no

Font
Theme

[သတိပေးချက်]

ရှန်အုပ်စုဌာနချုပ်အဆောက်အဦး…

အစည်းအဝေးခန်းတွင် ရှန်ကျိသည် သူ၏လုပ်ငန်းခွဲအတွက် အစီရင်ခံစာကို လေးနက်စွာ နားထောင်နေသည်။ အရင်နှစ်အတွက် နှစ်စဉ်အစီရင်ခံစာထွက်လာပြီး ဂဏန်းတွေက မျှော်လင့်သလောက်မကောင်းပေ။

ဤလုပ်ငန်းခွဲကို ရှန်ကျိမနှစ်က တာဝန်လွှဲယူပြီး အစွမ်းကုန်ကြိုးစားခဲ့တာ ကုမ္ပဏီကလူတိုင်းသိ၏။ သို့သော်လည်း တစ်နှစ်တာကြိုးစားပြီးနောက် သတ်မှတ်ထားသောရည်မှန်းချက်တွေဆီ မရောက်သည့်အပြင် ယမန်နှစ်ဖြင့်ယှဉ်လျှင်လည်း တိုးတက်မှုနှုန်းက ရာခိုင်နှုန်းအနည်းငယ် လျော့ကျသွားမည်ဟု ဘယ်သူမှမမျှော်လင့်ခဲ့ချေ။ ရှန်ကျိ၏မျက်နှာသည် ရေခဲတမျှအေးစက်နေပြီး အစည်းအဝေးခန်းမှလူအားလုံး ရှန်ကျိ၏အရှိန်အဝါအောက်တွင် အသက်တောင်မရှုရဲပဲ တုန်လှုပ်နေကြသည်။

လုပ်ငန်းမန်နေဂျာက အရင်နှစ်ကမကောင်းသောရလဒ်၏ အကြောင်းရင်းများကို ရှင်းပြနေစဉ် လေးလံသောအစည်းအဝေးတံခါးက တိတ်တဆိတ်ပွင့်လာကာ ရှန်ကျိ၏အတွင်းရေးမှုးဖြစ်သူ လီလီက အားလုံးကိုတောင်းပန်သောအမူအရာပြလျှက် ရှန်ကျိအနားကိုလျှောက်လာပြီး တိုးတိုးပြောလာသည်။

“သာ့ရှောက် (ပထမသခင်လေး).. ရွှမ်းသခင်လေးကလာတွေပြီး ရုံးခန်းထဲမှာစောင့်နေပါတယ်”

ရွှမ်းသခင်လေးဆိုသော စကားလုံးများကို ရှန်ကျိကြားသောအခါ တင်းမာနေသောမျက်နှာက နောက်ဆုံးတော့ပြေလျော့သွားသည်။

ရှန်ကျိ၏မျက်နှာပြေလျော့သွားသောအခါ အစည်းအဝေးအခန်းကသူတွေအားလုံး မတတ်နိုင်ဘဲ တိတ်တဆိတ်သက်ပြင်းချမိကြ၏။ ရှန်ကျိက လူအုပ်ကို အေးစက်စွာဝေ့ဝဲကြည့်ကာ အားလုံး၏အာရုံစူးစိုက်မှုရတာသေချာမှ နက်ရှိုင်းသောအသံနှင့်ပြောလာသည်။

“မနက်ဖြန်မနက်မရောက်ခင် ခင်ဗျားတို့အားလုံးဆီက နှစ်သစ်အတွက်ပြုပြင်မဲ့အစီအစဉ်တွေကို မြင်ချင်တယ်”

ပြောပြီးနောက် ရှန်ကျိက အစည်းအဝေးကလူတွေ၏ စိတ်ပျက်လက်ပျက် မျက်နှာတွေကိုမကြည့်​တော့ဘဲ သူ့ရုံခန်းဆီ မြန်မြန်လျှောက်သွားတော့သည်။

သူ့အရှိန်အဝါမှာ အားကောင်းလွန်းသည့်အတွက် သူဘေးကနေ ဖြတ်သွားသော ဝန်ထမ်းများအားလုံး ခေါင်းငုံ့ကာ အလုပ်သေချာလုပ်ကြပြီး ဘယ်သူမှနောက်ကိုမှီပြီးမထိုင်ရဲကြပေ။

လီမင်ရွှမ်းက ရှန်ကျိ၏ အရမ်းလေးနက်သောမျက်နှာကိုမြင်သောအခါ ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။

“ဘာလဲ အလုပ်ကအဆင်မပြေဘူးလား”

ရှန်ကျိက ခေါင်းညိတ်ပြီး အပေါ်အင်္ကျီကိုချွတ်ရင်း ရှင်းပြ၏။

“လုပ်ငန်းခွဲတခုက မနှစ်ကအရောင်းအဆင်မပြေဘူး”

လီမင်ရွှမ်းက သိပ်ပြီးဂရုစိုက်ပေ။

“မနှစ်က စီးပွားရေးအခြေအနေကဆိုးတယ်လေ... အားလုံးအတူတူပဲ”

ရှန်ကျိက လီမင်ရွှမ်းကိုငဲ့ကြည့်သည်။

“ဒါကနှစ်သိမ့်တာလား.. ငါကြားတာတော့ ဦးလေးမနှစ်က အများကြီးမြတ်တယ်ဆို”

လီမင်ရွှမ်းပြောတာကိုမစောင့်ဘဲ ရှန်ကျိက အင်္ကျီကိုဘေးပစ်ကာ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး အေးဆေးဖြစ်နေသော လီမင်ရွှမ်းကိုကြည့်၏။

“မင်းမှာ လာလည်ဖို့အချိန်ဘယ်လိုရတာလဲ.. ဦးလေးလက်ထဲက လုပ်ငန်းတွေလွှဲယူဖို့ ပြင်ဆင်နေတာမဟုတ်လား”

ရှန်ကျိ၏စကားထဲမှ စိုးရိမ်သံကိုကြားတော့ လီမင်ရွှမ်းက ထိုင်ခုံကိုဆွဲယူပြီး ရှန်ကျိနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

“ငါကအဆင်ပြေတယ်.. ရှားရှားပါးပါးပိတ်ရက်ရလို့ မင်းကိုလာတွေ့တာ အောက်ထပ်မှာ အတော်စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းကိုမြင်ခဲ့တယ်”

ရှန်ကျိစိတ်ဝင်စားသွား၏။

“မင်းအတွက် ဘာကစိတ်ဝင်စားစရာကောင်းလို့လဲ”

လီမင်ရွှမ်းက ရှန်ကျိကို အဓိပ္ပါယ်ပါသောအကြည့်နှင့်ကြည့်သည်။

“ရှန်ရှီးနဲ့ ဝမ်ချန်းလင် အတူလမ်းလျှောက်သွားတာဆိုရင်ရော ရလား”

“ဝမ်ချန်းလင်?”

ရှန်ကျိအံ့အားသင့်သွားပြီးမှ တစ်ခုခုတွေးမိလိုက်သည်။

“ရှန်ရှီးက ဆယ့်ရှစ်နှစ်ပြည့်ပြီကိုး”

“?” လီမင်ရွှမ်းက နားမလည်သလိုဖြစ်သွားလေသည်။

ရှန်ကျိစိတ်လျော့ပြီး ဆိုဖာကိုနောက်မှီလှဲလိုက်သည်။

“ဝမ်ချန်းလင်က အရင်က အဘိုးဟန်ရဲ့ကိုယ်ပိုင်ရှေ့နေလေ.. ငါထင်တာက အဘိုးဟန်ကသူမသေခင် ရှန်ရှီးအတွက်တစ်ခုခုချန်ထားခဲ့တာဖြစ်မယ်”

လီမင်ရွှမ်းက အတော်အံ့အားသင့်သွား၏။

“မင်းကမစိုးရိမ်ဘူးလား”

ရှန်ကျိက ပွင့်ပွင့်လင်းလင်းဖြေသည်။

“ရှန်ရှီးကိုသုံးစားမရအောင်ပျိုးထောင်ထားတာ ဘာစိတ်ပူစရာရှိလဲ.. နောက်ပြီး အဘိုးဟန်နဲ့ ရှန်မိသားစုရဲ့အလဲအလှယ်ကို မင်းမသိတာလဲမဟုတ်ဘူး.. အမှတ်တရတွေကလွဲပြီး ရှန်ရှီးအတွက် သူဘာချန်နိုင်မှာလဲ.. ဝမ်ချန်းလင်ကတော့ သူ့ရဲ့လုပ်ငန်းကျင့်ဝတ်တွေကကောင်းပြီး အဖေ့ရဲ့ယုံကြည်မှုကိုရထားလို့ ဘာလုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာ သူသိမှာပါ”

လီမင်ရွှမ်းက ဘာမှမဖြစ်သလိုခေါင်းညိတ်သည်။

“မင်းစိတ်ထဲမှာပြတ်ပြတ်သားသားသိနေတာကောင်းတယ်.. ရှန်မိသားစုကိစ္စမှာ ငါဝင်မစွက်ဖက်ပေမဲ့ အမေကအသက်ကြီးလာတော့ စိတ်ပျော့လာတာကို မင်းလဲသိမှာပဲ....ဟိုတနေ့က ရှန်ရှီးကလည်း ဦးလေးသားပဲ ဆိုပြီး ပြောနေသေးတယ်။ ငါကတော့ ဦးလေးနဲ့ သူ့ကို ဒုက္ခအများကြီးမဖြစ်စေချင်ဘူး.. မင်းသိတဲ့အတိုင်း အဖေနဲ့သားမသင့်မြတ်တာ၊ ညီအစ်ကိုတွေပိုင်ဆိုင်မှုလုကြတာ အဲ့လို မိသားစုသတင်းတွေက သတင်းထောက်တွေ အကြိုက်ဆုံးဇာတ်လမ်းတွေ”

ရှန်ကျိရယ်လိုက်သည်။

“စိတ်မပူနဲ့ ရှန်မိသားစုက အဲ့လိုမျိုးရှေ့စာမျက်နှာမှာ ပါမှာမဟုတ်ဘူး.. ရှန်ရှီးက မကြာခင်နိုင်ငံခြားကို ပညာသင်သွားတော့မှာ.. သူပြန်လာရင် အဖေအနားယူဖို့အချိန်ရောက်ပြီ.. ရှန်ရှီးလိမ္မာ‌သရွေ့ ညီနောက်တစ်ယောက်မွေးဖို့ ငါ့အတွက်စိတ်ထဲ မထည့်ဘူး”

နိုင်ငံခြားကိုစာသင်သွားတော့မည်ဟူသော စကားကလီမင်ရွှမ်းအာရုံကိုဖမ်းစားမိသွား၏။ ရှန်ကျိ၏ ဂရုမစိုက်သောအမူအရာကိုကြည့်ကာ သူကထောက်ပြသည်။

“ဒီကမ္ဘာမှာ မတော်တဆလို့ခေါ်တဲ့ စကားတစ်လုံးရှိတယ်နော်။ တချို့လူတွေကို စောင့်ကြည့်တာကကောင်းတယ်”

မတော်တဆဆိုသောစကားလုံးက ရှန်ကျိ၏အာရုံကြောများကိုနှိုးဆော်လိုက်၏။ မမြင်ရအောင် မျက်ခုံးတွေတွန့်လိုက်ပေမဲ့ မြန်မြန်ပဲပြောလျော့သွားသည်။

“ငါ့အဖေဖိနှိပ်ထားတာနဲ့ ရှန်ရှီးဘာမှမလုပ်နိုင်ဘူး.. ငါတို့မျက်စိရှေ့မှာ အချင်းချင်းမျက်နှာချင်းဆိုင်ခိုင်းမဲ့အစား ခွဲထားတာကောင်းတယ်”

လီမင်ရွှမ်းက ရှန်ကျိပြောတာကို‌ကြားသောအခါ ရှန်ရှီးအကြောင်းမပြောတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ငါ ရှု့ထူကိုမရောက်တာကြာပြီ.. ဒီညအတူတူသွားသောက်ကြမလား”

ရှန်ကျိကရယ်၏။

“မင်း ရှု့ထူကိုသွားမယ်ဆို ညနေခင်းအထိစောင့်မနေနဲ့ အခုသွားရအောင်.. ငါလဲမစားရသေးဘူး”

°°°°°°°

ရှန်အုပ်စုမှ ရှု့ထူသို့နာရီဝက်လောက်သာ မောင်းရသဖြင့် မကြာမီ ရှန်ကျိနှင့် လီမင်ရွှမ်းတို့ ရှု့ထူဝင်ပေါက်ဆီရောက်ရှိလာသည်။

ညဘက်ရှု့ထူနှင့်မတူဘဲ နေ့ခင်းဘက်ရှု့ထူက ပိုပြီးသန့်ရှင်းနေ၏။

ရှန်ကျိက လီမင်ရွှမ်းကိုတခုခုပြောနေပေမဲ့ အနားကိုကပ်လာသောလူကို မြင်လိုက်ရသောအခါ သူ့မျက်နှာမည်းမှောင်သွားလေသည်။

ရှန်ကျိ၏ထူးခြားမှုကို လီမင်ရွှမ်းအလျင်အမြန် သတိထားလိုက်မိပြီး သူ့အကြည့်နောက်မှ လိုက်ကြည့်သောအခါ ရှန်ချိန်၏ပြုံးဖြီးနေသောမျက်နှာကို တွေ့ရ၏။ ရှန်ချိန်၏လိမ်မာသည့်ဟန်နှင့်ပြုံးနေသော မျက်နှာကိုတချက်ကြည့်ကာ လီမင်ရွှမ်းပုခုံးတွန့်ပြီး ရှန်ချိန်‌ဘေးကတစ်ယောက်စီ အကြည့်ရွေ့လိုက်တော့ သူမျက်လုံးထဲတွင် အံ့ဩသည့်အရိပ်အယောင် ဖြစ်ပေါ်သွားလေသည်။

ရှန်ချိန်၏ဘေးတွင် နူးညံ့ပြီး အမြင်ဖမ်းစားနိုင်သောအသွင်အပြင်ရှိသည့် အသက် ၁၇၊ ၁၈ နှစ်အရွယ်ရှိသော လူငယ်တစ်ယောက်ရှိနေသည်။ အကြမ်းဖျင်းကြည့်လျှင် လူငယ်က ရှန်ကျိ၊ ရှန်ချိန်တို့နှင့်ဆင်တူသော်လည်း အနီးကပ်သေချာကြည့်လျှင်တော့ လူငယ်၏ရုပ်ရည်တွင် အခြားလူ၏ပုံရိပ်ကိုမြင်ရ၏။ လီမင်ရွှမ်း ရှန်ကျိကိုဘေးစောင်းကြည့်ကာ သူ့နှလုံးသားတွင်ရှိသောကြိုးထုံးကို နားလည်သွားသည်။

လူငယ်က ရှန်ကျိ‌ကိုတွေ့ရတာ အတော်အံ့ဩသွားပုံရပြီး မျက်နှာတွင် အံ့အားသင့်မှုနှင့် တမ်းတမှုတို့ရောယှက်ကာ ကြည့်နေ၏။ သို့သော် ရှန်ကျိ၏မျက်နှာက သုန်မှုန်လာလေရာ လူငယ်၏မျက်နှာမှ အံ့အားသင့်မှုတို့ပျောက်ကွယ်ကာ စိုးရိမ်မှုများက အစားထိုးဝင်ရောက်လာသည်။ ရှန်ကျိကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အကြိမ်အနည်းငယ်ကြည့်ပြီးနောက် လူငယ်က ခေါင်းငုံ့ကာ ရှန်ချိန်နောက်‌ကလိုက်လာလေသည်။

