no

Font
Theme

ညနက်ပိုင်းတွင် ဖြစ်သည်။

လင်းရှင်းဟဲ့ ခေါင်းစောင်းလိုက်ကာ အရှေ့ရှိ အဆင့်မြင့်ဂိတ်ပေါက်ဝကို လေ့လာလိုက်သည်။ အတိအကျပြောရရင် တော်တော့်ကို ကြီးတဲ့ ဂိတ်ပေါက်ဝပဲ။ အပြာ၊ ခရမ်းနဲ့ အစိမ်းရောင်တို့ ရောချယ်ထားတဲ့ အရောင်ကြောင့် ဂိတ်ပေါက်ဝက ပန့်စတိုင် ပေါက်နေ၏။

သူမရဲ့ ခေါင်းအထက်မှာ တောက်ပတဲ့ အလင်းနဲ့ ရေးထားသော (ဗီလိန်ကျောင်းတော်) ဆိုတဲ့ နာမည်ရှိသည်။

အလင်းရောင်အောက်မှာ သူမ လက်ထဲရှိ ရွှေရောင်စာလိပ်ကို ငုံ့ကြည့်လိုက်သည်။ ‘ဝင်ခွင့်ပြုကြောင်းအသိပေးချက်’ ဆိုတဲ့ ချိတ်ပိတ်စည်းဖြင့် ပိတ်ထား၏။ စာလိပ် ဖွင့်ပြီးနောက်မှာ အထဲမှာရေးထားသော စာများကို မြင်လိုက်ရပြီ။

အတန်းဖော်- လင်းရှင်းဟဲ့။

ကျွန်တော်တို့ရဲ့ ကျောင်းတော်မှ သင့်ကို ​ပြောင်းလဲမှုပိုင်း လေ့လာရန်အတွက် ခေတ်သစ်ဋ္ဌာနကို ဝင်ခွင့်ပြုပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အတည်ပြုဖို့ရန် ဒီစာလိပ်နှင့်တကွ အာရုဏ်မတက်ခင် ကျောင်းလာခဲ့ပေးပါ။

ဗီလိန်ကျောင်းတော်မှ တရားဝင် ခန့်အပ်ကြောင်းကို စာရွက်အောက်တွင် တံဆိပ်တုံး ထုပေးထားသည်။

လင်းရှင်းဟဲ့ ကျောင်းဂိတ်ဝကို တစ်လှည့် လုံးဝကို ဒီဇိုင်းကွဲပြားတဲ့ တံဆိပ်ကိုတစ်လှည့် ကြည့်လိုက်သည်။ သူမများ နေရာမှား ရောက်လာလား ခံစားနေရလေ၏။ ဗလာဖြစ်ပြီး တိတ်ဆိတ်နေတဲ့ ကျောင်းဂိတ်ဝက သူမကို ရင်ထဲ မသိုးမသန့်ကြီး ခံစားရစေသည်။

အရာအားလုံးက ရုတ်တရက် ဆန်လွန်းနေသည်။

ဘာတွေဖြစ်နေလဲ သူမ တစ်ကယ်တော့ လိုက်မမှီသေးဘူး။

လွန်ခဲ့တဲ့ တစ်နာရီကမှ ပန်းတစ်ရာ ဆုပေးပွဲအတွက် သူမက အဆင့်မြင့် ပွဲတက်ဝတ်ရုံကို ဝတ်ထားတာပဲ။ သူမ ရိုက်ကူးခဲ့တဲ့ (ဧပရယ်လရဲ့ ကမ္ဘာကြီး) ဆိုတဲ့ ဇာတ်ကားကို ထုတ်လွှင့်ပြီးပြီ။

ဒါရိုက်တာ၊ ဇာတ်ညွန်းရေးဆရာ၊ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်တွေ အကုန်လုံးက လူသစ်တွေဖြစ်ပေမဲ့ မမျှော်လင့်ပဲ ထိုနှစ်က အကြီးကြီး ပေါက်သွားခဲ့သည်။

လင်းရှင်းဟဲ့ စင်ပေါ်တက်ပြီး အကောင်းဆုံး သရုပ်​ဆောင်ဆုကို ယူရချိန်က တစ်ကယ်ကို မမျှော်လင့်ထားမိဘူးဆိုတဲ့ ခံစားချက်သာ ရှိသည်။

သူမက အရမ်းကံကောင်းတာပဲ။ ကုန်စုံဆိုင်မှာ မုန့်ဝယ်နေချိန်မှာ ဧပရယ်လရဲ့ ကမ္ဘာကြီးကို ရိုက်ကူးမဲ့ ဒါရိုက်တာက သတိထားမိသွားသည်။ ဒီလိုနဲ့ လူတွေ့ဖြေပြီး တစ်ခါထဲ တန်းဝင်ကာ ဆုတွေဘာတွေပါ ကောက်ရတော့တာပဲ။

