(3)
ရုန်ကျန်း ရုန်ရုန်ရဲ့လက်ထဲမှ ကတ္တီပါဘူးကို အံ့သြမှုအနည်းငယ်နဲ့လှမ်းယူလိုက်တယ်။
သူ့ရဲ့ညီငယ်လေးက သူ့အတွက်လက်ဆောင်တစ်ခု တကယ်ပြင်ဆင်ထားလိမ့်မယ်လို့ သူမထင်ထားခဲ့မိဘူး။
သူတို့ညီအစ်ကိုတွေက ငယ်ရွယ်စဥ်တုန်းက အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ညီလေးနဲ့ ဝေးကွာလာခဲ့တယ်။
အခုလေးတင် သူ့ရဲ့ညီငယ်လေးက သူ့ကိုအပေါ်ထပ်သို့တက်လာခဲ့ဖို့ ဆင်ခြေတစ်ခုပေးခဲ့ပေမဲ့ တကယ်တမ်းမှာ ကျိုးယွီနဲ့ပတ်သက်ပြီး သူနဲ့တိုက်ခိုက်ချင်ခဲ့တယ်လို့ ထင်ခဲ့တာ...
သူမှားသွားခဲ့တာပဲ။
"ကော ဖွင့်ပြီးမကြည့်ဘူးလား"
ရုန်ကျန်း ဘူးလေးကိုဖွင့်ကြည့်လိုက်တယ်။
ဒါက နီလာပြာရောင်ရင်ထိုးလေးပဲ။ တစ်ခုလုံးကို ရေလှိုင်းပုံစံ ဒီဇိုင်းဆွဲထားပြီး အလယ်ဗဟိုမှာ နီလာကျောက်မျက်ကိုထည့်သွင်းထားပြီး အစွန်းနားမှာတော့ စိန်ပွင့်တွေနဲ့ ရံခြယ်ထားတယ်။ ရေလှိုင်းက ကမ်းခြေမှာရှိနေတဲ့ကျောက်ဆောင်ကို လာရောက်ရိုက်ခတ်နေသလိုပဲ။
တိတ်ဆိတ်ပြီး အလှမ်းဝေးကွာတယ်။
ရုန်ကျန်းလိုမျိုး။
"သဘောကျလားဟင် ကောကော"
ရုန်ကျန်းက ရင်ထိုးတွေတပ်ဆင်လေ့မရှိဘူး။ ဒါပေမဲ့ သူ့ညီငယ်လေးရဲ့လက်ဆောင်ကို သဘောကျမိတာကနေတော့ မတားဆီးနိုင်ခဲ့ဘူး။
"ကောသဘောကျပါတယ်.. ကျေးဇူးပဲ"
"ဒါဆို ကျွန်တော် ကောကောအတွက်တပ်ပေးမယ်လေ.. အိုခေ"
".... ကောင်းပါပြီ"
ရုန်ရုန် ရုန်ကျန်းဆီကိုလျှောက်လာခဲ့တယ်။
သူက နက်ပြာရောင်ကတ္တီပါဘူးထဲမှ ရင်ထိုးကိုထုတ်လိုက်ပြီး ရုန်ကျန်းရဲ့အနက်ရောင်ဝတ်စုံပေါ်မှာ ထိုးစိုက်ပေးလိုက်တယ်။
နီလာပြာရောင်ရင်ထိုးက ရုန်ကျန်းရဲ့တည်ငြိမ်တဲ့ အတွင်းစိတ်ကို ထင်ဟပ်စေတယ်။
"ချစ်စရာကောင်းတယ်"
ရုန်ရုန် လက်မထောင်လိုက်တယ်။ သူ့ရဲ့ဂန္တဝင်လက်ရာကို စိတ်ကျေနပ်မှုအပြည့်နဲ့ပေါ့။
