(2)
သူ့အနားမှာရှိနေတဲ့ ဧည့်သည်တွေအကုန်လုံး ကြောင်အသွားကြတယ်။
ရုန်မိသားစုရဲ့သခင်ငယ်လေးက ဒီနေ့မှာ သူ့ရဲ့စရိုက်ကိုပြောင်းလဲလိုက်တာ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ။
ဟဲယွီတောင်မှ ရှုပ်ထွေးသွားခဲ့တယ်။
ပုံမှန်ဆိုရင် သူတို့ရဲ့ရှုန်းတိ(ညီအစ်ကိုကောင်း)တွေ ကျိုးယွီအကြောင်း မကောင်းပြောရင် ရုန်ရုန်က သူတို့နဲ့တိုက်ခိုက်လေ့ရှိတယ်လေ။
ဒီနေ့ နေကအနောက်ဘက်က ထွက်လာတာများလား။
ပါတီပွဲမှာရောက်ရှိနေတဲ့ ကျိုးယွီရဲ့အမူအယာက နက်မှောင်သွားခဲ့တယ်။
သူက ရှက်ရွံ့သိမ်ငယ်မှုတွေကို နှလုံးသားထဲမှာ သိမ်းထားကာ သူ့ရဲ့မျက်လုံးတွေကတော့ ဓားတွေလိုထက်ရှနေပြီ။
"ရုန်ရုန် မင်းရဲ့စကားက ဘာအဓိပ္ပါယ်လဲ"
ရုန်ရုန် သူ့လက်ထဲက ရှန်ပိန်ခွက်ကို သာမန်ကာလျှံကာလှုပ်လိုက်တယ်။
" အဲဒီလိုအဓိပ္ပါယ်ပဲလေ.. ဘာလို့လဲ.. ကျိုးသခင်လေးက လူစကားကိုနားမလည်တာများလား"
ဇာမဏီမျက်ဝန်းတစ်စုံက ဝေ့ကြည့်လာကာ အဆုံးမရှိတဲ့ ချစ်မြတ်နိုးချင်စရာနဲ့ လိင်အားထက်သန်မှုတွေကိုဖြစ်စေနိုင်ခဲ့ပေမဲ့ အထင်အမြင်သေးမှုကတော့ အထင်အမြင်သေးမှုပဲလေ။
ကျိုးရိုဆိုတာက တရားမဝင်ကလေးအဖြစ် မွေးဖွားလာခဲ့တဲ့သူပဲ။
သူက ကျိုးအိမ်တော်ကိုပြန်ရောက်လာပြီး ဖူချန်ရဲ့အထက်တန်းလွှာထဲကို ဝင်ရောက်နိုင်ခဲ့ပေမဲ့ သူ့ရဲ့အရိုးထဲမှာ စွဲမြဲနေတဲ့ သိမ်ငယ်စိတ်တွေနဲ့ ဆတ်ဆတ်ထိမခံတတ်မှုတွေက နာမည်ကြီးဘရန်းတွေ ဇိမ်ခံကားတွေနဲ့ အလွယ်တကူဖုံးကွယ်ထားလို့ မရနိုင်ဘူး။
သူ့ရဲ့ဘဝမှာ အမုန်းဆုံးက တစ်ဖက်လူက သူ့ကိုအရှက်ခွဲလာတာပဲ!
သူ့အနေနဲ့ လက်ရှိမှာ ရုန်မိသားစုကို အပြစ်မကျူးလွန်နိုင်သေးဘူး။
အခုချိန်မှာတော့ ထိန်းထားရုံပဲတတ်နိုင်တယ်။
"ဒီနေ့ကို မှတ်ထားလိုက်မယ်"
"ဘာပဲဖြစ်ဖြစ်ပေါ့"
သူကသေသွားပြီပဲလေ။
မေ့လိုက်တော့။ သူနဲ့ဘာတွေလုပ်စရာရှိနေမှာလဲ?