ဒါပေမဲ့ တစ်ခါတစ်လေမှာ ကံကောင်းတာလဲ ကိစ္စကောင်းမဟုတ်ဘူး။ ဒီလိုမှမဟုတ်ရင် ဆုပေးပွဲက ထွက်လာတာနဲ့ လေထုက အရမ်းကြမ်းပြီး မုန်တိုင်းထန်နေမလား? သစ်ပင်ကြီးလောက်နီးနီး ကြီးမားတဲ့ မိုးကြိုးကြီးက ခေါင်းတည့်တည့် ပစ်ချပြီး သေရတော့တာပဲ။

အဲ့ဒီနေရာမှာ လူတွေ အများကြီးရှိသည်။ သူမထက် အရပ်ရှည်တဲ့သူတွေတောင် ရှိသည်။ ဒါပေမဲ့ မသိရင် သူမမှာပဲ မိုးကြိုးစွဲကိရိယာရှိနေသလိုပဲ။ တည့်တည့်ကို ပစ်ချပြီး သတ်သွားတာပဲမလား။

သူမရဲ့ တိုတောင်းလှတဲ့ ဘဝလေးကို ပြန်အမှတ်ရမလို့ကြံနေတုန်း… မြေပြင်ပေါ်မှာ လှဲနေတဲ့ လှပတဲ့ ခန္ဓာကိုယ်လေးကို ငေးကြည့်ဖို့ လုပ်နေတုန်း ရှိသေးသည်။

သန်မာအားကောင်းတဲ့ မိုးကြိုးတစ်ခုက ခန္ဓာကိုယ်ထဲကို ဖြတ်စီးသွားပြီး သူမ ဝိညာဥ်ကို မရင်းနီးတဲ့ နေရာကို ခေါ်ဆောင်ခဲ့လေ၏။

သူမရဲ့ ပတ်ပတ်လည်က ဖြူဖွေးနေပြီး မည်သည့်အရာမှမရှိချေ။

ထိုအချိန်မှာပဲ စာလိပ်တစ်ခုက သူမဆီ လွင့်ပျံလာ၏။

သူမ လက်လှမ်းပြီး ထိလိုက်တာနဲ့ စာလိပ်က သူမလက်ထဲ ကျသွားသည်။ မတူညီတဲ့ ကမ္ဘာတစ်ခုရဲ့ ခလုတ်ကို နှိပ်လိုက်သလိုပဲ။ အဖြူရောင် ပတ်ဝန်းကျင်ကို ဓားနဲ့ ခုတ်ပိုင်းလိုက်သည့်နှယ် အလင်းတွေအကုန် ပျောက်သွားခဲ့သည်။ ထိုအစား ထူးဆန်းတဲ့ ကမ္ဘာတစ်ခု ထွက်ပေါ်လာသည်။

သူမ မော့ကြည့်လိုက်တာနဲ့ မယုံနိုင်စရာ ဗီလိန်ကျောင်းတော်ကြီးကို မျက်နှာချင်းဆိုင်လိုက်ရတာပဲ။

ငါ ဝင်သွားလိုက်ရမလား?

….. ဒါမှမဟုတ် မဝင်နဲ့လား?

မထင်ထားစွာ ဂိတ်ပေါက်တံခါးက ခပ်ဖြည်းဖြည်း ပွင့်လာ၏။

လေးလံတဲ့ ​ခြေသံတွေ ကြားနိုင်သည်။

လင်းရှင်းဟဲ့ရဲ့ ရှေ့ကို ပိန်ပါးတဲ့အရပ်ရှည်ရှည် ကောင်မလေးတစ်ယောက် ပေါ်လာသည်။ သူမကို အပေါ်အောက်ကြည့်လာကာ ခပ်ပြတ်ပြတ်ပြောလေ၏။

“ ကျောင်းသူ လင်းရှင်းဟဲ့ မလား? ဟယ်လို ငါက လုချင် ပါ။ ခေတ်သစ်ဋ္ဌာနရဲ့ အတန်းခေါင်းဆောင်ပဲ။ နင့်ကို စောင့်ခိုင်းမိတာ တစ်ကယ်ဆောရီး။ ငါ အသိပေးချက် ရတုန်းက မနက်ထင်ခဲ့တာ။ နင် အခုလို ညလယ်ကြီးရောက်လာမယ် မထင်ထားမိဘူးရယ်”

လုချင် ချက်ချင်းပဲ စကားလမ်းကြောင်း ပြောင်းလိုက်ကာ

“ နင် လူသတ်ဖူးလား?”

ဒါ ဘယ်လိုမေးခွန်းကြီးတုန်းဟ?

လင်းရှင်းဟဲ့ ခေါင်းရမ်းပြလိုက်သည်.