သူက ရင်ထိုးကိုချီးကျူးနေတာလား ၊ တပ်ဆင်ထားတဲ့လူကိုချီးကျူးနေတာလား ဒါမှမဟုတ် နှစ်ခုလုံးကိုလားဆိုတာကိုတော့ မသိနိုင်ဘူး။
"ပွဲအခန်းအနားကမပြီးသေးဘူး အောက်က်ိုဆင်းရအောင်"
"အိုခေ"
ရုန်ရုန် ပြုံးလိုက်ပြီး သူ့အစ်ကိုရဲ့လက်ကို ဆွဲကိုင်လိုက်တယ်။
ရုန်ကျန်းရဲ့မျက်လုံးအစုံက သူတို့နှစ်ယောက်ရဲ့တွယ်ဆက်ထားတဲ့နေရာကို ကြည့်လိုက်ပေမဲ့ ဖယ်ထုတ်ခြင်းတော့ မပြုခဲ့ဘူး။
***
ရုန်ရုန်က အစ်ကိုဖြစ်တဲ့ရုန်ကျန်းရဲ့ လက်မောင်းကိုချိတ်ရင်း ညီအစ်ကိုနှစ်ယောက် အောက်ထပ်ကို ပြန်ဆင်းလာခဲ့ကြတယ်။
ထို ညီအစ်ကိုနှစ်ယောက်ရဲ့ပုံရိပ်က ဟောခန်းထဲမှလူတိုင်းကို နောက်တစ်ကြိမ် တီးတိုးပြောမိသွားစေပြန်တယ်။
"ညီအစ်ကိုနှစ်ယောက် ပြန်တည့်သွားပြီလား"
" ငါ အမြင်မှားနေတာမဟုတ်ဘူးမလား"
"ကြည့်လိုက်! မင်းတွေ့လား.. ရုန်ကျန်းရဲ့ရင်ဘတ်မှာ ရင်ထိုးထပ်ထားတယ်ဟ"
"ဒီရင်ထိုးက .. အရင်တုန်းက ကယ်လ်ဆန် ကျုံးက ချို့တဲ့မှူကူညီရေးလေလံပွဲမှာ ထည့်သွင်းလိုက်တာကိုမှတ်မိတယ်.. ဒီရင်ထိုးက လွန်ခဲ့တဲ့ရာစုနှစ်တုန်း အီတလီဒီဇိုင်နာတသ်ယောက်ပုံဖော်ဖန်တီးခဲ့တဲ့ရင်ထိုးလေ.. လျို့ဝှက်ဆန်းကြယ်တဲ့ ဝယ်ယူသူက အဲဒီရင်ထိုးကို ဂဏန်းခုနှစ်လုံးတောင်ပေးပြီးဝယ်ခဲ့တာ.. ဘယ်သူဝယ်သွားလဲဆိုတာကို မဖော်ပြခဲ့ဘူး! အဲဒီလျို့ဝှက်ထားတဲ့ဝယ်သူက ရုန်မိသားစုရဲ့ ဒုတိယသခင်လေးဖြစ်နေတာလား?"
"ဟုတ်တယ်! အဲဒီရင်ထိုးပဲ!ငါလည်း အဲဒီချို့တဲ့မှုကူညီတဲ့ လေလံပွဲကိုတက်ခဲ့တယ်! အဲဒီတုန်းက လူတွေက လျို့ဝှက်ဆန်းကြယ်တဲ့ဝယ်သူအကြောင်း ဆွေးနွေးခဲ့ကြတာလေ.. မမျှော်လင့်ပဲ ရုန်မိသားစုရဲ့ ဒုတိယသခင်လေးဖြစ်နေတာပဲ"
လွန်ခဲ့တဲ့ရာစုနှစ်က လက်ဝတ်ရတနာရင်ထိုး!
ဒီရင်ထိုးက အဖိုးထိုက်တန်ပြီး ရှေးကျတဲ့ရတနာကျောက်မျက်တွေနဲ့ စီခြယ်ထားတာ။
ဒါက ဘာကိုဆိုလိုတာလဲ
ဒါကို နေ့တိုင်းထုတ်ဝတ်နေရင်တောင် အရမ်းကို မျက်လုံးဖမ်းစားနိုင်နေဦးမှာပဲ!