ရုန်ရုန်ရဲ့ပေါ့ပါးတဲ့အသံကြောင့် ကျိုးယွီရဲ့မျက်နှာက ပိုပြီး နက်မှောင်လာခဲ့တယ်။
***
ရုန်ရုန် ကျန်ရှိနေသေးတဲ့ ရှန်ပိန်တစ်ဝက်ကို မော့သောက်လိုက်တယ်။
ဖြူဖွေးနေတဲ့ လည်တိုင်က မြင့်တက်လာပြီး လူတွေကို ယားယံစေတဲ့ မေးရိုးလိုင်းတွေပေါ်ထွက်လာကာ ဟင်္သာပြဒါးလိုနီရဲနေတဲ့နှုတ်ခမ်းက ရှန်ပိန်ရဲ့အကူအညီနဲ့ ရွှန်းစိုနေပြီး အလွန်အမင်းဆွဲဆောင်မှုပြင်းထန်နေခဲ့တယ်။
တချို့သော ဧည့်သည်တွေက မသိလိုက်မသိဘာသာနဲ့ တံတွေးမြိုချလိုက်မိတယ်။
ဘာတွေဖြစ်နေတာလဲ?
ငါဘာလို့ ရုန်မိသားစုရဲ့ သခင်ငယ်လေးက အရမ်း ... ဖြားယောင်းနိုင်တာကို မသိခဲ့ရတာလဲ?
သူက ချိုင့်ဝှမ်းထဲမှာ ဖူးပွင့်နေတဲ့ Red spider Lilyလိုမျိုးပဲ။ သူက နီရဲ တောက်ပစွာ ဖူးပွင့်နေကာ လူတွေကို မျက်လုံးမလွဲနိုင်အောင် ဖမ်းစားနိုင်လွန်းတယ်။
သူတို့တွေ အောက်ကိုတွယ်ဆင်းပြီး လက်နဲ့လှမ်းခူးကာ နေ့ရောညပါ ဆော့ကစားချင်တဲ့စိတ်ကိုဖြစ်စေတယ်။
အရင်တုန်းက ဟောခန်းထဲက လူအများစုက ရုန်မိသားစုရဲ့ ဒုတိယသခင်လေးကိုအထင်သေးခဲ့ကြတယ်။
တက္ကသိုလ်မှ ဘွဲ့မရသေးတာကြောင့် သူ့အဖေရဲ့ကုမ္ပဏီဖြစ်တဲ့ ရုန်လုပ်ငန်းစုမှာ အလုပ်ဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ သူနဲ့ယှဥ်ရင် အပြင်လောကကြီးရဲ့ သဘောကျစရာမရှိတဲ့အသံတွေကြားမှာ ရုန်ကျန်းကတော့ သူ့ရဲ့အသက်၂၃နှစ်အရွယ်မှာပဲ ကိုယ်ပိုင် စီးပွားရေးအင်ပါယာတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်လေ။
ရုန်ကျန်းရဲ့ အလင်းရောင်က တောက်ပလွန်းအားကြီးတာကြောင့် ရုန်မိသားစုရဲ့ သခင်လေးဆိုတဲ့အမည်နာမက သူ့အတွက် မလုံလောက်တော့ဘူး။
ဒါ့အပြင် ဂုဏ်အသရေရှိ ရုန်မိသားစုရဲ့ သခင်ငယ်လေးက တရားမဝင်ကလေးကို လိုက်နေတာမလား?
ဘယ်သူက အထင်ကြီးမှာလဲ?
သို့ပေမဲ့ အခုချိန်မှာတော့ လူတိုင်းက ရုန်မိသားစုရဲ့ သခင်ငယ်လေး ဘယ်လောက်ပဲ ကန်းနေပါစေ သူက လှပလွန်းတယ်လို့ တွေးနေကြပြီ!
