(6) ကောတို့ ရုန်ရုန်ရဲ့အပြုံးက အလှဆုံးပဲ
"ကောကော အဲဒါကို အနံ့ရလား"
ရုန်ရုန်က ခေါင်းကိုပျော်ရွှင်စွာလှည့်ရင်း စိတ်လှုပ်ရှားစွာပြောလာတယ်။
ရုန်ကျန်းရဲ့မျက်နှာက တည်ငြိမ်နေတယ်။
" ဘာကိုအနံ့ရရမှာလဲ"
ရုန်ရုန်ရဲ့နှာခေါင်းတွေက လေထဲကိုတရှုံ့ရှုံ့အနံ့ခံနေပြီး သူ့ရဲ့မျက်လုံးတွေက တောက်ပနေတယ်။
"ကောကော အနံ့မရဘူးလား? လိမ္မော်နဲ့ ဇီဇဝါနံ့လေ! အောက်ဘက်ခြံထဲက ပရုတ်နံ့လည်းရတယ်.. နှင်းဆီပန်းနဲ့ မြေကြီးရဲ့အနံ့တွေကလည်း ရောနေသေးတယ်.. မြက်တွေနဲ့ သစ်ပင်တွေကို နေရောင်ခြည်နဲ့ထိတွေ့ထားတဲ့အနံ့တွေရောပဲ! ဒါက နွေရာသီရဲ့ နတ်ဘုရားမက ပန်းသရဖူကိုဆောင်းထားပြီး အပူပိုင်းဒေသရဲ့ မိုးသစ်တောထဲမှာ ခြေဗလာနဲ့လမ်းလျှောက်နေသလိုပဲ.. တောက်ပပြီး မွှေးပျံ့သလို တက်ကြွပြီး ဆွဲဆောင်မှုလည်းရှိတယ်"
ထိုအခါမှ ရုန်ကျန်းစိတ်သက်သာရာရသွားတယ်။ သူ အခုလေးတင် ညီဖြစ်သူရဲ့အပြုအမူကို အထင်လွဲသွားခဲ့တာ။
အမွှေးလုံးလေးက ကလေးဘဝကတည်းက အနံ့ခံအာရုံထက်မြတ်လွန်းတယ်။ သူက မွှေးရနံ့နဲ့ပတ်သက်ပြီး ကောင်းချီးရထားတဲ့သူပဲ။
အခုလေးတင် အမွှေးလုံးလေးရဲ့ ကိုယ်က အပြင်ဘက်ကို တစ်ဝက်လောက်ထွက်နေတာက သူက လေထုထဲက ရနံ့တွေကို ခွဲခြမ်းကြည့်နေခဲ့တာပဲဖြစ်လိမ့်မယ်။
လေညှင်းလေးက တိုက်ခတ်လာတာကြောင့် ပန်းရနံ့တွေက လေထုထဲမှာ ပြည့်နေခဲ့တယ်။
ဒါပေမဲ့ ရုန်ကျန်းကတော့ ခပ်ဖျော့ဖျော့အနံ၊ အနံ့မွှေးတာနဲ့ အနံ့ပြင်းတာကလွဲရင် ပိုပြီးမခွဲခြားနိုင်ဘူး။
သူက များပြားလှစွာသော စုပေါင်းနေတဲ့ အနံ့တွေကို မခွဲခြမ်းနိုင်သလို ရုန်ရုန်လိုမျိုး အချိန်တိုလေးအတွင်း တိတိကျကျမဖော်ထုတ်နိုင်ဘူး။
"မင်းရဲ့ကိုယ်ကို အပြင်သို့မထုတ်ထားနဲ့ ..မလုံခြုံဘူး"
ရုန်ရုန် ခေါင်းညိတ်လိုက်တယ်။
"နားလည်ပါပြီ ကောကော"
ရုန်ကျန်း ရုန်ရုန်ကိုစိုက်ကြည့်လိုက်တယ်။
ဒီတစ်ခေါက်ဆေးရုံတက်ရတဲ့အချိန်ကတည်းက သူ့ရဲ့ညီလေးက အရင်တုန်းကထက် အများကြီးနာခံလာခဲ့တယ်။
မနက်ပိုင်းတုန်းက ရုန်ကျန်းက အိမ်မှ အလုပ်သမားတွေကို အဝတ်အစားတွေနဲ့ သန့်ရှင်းရေးအသုံးအဆောင်တွေပြန်သယ်ဖို့ အမိန့်ပေးခဲ့တယ်။
ဒီတော့ သူတို့အနေနဲ့ တကူးတကသယ်စရာမကျန်တော့ဘဲ လူကိုပဲ ခေါ်သွားဖို့ လိုအပ်တော့တယ်။
"ပြန်ရအောင်.. ဆေးရုံကဆင်းဖို့ အကုန်လုပ်ပြီးသွားပြီ"
"အမ်"
***
ဆေးရုံပေါ်မှာ ရက်အတော်နေခဲ့ရပြီးနောက် ရုန်ရုန်ပထမဆုံးအနေနဲ့ ဆေးရုံအပြင်ဘက်ကို ထွက်လာနိုင်ခဲ့ပြီ။
လေထုထဲမှ လိမ္မော်နဲ့ ပရုတ်နံ့က ပိုပိုပြီးပြင်းထန်လာတယ်။
ရုန်ရုန်လေထုထဲမှအနံ့ကို မက်မောစွာနဲ့ အသက်ပြင်းပြင်းရှူလိုက်မိတယ်၊
ဒါက ဘဝသစ်ရဲ့ရနံ့များလား?