ရုန်ကျန်းရဲ့မွေးနေ့ပါတီကိုဖိတ်ကြားခံရတဲ့လူအများစုက လူချမ်းသာတွေချည်းပဲ။
ဒါပေမဲ့ သူတို့အားလုံးကတော့ ထိုမျှမြင့်မားတဲ့စျေးရှိတဲ့ ရင်ထိုးအတွက် ဂဏန်းခုနနှစ်လုံးမျှ ပိုက်ဆံကိုမဖြုန်းတီးနိုင်ကြဘူး။
ဒါက သင့်တော်လို့လား?
ဒီလိုမျိုး ဂဏန်းခုနှစ်လုံးတန်ကြေးရှိတဲ့ ရင်ထိုးကို မျက်တောင်မခတ်ပဲဝယ်ခဲ့တာက သူ့အစ်ကိုရဲ့မွေးနေ့လက်ဆောင်အဖြစ် စပရိုက်လုပ်မလို့လား?
ရုန်ဝေ့ရှန်နဲ့ သူ့ရဲ့ဇနီးသည်ယင်းလန်တို့က မူလတုန်းက ဧည့်သည်တွေကိုကြိုဆိုဖို့အတွက် ခြံဝန်းနားမှာရှိနေခဲ့ကြတာ။ သူတို့ရဲ့သားငယ်လေးက ကျိုးယွီအတွက် သူ့အစ်ကိုကြီးနဲ့ တိုက်ခိုက်လုနီးပါးဖြစ်နေတာကို ကြားခဲ့ရတာကြောင့် ဧည့်သည်တွေကို အလျှင်အမြန်ပြောပြီး ခန်းမထဲကိုဝင်လာခဲ့ကြတယ်။
ထိုညီအစ်ကိုနှစ်ယောက်က လက်ချင်းချိတ်ပြီး လိုက်လျောညီထွေနိုင်စွာ အောက်ထပ်ကိုပြန်ဆင်းလာတာကိုတွေ့လိုက်ရတော့ သူတို့အနည်းငယ်အံ့သြသွားကြတယ်။
ဒါပေမဲ့ စိတ်သက်သာရာရစွာနဲ့သက်ပြင်းချလိုက်ကြပြန်တယ်။
မစ်ရုန်က သူတို့ရဲ့ရှေ့ကနေ လက်ဝှေ့ယမ်းပြလိုက်တယ်။
"မင်းတို့ညီအစ်ကိုတွေ အချိန်ကိုက်ရောက်လာကြတာပဲ.. လာပြီး ကိတ်အတူခွဲလိုက်ကြတော့"
ရုန်ရုန် သူတို့ကို အပြုံးလေးနဲ့ကြည့်နေတဲ့ မစ်ရုန်ကိုကြည့်လိုက်တယ်။
သူ ရုန်ကျန်းရဲ့လက်မောင်းကို ပြန်လွှတ်ပေးလိုက်ပြီ။
ပြီးနောက် အရှေ့ကိုအမြန်ပြေးဝင်သွားကာ မစ်ရုန်ကို ပွေ့ဖက်လိုက်တယ်။
"မား....."
သူ သူ့အမေကိုလည်း ဒီမှာတွေ့ရတာပဲ။ သူ့အမေက သူ့ကိုခွင့်လွှတ်လိုက်ပြီလို့ ဆိုလိုတာများလား?