“ နင် အသက်ရှင်တုန်းက ဘာလုပ်ခဲ့တာလဲ?”

“ သရုပ်ဆောင်”

“ အာ သရုပ်ဆောင်လား? သရုပ်ဆောင်တွေက အသုံးမဝင်ဆုံးပဲ။ ဝက်သတ်သမားတွေလောက်တောင် သုံးစားမရဘူး”

လုချင်က အနည်းငယ် စိတ်ပျက်စွာ ထပ်ပြောလို​က်သည်။

“ အင်းပါလေ။ ခေတ်သစ်ဋ္ဌာနမှာ ဘယ်လိုလုပ် အကောင်းလေးတွေ ရောက်နိုင်မှာမို့လဲ?”

လုချင်ရဲ့ စိတ်အားထက်သန်မှုက အနည်းငယ် လျော့ကျသွားခဲ့သည်။

သူမလဲ အသက်ရှင်ခဲ့စဥ်က သရုပ်ဆောင် ဖြစ်ခဲ့တာပဲ။ သရုပ်ဆောင် အများစုက ကြည့်ကောင်းကြသည်။ အခု ကျောင်းသူသစ်လဲ ထိုအတိုင်းပဲ။ သေးသွယ်တဲ့ ကိုယ်လုံးနဲ့ မျက်နှာကလဲ ကြွေရုပ်လေးအတိုင်းပင်။

ဒါပေမဲ့ ဗီလိန်ကျောင်းတော်ရဲ့ စိတ်ပျက်ဖွယ် လှည့်ကွက်တွေကြားမှာ ကြည့်ကောင်းတာက ဘာစွမ်းရည်မှမရှိဘူး။

လုချင်က လင်းရှင်းဟဲ့ကို ကြည့်နေချိန်မှာ လင်းရှင်းဟဲ့ကလဲ ပြန်ကြည့်နေသည်။ လုချင်ရဲ့ ခပ်တိုးတိုး စကားကိုလဲ သူမ ကြားလိုက်သည်။

ဒီနေရာက အရမ်းကို မသက်မသာ ခံစားရသည်။ သူမ ထွက်သွားချင်ပေမဲ့ ပတ်ပတ်လည်မှာ မီးခိုးရောင် အလွှာတစ်ခု ရှိနေတာကို သတိထားမိသည်။ ကောင်းကင် တစ်ခုလုံးကို ဖုံးကွယ်ထားပုံက ရုပ်ရှင်ရိုက်ကွင်းထဲ ရောက်နေတဲ့ အတိုင်းပဲ။

လုချင်ပြောလိုက်သည်။

“ နင် ထပ်မကြည့်နဲ့တော့။ အသက်ပြန်ရှင်ချင်ရင် ကျောင်းကို ဝင်မှရမှာ။ ဘွဲ့မရမချင်း ကျောင်းက ထွက်သွားလို့မရဘူး။ အဲ့ဒီအကာအကွယ်ကို နင်မြင်တယ်မလား? အဲ့ဒါက နောက်ထပ်ကမ္ဘာတစ်ခုနဲ့ ဆက်သွယ်ပေးထားတဲ့ ဂိတ်ပေါက်ပဲ။ နင် ဘွဲ့ရလတ်မှတ်နဲ့မှ ထွက်နိုင်မှာ။ ကြည့်လိုက်။ နင်အခု ဝိညာဥ်အနေနဲ့ မဟုတ်တော့ဘူး။ ခန္ဓာကိုယ် ရနေပြီ”

လင်းရှင်းဟဲ့ လက်သီးဆုတ်လိုက်သည်။ အခုခံစားချက်က သူမ အသက်ရှင်စဥ်တုန်းကနဲ့ ဘာမှ မကွာခြားဘူး။ သူမကိုယ်ပေါ်ရှိ အဆင့်မြင့်ပွဲတက်ဝတ်စုံက ရိုးရှင်းတဲ့ စကတ်တစ်ခုအဖြစ် ပြောင်းနေသည်။ ယူနီဖောင်းဖြစ်ပုံပင်။ သူမ ရင်ဘတ်မှာ ဗီလိန်းကျောင်းတော်ရဲ့ အမှတ်သင်္ကေတရှိသည်။

ထိုအချိန်မှာ လုချင်က တစ်ခုခုကို တွေးမိပုံပဲ။ သူမ မျက်နှာပေါ်က အပြုံးက ရုတ်တရက် ကြီးလာသည်။ စိတ်အားထက်သန်စွာဖြင့် လင်းရှင်းဟဲ့ရဲ့ လက်ကိုဆွဲကာ ပြောလေ၏။

“ ကျောင်းထဲ အရင်သွားရအောင်။ ငါနင့်ကို မိတ်ဆတ်ပေးမယ်။ ဒီနေရာက ဖြစ်နိုင်တာ နင်နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်တော့ ဒီမှာ နေရအုံးမယ်။ ဆယ်နှစ်လောက်ထိလဲ ဖြစ်သွား နိုင်တယ်”

