိုးရိုးလေးအစည်းထဲသို့စုထည့်ကာ တစ်ခုခုနဲ့စည်းထားလို့ရသည်။ အိမ်ထောင်ပြုပြီးနောက်မှာတော့ တစ်ပိုင်းကိုစုစည်းပြီး အတူတူချည်ထားကာ ဆံညှပ် သို့မဟုတ် တစ်ခုခုဖြင့် ထိုးထားလို့ရပေသည်။
ရွှီချင်းနှင့် လီချန်ဖုန်းတို့ရဲ့ချစ်ခင်ကြည်နူးနေကြသည့်လေထုနှင့်မတူဘဲ လီမိသားစုရဲ့လေထုမှာ တင်းမာနေလျက်။
"ဒီတော့ ဒုတိယသားလက်ထပ်လိုက်တဲ့ကောက ဟိုဘက်ရွာက 'ရုပ်ဆိုးဆိုးကော'ပေါ့လေ?" အမေလီက အခုမှနိုးလာတဲ့အကြီးဆုံးသားကို စိတ်ဓာတ်ကျသည့်လေသံဖြင့် မေးလိုက်၏။
အစ်ကိုကြီးလီမှာ ခေါင်းညိတ်လျက်။ ခင်ပွန်းမရှာနိုင်တဲ့ 'ရုပ်ဆိုးဆိုးကော'ဖြစ်နေမယ်လို့ သူလည်းမထင်ထားခဲ့မိဘူးလေ။
လီလောင်စန်းမှာ လီဝမ်ရှီ(ဝမ်လိ)ဆီမှ ခေါင်းနှိပ်ခံနေပြီး ခေါင်းညိတ်လာခဲ့သည်။
"ဒါ...ဒါက ငါတော့ ရူးတော့မှာပဲ!" အမေလီမှာ ဒေါသဖြင့်တုန်ယင်နေ၏။ မင်္ဂလာမဆောင်ခင်တွင် ဒုတိယသားက ထိုလူနဲ့တွေ့ဆုံရမှာပဲ။ အဲ့ဒီလူက 'ရုပ်ဆိုးဆိုးကော'မှန်း ရှင်းရှင်းလင်းလင်းသိတာတောင် သူ့ကိုလက်ထပ်လိုက်သေးတယ်ပေါ့။
လီရှောင်းအာလည်း မကျေနပ်ချေ။ အဲ့ဒီ'ရုပ်ဆိုးဆိုးကော'က သူ့ရဲ့ဒုတိယအစ်ကိုနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ!
အဖေလီသည် ဆေးတံကိုခါ၍ မတ်တပ်ထရပ်ကာ ပေါက်ပြားကိုကိုင်လိုက်၏။ "အဖိုးကြီး ဘာလုပ်နေတာလဲ" အမေလီလည်း ထရပ်ကာ အဖေလီကိုကြည့်လိုက်သည်။
"လယ်ထဲသွားမလို့လေ! ငါဘာလုပ်နိုင်မှာလဲ!" အမေလီရဲ့မသာမယာမျက်နှာကိုမကြည့်တော့ဘဲ အဖေလီက တံခါးဆီလျှောက်သွားရင်း "အကြီးဆုံးသား၊ တတိယသား၊ စားစရာတွေက အိုးထဲမှာရှိတယ်။ စားပြီးရင် လယ်ထဲလာခဲ့ကြ!" ဒုတိယသားမရှိတော့၍ အိမ်မှာ လုပ်စရာပိုများလာလေပြီ။
အကြီးဆုံးသားနှင့် တတိယသားတို့မှာ အမေလီကို လှမ်းကြည့်လိုက်ကြသည်။ သူဘာမှမပြောတာကိုတွေ့တော့မှ မီးဖိုချောင်ထဲဝင်ကာ စားသောက်လိုက်၏။ မနေ့ညက သောက်တာများသွားပြီး အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့သလဲဆိုတာကို သူတို့မမှတ်မိချေ။ အစ်ကိုကြီးလီရဲ့ဇနီးနှင့် လီဝမ်ရှီတို့က သူတို့ကလေးတွေခေါ်ကာထွက်လာခဲ့သည်။ လီလောင်စန်းရဲ့ကလေးမှာ ငယ်လွန်းသေး၍ လီဝမ်ရှီကချီထားရသည်။
"အမေ..." လီရှောင်းအာလည်း ရှေ့တိုး၍ အမေလီရဲ့အင်္ကျီလက်ကို ဆွဲလိုက်၏။ ရုတ်တရက်ဆွဲလိုက်သည်ကြောင့် အမေလီမှာ အနည်းငယ်ယိုင်သွား၍ လီရှောင်းအာလည်း ထိတ်လန့်သွားလျက် "အမေ! အဆင်ပြေရဲ့လား!"
"ငါဘယ်လိုအဆင်ပြေနိုင်မှာလဲ! သူရဲ့သားက ဒီမိသားစုထဲမှာနေဖို့ လုံးဝဆန္ဒမရှိဘူးပဲ! ဒီမှာ ဇနီးတစ်ယောက်ကို နာနာခံခံနဲ့လက်ထပ်ယူမယ့်အစား အဲ့ဒီ'ရုပ်ဆိုးဆိုးကော'ရဲ့အိမ်ဆီသွားလိုက်တယ်ဆိုတော့!"
My Note: ဒီအပိုင်းကလေ တော်တော့်ကိုရှည်တာမို့လို့ ၃ပိုင်းလောက်ခွဲထားပါတယ်။ 😞
xxx
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၂၄.၂)
"မနေ့ညက ခင်ဗျားတို့တွေ ဘယ်လောက်တောင်သောက်ခဲ့ကြလဲတော့ ကျုပ်မသိဘူး! ညလယ်ကြီးမှာ သားသတ်သမားလျိုက ခင်ဗျားကိုအိမ်ပြန်ခေါ်လာခဲ့တာ၊ ကျုပ်တို့ ခင်ဗျားကို ဘယ်လိုနှိုးနှိုး ခင်ဗျားနိုးမလာဘူးလေ!" အခုမှအိပ်ရာနိုးခါစချန်ချီကတော့ သူ့ဇနီးဆီမှ အဆူခံနေရသည်။
"ကိုယ် လီလောင်စန်းကို ဒေါသထွက်လွန်းလို့လေ! အဲ့ဒါနဲ့ သူ့ကိုမူးအောင်တိုက်ဖို့လုပ်တာ!" အကြီးဆုံးအစ်ကိုက အဲ့ဒီကောင်ကို 'ကူညီ'ပြီးသောက်ပေးမယ်လို့ ဘယ်သူကသိမလဲ! လီလောင်စန်းကြောင့်သာမဟုတ်ခဲ့ရင် လီချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'အိမ်ကို ဝင်ပါ့မလားကွ!
ချန်ချီရဲ့ဇနီးမှာ ထိတ်လန့်သွားလျက် "အဲ့ဒီ'ရုပ်ဆိုးဆိုးကော'လား။ ဟိုဘက်ရွာကတစ်ယောက်လား"
အိမ်ထဲမှ ခြေသံတစ်ချို့ကြားလိုက်ရပြီးနောက် မျက်တွင်းကျနေတဲ့ချန်ဟုန်ကလည်း ချန်ချီကိုကြည့်လာခဲ့သည်။
ချန်ချီလည်း ချက်ချင်းမတ်တပ်ထရပ်ကာ "ရှောင်ဟုန် မင်းနေလို့ပိုကောင်းလာပြီလား"
ချန်ဟုန်သည် ခေါင်းညိတ်လျက် "အစ်ကိုကြီး၊ အစ်ကိုချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'နဲ့ လက်ထပ်လိုက်တာလို့ အစ်ကိုပြောလိုက်တာလား!" ချန်ချီမှာ အများကြီးမတွေးနေတော့ဘဲ "ဟုတ်တယ်လေ! မင်္ဂလာစုံတွဲနာမည်ကိုအော်တဲ့သူက မနေ့ကအဲ့လိုပြောတာပဲ။ ရွှီချင်း, ချင်းကောအာတဲ့! အဲ့ဒါက 'ရုပ်ဆိုးဆိုးကော'မဟုတ်လား! သူ့မိသားစုက တောင်ခြေမှာနေတာလေ၊ အဲ့နားမှာ သူတို့တစ်အိမ်ပဲရှိတာလေ!"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! အစ်ကိုချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'ကိုလက်ထပ်ဖို့ ဘယ်လိုလုပ်သဘောတူနိုင်မှာလဲ" ချန်ဟုန်မယုံနိုင်ခဲ့ချေ။ အရမ်းတော်တဲ့လီချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'ကိုမှ ရွေးချယ်ခဲ့ရတာလဲ!