လီမင်ရွှမ်းက ဆယ်ကျော်သက်လူငယ်၏လှုပ်ရှားမှုတွေကို အတွေးပါပါနှင့်ကြည့်ရင်း နှုတ်ခမ်းထောင့်များက အပေါ်ကိုကွေးတက်ကာ လှောင်သောအ‌ရိပ်အယောင်ဖြစ်ပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာ ရှန်ချိန်က သူတို့နှစ်ယောက်အနားကိုလျှောက်လာပြီး ဖားယားသလို ပြုံးလာသည်။

“အစ်ကိုကြီး၊ ဝမ်းကွဲအစ်ကို”

လီမင်ရွှမ်းကပြုံးပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်ပေမဲ့ ရှန်ကျိကတော့ ရှန်ချိန်၏နောက်ဘက်ကို ရွံရှာသောအကြည့်နှင့်ကြည့်ကာ ရှန်ချိန်ကိုအေးစက်စွာပြောလာသည်။

“ချက်ချင်းအိမ်ပြန်”

ရှန်ချိန်၏အပြုံးက မျက်နှာတွင်ရပ်တန့်သွားပေမဲ့ ဘာမှပြန်‌မပြောရဲဘဲ ‌လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ကာ မြန်မြန်ထွက်သွား၏။ ရှန်ချိန်၏နောက်တွင်မူ ဆယ်ကျော်သက်က ရှန်ကျိကိုခိုးကြည့်လာသည်။ ရှန်ကျိ၏ရွံရှာသောမျက်လုံးများနှင့် ဆုံသောအခါ လူငယ်၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုတွေဖြစ်‌ပေါ်လာ၏။ သူကခေါင်းငုံ့ကာ ရှန်ချိန်နှင့်အတူ အမြန်အဝေးကို‌ထွက်သွားလေသည်။

လီမင်ရွှမ်းက ဆယ်ကျော်သက်၏မျက်နှာမှ ပြောင်းလဲမှုများကို သိလိုစိတ်ဖြင့်ကြည့်နေပြီး လူငယ်ကအဝေးကိုရောက်သွားတော့မှ သူ့ဘေးကရှန်ကျိကို ပခုံးတိုက်လိုက်ရင်း ဆယ်ကျော်သက်ရှိရာဘက်ကို လက်ဖြင့်ညွှန်ပြကာ

“ရှန်ရုံလား”

ရှန်ကျိက ဖုံးဖိမရသောရွံရှာမှုနှင့်ခေါင်းညိတ်၏။

လီမင်ရွှမ်းက ဇဝေဇဝါဖြစ်သွားသည်။

“သူ ဘယ်တုန်းက ရှောင်ချိန်နဲ့ရင်းနှီးသွားတာလဲ”

ရှန်ကျိက အေးစက်စွာခနဲ့၏။

“မနှစ်က မင်းနိုင်ငံခြားရောက်နေတုန်းက….။သူရှန်ချိန်ကို ဘယ်လိုတွေ့လဲတော့ငါမသိဘူး.. သူ့ကိုနောက်ကနေလိုက်ခွင့်ပြုတဲ့ ရှန်ချိန်ကလဲငတုံးပဲ”

လီမင်ရွှမ်း ရယ်လိုက်သည်။

“ရှောင်ချိန်ကို မင်းကအလိုလိုက်ထားတာကိုး.. ဒါပေမဲ့ အဲ့ဒီရှန်ရုံကတော့ အကြံတချို့ရှိပုံရတယ်”

ရှန်ကျိကအေးစက်စွာရယ်၏။

“သူက သူမပိုင်တဲ့ အဆင့်မြင့်ဘဝကိုလိုချင်နေတာလေ”