ရုန်ကျန်းရဲ့လက်ထောက် လျို့ရှင်းက ကားထဲမှာ အချိန်အကြာကြီးစောင့်နေခဲ့တာ။ ညီအစ်ကိုနှစ်ယောက်ထွက်လာတာကို နောက်ကြည့်မှန်မှ မြင်လိုက်ရတော့ လျို့ရှင်းက ကားပေါ်မှ အလျှင်အမြန်ဆင်းကာ သူတို့အတွက် ကားတံခါးဖွင့်ပေးလိုက်တယ်။
အတိတ်ဘဝတုန်းက ရုန်ရုန် ရုန်မိသားစုထဲမှ ထွက်ခွာလာချိန်မှာ ရုန်မိသားစုဝင်တစ်ယောက်ကိုမှ ထပ်မတွေ့ရတော့ဘူး။ နောက်ပြီး လျို့ရှင်းကိုလည်း သဘာဝကျစွာနဲ့ ထပ်မတွေ့ခဲ့ရတော့ဘူး။
သူ့ရဲ့အတွေးထဲမှာတော့ လျို့ရှင်းက သူ့ကိုအတုတစ်ယောက်မှန်းသိသွားချိန်မှာတောင် ယဥ်ကျေးစွာနဲ့ တွေးတောပေးပြီးဆက်ဆံပေးခဲ့တဲ့ လူအနည်းငယ်ထဲကတစ်ယောက်ပဲ။
"ကျေးဇူးတင်ပါတယ် လျို့ကော"
ရုန်ရုန် လျို့ရှင်းကို ခပ်တိုးတိုးကျေးဇူးတင်စကားဆိုကာ ကားထဲကိုဝင်လိုက်တယ်။
လျို့ရှင်းရဲ့မျက်လုံးထဲမှာတော့ အံ့သြထိတ်လန့်မှုတွေပြည့်သွားရတယ်။
ဘယ်ငရဲလဲ!
နေက အနောက်ဘက်ကထွက်လာတာလား?
ရုန်မိသားစုရဲ့ ဒုတိယသားလို လူတိုင်းကို အထက်စီးကနေ ကြည့်တတ်တဲ့သူက တခြားလူကို ကျေးဇူးတင်စကားပြောနိုင်တယ်ပေါ့?
ကြည့်ရတာ အခု သူ့ကို လျို့ကောလို့ခေါ်သွားသလိုပဲနော်?
ဘုရားရေ!
ဒုတိယသခင်လေးက သူ့ကိုစိတ်ဝင်စားသွားပြီး သူ့ရဲ့အစ်ကိုဆီကနေ တူးထုတ်ချင်နေတာများလား?