ဒီလို ငေးမောဖွယ်ရာလေးက အိမ်မှာကြီးပြင်းခဲ့မယ်ဆိုရင် တစ်ဖက်လူက တကယ်ပဲ ဘာတစ်ခုကိုမှ မသိနားမလည်ဘူးဆိုရင်တောင် သူတို့ရဲ့အိမ်က ဘယ်လောက်တောင် သာယာကြည်နူးဖွယ်ဖြစ်နေလိုက်မလဲနော်။
ရုန်ကျန်း အေးစက်စက်အကြည့်တစ်ချက်ပို့လွှတ်လာတယ်။
ထိုလူတွက ချက်ချင်းပဲတုန်လှုပ်သွားပြီး ခေါင်းကိုငုံ့ကာ ခုနတုန်းကရှိနေတဲ့ မတွေးအပ်တဲ့အတွေးတွေကို အမြန်မောင်းထုတ်လိုက်ရတယ်။
"ကောကော ကျွန်တော်မှာ ကောကောအတွက် လက်ဆောင်ရှိတယ်.. ကျွန်တော်နဲ့ အပေါ်ကိုလိုက်ခဲ့ပေးပါ.. အိုခေ"
ရုန်သခင်ငယ်လေးက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေကို လွတ်လွတ်လပ်လပ်ထုတ်လွှတ်နေဆဲဖြစ်ကာ ဂုဏ်မောက်နေတဲ့ ဇာမဏီတစ်ကောင်လိုမျိုးပဲ။ သူ့ရဲ့အစ်ကိုဖြစ်သူနဲ့စကားပြောချိန်မှာ သူ့ရဲ့လေသံက ကလူမြူဆွယ်ဟန် အနည်းငယ်ပေါက်နေခဲ့တယ်။
သူတို့နှစ်ယောက်သာ ညီတစ်ကိုတွေမဟုတ်ဘူးဆိုရင် သူတို့တွေ တကယ်မနာလိုဖြစ်မိမှာ။
"အမွှေးလုံးလေး_"
ဟဲယွီ သူဘာလို့ ရုန်ရုန်ကိုရပ်တန့်စေချင်တာလည်းဆိုတာကို မသိခဲ့ဘူး။
ရုန်ရုန် ဟဲယွီကို အေးစက်စွာစိုက်ကြည့်လိုက်တယ်။
သူ့ရဲ့အတိတ်ဘဝမှာတုန်းက သူ့ရဲ့ဥာဏ်ရည်ဥာဏ်သွေးတွေက ရေမွှာပေါက်တုန်းက တစ်ခါတည်းပါသွားခဲ့တာဖြစ်လောက်တယ်။
အဆိပ်ပြင်းတဲ့မြွေကို သစ္စာရှိခွေးလို့ အထင်မှားခဲ့ပြီး လူယုတ်မာဟဲယွီကို သူငယ်ချင်းလိုဆက်ဆံခဲ့တယ်။
ဂရုတစိုက်နဲ့ ပြန်တွေးကြည့်ရင် အတိတ်ဘဝတုန်းက သူဒေါသထွက်နေတဲ့အချိန်မှာ ဟဲယွီသာ ထိုစကားကိုမပြောခဲ့ရင်၊ သူ့ရဲ့သူငယ်ချင်းကောင်းကတောင် သူ့ရဲ့ခံစားချက်ကိုနားမလည်ဘူးလို့ ခံစားရအောင်လုပ်ပြီး သွယ်ဝိုက်တဲ့နည်းနဲ့ သွေးထိုးမှုတွေမလုပ်ခဲ့ရင် သူက သူ့ရဲ့အစ်ကို,ကို စိတ်လိုက်မာန်ပါနဲ့ ရန်သူလုပ်မိပါ့မလား။
သူ့ရဲ့အတိတ်ဘဝမှာတုန်းက သစ္စာဖောက်ခံရမှုတွေ၊ မိသားစုမှ ခွဲထုတ်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ပြီးပြီ။ ဟဲယွီရဲ့မီးညှိနေမှုကို ဘယ်လိုလုပ်မမြင်ဘဲနေမှာလဲ?
သူက တစ္ဆေအဖြစ်တောင်ပြောင်းနေပြီ။ ထပ်ပြီး မတုံးအနိုင်တော့ဘူး!
သူ့အစ်ကိုရဲ့မွေးနေ့ကို တစ်ကြိမ်ဖျက်စီးမိပြီးသွားပြီ။
သူ့ကိုပြီးပြည့်စုံတဲ့ မွေးနေ့တစ်ခု ပေးရမယ်လေ။
ဒီလိုလုပ်မှ သူလည်း နောင်တတွေမကျန်ရှိတော့ဘဲ အဝေးကိုစိတ်ဖြောင့်ဖြောင့်နဲ့ထွက်သွားနိုင်မှာ။
ရုန်ရုန် နေရာမှာ အေးခဲနေတဲ့ ဟဲယွီကိုစိုက်ကြည့်လိုက်တယ်။
ဟဲယွီ ပြန်လည်တုံ့ပြန်လာချိန်မှာတော့ ရုန်ရုန်နဲ့ သူ့အစ်ကို ရုန်ကျန်းက အပေါ်ကိုတက်သွားခဲ့ကြပြီ။
နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အလွန်ကိုမှ ရှင်းရှင်းလင်းလင်းသိနေခဲ့ကြတယ်။
ရုန်ရုန်က မာနကြီးပြီး မောက်မာလွန်းတယ်။ လူအများစုက သူ့ကိုသဘောမကျဘူး။ ဒါပေမဲ့ သူ့ကို သဘောမကျရင်တောင် ရုန်မိသားစုရဲ့ သခင်ငယ်လေးက ဘယ်သူမို့လို့လဲ။ အမြဲတမ်းသခင်တစ်ယောက်ဖြစ်နေမှာပဲ။
ဟဲယွီက ပိုက်ဆံကသုံးတဲ့အချိန်မှာ အမြဲတမ်းလက်ဖွာတတ်တယ်။ သူ့မှာပိုက်ဆံမရှိတော့ရင် ရုန်ရုန်ဆီကနေချေးလိမ့်မယ်။
ရုန်ရုန်က ဘယ်တော့မှ မငြင်းခဲ့ဖူးဘူး။ ပြန်လည်းမတောင်းခဲ့ဘူး။
သူက အရည်အချင်းပြည့်ဝတဲ့ငွေထုတ်စက်ကြီးပဲ။
မဟုတ်ခဲ့ရင် သူက ဒီလိုဆိုးရွားတဲ့စရိုက်ရှိတဲ့သခင်လေးကို သည်းခံနေမှာမဟုတ်ဘူး!