မစ်ရုန်က သူမရဲ့သားငယ်ဆီမှာ ရုတ်တရက်ပွေ့ဖက်ခံလိုက်ရတာကြောင့် ကြောင်အမ်းသွားတယ်။ သူမက သဘာဝကျကျပဲ ဂရုတစိုက်ပြန်ဖက်ပေးလိုက်ပြီး သားကြီးဖြစ်သူကို မေးမြန်းလိုစွာကြည့်လိုက်တယ်။
သို့ပေမဲ့ သူမရဲ့အမွှေးလုံးလေးကိုဝမ်းနည်းအောင်လုပ်လိုက်တာလားလို့ မေးခါနီးလျှာကိုတော့ အသာလေးပြန်ထိန်းလိုက်ရတယ်။
ရုန်ကျန်းက ခေါင်းကိုညင်သာစွာခါယမ်းပြကာ နောက်မှပြောမဲ့အကြောင်းကို အချက်ပြနေခဲ့တယ်လေ။
မစ်ရုန် သူမသားကြီးရဲ့မျက်ဝန်းထဲမှအဓိပ္ပါယ်ကိုနားလည်လိုက်တယ်။
"ဒီကလေးကတော့.. ဒီလောက်ကြီးနေတာတောင် မားဆီမှာ အလိုလိုက်ခံရတဲ့ကလေးလေးလိုလုပ်နေတုန်းပဲ"
မစ်ရုန်က ဒီပွေ့ဖက်မှုကို အမှန်တကယ်အံ့သြသင့်ပြီး နူးညံ့သွားစေရတယ်။
သိတဲ့အတိုင်း သူမရဲ့သားငယ်က သူမဆီကို အရင်မလာတာ အရမ်းကိုကြာမြင့်ခဲ့ပြီလေ။ အခုလို လူတွေရှေ့မှာ ပွေ့ဖက်မှုမျိုးကိုတော့ ထားလိုက်တော့။
ဒါပေမဲ့ ရုန်ရုန်ရဲ့ရုတ်တရက်ပွေ့ဖက်လာမှုကို သူမရဲ့ မြင့်မားတဲ့စိတ်ခံစားချက်ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထိန်းထားနိုင်တုန်းပဲ။
သူမက စကားတစ်ခွန်းထဲနဲ့ သူမရဲ့သားငယ်လေးအပေါ် မိခင်တစ်ယောက်ရဲ့အချစ်ကိုဖော်ပြခဲ့ရုံမကပဲ ရုန်ရုန်ရဲ့သာမန်နဲ့မတူတဲ့အပြုအမူအတွက် ပရိသတ်တွေဆီကိုပါ ဖြေရှင်းချက် ပေးခဲ့တယ်။
ဧည့်သည်တွေကတော့ ရုတ်တရက်ရယ်မောလာကြလေရဲ့။
ဝမ်ဟွေ့ဋ္ဌာနချုပ်ဥက္ကဋ္ဌရဲ့ဇနီးသည် မစ်ဝမ်က မနာလိုဖြစ်စွာပြောလာတယ်။
"မစ်ရုန်က ကံကောင်းလိုက်တာ.. ဒုတိယသားက အရွယ်ရောက်ပေမဲ့ ရှင့်ကိုကပ်နေတုန်းပဲ.. ကျွန်မတို့မိသားစုက ကလေးလို တစ်နေကုန်ပြေးလွှားနေပြီး တစ်ခါတစ်လေမှစကားတစ်ခွန်းလောက်ပြောရတဲ့ သူနဲ့မတူဘူး.. သူက ကျွန်မကိုတောင် စိတ်အနှောင့်အယှက်ပေးတယ်လို့ထင်နေသေးတာ"
မစ်ရုန် ပြုံးလိုက်တယ်။
"မဟုတ်တာ.. ကံကောင်းလို့ ရုန်ရုန်လေးက သူ့အစ်ကိုနဲ့မတူခဲ့တာလေ"
ရုန်ကျန်းရဲ့မျက်လုံးတွေက ကူကယ်ရာမဲ့မှုတွေကို ပြသလာတယ်။