လင်းရှင်းဟဲ့ ဘာမှမပြောပဲ လုချင်ရဲ့ အနောက်ကို လိုက်သွားလိုက်သည်။

သူမကို လေရိုင်းတစ်ချက်က နှုတ်ဆက်သွားလေ၏။

ဘေးနှစ်ချက်ရှိ လမ်းမီးတိုင်အောက်တွင် တံတားရှည်ကြီးတစ်ခုရှိသည်။.ရှည်လွန်းလို့ အဆုံးတောင် မမြင်ရချေ။ ဘေးဘက်တွင်တော့ မှောင်မဲနေတဲ့ ​မြစ်ရေသာ ရှိသည်။

လုချင်က လင်းရှင်းဟဲ့ကို ဘေးဘက်ကို မြင်ရတဲ့ ဘက်စ်ကားဆီ ခေါ်သွားလိုက်သည်။

တံတားပေါ်က ခရီးစဥ် ဆယ်မိနစ်အတွင်းမှာ လုချင်က ချမ်းသာချင်ယောင်ဆောင်တဲ့ မိန်းမတုဆိုတဲ့ ဝတ္ထုရဲ့ ဗီလိန်မှန်း သိလိုက်ရသည်။ တစ်ကယ့် ချမ်းသာတဲ့ သမီးအစစ် ရောက်လာပြီး သူမပိုင်သမျှ ယူမည်ဆိုပြီး သူမက ထိုကောင်မလေးကို ခက်ခဲအောင် လုပ်ခဲ့သည်။ သူမက ပြန်ပေးတောင် ဆွဲခဲ့သေး၏။ ကံဆိုးစွာဖြင့် ပြန်ပေးဆွဲနေတုန်းမှာ ဝတ္ထုရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ သမီးအစစ်ရဲ့ ရည်းစားနဲ့ မိသွားလေရဲ့။ ဒီလိုနဲ့ သူမဘဲ ထိခိုက်ပြီး အဆုံးမှာ ပြန်ပေးဆွဲသူတွေဆီကနေ အသတ်ခံလိုက်ရသည်။

“...ဗီလိန်?”

“ ဒါပေါ့။ ဒီကျောင်းကို ဝင်နိုင်တဲ့သူတွေအားလုံးက ဗီလိန်တွေပဲ။ ဗီလိန်ကြီး၊ ဗီလိန်ငယ်တွေပေါ့။ သူတို့ အကုန်လုံးက ဇာတ်လိုက်တွေရဲ့ လမ်းကြောင်းကို ပိတ်ဖူးကြတယ်။ အကုန် ဗီလိန်တွေပဲ”

လုချင်က တံတားအောက်ကို ရောက်ပြီးနောက်မှာ အဝေးရှိ အဆောက်အဦးတွေကို လက်ညိုးထိုးပြလိုက်သည်။ သူမ မိတ်ဆက်ပေးလိုက်သည်။

“ ကျောင်းမှာ ဋ္ဌာနလေးခုရှိတယ်။ ခေတ်သစ်ဋ္ဌာန၊ ရှေးဟောင်းဋ္ဌာန၊ ရှန်းရှဋ္ဌာနနဲ့ သိပ္ပံဋ္ဌာနပဲ။ ငါတို့ ခေတ်သစ်ဋ္ဌာနနဲ့ ရှေးဟောင်းဋ္ဌာနရဲ့ စာသင်တဲ့အဆောက် အဦးတွေက အရှေ့ဘက်မှာရှိတယ်။ ရှန်းရှဋ္ဌာနနဲ့ သိပ္ပံဋ္ဌာနက အနောက်ဘက်မှာရှိတယ်။ အိပ်ဆောင်တွေကျ ရှန်းရှဋ္ဌာန စာသင်ဆောင်ရဲ့ အရှေ့ဆက်သွားမှာ။ နီးတယ်ပေါ့ကွာ”

လင်းရှင်းဟဲ့ အနည်းငယ် အံ့သြသွားသည်။

သူမလိုမျိုး ဖြောင့်မှန်တဲ့ လူငယ်လေးက ဘောက်မဲ့ကြောင့် ဗီလိန်ဖြစ်လာရတာလဲ?

ဒါပေမဲ့ သူမအကြာကြီးမအံ့သြလိုက်ရချေ။ သူမအရှေ့က မြင်ကွင်းက သူမကို အံ့အားသင့်သွားစေ လေ၏။

ကျောင်းဂိတ်ပေါက်က ပန့်စတိုင်ဆိုရင်.အထဲက ဒီဇိုင်းတွေက ရောသမမွေ ဒီဇိုင်းတွေပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment