[ညဥ့်နက်စကားဝိုင်း]
ရှန်ရှီး သုသာန်မှပြန်လာသောအခါ သူ့စိတ်အခြေအနေမကောင်းပေ။
ဟိုတယ်ဆီသို့ တစ်ယောက်တည်း ပြန်မသွားချင်သောကြောင့် ဆည်းဆာအောက်တွင် ကျုံးကျင်း၏စည်ကားနေသော ကုန်သွယ်ရေးလမ်းမပေါ်မှာ လမ်းလျှောက်နေလိုက်သည်။ ဤအချိန်မျိုးတွင် ရှန်ရှီးမနေနိုင်ဘဲ အတိတ်ကသူငယ်ချင်းများကိုသတိရမိ၏။ လူတွေကိုမဟုတ်ဘဲ အဖော်ရှိခြင်းကိုသတိရခြင်းဖြစ်သည်။
ညတာက ကျုံးကျင်းကို တဖြည်းဖြည်း ဖုံးလွှမ်းလာချိန်၌ ရှန်ရှီးသည် မထင်မရှားဘားတစ်ခုကို အမှတ်မထင်ရှာတွေ့ သွားကာ ထောင့်တစ်နေရာတွင်ထိုင်ပြီး တိတ်ဆိတ်စွာ တစ်ယောက်တည်း စပြီးသောက်ခဲ့၏။
သူ ဘယ်လောက်တောင် သောက်မိလဲဆိုတာ မမှတ်မိတော့သည့်အချိန်၌
စားပွဲထိုးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဖန်ခွက်ကို သူ့လက်ထဲမှ လုယူသွားပြီး သူ့ကိုသဘောမတူသလို ကြည့်လာလေသည်။
“ဧည့်သည် သောက်တာအရမ်းများနေပြီ.. ထပ်မသောက်သင့်တော့ဘူး”
ရှန်ရှီးသည် ယခုအချိန်တွင် မူးဝေနေပြီဖြစ်ပြီး သူ၏ အာရုံကြောစွမ်းအင်များကသာ သူ့ကို မပြိုလဲအောင် ထိန်းထားနိုင်သည်။ တစ်ဖက်လူဘာပြောနေလည်း သူနားမလည်ချေ။ စားပွဲထိုးလက်ထဲမှ ဝိုင်ဖန်ခွက်ကို ကြည့်ပြီး ရှန်ရှီး လုယူဖို့ပြင်လိုက်ပေမဲ့ တစ်ဖက်လူက တားဆီးလာသည်။
“ဧည့်သည် ဘယ်မှာနေတာလဲ.. ကျွန်တော် တက္ကစီခေါ်ပေးမယ်”
စားပွဲထိုးက အများကြီးထပ်ပြောပုံရပေမဲ့ မူးဝေနေသောရှန်ရှီးသည် “ဘယ်မှာနေတာလဲ” ဆိုသည်ကိုသာ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ထိုလူကကြင်နာပုံရသည်ကို ခံစားမိတော့ အားတင်းကာမော့ကြည့်လိုက်၏။
အမြင်မှားပြီး ဖန်းလော့ဝေကို မြင်ရသည်ဟု သူတွေးမိကာ မနေနိုင်ဘဲပြောလိုက်သည်။
“ဖန်းလော့ဝေ မင်းဒီမှာရှိနေတာလား”
စကားအဆုံး၌ ရှန်ရှီးသည် သတိလွတ်သွားပြီး သူ့ခန္ဓာကိုယ်သည် ဆိုဖာပေါ်တွင် တအိအိပြိုကျသွား၏။ စားပွဲထိုး၏ အံ့ဩသွားသောမျက်နှာ ကိုမမြင်လိုက်ရသလို တီးတိုးရေရွတ်ခြင်းကိုလည်း မကြားလိုက်ရပေ။
“ထူးဆန်းလိုက်တာ.. ငါ့နာမည်က ဖန်းလော့ဝေမှန်း ဘယ်လိုသိတာပါလိမ့် ”
ဖန်းလော့ဝေသည် အရက်မူးနေသောလူကို သေချာကြည့်လိုက်သည်။ အလင်းမှိန်မှိန်အောက်၌ အမျိုးသားသည် အသက်၂၀လောက်သာရှိသေးကာ အင်မတန်ချောမောသည်။ ဝိုင်ကြောင့်လားမသိ။ အမျိုးသား၏မျက်နှာဟာ အနီရောင်သမ်းနေပြီး မျက်ခုံးများကလည်း တင်းကြပ်စွာကြုတ်လို့နေသည်။ စိတ်အခြေအနေမကောင်းတာကို မြင်ရနိုင်ပေ၏။
ထိုလူကို စက္ကန့်ဝက်လောက်ကြည့်ပြီးသောအခါ ဖန်းလော့ဝေ သူ့မှတ်ဉာဏ်ထဲတွင် ထိုလူနှင့်ကြုံဖူးတာမျိုး ရှာလို့မရဘဲ သံသယများကို သူ့ဘာသာသူသိမ်းထားလိုက်ရသည်။
တစ်ဖက်လူမှာ အမူးလွန်နေတာကို မြင်တော့ ဖန်းလော့ဝေ မတတ်နိုင်ဘဲ အမျိုးသားနှင့်ပတ်သက်တာ တစ်ခုခုရှာရန် သို့မဟုတ် အနည်းဆုံး အိမ်ခေါ်သွားပေးနိုင်မည့်သူရှာတွေ့ရန် အမျိုးသား၏ပိုက်ဆံအိတ်နှင့် ဖုန်းကိုယူရန် ကိုယ်ကိုကိုင်းလိုက်သည်။
“မင်းဘာလုပ်နေတာလဲ”
အသံနိမ့်တစ်ခုက သူ့နောက်မှထွက်ပေါ်လာ၏။
ဖန်းလော့ဝေ ရုတ်တရက်လန့်သွားကာ လှည့်ကြည့်လိုက်မိသည်။
ဧည့်သည်များဖြစ်ကြသော ယောကျာ်း၊မိန်းမအများအပြားက သူ့နောက်တွင်ရပ်နေသည်။ မေးခွန်းမေးသူသည် ရှေ့ဆုံးတွင်ရပ်နေသည့် အရပ်ရှည်ပြီးပိန်ပါးသော အမျိုးသားတစ်ယောက်ဖြစ်ကာ သူ့ကို အေးစက်ပြီးစစ်ဆေးနေသောမျက်နှာဖြင့် ကြည့်နေ၏။
ဖန်းလော့ဝေ မျက်တောင်ခတ်ပြီးရှင်းပြလိုက်သည်။
“ဒီဧည့်သည်ကမူးနေပြီ.. သူ့ကိုအိမ်ပြန်ပို့လို့ရအောင် တစ်ခုခုရှာလို့ရမလား ရှာကြည့်နေတာ”
ဖန်းလော့ဝေ၏ သဘောထားက အတော်ရိုးသားတာကြောင့်လားမသိ၊ အမျိုးသားနှင့်အမျိုးသမီးတွေက သူ့စကားကို အလွယ်တကူ ယုံကြည်သွားကြသည်။
မေးခွန်းမေးသောလူကမူ ရှေ့ကိုတိုးလာပြီး အရက်မူးနေသောသူကို ရှုပ်ထွေးသည့်အကြည့်နှင့်ကြည့်ကာ ကိုယ်ကိုငုံ့ပြီး ဂရုတစိုက်ပွေ့ချီလာသည်။
ဖန်းလော့ဝေအလိုလိုမေးလိုက်မိ၏။
“ခင်ဗျား ဒီဧည့်သည်ကိုသိတာလား”
အရပ်ရှည်ရှည်မျိုးသားက ခေါင်းညိတ်ပြီးနောက် ခေါင်းလှည့်ကာ သူ့အဖော်တွေကိုကြည့်လာသည်။
“သူ့ကို ပြန်ပို့ပေးလိုက်ဦးမယ်.. မင်းတို့ဘာသာပျော်ပါးကြ”
သူ့အဖော်များက စိတ်ပျက်သောမျက်နှာများ ဖြစ်သွားကြကာ သူတို့ထဲမှတစ်ယောက်ဖြစ်သော လူကောင်သေးသေးမိန်းကလေးက အမြန်မေးလာသည်။
“နင်ပြန်လာမှာလား မင်ရွှမ်း”
မင်ရွှမ်းဆိုသောအမျိုးသားက ခေါင်းရမ်းလိုက်သည်။
“ပြန်မလာဘူး.. ငါ ညနေမှာအိမ်ကိုအမြန်ပြန်ရမယ်”
မိန်းကလေး၏မျက်နှာထက်က စိတ်ပျက်သွားပုံက သိသာပေမဲ့ လီမင်ရွှမ်းကတော့ လုံးဝမမြင်ပုံရကာ ရှန်ရှီးကိုသယ်ပြီး ဘားမှထွက်သွားတော့သည်။