"မား ဒီနေ့က ကျွန်တော့်ရဲ့မွေးနေ့လေ.. မားရဲ့သားအတွက် မျက်နှာလေးနည်းနည်းလောက်ချန်ထားပေးပါဦး"
ရုန်မားမားပြုံးလိုက်တယ်။
"ကောင်းပြီကောင်းပြီ.. ဒီနေ့က မင်းရဲ့မွေးနေ့ပဲ.. မား မင်းဆီကနေ နေရာမလုသင့်ဘူး"
လူတိုင်းက အမေနဲ့သားကြားမှ စကားဝိုင်းကြောင့် ရယ်မောလာကြတယ်။
သားဖြစ်သူရဲ့လက်မောင်းကို တစ်ဖက်က ကိုင်ဆွဲရင်း မစ်ရုန်က သူမရဲ့ခင်ပွန်းသည်ဘက်ကို လှည့်ကြည့်ကာ ပြောလိုက်တယ်။
"သွားရအောင် ဝေ့ရှန် ကိတ်မုန့်ခွဲရမဲ့အချိန်ကိုရောက်ပြီ"
ရုန်ရုန်က သူ့အမေ သူ့ရဲ့လက်မောင်းကိုကိုင်ထားတာကို ခွင့်ပြုပေးထားတယ်။
မဟုတ်သေးဘူး။ အိပ်မက်ထဲမှာဆိုရင်တောင်.. သူ့အနေနဲ့ သူ့အမေက သူ့ရဲ့လက်မောင်းကို ကိုင်ထားပြီး သူ့အဖေက ဘေးနားမှာ ပြုံးရယ်ရင်း ရပ်နေတာကို ထည့်မမက်ရဲဘူးလေ။
သူတို့တွေ ကိတ်မုန့်ကြီးရှိတဲ့နေရာကို ရောက်လာကြတယ်။
သူ့အမေက သူ့ရဲ့လက်ကိုတစ်ဖက်က ကိုင်ပြီး ရုန်ကျန်းရဲ့လက်ကိုတစ်ဖက်ကကိုင်ကာ ငါးလွှာကိတ်ကိုဖြတ်တောက်လိုက်တယ်။ အတိတ်ဘဝတုန်းကတော့ သူ ရုန်ကျန်းရဲ့မွေးနေ့မှာ ဝင်ရှုပ်လိုက်တာကြောင့် ဧည့်ခံကျွေးမွေးဖို့ကို ဘယ်သူမှဂရုမစိုက်နိုင်ပဲ အဆုံးသတ်သွားခဲ့တယ်။
ရုန်ကျန်းက ကိတ်မုန်ရဲ့ ပထမနဲ့ ဒုတိယအပိုင်းကို သူ့မိဘတွေဆီ ပေးလိုက်ပြီး တတိယတစ်ခုကို ရုန်ရုန်ကိုလှမ်းပေးလာတယ်။
ရုန်ရုန် ကိတ်မုန့်ကို လှမ်းယူလိုက်ရင်း ရုတ်တရက်ဆိုသလို ပေါက်ထွက်လုမတတ်မူးဝေလာခဲ့တယ်။
ရုန်ရုန် တွေးလိုက်မိတယ်။
နောက်ဆုံးတော့ အချိန်ကျလာခဲ့ပြီပဲ။
ငရဲပြည်က သူ့အတွက် ညှာတာထောက်ထားပေးခဲ့တယ်။
အခုလိုမျိုး ကောင်းမွန်လွန်းလှတဲ့ အိပ်မက်တစ်ခုကို ဖန်တီးပေးခဲ့တာပဲ။
"ပါ့_"
ရုန်ရုန်ရဲ့လက်ထဲမှ ကိတ်မုန့်လေးက အောက်ကိုပြုတ်ကျသွားခဲ့ပြီ။
"ဘာလဲ!"
ဧည့်သည်တွေထဲမှတစ်ယောက်က အော်ဟစ်လာတယ်။
ရုန်ကျန်းက ရုန်ရုန်နဲ့အနီးဆုံးရှိနေခဲ့တာကြောင့် တည့်မတ်စွာမရပ်နိုင်တော့တဲ့ ရုန်ရုန်ကို လှမ်းဖမ်းလိုက်တယ်။
"အမွှေးလုံးလေး!"
"အမွှေးလုံးလေး!"
"မား လူနာတင်ကား ခေါ်ပေး!"