ရုန်ရုန်ကတော့ သူ့ရဲ့ ကျေးဇူးတင်စကားက အစ်ကိုကြီးဖြစ်သူရဲ့ညာလက်ရုန်းကို ညီအစ်ကိုတွေ အာဏာနဲ့ရာထူးအတွက် တိုက်ခိုက်နေတာကိုမြင်ယောင်ပြီး သူ့ကိုယ်သူယုံကြည်ချက်မြင့်သွားစေတာကို မသိလိုက်ဘူး။
ရုန်ရုန် ဘေးဘက်အစွန်ကိုဝင်ထိုင်လိုက်ပြီး သူ့အစ်ကိုကားထဲဝင်ဖို့ နေရာဖယ်ပေးလိုက်တယ်။
ကျေးဇူးတင်စကားက မကျယ်ပေမဲ့ သူ့ရဲ့အရှေ့နဲ့အနောက်ကလူတွေကတော့ ကောင်းစွာကြားနိုင်သေးတယ်။
တစ်ချိန်တည်းမှာ ရုန်ကျန်းက ရုန်ရုန်ရဲ့သိမ်မွေ့တဲ့လှုပ်ရှားမှုကိုလည်း တွေ့မြင်ခဲ့တယ်။
ရုန်ကျန်းရဲ့အမြဲတမ်းလေးနက်တည်ကြည်နေတတ်တဲ့မျက်နှာက ပျော့ပြောင်းသွားခဲ့တယ်။
သူ ရုန်ရုန်ကို ဆေးရုံမှာ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့တာကို မှတ်မိနေတုန်းပဲ။
ဘာကြောင့်လဲဆိုတာမသိပေမဲ့ သူ့ရဲ့မျက်နှာတစ်ခုလုံးက ငိုရှိုက်နေရင်းနဲ့ ပိုပိုပြီးနီရဲလာတယ်။
နို့တိုက်တယ်၊ ချော့မြူတယ်၊ ဒိုက်ဘာလဲတယ်။ အကြောင်းပြချက်အမျိုးမျိုး နည်းလမ်းအမျိုးမျိုးကြောင့် ပင်ပန်းသွားပြီးတာတောင် အငိုမရပ်တာကြောင့် မိဘတွေ၊ ကလေးထိန်းနဲ့ လူတိုင်းကိုကူကယ်ရာမဲ့စေခဲ့တယ်။
သူ ဂရုတစိုက်နဲ့ ထိုကလေးလေးကို ပွေ့ချီဖို့ကြိုးစားခဲ့တယ်။
အလွန်သေးငယ်ပြီး သနားစရာကောင်းလောက်အောင် ငိုကြွေးနေခဲ့တဲ့ပေါက်စီလုံးလေးက သူ့ရဲ့လက်မောင်းထဲကိုရောက်ရှိလာတဲ့အချိန်မှာပဲ အငိုတိတ်သွားခဲ့တယ်။
သေးငယ်တဲ့လက်လေးတွေက လက်သီးသေးသေးလေးအဖြစ်ဆုတ်ထားပြီး စိုစွတ်နေတဲ့ မျက်တောင်မွှေးတွေကို တဖြတ်ဖြတ်ခတ်ကာ ငိုကြွေးထားခဲ့ရတာကြောင့် မကြာခင်မှာပဲအိပ်ပျော်သွားခဲ့တယ်။
ဘယ်အချိန်ကတည်းကလဲ?
ထို ပေါက်စီလုံးလေးက လမ်းလျှောက်တတ်တဲ့အချိန်မှာပဲ သူ့ရဲ့နောက်ကို ခေါင်းမာမာနဲ့လိုက်ခဲ့ပြီး သူ ကျောင်းသွားဖို့အတွက် သူ့ကိုချန်ထားဖို့ကြိုးစားချိန်မှာ သူ့ရဲ့ပေါင်ကိုပွေ့ဖက်ကာ ငိုရင်း လက်လွှတ်ပေးဖို့ ငြင်းဆိုခဲ့တယ်။
"ကျွန်တော် အကြံပေးချင်တာက ခင်ဗျားနဲ့ ခင်ဗျားရဲ့မိသားစုဝင်တွေ ဒုတိယသခင်လေးကိုဂရုစိုက်ပေးပြီး သူ့ကိုသံသယမဖြစ်စေပဲ အတူရှိနေပေးကြဖို့ပါ.. ဒါဆို သူ့အနေနဲ့ ခင်ဗျားနဲ့ ခင်ဗျားတို့မိသားစုဝင်တွေ သူ့ကိုခွင့်လွှတ်ပေးထားတာကို နားလည်သွားလိမ့်မယ်.. ဒါဆို သူလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်တော့ဘဲ ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတာကိုလည်း ရပ်တန့်သွားလိမ့်မယ်"
ရုန်ရုန်ကိုကုသပေးခဲ့တဲ့ ဒေါက်တာကွေ့ရဲ့စကားတွေကို ပြန်တွေးမိတော့ ရုန်ကျန်းရဲ့အမူအယာက နက်မှောင်လာခဲ့တယ်။
သူနဲ့ သူ့ရဲ့မိဘတွေက ကိုယ်ပိုင်အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့ကြတဲ့အတွက် သူ့ရဲ့ညီငယ်လေးအပေါ် သေချာဂရုမစိုက်ပေးခဲ့မိတာပဲလို့ ရုန်ကျန်းတွေးနေခဲ့တယ်။
အနာဂတ်မှာ သူရဲ့မိဘတွေကို ညီငယ်လေးနဲ့ အတူပိုပြီး အချိန်ကုန်ပေးဖို့ ပိုပြီးကောင်းကောင်းဆက်ဆံပေးဖို့ အကြံပေးရမယ်။ ဒါပေါ့။ သူကိုယ်တိုင်လည်း ဒီလိုမျိုးလုပ်မှာပဲ။
သူ့ရဲ့ညီငယ်လေးက မနှစ်မြို့စရာကောင်းနေတာမှ မဟုတ်ပဲ။
***
အနက်ရောင် Bentlyကားက အဆင့်မြင့်ဗီလာအဆောက်အအုံဝန်းအတွင်း ဖြည်းညှင်းစွာဝင်သွားခဲ့တယ်။
ကြီးမားတဲ့အနောက်တိုင်းစတိုင် အဆောက်အအုံကြီးက ရုန်ရုန်ရဲ့အကြည့်ထဲကိုဝင်ရောက်လာတယ်။
သူ ဒီဗီလာကြီးမှာ ကြီးပြင်းလာခဲ့တယ်။ လေ့လာသင့်ယူခဲ့တယ်။ အမွှေးနံ့သာတွေကို ကျွမ်းကျင်အောင်လုပ်ခဲ့တယ်။တစ်ရက်မှာ သူ့ဘာသာသူ ရေမွှေးဖန်တီးနိုင်ဖို့ ကြိုးစားပြီး သူတကယ်ပဲ သူ့ရဲ့ရေမွှေးကိုဖော်စပ်ခဲ့တယ်....
ဒီအိမ်ကြီးက သူ့ရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေ အားလုံးပါဝင်ခဲ့တဲ့ နေရာပဲ။
နောက်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။
တစ်စုံတစ်ယောက်က သူ့ရဲ့ပျော်ရွှင်မှုတွေအားလုံးက ခိုးယူထားတာလို့ပြောခဲ့တယ်။သူက တခြားသော ဖြူစင်ရိုးသားတဲ့ကောင်လေးရဲ့ လှပတဲ့ဘဝကို ခိုးခဲ့တဲ့ အရှက်မရှိတဲ့သူခိုးတစ်ယောက် တဲ့။
ရုန်ရုန်ရဲ့လက်တွေက သတိလက်လွတ်နဲ့ သူ့ရဲ့ပေါင်အတွင်းပိုင်းကို လိမ်ဆွဲနေမိတယ်။
ဒါက သူရဲ့အမှားမှမဟုတ်တာ။ သူလည်း မွေးကတည်းက မှားယွင်းခံလိုက်ရတဲ့သူပဲလေ!
ဘာလို့လဲ? အဆုံးသတ်မှာ လူတိုင်းက သူ့ကိုပဲ ဘာကြောင့်အပြစ်တင်ခဲ့ကြတာလဲ ? !
ရုန်မိသားစုက သူ့ကိုကန်ထုတ်ခဲ့တယ်။ လူတိုင်းက သူ့ရဲ့နောက်ကွယ်မှာ မကောင်းပြောခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်၂၀အတွင်း သူ့ရဲ့ကံကောင်းမှုတွေကိုအပြစ်တင်ခဲ့ကြတယ်။ နောက်ပြီး သူတို့တွေက သူထံမှာ အခိုးယူခံလိုက်ရတဲ့ လူငယ်လေးအတွက် အဆုံးမရှိတဲ့ ဂရုဏာတွေကိုဖော်ပြတဲ့ လေသံမျိုးတွေနဲ့လေ။
သူ့ရဲ့မိဘအရင်းတွေကတော့...
သူ့ရဲ့အဖေရင်းက ညလည်တွေမှာ အမြဲတမ်းသက်ပြင်းချလေ့ရှိကာ အမေရင်းဖြစ်သူကတော့ သူ့ရဲ့ရှေ့မှာပဲ သူမဆီကို ရှောင်ရီကိုပြန်ခေါ်လာပေးဖို့ အကြိမ်ပေါင်းများစွာ ငိုယိုရင်းပြောခဲ့တယ်။
သူမက ရှောင်ရီကိုပဲလိုချင်ခဲ့တယ်။
သူ့ရဲ့တည်ရှိနေမှုက ပိုပိုပြီးလျှော့ချခံလာရတယ်။
ရုန်ရုန် ဒီနေရာကို တစ်ကြိမ်ထက်ပိုပြီး တက္ကစီနဲ့ လာခဲ့ဖူးတယ်။
ထို ခရီးတစ်လျှောက်စာ တက္ကစီဖိုးက သူတစ်ပတ်သာအသက်ရှင်သန်နိုင်ဖို့လုံလောက်တဲ့ပိုက်ဆံပမာဏပဲ။
သူ ထိုပိုက်ဆံအတွက် နောင်တ မရခဲ့ပါဘူး။
သူ့အမေရဲ့ မွေးနေ့မှာတော့။
ထိုအချိန်မှာ သူက ရုန်မိသားစုရဲ့ ဒုတိယသားမဟုတ်တော့ဘူး။
စိမ်းသက်တဲ့ ယဥ်တွေက ခြံဝန်းထဲကို ဝင်ဖို့ ခွင့်ပြုချက်မရခဲ့ဘူး။
ဒီတော့ တက္ကစီကလည်း မဝင်ရောက်နိုင်ခဲ့ဘူး။
ကံကောင်းထောက်မစွာနဲ့ ဗီလာရဲ့လုံခြုံရေးစနစ်ထဲမှာ သူ့ရဲ့မျက်နှာကို မပယ်ဖျက်ရသေးတဲ့ပုံပဲ။ သူ နောက်ဆုံးတော့ ခြံဝန်းထဲကို အောင်မြင်စွာဝင်ရောက်နိုင်ခဲ့တယ်။
သူ တစ်ခါတုန်းက ဖော်စပ်နိုင်ခဲ့တဲ့အမျိုးသမီးသုံးရေမွှေးပုလင်းလေးကို အိမ်ရှေ့တံခါးရှေ့မှာ ချထားပေးခဲ့တယ်။
အဆုံးသတ်မှာ ထိုရေမွှေးပုလင်းလေးက သူ့အမေရဲ့လက်ထဲကို အောင်အောင်မြင်မြင်ရောက်သွားမလားဆိုတာကို သူမသိဘူး။
ဒါမှမဟုတ် သူကိုယ်တိုင်လိုမျိုး အမှိုက်တစ်ခုလို လွှင့်ပစ်ခံလိုက်ရမလားဆိုတာ။
***❤
"မစ်စတာရုန် ကျွန်တော်တို့ရောက်ပါပြီ"
"အမ်"
လမ်းတစ်လျောက်မှာ ရုန်ကျန်းက လုပ်စရာတစ်ခုပေါ်လာပြီး စီးပွားရေးကိစ္စတွေကို ဖြေရှင်းနေခဲ့တယ်။
သူ့လက်ထောက်ရဲ့သတိပေးသံကိုကြားမှ ရုန်ကျန်း အလုပ်ကို ပြန်ပိတ်လိုက်တယ်။
ရုန်ကျန်းရဲ့မျက်လုံးတွေက ရုန်ရုန်ရဲ့လက်တွေ သူ့ရဲ့ပေါင်အတွင်းသားတွေကို လိမ်ဆွဲထားတဲ့အပေါ်မှာ အားစိုက်ထုတ်မှုကြောင့် ဖြူရော်နေသည်အထိ ဖြစ်နေတာကို အမှတ်တမဲ့နဲ့ ရိပ်ခနဲမြင်လိုက်ရတယ်။
ရုန်ကျန်းရဲ့နှလုံးသားက ချက်ချင်းပဲနစ်မြှပ်သွားရလေတယ်။
သူ့ရဲ့ညီငယ်လေးက အိမ်ကိုရောက်လာတဲ့အချိန်မှာ ကျိုးယွီနဲ့ပတ်သက်ပြီး မိဘတွေနဲ့စကားများခဲ့တာကို ပြန်တွေးမိနေတာကြောင့် ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်ထပ်လုပ်နေပြန်တာလား?
ရုန်ကျန်းရဲ့အသံက မကြားနိုင်လောက်အောင်တိုးနေတယ်။
"အိမ်ကိုရောက်ပြီ"
အိမ်..
သူ့မှာ အိမ်ရှိနေသေးတာလား?
မိဘတွေနဲ့ အစ်ကိုဆီကနေ သူ အနှေးနဲ့အမြန် ပြန်ထွက်သွားရမှာပဲ။
"အမ်"
ရုန်ရုန် သူ့မျက်မှာကိုလှည့်လိုက်ပြီး ကားပေါ်မှာအကြာကြီးထိုင်ခဲ့ရလို့ ပင်ပန်းနေတဲ့ ပုခုံးနဲ့ လက်မောင်းတွေကို ပြန်ဆန့်လိုက်ကာ နှုတ်ခမ်းတွေကို ကွေးညွတ်လိုက်တယ်။
"ကောင်းလိုက်တာ! နောက်ဆုံးတော့ ကျွန်တော် အိမ်ကိုပြန်ရောက်ပြီ!"
ရုန်ကျန်းရဲ့မျက်လုံးတွေက နက်မှောင်သွားခဲ့တယ်။
ဘယ်အချိန်ကတည်းက သူ့ရဲ့ညီငယ်လေးက အပြုံးတစ်ခုအတွက် ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ်ဖိအားပေးနေခဲ့ရတာလဲ?
***
ရုန်ဝေ့ရှန်နဲ့ ယင်းလန်တို့က အလုပ်တွေအကုန် တွန်းဖယ်ကာ အိမ်မှာစောင့်နေခဲ့ကြတယ်။
မစ်ရုန်က အိမ်မှာရှိနေတဲ့အစေခံတွေကို ရုန်ရုန်ရဲ့အိမ်ယာနဲ့ စောင်တွေကို လဲလှယ်ထားဖို့ ခိုင်းခဲ့တယ်။
ရုန်ရုန်ရဲ့စောင်က အရင်တစ်ပတ်ကမှ လဲထားတာဖြစ်ပေမဲ့လို့ပေါ့။
မစ်ရုန်က ဘရန်းအသစ်တွေက လူတွေရဲ့ကံဆိုးမှုတွေကိုဖယ်ပေးတယ်လို့ ယုံကြည်တယ်။
ခြံထဲမှ ကားအင်ဂျင်သံထွက်ပေါ်လာတယ်။
"ရုန်ရုန်ပြန်လာပြီ ! "
အသီးပန်းကန်ပြင်ဆင်နေတဲ့ မစ်ရုန်က ထရပ်လာပြီး ပျော်ရွှင်စွာနဲ့ ဝင်ပေါက်ဆီကိုသွားကြိုခဲ့တယ်။
ရုန်ကျန်း အိမ်တံခါးကိုဖွင့်ကာ ညီအစ်ကိုနှစ်ယောက်အိမ်ထဲကို ရှေ့ဆင့်နောက်ဆင့်ဝင်ခဲ့ကြတယ်။
မစ်ရုန်က ညီအစ်ကိုနှစ်ယောက်အတွက် အိမ်စီးဖိနပ်တွေယူပေးလိုက်တယ်
ရုန်ရုန် အိမ်ထဲကိုဝင်လာတော့ မစ်ရုန်က သူ့ကို နွေးထွေးစွာပွေ့ဖက်ပေးလာတယ်။ရုန်ရုန်ကသူ့ရဲ့လက်မောင်းတွေနဲ့ မစ်ရုန်ရဲ့ခါးကိုပြန်ဖက်လိုက်ပြီး သူ့ရဲ့မျက်ဝန်းထဲမှ မျက်ရည်တွေကို မျက်တောင်ခတ်ပြီးထိန်းလိုက်ကာ ခပ်တိုးတိုးပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် မား"
ရုန်ဝေ့ရှန် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နေကြတဲ့ အမေနဲ့သားကို ကူကယ်ရာမဲ့စွာကြည့်ရင်း ပြောလိုက်တယ်။
" အရင်ဝင်ခဲ့လေ ထိုင်ပြီးမှ ပြောလည်း နောက်မကျသေးပါဘူး"
"ရုန်အာက နောက်ဆုံးတော့ အိမ်ကိုပြန်လာနိုင်ပြီလေ .. ကျွန်မပျော်နေလို့"
ရုန်မားမားက သူမရဲ့မျက်နှာကိုပြန်လှည့်ရင်း ရုန်ရုန်ရဲ့လက်ကိုကိုင်လိုက်တယ်။
"ရုန်ရုန် မား အန်တီဝူကို မင်းကြိုက်တတ်တဲ့ ကြက်သွန်ဖြူပုဇွန်ကင်၊ ခရမ်းသီးနှပ် ၊ ကြက်ပေါင်ကြော်နဲ့ အရိုးစွပ်ပြုတ်လုပ်ထားတယ်.. အိုး ဟုတ်သားပဲ မား လိုက်ချီးသီးနဲ့ ပိန္နဲသီးလည်းလုပ်ထားသေးတယ်.. အန်တီဝူလုပ်နေတာ အသင့်ဖြစ်နေလောက်ပြီ.. မင်းနဲ့ မင်းအစ်ကိုတို့ ဧည့်ခန်းထဲမှာ အသီးစားရင်း ခဏစောင့်နေလိုက်နော်.. မား မီးဖိုထဲကိုသွားကြည့်လိုက်ဦးမယ် အာ"
သူ့ရဲ့အိပ်မက်ထဲမှာ သူ့အမေ သူ့ကိုကျောခိုင်းပြီးထွက်သွားတာကို ရုန်ရုန် မရေမတွက်နိုင်လောက်အောင် မြင်တွေ့ခဲ့ရတယ်။
သူ့ရဲ့ဦးနှောက်မတုံ့ပြန်နိုင်ခင်မှာ ရုန်ရုန် မစ်ရုန်ရဲ့လက်ကို လှမ်းဆွဲထားလိုက်မိတယ်။
"ရုန်ရုန် ဘာဖြစ်လို့လဲ"
ရုန်ရုန် ချက်ချင်းပဲသတိဝင်လာတယ်။
သူ ပြုံးရင်းနဲ့ ပြောလိုက်တယ်။
"ကျွန်တော် မားလုပ်ကျွေးတဲ့ ဝက်နံရိုးချိုချဥ်ကို အကြိုက်ဆုံးပဲ"
သူမရဲ့သားငယ်လေးက သူမချက်တဲ့ ဝက်နံရိုးချိုချဥ်ကိုစားချင်နေကြောင်း သိလိုက်ရတော့ မစ်ရုန် ပိုပြီး စိတ်တက်ကြွသွားတယ်။
"အိုခေ.. မား မင်းအတွက် ချက်ပေးမယ်"
ရုန်ဝေ့ရှန်နဲ့ ရုန်ကျန်းတို့ရဲ့မျက်နှာက တချိန်ထဲပဲ စိတ်ဆင်းရဲတဲ့အရိပ်အယောင်တွေပေါ်လာတယ်။
မစ်ရုန်ကတော့ ပျော်ရွှင်စွာနဲ့ မီးဖိုထဲကိုဝင်သွားခဲ့ပြီ။
ရုန်ဝေ့ရှန်ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး အချိန်အတော်ကြာမှ တိုးတိတ်စွာပြောလာတယ်။
"ဒုတိယလေး.. တကယ်လို့ မင်းက မင်းရဲ့အမေကို ပျော်ရွှင်စေချင်တယ်ဆိုရင်တောင် ငါနဲ့ လောင်တာ့ကိုတော့ ဒီအမှုထဲကိုဆွဲမထည့်သင့်ဘူးလေ"
ရုန်ရုန်: "... တောင်းပန်ပါတယ် ပါး.. ကောကော ကျွန်တော်တောင်းပန်ပါတယ်"
သူက သူ့အမေချက်ကျွေးတာကို တကယ်စားချင်ခဲ့တာပါ။
ဒါပေမယ့် သူ့အဖေ၊ သူ့အစ်ကိုနဲ့ အရင်တုန်းက သူကိုယ်တိုင်တို့က သူ့အမေချက်ပြုတ်တိုင်းမှာ အချက်ပေးခေါင်းလောင်းသံတွေ အရင်ပေါ်ထွက်လာတတ်တာကို သူမေ့သွားတယ်။
"ဘာကိုတောင်းပန်နေတာလဲ? မင်းက မင်းအမေကို သိတတ်ပေးတာလေ.. မင်းအမေကို ပျော်စေချင်လို့မလား"
သူ့ရဲ့သားငယ်ကို နှစ်သိမ့်ပေးပြီးနောက် သားကြီးဆီကိုလှည့်ကာပြောရပြန်တယ်။
"လောင်တာ့ အိမ်မှာ အစာအိမ်ဆေးတွေရှိသေးလား"
ရုန်ကျန်း:" အင်း.. ကျွန်တော်သွားယူပေးမယ်"
ရုန်ဝေ့ရှန် ပြောလိုက်တယ်။
"တစ်ပုလင်းလုံးယူလာခဲ့နော် ကြိုပြီးစားထားတာက အလုပ်မဖြစ်ရင် စားပြီးတဲ့အချိန်မှာလည်း ထပ်စားရမယ်"
ရုန်ရုန်:....
ရုန်ကျန်းက ဆေးသွားယူခဲ့တယ်။
သူက ဆေးတွေကို တစ်ယောက်စာစီထုတ်ပေးလာတယ်။
ရုန်ရုန်က လိုက်ချီးသီးစားနေတုန်းပဲ။ သူက လိုက်ချီးစေ့ကိုထွေးထုတ်ရင်း ပြောလိုက်တယ်။
"ကျွန်တော် မလိုဘူးမလား"
သူ ဆင်းရဲနေတဲ့အချိန်တုန်းက ဘာဆေးမှ မစားခဲ့ဘူးလေ?
သူက ဝက်နံရိုးချိုချဥ်ကိုစားရုံနဲ့ ဘာမှမဖြစ်နိုင်ပါဘူး။
ရုန်ဝေ့ရှန် လေးလေးနက်နက်ပြောလိုက်တယ်။
"မဟုတ်ဘူး .. မင်းက ခုမှ ဆေးရုံကဆင်းလာတာ.. နောက်တစ်ခါပြန်သွားရအောင်မလုပ်နဲ့.. လောင်တာ့ မင်းညီလေးကို တစ်လုံးပိုတိုက်လိုက်!"
ရုန်ရုန်:...
***
မကြာခင်မှာပဲ ညစာစားဖို့ လှမ်းခေါ်လာတယ်။
ရုန်ရုန်ကတော့ သူ့အမေက ဝက်နံရိုးချိုချဥ်ပန်းကန်နဲ့ထွက်လာတဲ့အချိန်မှာ သူ့အဖေရဲ့လက်ထဲမှ လိုက်ချီးသီးက တုန်ယင်နေတာကို ရှင်းလင်းစွာမြင်တွေ့လိုက်တယ်။
ရုန်ရုန် ရယ်ချင်သွားရတယ်။ ရုန်ကျန်းရဲ့မျက်နှာပေါ်မှ သူ့အဖေလိုမျိုး ကံဆိုးမိုးမှောင်ကျနေသလိုအမူအယာကို မြင်တွေ့ရချိန်မှာတော့ သူမထိန်းနိုင်တော့ဘဲ အော်ရယ်မိသွားရတော့တယ်။
ရုန်ကျန်း သူ့ကိုစိုက်ကြည့်လာတာကြောင့် ရုန်ရုန်ရဲ့မျက်နှာပေါ်မှာ ထိခိုက်နစ်နာသလို အပြုံးလေးတည်ရှိနေတုန်းပဲ။
အရင်တုန်းက ရုန်ရုန်ဆိုရင် ရုန်ကျန်းကို သေချာပေါက်မျက်နှာချင်းမဆိုင်ရဲဘူး။
သူ့ရဲ့ အရင်ဘဝတုန်းက သူက သူ့အစ်ကိုကို ကြောက်လန့်ခဲ့တယ်။
သူတို့နှစ်ယောက်ကြားမှာ အသက်ကွာဟချက်ကြီးမားပြီး သူ့အစ်ကိုက ကိုယ်ပိုင်ကုမ္ပဏီရဲ့ CEOဖြစ်လာချိန်မှာ ပိုပိုပြီး အင်အားကြီးလာခဲ့ကာ ရုန်ရုန်က သူ့ရဲ့အစ်ကိုရှေ့မှာ စိတ်ကြီးဝင်ဖို့ ပိုမို
ကြောက်လန့်လာခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့ ဦးနှောက်ထဲကို ရောက်ရှိလာတဲ့ မူရင်းနိုဗယ်ထဲမှ အချက်အလက်တွေမှာတော့ စာအုပ်ထဲက ရုန်ကျန်းရဲ့ကာရိုတာက ဒီလိုမျိုးပဲ။ အေးစက်ပြီး စကားများများမပြောတတ်ဘူး။ ဒါပေမဲ့ တကယ်တမ်းမှာ သူက သူ့မိသားစုကိုချစ်မြတ်နိုးပြီး သူ့ညီလေးကိုလည်း ဂရုစိုက်တယ်။
သူ အအေးမိပြီး ဖျားနာတဲ့အချိန်တိုင်း သူအိပ်ပျော်နေချိန်မှာ ရုန်ကျန်းက ဝင်လာပြီးကြည့်လေ့ရှိတယ်။
သူကတော့ အတိတ်ဘဝတုန်းက ကိစ္စတွေအများကြီးလုပ်ခဲ့ပြီး သူ့အစ်ကိုရဲ့နှလုံးသားကို နာကျင်စေခဲ့တယ်။
နေရောင်ချည်က အိမ်ထဲကိုဝင်ရောက်လာပြီး လူငယ်လေးရဲ့ သန့်စင်ဖျော့တော့တဲ့မျက်နှာပေါ်ကို ထိုးဖြာကျလာကာ လူငယ်လေးရဲ့အပြုံးကို သန့်ရှင်းတောက်ပစေခဲ့တယ်။
သူ့ရဲ့ညီငယ်လေး .. သူက ဒီလိုမျိုးပဲ ဖြစ်နေသင့်တာ။
နေရောင်ခြည်လိုမျိုး တောက်ပပြီး ဝံ့ကြွားနေရမယ်။
သူ့မိသားစုက အာရုံစိုက်ပေးဖို့နဲ့ သူ့ရဲ့ညီငယ်လေး ကိုယ့်ကိုယ်ကိုယ့်နှိပ်စက်နေခြင်းမှ ကူညီပေးရမယ်ဆိုတဲ့ ဒေါက်တာကွမ်းရဲ့ စကားကို သူပြန်တွေးမိတယ်။
ရုန်ကျန်း သူ့ရဲ့လက်ကိုတုံ့ဆိုင်းစွာမြှောက်ကာ တောင့်တင်းနေတဲ့အပြုအမူတွေနဲ့ ညီငယ်လေးရဲ့ခေါင်းကို ပွတ်ပေးလိုက်တယ်။
" များများပြုံး.. မင်းက ပြုံးနေတဲ့အချိန်မှာ အကောင်းဆုံးပဲ"
***