ဒီသခင်လေးရုန်က အခုလေးတင်လုပ်သွားတာက ဘယ်လိုပြင်းထန်တဲ့ရောဂါမျိုးဖြစ်နေလို့လဲဆိုတာကို ဘုရားသခင်ကပဲ သိလိမ့်မယ်!
သူ့ကိုလျစ်လျူရှုသွားတယ်။ သူ့ကို လျစ်လျူရှုသွားတယ်ပေါ့လေ။
ဟဲယွီ ဘာမှမဖြစ်သလိုမျိုး ရှန်ပိန်တစ်ခွက်ကောက်ယူလိုက်ပြီး အလှလေးတွေနဲ့ စကားသွားပြောလိုက်တယ်။
***
ရုန်ရုန် မသောက်ခဲ့တာကြာမြင့်ခဲ့ပြီ။
ဒါကြောင့် ရှန်ပိန်လေးတစ်ခွက်ကတောင် သူ့ကို မူးဝေစေတယ်။
အပေါ်ထပ်ကိုတက်တဲ့အချိန်မှာ သူ့ရဲ့ကိုယ်က ယိုင်ထိုးနေပြီး လေပေါ်ကိုတက်နင်းမိလုနီးပါးပဲ။
သူ့နောက်မှလိုက်နေတဲ့ရုန်ကျန်းက လက်ကိုဆန့်ပြီး လှမ်းထိန်းပေးလိုက်တယ်။
ရုန်ရုန် နောက်ကိုပြန်လှည့်ကြည့်ပြီး ရုန်ကျန်းကိုတောက်ပစွာ ပြုံးပြလိုက်တယ်။
"ကျေးဇူးပါကောကော"
ရုန်ကျန်းရဲ့မျက်လုံးတွေက အနည်းငယ်နစ်မြှပ်သွားရတယ်။
သူက ရုန်ရုန်ရဲ့ကွေးညွတ်နေတဲ့နှုတ်ခမ်းကိုစိုက်ကြည့်ပြီး သူ့ရဲ့မျက်လုံးတွေက အတွေးနက်နေခဲ့တယ်။
သူ့ရဲ့ညီငယ်လေးက အခုလေးတင် အနည်းငယ်လောက်ပြောင်းလဲသွားတယ်လို့ သူတွေးမိနေခဲ့တယ်။
သူပြောလိုက်တယ်။
"လမ်းကိုသေချာကြည့်လေ"
"ကောင်းပါပြီ.. ကောကောရဲ့စကားကိုနားထောင်မယ်"
ရုန်ရုန် နာခံမှုအပြည့်နဲ့ခေါင်းညိတ်ပြကာ ပြုံးလာပြန်တယ်။
ကောင်းလိုက်တာ။
သူသေသွားတဲ့အချိန်မှာ ရုန်ကျန်းကိုမြင်နိုင်သေးပြီး တစ်ဖက်လူကိုလည်း ကောကောလို့ ထပ်ခေါ်နိုင်တယ်။
တကယ့်ကို ကောင်းတယ်။
ဘုရားသခင်က သူ့ကို ကောင်းကောင်းဆက်ဆံပေးတာပဲ။
ရုန်ရုန်ရဲ့နှုတ်ခမ်းပေါ်မှ အပြုံးက ပိုပိုပြီးလှပစွာဖူးပွင့်လာတယ်။
သူ့ရဲ့မျက်လုံးထောင့်စွန်းတွေကတော့ အနည်းငယ်နီရဲနေခဲ့တယ်။
****
ရုန်မိသားစုအိမ်မှ ထွက်ခွာလာခဲ့ရပြီးနောက်မှာ ရုန်မိသားစုမှာတုန်းကနေ့ရက်တွေအကြောင်းကို ရုန်ရုန်အမြဲတမ်း အိပ်မက်မက်ခဲ့တယ်။
နေရောင်ခြည်တောက်ပနေတဲ့မနက်ခင်းမှာ သူ့မိဘတွေနဲ့အတူ တစ်စားပွဲထဲ ထိုင်နေခဲ့တာကို အိပ်မက်မက်ခဲ့တယ်။ သူ့မိဘတွေအာရုံမထားတဲ့အချိန်မှာ သူ့အထဲမှ ကြက်ဥကြော်ကို ရုန်ကျန်းထံသို့ ခိုးကြောင်ခိုးဝှက်နဲ့ ထည့်ပေးခဲ့တာကို အိပ်မက်မက်ခဲ့တယ်။
ရုန်ကျန်းက သူ့ဆီကို ကြက်ဥပြန်ထည့်ပေးတတ်ပြီး ဒါကိုစားမှ အဟာရညီညွတ်မှာဖြစ်ကြောင်းပြောခဲ့တယ်။ သူ့ရဲ့စကားကြောင့် သူ့အမေဆီ မိသွားခဲ့ကာ ရုန်းမားမားက သူ့ကိုစိုက်ကြည့်ခဲ့ပြီး နွားနို့ခွက်ကြီးတစ်ခွက် သောက်ခိုင်းပြီးမှသာ အပြင်ကိုထွက်ခွင့်ပြုခဲ့တယ်။
ထိုအချိန်တုန်းက သူတို့တွေ ငယ်ရွယ်နေသေးတာပဲ။
နောက်တော့ အိပ်မက်က ပြောင်းလဲသွားခဲ့ပြန်တယ်။ အရာအားလုံးက သူနဲ့ သူ့ရဲ့မိသားစုဝင်တွေ စကားများခဲ့တဲ့ ပုံရိပ်တွေပဲ။
သူက ဒေါသထွကစွာနဲ့ သားရဲတစ်ကောင်လို အော်ဟစ်ခဲ့တယ်။ မိသားစုဝင်တွေကတော့ ဝမ်းနည်းစွာ၊ စိတ်ပျက်စွာကြည့်နေခဲ့ကြတယ်။
ခဏလောက်ကြာတော့ သူ့ရဲ့ကလေးဘဝဆီကို အိပ်မက်မက်ခဲ့ပြန်တယ်။
သူအဖျားကြီးနေခဲ့တာကြောင့် သူ့မိဘတွေက သူ့ကိုတစ်ညလုံးစောင့်ကြည့်နေခဲ့ကြပြီး သူ့အစ်ကိုကတော့ သူ့အကြိုက်ဆုံးအရုပ်လေးကို ရုန်ရုန်ရဲ့ အိပ်ယာဘေးမှာထားပေးခဲ့တယ်။
နောက်တော့ ငှားရမ်းထားတဲ့ ယိုယွင်းပျက်စီးနေတဲ့အခန်းကျဥ်းလေးနဲ့ အလင်းရောင်မှိန်မှိန်အောက်မှာ နိုးထလာရတယ်။
သူ ရုန်မိသားစုရဲ့အကြောင်း အရာအားလုံးကို အလွန်ပဲ ရင်းနီးကျွမ်းဝင်လွန်းတာပေါ့။
ရုန်ရုန် အပေါ်ထပ်ကိုတက်သွားပြီး တွေးတောနေစရာမလိုအပ်ဘဲ ကော်ရစ်တာမှ ဒုတိယမြောက်အခန်းတံခါးဆီကိုလျှောက်သွားကာ အိပ်ခန်းတံခါးကိုတွန်းဖွင့်လိုက်တယ်။
သူ အိပ်ယာဆီကိုလျှောက်သွားပြီး ခုတင်ဘေးနားမှ စားပွဲအံဆွဲကိုဖွင့်ဟလိုက်တယ်။
ပြီးနောက် အထဲမှာ နက်ပြာရောင် ကတ္တီပါလေးထောင့်ဘူးလေးကို လှမ်းယူလိုက်တယ်။
"ကောကော happy birthday"
ကောင်းလိုက်တာ။
နောက်ဆုံးတော့ ဒီလက်ဆောင်ကို သူ့အစ်ကိုဆီကို ပေးနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပြီ။
***