"အမှန်ပဲ! လီချန်ဖုန်းဘာတွေတွေးနေလဲဆိုတာ ငါလည်းမသိပါဘူးကွာ" ချန်ချီညည်းညူလေ၏။ ယမန်နေ့က မင်္ဂလာပွဲတွင် လီချန်ဖုန်းမှာ တွန်းအားပေးခံရသလိုမျိုးမဟုတ်ဘဲ အရမ်းပျော်ရွှင်နေပုံရသည်။ အချိန်အကြာကြီးတစ်ကိုယ်တည်းဖြစ်နေခဲ့ရလို့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အိမ်ထောင်ပြုချင်နေခဲ့တာများလား။
"အဲ့ဒီ'ရုပ်ဆိုးဆိုးကော'ထက်စာရင် ငါတို့ညီလေးကိုလက်ထပ်လိုက်တာမှ ပိုကောင်းဦးမယ်!" ချန်ချီပြောလိုက်သည်။
"ချန်ချီ!!"
"မင်းဘာတွေပြောနေတာတုန်း လူဆိုးကောင်ရဲ့!"
ပထမအသံပိုင်ရှင်မှာ ချန်ချီရဲ့ဇနီးဖြစ်ပြီး ဒုတိယအသံကတော့ အခုလေးတင်အပြင်ကနေပြန်ရောက်လာတဲ့အမေချန်ပင်။
အမေချန်က အမြန်လျှောက်လာကာ ချန်ချီပါးကိုရိုက်လိုက်၍ ချန်ချီရဲ့ဇနီးနှင့် ချန်ဟုန်တို့မှာ ထိတ်လန့်သွားကြလျက်!
"မင်းစိတ်ထဲကပေါ်လာသမျှတိုင်းပြောတာကို မလုပ်ဖို့ ငါပြောထားတယ်လေ! မင်းညီလေးက အိမ်ထောင်မပြုရသေးတဲ့ကောပဲ! ဒီစကားတွေသာပျံ့သွားခဲ့ရင် သူဘယ်လိုနေမလဲဆိုတာ မင်းစဥ်းစားထားရဲ့လား!" အမေချန်ရိုက်လိုက်သည်မှာ ဟန်ပြသက်သက်မဟုတ်ဘဲ တကယ်ရိုက်လိုက်တာဖြစ်၍ ချန်ချီရဲ့မျက်နှာပေါ်မှာ နီနီရဲရဲလက်ဝါးရာထင်းလျက်။
ချန်ချီလည်း ကြောင်အသွားရ၏။ အမေချန်နှင့်အဖေချန်တို့ဆီက အဆူမခံရ၊ အရိုက်မခံရတော့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီလေ။ သူစကားပြောတော့မည့်အချိန်မှာပင် အမေချန်ရဲ့ဒေါသပေါက်ကွဲသံက သူ့ကိုရပ်တန့်သွားစေခဲ့သည်။
ချန်ချီရဲ့ဇနီးကလည်း ကြောင်အနေသေးတဲ့ ချန်ချီကို ရိုက်လိုက်ကာ "ခင်ဗျားဘာလို့ဒီတိုင်းရပ်နေသေးတာလဲ! အမေနဲ့ ညီလေးကို မြန်မြန်တောင်းပန်လိုက်လေ!" အမေချန်ရဲ့ရိုက်ချက်မှာ ကြည့်ရုံနဲ့တင် နာကျင်ရ၏။ ဒီလူကတော့ ဒီတိုင်းရပ်နေပြီးတော့ ဘယ်လိုများအရိုက်ခံနေရတာလဲ!
"ကျွန်တော်တောင်းပန်ပါတယ် အမေ၊ ရှောင်ဟုန်။ ကျွန်တော့်အပြစ်တွေပါ! ကျွန်တော်မပြောင်းလဲနိုင်ဘူးပဲ! ဒီအသုံးမကျတဲ့ပါးစပ်ကို မထိန်းနိုင်သေးဘူး!" ချန်ချီသည် ဒေါသထွက်နေဆဲအမေချန်နဲ့ မျက်ရည်ဝဲနေတဲ့ချန်ဟုန်ကို တောင်းပန်နေရင်း သူ့ပါးစပ်သူပြန်ရိုက်နေခဲ့သည်။
ချန်ချီရဲ့ဇနီးသည်လည်း နာကျင်နေတဲ့အမူအရာဖြင့် သူ့ကိုကြည့်နေပေမယ့် တားတော့မတားပေ။ ဒါက တကယ့်ကိုပြင်ဆင်ပြောင်းလဲသင့်တာပဲလေ! အမေချန်သည် ချန်ချီရဲ့အခြေအနေကိုကြည့်လိုက်ကာ သူ့အတွက်သနားသွားခဲ့သော်လည်း သူ့ဒေါသထွက်နေသေး၍ တင်းမာနေဆဲပင်။ ထို့နောက် အမေချန်က ချန်ဟုန်ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
"ခင်ဗျားကြည့်စမ်း! လာ လာ၊ ခင်ဗျားအတွက် ဆေးထည့်ပေးမယ်!" ချန်ချီဇနီးမှာ သူ့ခင်ပွန်း၏အနည်းငယ်ယောင်နေသောပါးကို ညင်ညင်သာသာလေးထိလိုက်ကာ အခန်းထဲဆွဲခေါ်သွားတော့သည်။
အမေချန်ရဲ့ ဆွဲခေါ်သွားခံရတဲ့ချန်ဟုန်မှာ ချန်ချီပြောခဲ့တဲ့အကြောင်းကို တစ်ချိန်လုံးတွေးနေဆဲ။ သူ့အစ်ကိုကြီးတောင် ဒီလိုတွေးနေခဲ့တာကို အစ်ကိုချန်ဖုန်းက ဘာကြောင့်များအဲ့လိုမတွေးရတာလဲ!
"မဖြစ်နိုင်တဲ့အရာတွေ စဥ်းစားမနေနဲ့တော့!" အမေချန်က သူ့သားအမူအရာကိုကြည့်လိုက်ရုံနှင့် ဘာတွေစဥ်းစားနေသလဲဆိုတာသိပေ၏။
"အမေ..." ချန်ဟုန်လည်း မျက်ရည်ပြည့်နေတဲ့မျက်လုံးတွေနှင့် အမေချန်ကို ကြည့်လိုက်သည်။ ဒီလောက်နှစ်တွေအကြာကြီးကြိုက်လာခဲ့ရတာကို သူဘယ်လိုများမေ့နိုင်မှာလဲ။
အမေချန်သက်ပြင်းချ၍ "လီချန်ဖုန်းက အိမ်ထောင်ပြုပြီးသွားပြီ။ မင်းရဲ့ရုပ်ရည် မင်းရဲ့စရိုက်နဲ့ဆိုရင် မင်းနဲ့လိုက်ဖက်တဲ့ပါတနာကိုမရှာနိုင်ဘူးလို့ တကယ်ထင်နေတာလား!"
ချန်ဟုန်လည်း နာကျင်စွာဖြင့် ခေါင်းယမ်းလိုက်၏။ အစ်ကိုချန်ဖုန်းနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်လို့ သူအရမ်းကြိုးစားခဲ့တာတောင်မှ တစ်ဖက်လူက သူ့ကိုမလိုချင်ခဲ့ဘူး။ အဲ့ဒီအစား သူက 'ရုပ်ဆိုးဆိုးကော'ကိုရွေးလိုက်တယ်! သူ့ထက်ပိုသာတဲ့သူနဲ့ဆုံခဲ့ရင်တောင်မှ သူတို့က လီချန်ဖုန်းမှမဟုတ်ပဲ!
အမေချန်သည် ချန်ဟုန်ရဲ့အမူအရာကိုကြည့်ပြီး စိတ်ပျက်သွားလျက် သူ့နှလုံးသားထဲမှာ စိတ်ပိုင်းဖြတ်လိုက်ကာ အစီအစဥ်တစ်ချို့ချလိုက်တော့သည်။
***
ရွှီချင်းသည် သူ့အရှေ့မှ သစ်သားရေချိုးကန်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေ၏။ "အိုး ခင်ဗျားက လက်သမားမဟုတ်တာ ဝမ်းနည်းစရာပဲ!" သူက ရေချိုးကန်ထဲမှာ ရေစိမ်ရရင်ကောင်းမှာပဲလို့ သာမန်ကာလျှံကာ ညည်းညူနေခဲ့၍ လီချန်ဖုန်းက သိပ်နားမလည်ပေမယ့် ရေချိုးကန်ရဲ့ပုံစံကိုမေးခဲ့တာဖြစ်၏။ ရလဒ်အနေဖြင့် လီချန်ဖုန်းသည် တစ်နေ့လည်ခင်းလုံး တောင်အနောက်ဘက်မှသစ်သားတွေကို ရွေးချယ်နေခဲ့ပြီး သူ့အရှေ့မှာပဲ ရေချိုးကန်ကို ပြုလုပ်ပေးခဲ့ခြင်းပင်။
လီချန်ဖုန်းက ရေချိုးကန်အပြင်ဘက်၌ ပုံစံတစ်ချို့ကို ထွင်းထုခဲ့ကာ ၄င်းတို့မှာ အလွန်လှပပြီး မျက်စိပဒေသာရှိလှသည်! "ကိုယ်၁၃နှစ်သားအရွယ်ကတည်းက အိမ်အလုပ်တွေပြီးသွားတာနဲ့ မြို့ကိုတိတ်တိတ်ကလေးသွားပြီးတော့ လက်သမားကြီးတွေရဲ့လက်ထောက်လုပ်ခဲ့တာလေ။ တဖြည်းဖြည်းနဲ့ ရိုးရှင်းတဲ့အရာတွေကို သင်ယူနိုင်ခဲ့တာပေါ့"
မနေ့ညက လီချန်ဖုန်းပေးခဲ့သော ငွေ ၂၅လျန်ကို ရွှီချင်းသတိရသွားကာ သူ့နှလုံးသားထဲမှာ အနည်းငယ်ချဥ်လာခဲ့ရသည်။ ကျေးလက်ကလေးတွေက စောစောရင့်ကျက်ကြတယ်ဆိုတာ သူသိပေမယ့်လည်း လီချန်ဖုန်းအတွက် ဝမ်းနည်းမိသေးသည်။
"ခင်ဗျားဘာတွေလုပ်နိုင်တာလဲ" ဒါကလည်း အသက်မွေးဝမ်းကြောင်းအတွက် နည်းလမ်းတစ်ခုဖြစ်နိုင်တာပဲလို့ ရွှီချင်းတွေးလိုက်မိသည်။
"ဗီရို၊ ကြောင်အိမ်နဲ့ ထိုင်ခုံတွေပါပဲ။ ရိုးရိုးရှင်းရှင်းတွေဆို ကိုယ်လုပ်နိုင်တယ်!" လီချန်ဖုန်းသည် နေရောင်မရှိသေးတဲ့နေရာသို့ သစ်သားရေချိုးကန်ကို ရွှေ့လိုက်ကာ ထင်းတဲမှ ထင်းခြောက်တစ်ချို့ကိုထုတ်လိုက်ပြီး သုံးရလွယ်ကူစေရန် အပိုင်းပိုင်းခွဲလိုက်၏။
ရွှီချင်းက ခေတ်သစ်ပရိဘောဂတွေကိုတွေးမိသွားကာ မျက်လုံးအစုံမှာတောက်ပသွားခဲ့သည်။ သူသာ ခေတ်သစ်ပရိဘောဂဒီဇိုင်းတွေကိုပြုပြင်ပြီး ဒီနေရာမှာရောင်းချပါက ဆွဲဆောင်နိုင်မှာပဲ!
ရွှီချင်းမှာ လီချန်ဖုန်းနှင့် အကြံဥာဏ်တွေဆွေးနွေးဖလှယ်ဖို့ စဥ်းစားနေရင်း ကြည့်လိုက်သောအခါ ရုတ်တရက်ပြောစရာစကားပျောက်ရှသွားရသည်။
လီချန်ဖုန်းက ထင်းခွဲနေစဥ် အားသုံးရသဖြင့် မကြာမီမှာပင် ပူအိုက်လာခဲ့သည်။ သူ့အပေါ်အင်္ကျီကိုချွတ်လိုက်ကာ စွပ်ကျယ်အင်္ကျီသာကျန်ပေသည်။ သူပုဆိန်ကိုမလိုက်သောကြောင့် သူ့ရဲ့လှပတဲ့ကြွက်သားတွေက ရွှီချင်းမျက်စိရှေ့မှာ တောက်ပနေသဖြင့် မနေ့ညက သူတို့ရဲ့ချစ်စိတ်ပြင်းပြခဲ့သည့်အချိန်ကိုသတိရစေသည်။ လီချန်ဖုန်းရဲ့ပြတ်သားခိုင်မာတဲ့မျက်နှာပေါ်မှ ချွေးစက်တွေက ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားတွေဆီ စီးကျနေရင်း အောက်သို့ဆက်ဆင်းသွားပေ၏!
ရွှီချင်းလည်း မသိလိုက်မသိဘာသာဖြင့် တံတွေးမျိုချမိလျက်။ လီချန်ဖုန်းမှာ ပူလောင်လှတဲ့အကြည့်ကို သဘာဝအတိုင်းခံစားမိကာ ပြုံးလိုက်ပြီး ရွှီချင်းပျော်ပျော်ကြီးကြည့်စေရန် သူ့ကိုယ်ကို သေချာမြင်နိုင်စေတဲ့ဘက်သို့လှည့်ပြလိုက်၏။
"ကျေနပ်ရဲ့လား" လီချန်ဖုန်းရဲ့ခပ်နိမ့်နိမ့်စွဲမက်ဖွယ်အသံမှာ ရွှီချင်းနားဆီ ပျံ့လွင့်လာလျက်။ သူ့အသံက အရမ်းညှို့ယူဖမ်းစားနိုင်တာပဲ! လီချန်ဖုန်း၏ရယ်သံတိုးတိုးလေးကို မကြားခင်အချိန်ထိ ရွှီချင်းလည်း မနေနိုင်ဘဲ သဘောတူစွာ ခေါင်းညိတ်နေမိသည်။ ရယ်သံကြားတော့မှ လက်တွေ့ကိုပြန်ရောက်လာခဲ့၏! ရှက်လိုက်တာ! တကယ့်ကို ရှက်စရာပဲကွာ!
"မင်းခန္ဓာကိုယ်ကကျင့်သားရလာတဲ့အထိစောင့်ဦးနော်၊ အဲ့ဒီအခါကျ ကိုယ်မင်းကိုပေးမှာပါ။ အလျင်မလိုပါနဲ့ကွာ!"
လီချန်ဖုန်းရဲ့အရိပ်အမြွက်စကားတွေကိုကြားတော့ ရွှီချင်းမှာ ရှက်သွေးဖြာကာ အော်ပစ်လိုက်၏ "ဘယ်သူကအလျင်လိုနေလို့လဲ! ကျွန်တော်မဟုတ်ဘူး!"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကိုယ်ကအလျင်လိုတာပါ! ကိုယ်ကအလျင်လိုနေတာပါ!" လီချန်ဖုန်းရဲ့စကားတွေကြောင့် ရွှီချင်းမှာ နောက်တစ်ခါရှက်ရွံ့သွားရပြန်သည်။ သူကဆင်ခြင်တုံတရားမရှိသလိုခံစားရသော်လည်း အစပြုဖို့ တကယ်အလျင်မလိုသေးချေ။
နေ့လည်ခင်းနေရောင်နွေးနွေးက သူ့အပေါ်ဖြာကျနေသဖြင့် ရွှီချင်းမှာ အနည်းငယ်အိပ်ငိုက်လာ၏။ သူသမ်းဝေလိုက်ကာ အနည်းငယ်နာနေသေးတဲ့ခါးကို နေရာတကျရွှေ့လျက် ခုံပေါ်တွင် သူထိုင်နေတဲ့ပုံစံပြောင်းလိုက်သည်။ လီချန်ဖုန်းက မြန်မြန်ဆန်ဆန်ထင်းခွဲနေတာကိုကြည့်ရင်း နည်းနည်းအံ့သြသွားရလျက် "အိမ်မှာကာယလုပ်သားတစ်ယောက်ရှိတာက တကယ်မတူဘူးပဲ!"
လီချန်ဖုန်းသည် ဤမှတ်ချက်ကိုကြားပြီးနောက် ရွှီချင်းတစ်ယောက်တည်းနေတုန်းက အတော်လေးခက်ခဲခဲ့မှာပဲဟု တွေးမိသွားပြန်သည်။ သူက ထင်းလေးနည်းနည်းပဲခွဲပေးရသေးတာကို ရွှီချင်းရင်ထဲထိသွားပြီပေါ့!
(ရွှီချင်း: ".......ငါရင်ထဲထိသွားပြီလို့ ဘယ်သူပြောတုန်း!")
"ခင်ဗျားဘာလုပ်မလို့လဲ" ရွှီချင်းသည် ထင်းတွေကိုဘေးမှာသပ်သပ်ရပ်ရပ်စုပုံပြီးနောက် ပေါက်ပြားကိုင်ထားသည့် လီချန်ဖုန်းကို ကြည့်နေခဲ့သည်။
လီချန်ဖုန်းသည် ခြံဝင်းအတွင်းရှိ ရွှီချင်းမြေဆွထားခဲ့တဲ့မြေဆီလွှာကို ကျစ်လစ်သိပ်သည်းစေရန် ပေါက်ပြားကိုအသုံးပြုခဲ့သည်။ ခြံအရှေ့ပိုင်းမှာ ဟင်းသီးဟင်းရွက်တွေ စိုက်စရာမလိုဘူးလေ။ နွေဦးရာသီအပြီးတွင် မိုးရာသီမှာ ရေစုပြုံလွယ်သောကြောင့် အိမ်ကိုပျက်စီးစေနိုင်သည်။ သို့သော် လီချန်ဖုန်းက တိုက်ရိုက်မပြောဘဲ မလိုအပ်တဲ့ကိစ္စတွေကိုရှောင်ဖို့ စကားတစ်ချို့သာပြောခဲ့သည်။
"မနေ့က ဒီမှာဧည့်သည်တွေအရမ်းများတော့ နေရာတိုင်းကို နင်းထားကြတယ်လေ။ ကိုယ်တို့ထပ်မလိုတော့ဘူး" လီချန်ဖုန်းက ရွှီချင်းစိုးရိမ်မည်ကိုမလိုချင်၍ "နေရာတိုင်း"ကို သိသိသာသာဖိပြောလိုက်၏။
ရွှီချင်းလည်း ခြံထဲရှိ ရှုပ်ပွနေတဲ့"ဟင်းရွက်စိုက်ခင်း"ကိုကြည့်လိုက်ကာ လီချန်ဖုန်း၏စကားတွေကို သဘောတူလိုက်သည်။ သို့သော် မကြာခင်မှာ စိုက်လို့ရတော့မယ့် နေရာလွတ်ထဲက မျိုးစေ့တွေကို သတိရသွား၏!
"ကျွန်တော်တို့ လယ်တွေကိုစိုက်ပျိုးထွန်ယက်ဖို့ ဘယ်လောက်ကြာဦးမှာလဲဟင်။ အရင်က ကျွန်တော်တစ်ယောက်ထဲနေတုန်းကတော့ စားဖို့လုံလောက်ရုံ ၁ဧကပဲစိုက်ခဲ့တာလေ။ အခွန်တွေပေးပြီးတဲ့နောက် ကျွန်တော့်အတွက် လုံလောက်ရုံပဲရှိတာ။ ဟင်းရွက်စိုက်ခင်းကလည်းသေးတော့ လူတစ်ယောက်စာလုံလောက်ရုံပဲ အိမ်နားတစ်ဝိုက်မှာစိုက်ထားလိုက်တာ။ အခုတော့ သူတို့ကလူနှစ်ယောက်ဖြစ်လာတော့ ကျန်တဲ့မြေတွေကိုလည်း ပိုစိုက်ပျိုးနိုင်မယ်လို့ထင်တယ်!" ရွှီချင်းလည်း အသံတိုးတိုးလေးဖြင့် လီချန်ဖုန်းအား အခြေအနေကို အတိုချုပ်ရှင်းပြလိုက်သည်။ သူတို့ကမိသားစုတွေဖြစ်နေပြီပဲလေ!
လီချန်ဖုန်းက သူ့နဖူးမှချွေးတွေကိုသုတ်လျက် နောက်ဆုံးလယ်ကွက်ထွန်ယက်ပြီးသည်နှင့် ပေါက်ပြားကိုဖယ်လိုက်၏။ ရေတွင်းတွင် လက်ဆေးလိုက်ပြီး "နောက်ရက်အနည်းငယ်မှာ ကိုယ်မြေဆွပြီးရင်တော့ စိုက်လို့ရပြီ။ ဒီမနက်တုန်းက မစိုက်ရသေးတဲ့လယ်ကွက်ကို ကိုယ်တစ်ချက်ကြည့်ခဲ့ပြီးတော့ ရေလောင်းခဲ့တယ်။ နှစ်ရက်အတွင်း စိုက်ပျိုးလို့ရလောက်ပြီ။ အဲ့ဒီအခါကျ စိုက်ပျိုးဖို့ပိုလွယ်အောင်လို့ ကိုယ်မြေနည်းနည်းဆွလိုက်မယ်!"
ရွှီချင်းလည်း အပူသက်သာစေရန်အတွက် လီချန်ဖုန်းမျက်နှာသစ်ဖို့ ပုဝါတစ်ထည်ကမ်းပေးလိုက်၏။
"နေလို့ပိုကောင်းလာပြီလား" လီချန်ဖုန်းလည်း ရွှီချင်းနားကပ်လာကာ သူ့လက်ကြီးနှင့် ခါးကိုပွတ်ပေးနေခဲ့သည်။ "ပိုကောင်းလာပါပြီ။ ဒီညခင်ဗျားဘာစားချင်လဲ" ရွှီချင်းမှာ နွေးထွေးမှုကိုခံစားလျက် လီချန်ဖုန်းရဲ့အနည်းငယ်ချွေးထွက်နေဆဲရင်ဘတ်မှာ ပျင်းရိစွာ မှီလိုက်သည်။
"ကျွန်တော်ကတော့ ယာဂုပဲစားမယ်!" ရွှီချင်းက ပေါ့ပေါ့ပါးပါးအစားအစာပဲ စားလို့ရတယ်လေ။ "ကျွန်တော်က ယာဂုပဲစားလို့ရတာ၊ ဒါပေမယ့် ခင်ဗျားကရော" သူ့ခါးကိုပွတ်နေဆဲလက်ကို ဖယ်လိုက်ကာ စောစောတုန်းက လီချန်ဖုန်းချွတ်ထားသောအင်္ကျီကို ကမ်းပေးလိုက်သည်။ နေ့ခင်းအပူချိန်မှာ မွန်းတည့်ချိန်နှင့်မတူပေ။ သူချွေးထွက်ပြီး လေအေးတိုက်ခံရရင် လွယ်လွယ်လေးအအေးမိနိုင်ပေသည်။
"ကိုယ်လည်းမင်းနဲ့အတူတူပဲစားမယ်လေ!"
လီချန်ဖုန်းက အင်္ကျီဝတ်လိုက်ပြီး ရွှီချင်းလက်ကိုဆွဲကာ အခန်းတွင်းဝင်သွားလိုက်သည်။
"ကိုယ်ဝက်စာမြက်တွေသွားဖြတ်လိုက်ဦးမယ်၊ မင်းနားလိုက်ဦးနော်။ ကိုယ်မကြာခင်ပြန်လာမယ်နော်" ရွှီချင်းပါးလေးကိုအနမ်းပေးပြီးမှ လီချန်ဖုန်းလည်း ကျောမှာအိတ်လွယ်ကာ အပြင်ထွက်သွားခဲ့၏။
ရွှီချင်းမှာ ထပ်မအိပ်ချင်တော့ပေ။ ဒီနေ့နေ့လည်ထိ သူအိပ်ထားပြီးပြီလေ။ ဒီတော့ သူ့ကိုယ်ကို နည်းနည်းပါးပါးလှုပ်ရှားပြီး အကျောဆန့်ချင်နေ၏။ လီချန်ဖုန်းကို သူ့လိုပဲ ယာဂုမစားစေချင်ပါဘူး!
xxx
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၂၄.၃)
မနေ့ကပွဲမှာ အစားအစာတချို့ကျန်နေသေးပေမယ့် လီချန်ဖုန်းက နှစ်ခါတောင်စားထားပြီးပြီဆိုတော့ ရွှီချင်းက ငါးဟင်းချက်ဖို့စီစဥ်လိုက်သည်! ဒါပေါ့! ရွှီချင်းက အခုအခြေအနေနှင့်ဆို ငါးဖမ်းလို့မရသောကြောင့် လီချန်ဖုန်းပြန်လာတဲ့အခါမှ ငါးနည်းနည်းဖမ်းခိုင်းရမှာပေါ့။
ရွှီချင်းမှာ ကျန်နေတဲ့တရုတ်ဂေါ်ဖီသုံးထုပ်ကိုကြည့်ရင်း စိတ်ဖိစီးနေ၏။ သူနှင့်လီချန်ဖုန်းနှစ်ယောက်သာရှိ၍ ဒီဂေါ်ဖီတွေအကုန်မစားနိုင်ဘူးလေ။ ဒါပေမယ့် သူတို့မစားရင်လည်း မနက်ဖြန်မနက်ဆို ကောင်းတော့မှာမဟုတ်ဘူး!