ရုန်ကျန်းက ရုန်ရုန်ကို အလျားလိုက်ပွေ့ချီလိုက်ပြီး သူ့ရဲ့အမေကို လူနာတင်ကားအမြန်ခေါ်ပေးဖို့ အော်ပြောလိုက်တယ်။
ရုန်ဝေ့ရှန်ကတော့ ဧည်သည်တွေကိုတောင်းပန်စကားဆိုပြီး အိမ်အကူတွေနဲ့အလုပ်သမားတွေကို ဧည့်သည်တွေကိုပြန်ပို့ဖို့ ပြောလိုက်တယ်။
အနီးပတ်ဝန်းကျင်မှ ဆူညံသံတွေကိုကြားနေရပြီး ရုန်ရုန်ရဲ့မျက်လုံးတွေက တော့ အနက်ရောင်ကိုသာ တွေ့မြင်နေရတယ်။
သူ့ရဲ့မျက်ခွံတွေက အလွန်အမင်း လေးလံလွန်းတယ်။
သူ တကယ့်တကယ်ကို မျက်လုံးကိုဖွင့်ပြီး သူ့ရဲ့မိဘတွေနဲ့ ရုန်ကျန်းကို ကြည့်ချင်မိတယ်။
အဆုံးမှာတော့ သူက ရုန်ကျန်းရဲ့မွေးနေ့ကို ထပ်ပြီးဖျက်စီးလိုက်မိပြန်ပြီပဲ။
သူ နည်းနည်းလောက် ပိုပြီး ထိန်းထားခဲ့သင့်တာ။
ရုန်ရုန် ရုန်ကျန်းရဲ့ လက်မောင်းကို တင်းကြပ်စွာပွေ့ဖက်ပြီး သူ့ရဲ့နှုတ်ခမ်းတွေက လှုပ်ရှားလာခဲ့တယ်။
စကားတစ်ကြောင်းမျှသာဖြစ်ပြီး ရုန်ကျန်း ရှင်းလင်းစွာကြားလိုက်ရတယ်။ သူ့ရဲ့မွေးနေ့ကို ဖျက်စီးလိုက်မိလို့ တောင်းပန်ပါတယ်တဲ့။
ရုန်ကျန်း အလျှင်အမြန်လျှောက်ရင်းနဲ့ မျက်မှောင်ကြုတ်လိုက်မိတယ်။
"မတုံးအစမ်းပါနဲ့.. အခုစကားမပြောနဲ့ဦး.. ငါမင်းကို ဆိုဖာပေါ်မှာ အနားယူလို့ရအောင်ခေါ်သွားမယ်"
ဆိုဖာဆီကိုရောက်တော့ ရုန်ကျန်း ရုန်ရုန်ကိုတင်ပေးလိုက်တယ်။
ရုန်ရုန် သူ့အစ်ကိုရဲ့လက်မောင်းကိုဆုတ်ကိုင်ရင်း ထွက်သွားဖို့ ငြင်းဆန်နေခဲ့တယ်။
"ကောကော...."
အသံက အရမ်းကိုတိုးလွန်းနေတာကြောင့် သူ့ရှေ့မှာထိုင်နေတဲ့ ရုန်ကျန်းက သေသေချာချာမကြားရဘူး။
ရုန်ကျန်းက ရုန်ရုန်ကို စကားဆက်မပြောဖို့တားဆီးနေပေမဲ့ ရုန်ရုန်က ခေါင်းမာစွာနဲ့ အစ်ကိုဖြစ်သူကို စကားတွေပြောနေတုန်းပဲ
ရုန်ကျန်း ကူကယ်ရာမဲ့နေရတယ်။
သူ ခေါင်းကို ငုံ့ချလိုက်ပြီး သူ့ရဲ့နားကို ရုန်ရုန်ရဲ့နှုတ်ခမ်းဆီတိုးကပ်လိုက်တယ်
ဒီတစ်ခါတော့ ရုန်ကျန်း ရှင်းရှင်းလင်းလင်းကြားရပြီ__
"ကောကော ကျွန်တော် ထွက်မသွားချင်ဘူး"
သူ သူ့ရဲ့မိဘတွေနဲ့ မခွဲနိုင်ဘူး။ သူ့ရဲ့အစ်ကိုနဲ့လည်း မခွဲနိုင်ဘူး။
ကောကောတို့ရှိနေတဲ့ ကမ္ဘာပေါ်ကနေ ကျွန်တော်ထွက်မသွားချင်ဘူး။