ဖန်းလော့ဝေသည် အရက်မူးနေသော ဧည့်သည်ကို သယ်သွားသောအမျိုးသားကို မယုံကြည်နိုင်စွာကြည့်နေရာမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး နောက်မှပြေးလိုက် လိုက်သည်။
“ခဏနေပါဦး.. ကျွန်တော့်ဆီမှာ ပိုက်ဆံအိတ်ရှိနေသေးတယ်”
လီမင်ရွှမ်းက ရှန်ရှီးကို ဘားကနေ သယ်ထုတ်လာခဲ့လိုက်သည်။ ညလေညင်းတိုက်သည်နှင့်တပြိုင်နက် ရှန်းရှီက အေးစိမ့်စိမ့်ခံစားလိုက်ရကာ အနီးဆုံးအပူရသောဆီကို အလိုလို တိုးလိုက်မိသည်။
လီမင်ရွှမ်းသည် သူ့လက်မောင်းထဲသို့ အတင်းတိုးဝင်နေသော ရှန်ရှီးကိုကြည့်ကာ ကူကယ်ရာမဲ့စွာနှင့် လက်မောင်းများကို တင်းကြပ်ကာ ရင်ဘတ်နှင့် ပိုပြီးနီးကပ်အောင်ပွေ့ထားလိုက်၏။
ရှန်ရှီးကို ဂရုတစိုက်နှင့် ဘေးထိုင်ခုံမှာချလိုက်ပြီးနောက် လီမင်ရွှမ်းသည် ကားထဲဝင်ကာ ရှန်ရှီး၏ကားခါးပတ်ကို သေချာတပ်ပေးရန် ကိုင်းလိုက်သည်။
ကားမောင်းထွက်တော့မည့်အချိန်မှာပင် ဖန်းလော့ဝေက မှီသွားသည်။
“ခဏနေပါဦး.. ကျွန်တော့်ဆီမှာ သူ့ဖုန်းနဲ့ ပိုက်ဆံအိတ်ရှိနေသေးတယ်”
လီမင်ရွှမ်းသည် ပြေးလာသောလူငယ်ကိုကြည့်ပြီး ယဉ်ကျေးစွာနှင့် ကျေးဇူးစကားဆိုလိုက်သည်။
“ကျေးဇူးပဲ”
ဖန်းလော့ဝေက အပြုံးနှင့်လက်ခါပြကာ ရှန်ရှီးကိုစိုးရိမ်သောအကြည့်နှင့်ကြည့်၏။
“ဒီဧည့်သည် ခုညသောက်တာများလွန်းတယ်.. ပြန်ပို့ရင် ပိုပြီးသက်တောင့်သက်သာရှိသွားအောင် ပျားရည်နဲ့ရေရောပြီးတိုက်သင့်တယ်”
လီမင်ရွှမ်းသည် သူမှတ်ထားကြောင်း ပြောသည့်အနေနှင့် ခေါင်းညိတ်လိုက်ပြီး ဟိုတယ်ရှိရာဘက်သို့ မောင်းခဲ့လိုက်တော့သည်။
အရက်မူးနေသောရှန်ရှီးသည် အလွန်တိတ်ဆိတ်နေပြီး အခြားအရက်မူးသောသူတွေလို ဆူညံတာမျိုးမရှိဘဲ လမ်းတလျှောက်လုံးအိပ်လာ၏။
လီမင်ရွမ်း စိတ်အေးပြီးသက်ပြင်းချလိုက်သည်။ ဒါကကောင်း၏။
သည်နေ့ သူက သူနှင့်အတူ နိုင်ငံခြားမှာ ပညာသင်ဖူးသော အတန်းဖော်အချို့နှင့် ညစာစားဖို့ စီစဉ်ထားခဲ့တာဖြစ်သည်။
ဘယ်လိုဖြစ်သည်မသိ အတန်းဖော်တစ်ယောက်က ဒီမှာကောင်းသည့် ဘားရှိသည်ဟု ပြောလာ၏။ စောသေးသည်ဟုတွေးပြီး လီမင်ရွှမ်းက သူတို့နောက်ကိုလိုက်လာခြင်းဖြစ်ကာ ရှန်ရှီးကို ထိုနေရာမှာတွေ့ရန် မျှော်လင့်မထားပေ။