"ဟုတ်သား! ငါဂေါ်ဖီချဥ်လုပ်လို့ရတာပဲ!"
ဂေါ်ဖီချဥ်လုပ်ဖို့ဆုံးဖြတ်လိုက်သည်နှင့် ရွှီချင်းက ဖန်ဘူးအလတ်စားနှစ်ဘူးကိုရှာ၍ ဆေးလိုက်ကာ ရေနည်းနည်းဖြည့်လိုက်ပြီး ဝိဥာဥ်စမ်းရေတစ်စက်ထပ်ထည့်လိုက်၏။ အဲ့ဒါက အရသာပိုရှိစေမှာပဲ။ ထို့နောက် သူမီးမွှေးလိုက်ပြီး သိပ်မကြာခင်မှာပဲ အိုးထဲကရေတွေပွက်ပွက်ဆူလာခဲ့သည်။ လီချန်ဖုန်းပြန်ရောက်လာသည့်အချိန်မှာ သူက ရေပူနဲ့ဖန်ဘူးတွေကိုဆေးကြောတော့မည်ပင်။
"ဘာလို့ကိုယ်ပြန်လာတာမစောင့်တာလဲကွာ။ ကိုယ်လုပ်ပေးမှာပေါ့။ မင်းကပိုနားဖို့လိုတယ်လေကွာ!" လီချန်ဖုန်းက အိုးအဖုံးကိုဖွင့်တော့မည့် ရွှီချင်းရဲ့လက်ကိုကိုင်၍ ခုံပေါ်ထိုင်စေလိုက်၏ "အဲ့ဒါက ခင်ဗျားကြောင့်ပဲလေ!"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အားလုံးက ကိုယ့်အမှားတွေပါ။ မင်းဘာလုပ်ချင်တာလဲ၊ ပြောသာပြောလိုက် ကိုယ်လုပ်ပေးမယ်နော်!" လီချန်ဖုန်းက အိုးအဖုံးဖွင့်လိုက်တော့ ရေပူတွေတွေ့လိုက်သည်။ ရွှီချင်းရေချိုးချင်နေတာလို့ သူထင်ခဲ့ပေမယ့် ကံမကောင်းစွာပင် ရေချိုးကန်က အခြောက်ခံဖို့ ၂ရက်လောက်ကြာဦးပေမည်။
"ရေပူတစ်ချို့ကိုခပ်ပြီးတော့ စားပွဲပေါ်ကဒီဖန်ဘူးနှစ်ဘူးကိုကျင်းပေး!" ရွှီချင်းလည်း ဟန်ဆောင်မနေတော့ဘဲ သူ့အတွက်အလကားလုပ်အားပေးနေတဲ့သူရှိတော့ ပိုတောင်ပျော်သေး!
လီချန်ဖုန်းသည် ရွှီချင်းညွှန်ကြားချက်အတိုင်း ဖန်ဘူးတွေကို ဂရုတစိုက်နဲ့ ရေကျင်းလိုက်သည်။ အမျိုးသားတွေက သူတို့အလုပ်မှာမစေ့စပ်တတ်တာကို စိုးရိမ်နေသော ရွှီချင်းကို ကျေနပ်သွားစေ၏။
"ပြီးရင် ဟင်းရွက်ဇလုံထဲကို အိုးထဲကရေပူတွေ လောင်းထည့်လိုက်ပြီးတော့ အအေးခံထားရမယ်။ ကျွန်တော်တို့အချိန်ရှိသေးတယ်။ မြစ်အောက်ပိုင်းနားသွားပြီး ကျွန်တော့အတွက် ငါးနည်းနည်းဖမ်းခဲ့ပေးပါဦး" ရွှီချင်းပြောလိုက်တော့ လီချန်ဖုန်းလည်း သံသယတစ်ချို့ဖြင့်ကြည့်နေ၍ သူထပ်ပြောလိုက်သည်။ "ကျွန်တော်သုံးစရာရှိလို့!"
သို့ရာတွင် လီချန်ဖုန်းက ဘာမှထပ်မမေးတော့ဘဲ ရေတွင်းနားက သစ်သားရေပုံးကိုယူကာ ရွှီချင်းကိုနှုတ်ဆက်၍ ထွက်သွားခဲ့သည်။ လီချန်ဖုန်းနှင့် သူ့ညီအစ်ကိုတွေက ငယ်ငယ်တုန်းက ငါးတွေကိုဖမ်းလေ့မရှိကြသော်လည်း သူ့အရှိန်ကမြန်နေသေးသည်။ ဟင်းရွက်ဇလုံထဲက ရေပူတွေလုံးဝမအေးသွားခင်မှာပဲ သူ့လက်ထဲမှာ ငါးတွေနဲ့ပြန်ရောက်လာခဲ့သည်။ "ငါးတစ်ကောင်တည်းက မင်းဆော့ကစားဖို့မလောက်မှာစိုးလို့ ကိုယ်ပိုများများဖမ်းလာပေးတာ" သူ့ဘောင်းဘီက မြစ်ရေကြောင့် နည်းနည်းစိုနေပေမယ့် ကိုယ်ကတော့ခြောက်သွေ့နေဆဲပါပဲ။
ထိုစကားကိုကြားတော့ ရွှီချင်းလည်း သူ့မျက်လုံးသာလှိမ့်လိုက်ချင်တော့သည်။ ဘယ်သူက ငါးနဲ့ကစားချင်နေတယ်ပြောလို့လဲ! "အရင်ဆုံး ဝက်ကလေးကိုအစာကျွေးပေးဦး၊ ပြီးမှ ဘာလုပ်ရမလဲဆက်ပြောမယ်" လီချန်ဖုန်းကို ယခုငါးအူတွေသန့်စင်ဖို့မလုပ်ခိုင်းနိုင်ချေ။ မဟုတ်ပါက သူ့လက်တွေက ငါးညှီနံ့တွေစွဲသွားလိမ့်မယ်!
လီချန်ဖုန်းက ဝက်ကလေးကို အစာကျွေးပြီးနောက် ဝက်ခြံကိုသန့်ရှင်းလိုက်သည်။ နောက်ဆုံးမှာတော့ ဇလုံထဲကရေတွေလည်း အေးသွားလေပြီ။
"ရေကို ဘူးနှစ်ဘူးထဲမှာ တစ်ဝက်စီဖြည့်လိုက်။ ဟုတ်တယ်၊ နည်းနည်းပိုထည့်ဦး။ ကွက်တိပဲ!"
"ဒီဂေါ်ဖီထိပ်ပိုင်း၃ခုကိုရေဆေးပြီးတော့ အရိုးတွေနဲ့အရွက်တွေကို သက်သက်ခွဲထားပေး၊ အမြှောင်းလေးတွေဖြတ်ထားလိုက်နော်" ရွှီချင်းလည်း လီချန်ဖုန်း၏ကျွမ်းကျင်လှတဲ့ဓားကိုင်စကေးကိုကြည့်ကာ မညွှန်ကြားဘဲမနေနိုင်တော့။
"အဆင်ပြေလား" လီချန်ဖုန်းရပ်လိုက်ကာ ရွှီချင်းကို တစ်ချက်ကြည့်ခိုင်းလိုက်၏။ ရွှီချင်းခေါင်းညိတ်လိုက်တော့မှသာ လီချန်ဖုန်းလည်း ခပ်မြန်မြန်ဆက်လှီးဖြတ်နေတော့သည်။
"ဂျင်းကို အပိုင်းသေးသေးလေးလှီးပြီးတော့ အိုးထဲထည့်ထားလိုက်၊ ပြီးတော့ ဒါလည်းထည့်လိုက်ဦး" ရွှီချင်းလည်း စီချွမ်ငရုတ်ကောင်းကိုရှာတွေ့သွားကာ ကမ်းပေးလိုက်သည်။
လီချန်ဖုန်းက စီချွမ်ငရုတ်ကောင်းရဲ့အရသာကို စူးစမ်းနေသော်လည်း မမေးလိုက်ပေ။ ဒီဟင်းအရသာ ဘယ်လိုဖြစ်မလဲဆိုတာ သူမျှော်လင့်နေမိပြီ!
"ဆားများများထည့်ဦးနော်!" သူတို့ပထမဆုံးလုပ်တဲ့ဂေါ်ဖီချဥ်ဖြစ်လို့ ရိုးရိုးရေသာသုံးထားပြီး ဆားများများထည့်နိုင်သည်။ ဒီနေရာမှာ ဆားတွေကသိပ်စျေးမကြီး၍ အိမ်တိုင်းသုံးနိုင်ကြ၏။
"ပြီးတော့ လှီးထားတဲ့ဂေါ်ဖီတွေကို အထဲထည့်မယ်၊ အရွက်သက်သက်တစ်ဘူးထည့်၊ အရိုးတွေက သက်သက်တစ်ဘူးထည့်နော်"
လီချန်ဖုန်းပြီးသွားသည်နှင့် ရွှီချင်းပြောလိုက်၏ "ဘူးအစွန်နားတစ်လျှောက်လုံး ရေနည်းနည်းစီလောင်းပြီးရင် ဘူးတွေကို အဖုံးနဲ့ဖုံးထားလိုက်တော့။ မနက်ဖြန်ညဆိုရင် ကျွန်တော်တို့စားလို့ရပြီ!" ရွှီချင်းသည် အချဥ်ဖောက်တဲ့လုပ်ငန်းစဥ်ပိုမြန်စေရန် ဝိဥာဥ်စမ်းရေတချို့ကို ထည့်ထားပြီးဖြစ်သည်။
လီချန်ဖုန်းလည်း ညွှန်ကြားချက်အတိုင်း စတိုခန်းထဲက နေရာအလွတ်တစ်ခုမှာ ဘူးတွေကိုထားလိုက်ပြီးနောက် ရွှီချင်းရဲ့ဆန္ဒအတိုင်း ငါးကြီးကြီးတစ်ကောင်ကို သတ်လိုက်၏။ "မင်းဒီငါးကိုအရင်က စားဖူးတာလား" လီချန်ဖုန်းရဲ့လေသံမှာ အနည်းငယ်ထူးဆန်းနေခဲ့သည်။
"ခင်ဗျားဘာတွေးနေလဲဆိုတာ ကျွန်တော်သိသားပဲ။ ကျွန်တော်ချက်တဲ့ငါးကို ခင်ဗျားစားပြီးသွားရင် နေ့တိုင်း ကျွန်တော်ချက်ဖို့ဆိုပြီး ငါးပဲဖမ်းနေတော့မှာမြင်ယောင်နေတယ်!" အဒေါ်ရှဲ့၏ငါးဟင်းလက်ရာ တိုးတက်လာသည်မှာ ဦးလေးရှဲ့ကိုလည်းကျေးဇူးတင်ရပေမည်။ သူချက်ဖို့အတွက် ဦးလေးရှဲ့က မကြာမကြာငါးတွေဖမ်းပေးနေတာလေ!
"မလိုပါဘူးကွာ။ အခုဘယ်လိုလုပ်ရသလဲဆိုတာ ကိုယ်သိသွားတော့ မင်းအတွက် ကိုယ်ချက်ပေးမှာပေါ့!" သူငါးကိုဘယ်လိုချက်ရတယ်ဆိုတာသိတယ်လို့ ရွှီချင်းပြောကတည်းက လီချန်ဖုန်းက သဘောတူလက်ခံပြီးသားပင်။ အရသာမကောင်းပါက အနာဂတ်မှာ ရွှီချင်းနေ့တိုင်းအသားစားနိုင်စေဖို့ သူပိုက်ဆံပိုရှာမှာပါ။ သူ့ကိုစိတ်ဆိုးအောင်မလုပ်နိုင်ပါဘူးနော်!
"စကားချည်းပြောမနေပါနဲ့နော်၊ အလုပ်နဲ့သက်သေပြပေါ့!" ရွှီချင်းသည် အိုးထဲကငါးကိုကြည့်ရင်း လီချန်ဖုန်းကို စနောက်လေ၏။
လီချန်ဖုန်းကမငြင်းခုံချေ။ "စကားမစပ် မနက်က ဦးလေးရှဲ့နဲ့တွေ့လိုက်တော့ မနက်ဖြန်ကျရင် ကိုယ်တို့ ကြက်ပေါက်လေးတွေလာဖမ်းလို့ ရပြီလို့ သူပြောလိုက်တယ်!"
ရွှီချင်းမှာ ကြက်ပေါက်တွေအကြောင်းမေ့တောင်နေပြီ! "ကြက်တွေပေါက်နေပြီပေါ့လေ! ကျွန်တော်လုံးဝမေ့နေတာပဲ!"
"မကြာခင်က ပေါက်လာကြတာပဲ၊ ဒါပေမယ့် ကြက်ပေါက်တွေကိုမဖမ်းခင်မှာ သူတို့သန်မာလာတဲ့အထိ ကိုယ်တို့စောင့်ရဦးမယ်။ ဖမ်းတာစောလွန်းသွားရင် သူတို့ရှင်မှာမဟုတ်ဘူး!" ရွှီချင်းက ငါးဟင်းကိုခပ်ထည့်လိုက်၏။ သူ့ဇနီးလေးက အရမ်းတော်တာပဲ! ဒီဆူးထောင်ငါးကိုတောင် အရသာရှိတဲ့ဟင်းအဖြစ်ပြောင်းနိုင်တယ်။ ဝက်သားထက်အရသာရှိသေးတယ်ကွာ!
"ဒါဆို မနက်ဖြန်ကျွန်တော်တို့ပြန်လာတာနဲ့ ဦးလေးရှဲ့အိမ်မှာ သွားဖမ်းကြမယ်လေ!" ငါတို့စောစောဖမ်းရင် ကြက်သားစောစောစားရမှာပေါ့!
"ကောင်းပါပြီကွာ!"
ယာဂုတစ်ပန်းကန်နှင့် အရသာရှိလှတဲ့ငါးဟင်းစားသောက်ပြီးနောက် ကိုယ်လက်သန့်စင်လိုက်ကြကာ အိပ်ရာဝင်လိုက်ကြ၏။ သူတို့နောက်နေ့မနက်စောစောထရမယ်လေ။
ညဘက်၌ သူ့လက်မောင်းထဲမှာ ပူပူနွေးနွေးဇနီးလေးကို ဖက်ထားရင်း လီချန်ဖုန်းမှာ အနည်းငယ်စိတ်ပျက်နေလျက်။ သွေးသားဆန္ဒကို တစ်ခါမြည်းစမ်းပြီးသည်နှင့် ဆွဲဆောင်မှုကိုမခံနိုင်တော့။ ရွှီချင်းကဘာမှမလုပ်ရင်တောင်မှ သူ့ဇနီးလေးကို ဒီတိုင်းဖက်ထားတာနဲ့ သူတုံ့ပြန်လာတာပဲ! အိုး သူ့ဇနီးလေးအဆင်ပြေဖို့က ပိုအရေးကြီးတာပေါ့!
****
ကြင်စဦးဇနီးမောင်နှံစုံတွဲတို့မှာ မင်္ဂလာဆောင်ပြီးနောက်တစ်နေ့တွင် မိဘအိမ်သို့ပြန်လည်ပတ်ရမည်ဖြစ်သည်။ ရွှီချင်းမနက်စောစောနိုးလာတော့ သူ့ဘေးမှာ ဘယ်သူမှမရှိပေ။ ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်လိုက်တော့ မှောင်နေဆဲ။ လီချန်ဖုန်းဘယ်သွားတာပါလိမ့်။ သူ့အင်္ကျီဝတ်လိုက်ပြီးနောက် မီးဖိုချောင်ဆီလျှောက်သွားရာ မနက်စာပြင်ပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရ၍ ရွှီချင်းမှာ ပိုအံ့သြသွားရပြန်သည်။ ဒီလူဘယ်သွားနေတာတုန်းဟ! သိပ်မကြာခင်မှာပင် လီချန်ဖုန်းသည် တစ်နေရာရာမှ ကြက်မတစ်ကောင်နဲ့ ပြန်လာခဲ့သည်။
"ဝေ့မိသားစုကရခဲ့တာလား" သူတို့မိဘအိမ်ဆီ ပြန်ယူသွားရမည့်လက်ဆောင်ကို သူဂရုစိုက်လိုက်မည်ဟု မနေ့ညက လီချန်ဖုန်းပြောခဲ့တာဖြစ်၍ ရွှီချင်းစိတ်ပူစရာမလိုခဲ့ချေ။
ရွာထဲက ဝေ့မိသားစုရဲ့ဒုတိယသားနှင့် လီချန်ဖုန်းတို့က စစ်မှုထမ်းစဥ်ကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြ၏။ ယမန်နေ့က သူတို့လက်ဆောင်ပေးရန်အတွက် ရွှီချင်းအိမ်သို့ တခြားသူတွေနှင့်အတူတူရောက်လာခဲ့ကာ သူတို့လာတွေ့ကြသည့်သူမှာ လီချန်ဖုန်းဖြစ်နေခဲ့သည်!
လီချန်ဖုန်းက လက်သမားအတတ်ကျွမ်းကျင်သည်ကိုသိ၍ သူကိုယ်တိုင်လည်းအိမ်ထောင်ပြုရတော့မည်ဆိုကတည်းက လီချန်ဖုန်းကို သူ့အတွက် ဗီရိုကြီးကြီးနှစ်လုံးကိုလုပ်ပေးစေချင်ခဲ့သည်။ လီချန်ဖုန်းလည်း အခကြေးငွေအကြောင်းမပြောဘဲ လက်ခံခဲ့ပေမယ့် ဝေ့လောင်အာ့မှာ သဘောမတူခဲ့ပေ။ ဒါ့ကြောင့် သူတို့အိမ်မှာ ကြက်တွေရှိလားလို့ လီချန်ဖုန်းမေးလာပြီး ဗီရိုလုပ်ခအတွက် ကြက်မတစ်ကောင်နဲ့ အလဲအလှယ်လုပ်ဖို့သာပြောလာ၏။
မနေ့ညက လီချန်ဖုန်းလည်း ဤကိစ္စကို ရွှီချင်းဆီ ပြောပြခဲ့သေးသည်။ သူတို့နှစ်ယောက်က စစ်တန်းလျားတွင် တစ်နေရာတည်းမှာ တာဝန်အတူတူကျခဲ့တာဖြစ်ပြီး အချိန်ကြာလာတော့ ရဲဘော်ရဲဖက်တွေဖြစ်လာခဲ့၏။ ထို့ကြောင့် ဝေ့လောင်အာ့ရဲ့မင်္ဂလာပွဲအတွက် ဗီရိုလုပ်ပေးခဲ့ပြီး ငွေစကားမပြောခဲ့တာဖြစ်သည်။ သူတို့အိမ်ပြန်လက်ဆောင်လည်းမပြင်ဆင်ရသေးတော့ ဒီလိုအလဲအလှယ်ကိုပြောလိုက်ခြင်းသာ။
"ဒီကြက်မအိုကြီးက အကောင်အရမ်းကြီးတာပဲ! ဒုတိယဝေ့က သူ့အဖေနဲ့တကယ်တူတာပဲနော်၊ ရိုးသားလိုက်တာဗျာ!" ရွှီချင်းလည်း ကြက်မအိုကြီးကို သေချာကြည့်ကာ ကျေနပ်နေ၏။ လီချန်ဖုန်း ဒီရွာကိုရောက်လာသောအခါ ရွာမှာ မည်သူနဲ့မျှမရင်းနှီးသဖြင့် အထီးကျန်သလိုခံစားနေရမှာကို ရွှီချင်းစိုးရိမ်နေမိသည်။ သို့ရာတွင် အနည်းဆုံးတော့ လီချန်ဖုန်းမှာ သူ့အပြင် သူနဲ့စကားပြောနိုင်တဲ့သူတစ်ယောက်တော့ရှိနေသောကြောင့် အခုတော့ သူစိတ်သက်သာရာရသွားပြီလေ။
***
အမေလီသည် မနက်စောစောထ၍ အထူးပွဲတော်တွေမှာသာ ဝတ်လေ့ရှိသည့် အပြာရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ကာ သူ့ဆံပင်တွေကိုလည်း သပ်သပ်ရပ်ရပ်ဖြီးထားပြီး ခန်းမထဲမှာ ထိုင်နေ၏။ အဖေလီသည်လည်း အလုပ်မသွားပေ။ ယနေ့သည် အသစ်စက်စက်စုံတွဲက မိဘဘိုးဘွားအိမ်ကို ပြန်လာရမည့်နေ့ဖြစ်သောကြောင့် လီမိသားစုဝင်အားလုံးလည်း အိမ်မှာရှိနေကြသည်။
အကြီးဆုံးသားလီနှင့် တခြားသူများလည်း ဝတ်လေ့မရှိတဲ့အဝတ်အစားများကို သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားကြလျက်။ ဤအိမ်ပြန်လာသည့်နေ့မှာ ဒုတိယညီရဲ့ဇနီးကို သူတို့နှင့်တရားဝင်မိတ်ဆက်ရန် အခွင့်အရေးတစ်ခုလည်းဖြစ်လေသည်။ ဒုတိယညီကို မျက်နှာလေးတော့ပေးရမှာပေါ့ ဟုတ်တယ်မဟုတ်လား!
"သူတို့ရောက်လာပြီ! သူတို့ရောက်လာကြပြီ!" ခြံတံခါးကိုစောင့်ကြပ်နေသည့် အစ်ကိုကြီးလီရဲ့ဒုတိယသားက မနီးမဝေးမှ လှည်းတစ်စီးကိုမြင်လိုက်ရာ ထိုင်နေတဲ့လူတွေထဲမှတစ်ယောက်မှာ လီချန်ဖုန်းဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ခန်းမထဲကို အမြန်ပြေးကာ သတင်းပို့လိုက်၏!
စုံတွဲရောက်လာပြီဟုကြားသည်နှင့် လူတိုင်းလည်း ထိုင်နေတဲ့ပုံစံကို ပြောင်းလိုက်ကြသည်။
"အဖေ၊ အမေ၊ အစ်ကိုကြီး၊ အစ်ကိုကြီးဇနီး၊ တတိယညီ၊ တတိယညီဇနီး၊ ရှောင်းအာ၊ သူက ကျွန်တော့်ဇနီးလေး ရွှီချင်းပါ"
လီမိသားစုဝင်အားလုံးသည် ရွှီချင်းရဲ့ဖြူဖွေးနူးညံ့နေတဲ့မျက်နှာလေး၊ မျက်လုံးတောက်တောက်လေးနှင့် သူ့ရဲ့ချိုမြိန်လှတဲ့အပြုံးလေးတွေကို ကြည့်လိုက်ကာ အံ့သြသွားရသည်။ သူက "ရုပ်ဆိုးဆိုးကော"ဆိုတာ တကယ်ပဲလားဟ! ရွှီချင်းလှပလာပြီဆိုတဲ့သတင်းမှာ သူ့ရွာထဲရှိလူတွေဆီမှာပဲ ပျံ့နှံ့နေသေးကာ တခြားနီးစပ်သောရွာတွေဆီ ထိုအကြောင်းမရောက်သေးချေ။
"ဇနီးလေး၊ ဒါက ကိုယ့်အဖေ၊ အမေ၊ အစ်ကိုကြီးနဲ့ သူ့မိသားစုတွေ၊ တတိယညီနဲ့ သူ့မိသားစု၊ ပြီးတော့ သူက ကိုယ့်အငယ်ဆုံးညီလေးလေ" လီချန်ဖုန်းသည် ကလေးတွေကိုညွှန်ပြကာ မည်သူ့ကလေးတွေဖြစ်ကြောင်း ရွှီချင်းအား ဂရုတစိုက်ပြောပြနေသည်။
"အဖေ အမေ ဒါက ကျွန်တော်နဲ့ ချန်ဖုန်းဆီက ဂါဝရပြုလက်ဆောင်သေးသေးလေးပါ။ နှစ်ယောက်လုံးကျန်းမာကြပြီး အရာအားလုံးအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်!"
ရွှီချင်းသည် လီချန်ဖုန်းအား ကြက်မကိုထုတ်ယူခိုင်းကာ အမေလီကိုလက်ဆောင်ပေးလိုက်၏။ အမေလီ၊ အစ်ကိုကြီးဇနီး၊ လီလောင်စန်းဇနီးနှင့် လီရှောင်းအာတို့အတွက် အထည်စအသစ်တစ်ချို့ကိုထုတ်ယူကာ "ဒါတွေက ကျွန်တော်ရွေးထားတဲ့အရောင်တွေပါ။ အမေတို့အကြိုက်နဲ့ကိုက်ပါ့မလား ကျွန်တော်သေချာမသိလို့!"
"ဘာပေါက်ကရတွေပြောနေရတာတုန်း။ အားလုံးက မိသားစုတွေပဲလေ!! အမေလီသည် ရွှီချင်းမှာ သူမှန်းထားသည်နှင့်လုံးလုံးမတူကတည်းက အပြုံးတွေနှင့်ကြိုဆိုနေခဲ့ကာ ဒေါသဖြစ်ဟန်ဆောင်၍ပြောလိုက်၏။ အမေလီက လက်ခံလိုက်ပြီဆိုသည်နှင့် လူတိုင်းကလည်း ရယ်ရယ်မောမောနှင့် စတင်စနောက်ပြောဆိုလာကြလျက်။ သူတို့နှစ်ယောက်မှာ အဖေလီဆီမှ စာအိတ်နီရခဲ့ပြီး ရွှီချင်းလည်း ကလေးတွေကို သကြားလုံးတွေဝေပေးနေခဲ့သည်။
ကျင့်ဝတ်တွေနည်းသောကျေးလက်မိသားစုအနေဖြင့် ကလေးများက သူတို့စားရခဲလှတဲ့ သကြားလုံးများရ၍ ဝမ်းသာနေကြကာ သူတို့သူငယ်ချင်းလေးများကို ကြွားဝါရန် အပြေးအလွှားသွားကြလေသည်။ အစ်ကိုကြီးလီရဲ့ဇနီးနှင့် လီလောင်စန်းရဲ့ဇနီးတို့လည်း ပိတ်စအသားကောင်းကောင်းတွေရ၍ ကျေနပ်နေကြပြီး သူတို့ခင်ပွန်းနှင့်ကလေးများအတွက် အဝတ်တွေချုပ်ပေးနိုင်ပြီလေ။ လီရှောင်းအာလည်း ပျော်ရွှင်နေလျက်။ အဝတ်အစားအသစ်တွေကိုမကြိုက်တဲ့ကော မရှိဘူးလေနော်!
"မင်းကလူကောင်းတစ်ယောက်ပဲ။ ငါတို့ဒုတိယသားက စကားသိပ်မပြောပေမယ့် ရိုးသားတဲ့လူပါ။ သူသာမင်းကိုအနိုင်ကျင့်ခဲ့ရင် ငါတို့ သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး! ကောင်းကောင်းနေနိုင်ပြီး အနာဂတ်မှာ ကလေးလေးတွေအများကြီးရှိလာမှာပါ!" အမေလီသည် ရွှီချင်းကိုကြည့်လေလေ ပိုပြီးသဘောကျလာလေလေပင်။ သူ့မိဘတွေကမရှိတော့ဘူးဆိုတာ သူမှတ်မိသွား၍ သူ့လေသံမှာ ပို၍ပင်နူးညံ့လာလျက်။
ရွှီချင်းလည်း ပြုံးကာ ခေါင်းညိမ့်လိုက်၏။ အဲ့ဒီလူက လုံးဝမရိုးသားပါဘူးနော်၊ ဒါပေမယ့် သူကိုင်တွယ်နိုင်ပါတယ်လေ!
"ဒါက ကိုယ့်အခန်းလေ။ ကိုယ်ရွှေ့ပြောင်းလိုက်တော့ ရှောင်းအာကိုပေးခဲ့လိုက်တာ" လီချန်ဖုန်းသည် ရွှီချင်းကို သူ့အခန်းပတ်ပတ်လည် လိုက်ပြခဲ့သည်။
"ရှောင်းအာက အိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပြီဆိုတော့ သူ့မှာအခန်းကျယ်ကျယ်ကြီးရှိသင့်တဲ့အချိန်ပါပဲ!" သူနှင့်လီရှောင်းအာမှာ အသက်တူတူပဲဆိုတာ ရွှီချင်းမစဥ်းစားမိဘူး။
"ဒုတိယအစ်ကို ဒုတိယအစ်ကို နေ့လည်စာစားလို့ရပြီနော်!" လီရှောင်းအာသည် ပွင့်နေဆဲတံခါးကိုခေါက်ကာ သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်နေ၏။ ဤ"ရုပ်ဆိုးဆိုးကော"က သူ့ရဲ့ဒုတိယအစ်ကိုနှင့် မလိုက်ဖက်ဘူးလို့ အစကတွေးထားတာဖြစ်သည်။ သို့ပေမယ့် အခုတော့ ကြော့ရှင်းလှပနေတဲ့ရွှီချင်းကိုကြည့်ရင်း သူ့ဒုတိယအစ်ကိုက သူ့ကိုကိုင်တွယ်နိုင်ပါ့မလား သိချင်နေမိပြီ!
***
"မင်းဘယ်သွားမလို့လဲ" အမေချန်သည် ခြံဝင်းတံခါးဆီလျှောက်သွားနေသော ချန်ဟုန်ကိုကြည့်လိုက်၏။
ချန်ဟုန်လည်း သူ့လက်သူညှစ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြေလိုက်သည်။ "ဟင်းရွက်တွေသွားခူးမလို့ပါ"
"ချန်ချီရဲ့ဇနီးရေ!"
"ဟုတ်!" နေ့လည်စာပြင်ဆင်နေသော ချန်ချီ၏ဇနီးမှာ အမေချန်ခေါ်သည်ကိုကြား၍ အမြန်ထွက်လာခဲ့သည်။
"ဒီနေ့ နေ့လည်စာအတွက် ဟင်းရွက်တွေမလုံလောက်ဘူးလား" အမေချန်သည် အနည်းငယ်တုန်ယင်နေသောချန်ဟုန်ကိုကြည့်ကာ ချန်ချီရဲ့ဇနီးကို မေးလိုက်၏။
"လောက်ပါတယ် အမေ။ ခုနကပဲ သွားခူးထားတာပါ" ချန်ချီရဲ့ဇနီးလည်း သိပ်စဥ်းစားမနေတော့ဘဲ အမေချန်က ဟင်းရွက်မလုံလောက်မှာစိုးရိမ်၍မေးတာလို့ ထင်လိုက်တာဖြစ်သည်။
"ရှောင်ဟုန်က ဟင်းရွက်သွားခူးမယ်ဆိုလို့ မလောက်ဘူးလို့ ငါထင်သွားတာ။ မင်းသွားချက်လေ။ ရှောင်ဟုန် သွားကူပေးလိုက်!" သူ့သားဘာလုပ်ချင်နေလဲဆိုတာ သူမသိဘူးများထင်နေတာလား။ ယနေ့မှာ လီမိသားစု၏ဒုတိယသား မိဘအိမ်ပြန်လာလည်တဲ့နေ့လေ၊ သူ့သားက လီချန်ဖုန်းကို သွားတွေ့ချင်နေတယ်ဆိုတာ အသေအချာပဲ!
အမေချန်က သူ့ရည်ရွယ်ချက်တွေကိုမြင်နိုင်မှန်း ချန်ဟုန်သိပေသည်။ သူက လီချန်ဖုန်းနှင့်ရွှီချင်းကို တစ်ချက်လောက်သွားခိုးကြည့်ချင်သည်။ လီချန်ဖုန်းက အဲ့ဒီ"ရုပ်ဆိုးဆိုးကော"ရဲ့အိမ်ကို သူ့ဆန္ဒအလျောက်ဝင်သွားတာလား ကြည့်ချင်ရုံပါ!
"မင်းဘာစောင့်နေတာတုန်း။ သွားတော့လေ!"
နောက်ဆုံးတော့ ချန်ချီရဲ့ဇနီးမှာ အမေချန်နှင့် ချန်ဟုန်တို့ကြားမှ ထူးဆန်းတဲ့လေထုကို သတိထားမိသွားသည်။ သူ့လက်ကိုသုတ်ကာ ချန်ဟုန်ကို ညင်ညင်သာသာလေးဆွဲခေါ်ပြီး ပြောလိုက်၏။ "အထဲသွားရအောင်လေ မဟုတ်ရင် အမေဒေါသထွက်တော့မယ်နော်"
ချန်ဟုန်လည်း အမေချန်ရဲ့မျက်လုံးထဲက သတိပေးနေတဲ့မကျေမနပ်အကြည့်ကို မြင်လိုက်ရာ သူ့နှလုံးသားလေးနစ်မြုပ်သွားရပြီး ချန်ချီရဲ့ဇနီးဆွဲခေါ်ရာကိုပါသွားတော့သည်။ သူ့အမေက သူ့ကို အရင်ကဒီလိုမျိုးတစ်ခါမှမကြည့်ဖူးပေ။ သူ့ကို တကယ်ပဲစိတ်ပျက်သွားတာများလား။ လီချန်ဖုန်းအတွက် ပိုကောင်းလာစေဖို့ သူလုပ်ခဲ့သမျှအရာအားလုံးက အချည်းနှီးပဲလား။ သူမယုံနိုင်ပါဘူး!
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်:
မင်ဂါဦးတုန်းက ဖြတ်သွားတဲ့ပြိုင်ကားက နောက်တပိုင်းမှာ တကယ်လာပါပြီနော် အချစ်တို့ရေ 😆😆 မျှော်ကြဦးနော် 😝😝
xxx