လမ်းဘေးဘားတစ်ခုမှာ တစ်ယောက်တည်း မူးနေသော ရှန်ရှီးကို ကြည့်ပြီး လီမင်ရွှမ်း၏ ရင်ထဲမှာ စာနာမှုနှင့် သနားမှုလိုမျိုး ခံစားမှုတစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ သည်နေ့ ဆေးရုံမှာ ဦးလေးဖြစ်သူ၏ အေးစက်စက်စကားတွေကို ရင်ဆိုင်ရင်း တည်ငြိမ်နေဖို့ ကြိုးစားနေသည့် ရှန်ရှီးကို မြင်ခဲ့ရသော ခံစားချက်နှင့် တူတူပင်။
လီမင်ရွှမ်းသက်ပြင်းချပြီး ရှန်ရှီးကိုဘေးတိုက်ကြည့်လိုက်သည်။ ည၏နီယွန်မီးရောင်များက ကားပြတင်းပေါက်မှာတဆင့် သက်တန့်ရောင်ပုံစံဖြင့် ရှန်ရှီး၏မျက်နှာကိုအရောင်ခြယ်နေသည်။ ရှန်ရှီးသည် အလင်းရောင်များ၏သက်ရောက်မှုကြောင့် အိပ်နေရင်း အငြိမ်မနေနိုင်ဘဲ အလင်းရောင်ကိုရှောင်ရန် ကိုယ်ကို ဟိုဘက်ဒီဘက်ရွေ့နေ၏။
လီမင်ရွှမ်း ကားကိုလမ်းဘေးတွင်အမြန်ရပ်ကာ သူ့အနွေးထည်ကိုချွတ်ပြီး ရှန်ရှီး၏မျက်နှာပေါ်အုပ်ပေးလိုက်သည်။ ရှန်ရှီးက တွန့်လိမ်နေခြင်းကိုရပ်ကာ ငြိမ်းချမ်းစွာအိပ်ပျော်သွားလေသည်။
နှစ်ယောက်သား ဟိုတယ်ကိုရောက်ချိန်၌ လီမင်ရွှမ်းသည် ရှန်ရှီး၏ပိုက်ဆံအိတ်ထဲမှာ အခန်းကတ်ကိုယူကာ ဘေးမှလူတွေ၏အကြည့်များကို လျစ်လျူရှုပြီး ရှန်ရှီးကိုအခန်းဆီထိ သယ်လာခဲ့လိုက်၏။
ရှန်ရှီးကို အိပ်ရာပေါ်ဂရုတစိုက်ထားပြီး အနွေးထည်ချွတ်ပေးပြီးနောက် လီမင်ရွှမ်းသည် သူ့ကိုစောင်ဖြင့်အုပ်ပေးပြီး ထွက်ရန်လုပ်စဉ် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိပြီး ဧည့်ခန်းဘက်သို့လှည့်လိုက်သည်။
မိနစ်အနည်းငယ်ကြာသောအခါ လီမင်ရွှမ်းသည် ပျားရည်နှင့်ရောထားသောရေကို သယ်လာပြီး ပြန်ရောက်လာသည်။ ရှန်ရှီးကိုမပြီး လီမင်ရွှမ်းပျားရည်ရောထားသောရေကို ရှန်ရှီးပါးစပ်အနားသို့ ဂရုတစိုက်သယ်လာ၏။ ရှန်ရှီးသည် ရေငတ်နေသောကြောင့်ဖြစ်မည် ပျားရည်ရောထားသောရေကို တစ်ခါတည်းနှင့်မော့ချကာ မျက်စိမှိတ်ပြီး ပြန်အိပ်ပျော်သွားလေသည်။
လက်လျော့လိုက်သောအပြုံးနှင့် လီမင်ရွှမ်းနောက်တစ်ခွက်ဖျော်ကာ အိပ်ရာရှေ့တွင်ထားခဲ့ပြီး ရှန်ရှီးကိုနောက်ဆုံးတစ်ခါကြည့်ပြီးနောက် မီးမှိတ်ပြီးထွက်လာခဲ့၏။ သူ့နောက်တွင်မူ ရှန်ရှီးသည် ဘာကိုမှမသိဘဲအိပ်ပျော်နေခဲ့လေသည်။
ထိုအချိန်တွင် မနက်အစောပိုင်းနာရီရောက်နေပြီဖြစ်၏။ လီမင်ရွှမ်းသည် အနွေးထည်ကိုလက်ထဲတွင်သယ်ကာ အနောက်ဖက်ပိုင်း ဆိတ်ငြိမ်ရပ်ကွက်တွင်ရှိသော သူ့အိမ်ဆီသို့ တန်းမောင်းသွားလိုက်သည်။
သူအံ့အားသင့်သွားရသည်က အိပ်ရာစောစောဝင်လေ့ရှိသော သူ့မိခင်သည် မနားသေးဘဲ ဧည့်ခန်းတွင် တီဗီကြည့်ရင်း တစ်ယောက်တည်းထိုင်နေတာ သူပြန်အလာကိုစောင့်နေဟန်ရတာကိုပင်။
“အမေ”
လီမင်ရွှမ်း အံ့ဩပြီးပြောလိုက်သည်။
ရှန်ပိရွှယ်က သူ့ကိုညင်သာစွာပြုံးကြည့်ပြီး ထရပ်သည်။
“သား ဗိုက်ဆာနေလား.. မီးဖိုခန်းထဲမှာ ဆန်ပြုတ်ရှိတယ်”
လီမင်ရွှမ်း သူမကိုတားမလို့လုပ်ပေမဲ့ ရှန်ပိရွှယ်က ရုတ်တရက်သူ့ကိုကြည့်လာ၏။
“သား သောက်ခဲ့တာလား”
လီမင်ရွှမ်း အမြန်ရှင်းပြလိုက်သည်။
“ကျွန်တော်ဗိုက်မဆာပါဘူး.. နောက်ပြီးမသောက်ခဲ့ဘူး.. ဘားမှာမူးနေတဲ့ရှန်ရှီးကိုတွေ့လို့ သူ့ကိုဟိုတယ်ပြန်ပို့တာ သူ့ဆီကအနံ့စွဲလာတာ”
“ရှန်ရှီး” ဆိုသောစကားလုံးက ရှန်ပိရွှယ်၏အာရုံစိုက်မှုကိုရရှိသွားကာ လီမင်ရွှမ်းနှင့်အတူထိုင်လိုက်ပြီး သက်ပြင်းချသည်။
“ရှန်ရှီးကလည်း သနားစရာကောင်းတဲ့ကလေးပဲ”
သူ့မိခင်၏ဘေးတွင်ထိုင်ရင်း လီမင်ရွမ်း ပြေရာပြေကြောင်းပြောလိုက်၏။
“ရှန်ရှီးကလူကြီးဖြစ်နေပြီ.. တရုတ်ကိုပြန်လာပြီးတော့ အရင်ကထက်ပိုပြီး အသိဉာဏ်ရှိလာတယ်ထင်တယ်.. အမေ စိတ်ပူစရာမလိုပါဘူး”
ရှန်ပိရွှယ်က ခါးသီးသောအပြုံးနှင့်ခေါင်းရမ်းသည်။
“ရှန်ရှီးကိုဒီနှစ်တွေမှာ အာရုံမစိုက်ပဲနေလာတာ စိတ်ပူတယ်လို့ ဘယ်ပြောထွက်ရဲပါ့မလဲကွယ်။ ဒီအတိုင်းပါပဲ အမေကအသက်ကြီးလာတော့ သူ့အကြောင်းတွေးမိရင် ရှန်မိသားစုက သူ့အပေါ်တကယ်မှားတယ်လို့ခံစားမိတယ်”
မိခင်ဖြစ်သူဟာ အခုတလော သတင်းများတွင်ဖော်ပြသော ဆောင်းပါးများအကြောင်းကိုတွေးနေတာမှန်း လီမင်ရွှမ်းသိသောကြောင့် ပြောလိုက်၏။
“အဘိုးက ရှန်ရှီးအတွက် ဘဝတစ်သက်လုံး ဝတ်နိုင်စားနိုင်အောင် အမွေတွေအများကြီးချန်ခဲ့တာပဲလေ.. အမေ အများကြီးသိပ်မတွေးပါနဲ့”
ရှန်ပိရွှယ်က ခါးသီးစွာနှင့်ပြုံးသည်။
“ပိုက်ဆံရှိရုံနဲ့လုံလောက်လား”
လီမင်ရွှမ်းက ဘာမှမပြောပေ။ ရှန်ပိရွှယ်က သက်ပြင်းချပြီး ဖြည်းညှင်းစွာပြောသည်။
“ရှန်ရှီးကစရိုက်ဆိုးတယ်၊ စားဖို့သောက်ဖို့ပျော်ပါးဖို့ပဲသိတဲ့ ပညာအရည်အချင်းနဲ့ဘာစွမ်းရည်မှမရှိတဲ့ ကောက်ရိုးအိတ်လို့ အားလုံးကပြောကြတယ်.. ဒါပေမဲ့ သူဘာလို့ဒီလိုကြီးပြင်းလာသလဲဆိုတာ သားနားလည်ရမယ်.. ရှန်မိသားစုရဲ့အကွက်ချမှုကြောင့်မဟုတ်ရင်၊ အမေတို့သာ ဥပေက္ခာမပြုခဲ့ရင် သူဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာမှာတဲ့လဲ”
ရှန်ပိရွှယ်က လီမင်ရွှမ်းကိုကြည့်၏။
“ရှန်ရှီးမွေးကာစက ပုံစံလေးကို အမေအခုထိမှတ်မိနေသေးတယ်.. ဘောလုံးပေါက်စလေးလိုပဲ.. တခါတလေတွေးကြည့်မိရင် သားဦးလေးကသာ ရှန်ကျိနဲ့ရှန်ချိန်ကို ဘက်မလိုက်ခဲ့ရင်၊ ရှန်မိသားစုကို ဖန်းယွင်ရဲ့သားတွေလက်ထဲမှာသာ ထားချင်ခဲ့တာ မဟုတ်ဘူးဆိုရင် ရှန်ရှီးကို ဒီလောက်အထိသည်းခံနေမှာမဟုတ်ဘူး”
“နောက်ပြီး ရှန်ရှီးကသာ ဟန်မိသားစုရဲ့မြေးမဟုတ်ခဲ့ရင် ရှန်ရှီးအရွယ်ရောက်လာချိန်အကြံအစည်တွေရှိလာမှာကို သားအဘိုးကစိုးရိမ်ပြီး ရှန်ရှီးကို သုံးစားမရတဲ့လူဖြစ်အောင် ပျိုးထောင်ချင်တဲ့ သားဦးလေးရဲ့သဘောထားကိုလိုက်လျောခဲ့မှာမဟုတ်ဘူး”
“ ပြီးတော့ တကယ်လို့ ဟန်ရို့နဲ့သားဦးလေးသာ ပိုကောင်းတဲ့ဆက်ဆံရေးရှိခဲ့ရင် သားအဖဆက်ဆံရေးအတွက်နဲ့ သားဦးလေးက ရှန်ရှီးကိုဂရုစိုက်မှာပဲ.. ဒါမှမဟုတ် အမေသာ သားဦးလေးနဲ့အဘိုးရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီး ရှန်ရှီးကို ပိုပြီးဂရုစိုက်ပေးခဲ့ရင် မတူညီတဲ့လူတစ်ယောက်အဖြစ် ကြီးပြင်းလာမှာ.. စာလုပ်ရတာကိုကြိုက်ပြီး စာတော်နိုင်တယ်.. အဲ့လိုမဟုတ်သလို ကြီးပြင်းလာတာလည်းဖြစ်နိုင်ပေမဲ့ အနည်းဆုံးတော့ ဟိုတယ်မှာတစ်ယောက်တည်းနေပြီး ဘယ်သူမှဂရုမစိုက်ဘဲ ဘားမှာတစ်ယောက်တည်းမူးနေရမှာမဟုတ်ဘူး.. သူအဲ့လိုလုပ်ရဲလားလို့ ရှန်ချိန်ကိုမေးကြည့်.. သားဦးလေးမပြောနဲ့ ရှန်ကျိကတောင် သူ့ခြေထောက်တွေကိုရိုက်ချိုးမှာ”
လီမင်ရွှမ်းသည် သူ့မိခင်၏စကားများကို တိတ်ဆိတ်စွာနားထောင်နေ၏။ ထိုအချိန်တွင် သူဘာပြောသင့်လဲမသိချေ။ သူ့မိခင်အတွက် သူပြန်ဖြေရန်လည်း မလိုပါ။ သူမက စကားပြောစရာတစ်စုံတစ်ယောက်လိုအပ်ခြင်းသာဖြစ်သည်။
“အမေ့နှလုံးသားထဲမှာ ဒီစကားတွေကိုသိမ်းထားတာ အရမ်းကြာပြီ”
ရှန်ပိရွှယ်က လီမင်ရွှမ်းကို တောင်းပန်သလိုပြုံးပြ၏။
“သားအဘိုးကွယ်လွန်သွားကတည်းက ဘယ်သူ့ကိုပြောရမလဲမသိခဲ့ဘူး.. သားဦးလေးကလည်း မပြောချင်သလို အမေကလည်း သားအဖေကိုဘာမှမပြောချင်ဘူး.. နောက်ဆုံး ဒီနေ့သားနဲ့ကြုံလို့ ပြောဖြစ်တာ”
လီမင်ရွှမ်းက ညင်သာစွာပြုံးပြီး သူ့မိခင်၏လက်ကိုကိုင်လိုက်သည်။
“အမေ ပြောရတာကိုစိတ်မပူပါနဲ့.. ကျွန်တော်နားထောင်နေပါတယ်”
ရှန်ပိရွှယ်က ခါးသီးစွာနှင့်ထပ်ပြုံး၏။
“သားအဘိုးမဆုံးခင်က နောင်တတွေရခဲ့တယ်.. အဲ့ဒီတုန်းက သားဦးလေးနဲ့ ဟန်ရို့လက်ထပ်တာကို သူသဘောမတူခဲ့သင့်ဘူး.. ဒါဆို ဟန်ရို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့သေရမှာမဟုတ်သလို ဟန်မိသားစုမှာလည်း အဖြစ်ဆိုးတွေအများကြီး ဖြစ်မှာမဟုတ်ဘူး”
လီမင်ရွှမ်းက လေသံပျော့ဖြင့်ပြောသည်။
“ရှင်ခြင်း၊သေခြင်းကို ကံကြမ္မာကဆုံးဖြတ်တာ… အဘိုးနဲ့မဆိုင်ပါဘူး”
ရှန်ပိရွှယ်က ခေါင်းရမ်း၏။
“သားနားမလည်ပါဘူး.. သားအဘိုးနဲ့ အဘိုးဟန်က ဆယ်စုနှစ်တွေကြာအောင် သူငယ်ချင်းဖြစ်ခဲ့ကြတာ.. သူတကယ်နောင်တရခဲ့တယ်”
ပြောရင်း ရှန်ပိရွှယ်က သက်ပြင်းမောအရှည်ကြီးချလိုက်သည်။
“သားဦးလေးကတော့ အမေလည်း တကယ်နားမလည်နိုင်ပါဘူး.. သူ့နှလုံးသားထဲမှာ ဖန်းယွင်တကယ်ရှိနေခဲ့ရင် ဟန်ရို့နဲ့လက်ထပ်ဖို့ သဘောမတူခဲ့သင့်ဘူး.. ဟန်ရို့နဲ့လက်ထပ်မှာတော့ ယောကျာ်းတာဝန်ကိုယူသင့်တယ်လေ.. ဒါပေမဲ့ အပြင်မှာတခြားမိန်းမရှိနေတယ်.. မင်းဦးလေးပြောတော့ ဖန်းယွင်ကိုတကယ်ချစ်တာဆိုရင် ကျိုးမင်မေ့ကဘာလဲ.. ဖန်းယွင်နဲ့တူတဲ့မိန်းမကို သိမ်းပိုက်တာအချစ်စစ်လား.. ရှန်ကျိနဲ့ ရှန်ချိန်ဘယ်လိုတွေးအောင်လုပ်တာလဲ”
လီမင်ရွှမ်း ထိုစကားကိုကြားသောအခါ ခါးသီးမှုနှင့်ပြုံးလိုက်၏။ လူကြီးများ၏ကိစ္စကို သူသိပ်မပြောနိုင်သော်လည်း ရှန်ကျိသည် ကျိုးမင်မေ့နှင့်ပတ်သတ်ပြီး ဦးလေးကိုမကျေနပ်တာများသည်။ တွေးကြည့်လျှင် ထိုအရာမျိုးသည် မည်သူကိုမဆိုစိတ်ပျက်စေမှာဖြစ်၏။
ရှန်ပိရွှယ်က လီမင်ရွှမ်း၏လက်မောင်း ကိုပုတ်လိုက်သည်။
“အမေပြောတာများသွားပြီ.. ဒါပေမဲ့ အမေဘာမှမရည်ရွယ်ဘူး.. အမေပြောချင်တာက သားက ရှန်ကျိနဲ့ဆက်ဆံရေးကောင်းတော့ ရှန်ကျိကိုတစ်ခုခုလုပ်ဖို့ပြောသင့်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် ရှန်ရှီးက သူ့ရဲ့တရားဝင်ညီလေးလေ.. နောက်ပြီး ရှန်ရှီးက အခုဒီလိုဖြစ်နေမှတော့ သူ့အတွက်လည်းအန္တရာယ်မရှိဘူး.. သူသာ ရှန်ရှီးနဲ့ဆက်ဆံရေးကောင်းရင် သားဦးလေးကလည်း သူ့ကိုပိုပြီးကောင်းကောင်းဆက်ဆံလာနိုင်တယ်.. ဒါဆိုသားအဘိုးလည်း မြေအောက်ထဲမှာအေးချမ်းရပြီး သတင်းထောက်တွေကလည်း နေ့တိုင်းသတင်းစာထဲမှာ မဟုတ်တာတွေလုပ်ကြံဖန်တီးနေမှာမဟုတ်ဘူး.. သားလဲအချိန်ရရင် ရှန်ရှီးကိုပိုပြီးဂရုစိုက်သင့်တယ်.. ရှန်မိသားစုက သူ့အပေါ်အကြွေးတင်နေတာများတယ်”
လီမင်ရွှမ်း၏စိတ်ထဲတွင် ဘားတွင်ရှိသော ရှန်ရှီး၏မူးနေသောအမူအရာပေါ်လာပြီးနောက် သူခေါင်းညိတ်ပြလိုက်၏။
ရှန်ပိရွယ်က နာရီကိုကြည့်ပြီးနောက် ပြုံးပြီး လီမင်ရွှမ်းကိုအိပ်ရာဝင်ရန် တိုက်တွန်းလာသည်။
“အနားယူတော့.. အမေလည်းအိပ်ရာဝင်တော့မယ်”
လီမင်ရွှမ်းသည် မီးဖိုခန်းဘက်သို့မလှည့်ခင် သူ့မိခင် အိပ်ခန်းထဲဝင်သွားတာကို ကြည့်နေလိုက်သည်။
စကားပြောပြီးနောက် သူအတော်လေးဗိုက်ဆာနေပြီဖြစ်၏။
သို့ပေသိ လှေကားထောင့်တွင် တိတ်တဆိတ်ရပ်နေပြီး တစ်စုံတစ်ခုကိုတွေးတောနေသော လီမင်ဖေးကိုမူ ရှန်ပိရွှယ်ရော လီမင်ရွှမ်းရော သတိမထားမိလိုက်ပါပေ။
ရှန်ပိရွှယ် အိပ်ခန်းထဲသို့ပြန်လာသောအခါ ယောကျ်ားဖြစ်သူက မအိပ်သေးဘဲ ကုတင်ကိုမှီကာ မျက်မှန်တပ်ပြီး စာရွက်စာတမ်းတချို့ကိုဖတ်နေသည်။
“ပြန်လာပြီလား”
လီရှီယုံက သူ့လက်ထဲမှစာရွက်များကိုချလိုက်၏။
ရှန်ပိရွှယ်ခေါင်းညိတ်သောအခါ သူကပြုံးပြီးပြောသည်။
“မင်းသားကို မင်းရဲ့နာကျင်မှုတွေပြောခဲ့တာလား”
ရှန်ပိရွှယ်က သူ့ကိုကြည့်သောအခါ သူကမျက်မှန်ချွတ်ပြီး လှဲလိုက်၏။
“ငါပြောရရင် သယ်ဟန့်က ကောင်းတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုပေမဲ့ မိန်းမတွေနဲ့ပတ်သက်လာရင် တကယ့်ကို ရှုပ်ထွေးတယ်”
ရှန်ပိရွှယ်ဘာမှမပြောသောအခါ လီရှီယုံကဆက်ပြောသည်။
“အများကြီးမတွေးဘဲ သယ်ဟန့်ကိုလွှတ်ထားလိုက်ပါ.. ဘာပဲဖြစ်ဖြစ် သူ့သားပဲလေ သူဂရုမစိုက်ရင် ဘယ်သူကဂရုစိုက်မှာလဲ”
ထိုနေရာအရောက်၌သူ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်။
“ဒီနေ့ မင်းပြောတဲ့ ဖန်းယွင်နဲ့တူတယ်ဆိုတဲ့ သူနာပြုနာမည်ကဘာတဲ့လဲ”
“ချူချန်ချန်.. အသက် ၂၁ နှစ်ပဲရှိသေးတဲ့မိန်းကလေး”
လီရှီယုံ သံသယဝင်လာရ၏။
“သယ်ဟန့် တခြားအတွေးတွေတော့ မရှိလောက်ဘူးမလား”
ရှန်ပိရွှယ်က သူ့ကိုခံစားချက်မပါသောအကြည့်ဖြင့် ကြည့်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ.. နှစ်ယောက်ကြားမှာ အသက်အရွယ်ကွာဟချက်က ဒီလောက်ကြီးတာ”
လီရှီယုံက ခေါင်းရမ်း၏။
“ပြောဖို့ခက်သားပဲ”
ရှန်ပိရွှယ်က ပြန်မချေပဘဲ မီးပိတ်ကသာာအိပ်ရာဝင်ခဲ့တော့သည်။
အတန်ကြာသောအခါ အမှောင်ထဲတွင် ဖျော့သောသက်ပြင်းချသံထွက်ပေါ်လာလေ၏။
“ဖန်းယွင်”