သူတို့အသိုင်းအဝိုင်းတွင် မိဘအသိအမှတ်ပြုတာခံရချင်သည့် တရားမဝင်ကလေးတွေအများကြီးရှိသည်။ တခြားသူဆိုလျှင် လီမင်ရွှမ်းကနောက်ပြောင်ခြင်းဟု မှတ်ယူမှာဖြစ်ပေမဲ့ သူ့မိခင်၏မိသားစုနှင့်ပတ်သက်လာလျှင် လီမင်ရွှမ်းပိုပြီးသတိထားရသည်။

“ရှန်ရုံကို မင်းသတိထားတာကောင်းတယ်.. သူက တရားမဝင်ကလေးအဆင့်မှာတင် ရပ်ချင်ပုံမရဘူး”

လီမင်ရွှမ်း ရှန်ရုံအကြောင်းပြောမိသောအခါ ရုတ်တရက် သူသေချာမသိသော ရှန်ရှီးကိုတွေးမိသွားသည်။

သူက ရှန်ကျိနှင့်အတူကြီးပြင်းလာပြီး ငယ်စဉ်ကတည်းက ရှန်သယ့်ဟန်က ရှန်ရှီးအပေါ်အေးစက်မှုတွေကြောင့် အလိုအလျောက်ပင် ရည်ရွယ်သည် မရည်ရွယ်သည်မရှိပါဘဲ ရှန်ကျိကိုပိုအလေးပေးပြီး ရှန်ရှီးအပေါ်တွင် အပေါ်ယံခံစားချက်သာရှိခဲ့တာ ဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် ငယ်စဉ်ကတည်းက သူတို့အတူတူအချိန်ကုန်ဆုံးသည့်အကြိမ်တွေကို လက်တစ်ဖက်က လက်ချောင်းများနှင့်ပင်ရေတွက်လို့ရသည်။ ရှန်ရုံ၏ သတိထားမှုနှင့်ယှဉ်လျှင် စိတ်တိုလွယ်သော ရှန်ရှီးက အန္တရာယ်မရှိတာကြောင့် ရှန်ကျိက ရှန်ရှီးကိုစိတ်ထဲထည့်မထားတာ အံ့ဩစရာမရှိပေ။

••••••

ရှန်ရှီးကတော့ ထိုအချိန်က လီမင်ရွှမ်း၏ စိတ်အခြေအနေများကို မသိသလို ဂရုလည်းမစိုက်ချေ။ ကျုံးကျင်းမှာတစ်ရက်တာ လျှောက်သွားပြီးနောက် ရှန်မိသားစုအိမ်ကို ညမှောင်ချိန်မှ ပြန်ရောက်လာသည်။

သူက ဖုန်းကဒ်ကို အသစ်ဝယ်လာသော အမည်မသိကဒ်နှင့်အစားထိုးပြီးနောက် အင်တာနက်ချိတ်ပြီး လွန်ခဲ့သောရက်အနည်းငယ်က သူရိုက်ကူးခဲ့သောဗီဒီယိုကိုနှိပ်လိုက်သည်။

အခန်းထဲတွင် ကိုယ်လုံးတီးနှင့်ခန္ဓာကိုယ်နှစ်ခုက အတူတကွရောယှက်နေကာ ပင့်ရှိုက်သံများနှင့်တပြိုက်နက်တည်းဆိုသလို ပြင်းထန်စွာလှုပ်ရှားနေပြီး မရေရာသောညည်းတွားသံများက ပဲ့တင်သံရိုက်ခတ်နေ၏။ ဖုန်း၏ HD ကင်မရာကျေးဇူးကြောင့် လင်းထင်းနေသော အလင်းရောင်အောက်တွင် ဗီဒီယိုထဲမှလူနှစ်ယောက်၏ အသွင်အပြင်ကို ရှင်းလင်းပြတ်သားစွာမြင်ရနိုင်သည်။

ရှန်ရှီး၏လက်ချောင်းများက ခလုတ်တွေပေါ်ပွတ်တိုက်သွားပြီး “Upload” ဆိုသောစကားလုံးတွင်ရပ်သွား၏။ သူက လက်နှင့် ညင်သာစွာဖိလိုက်ရင်း နှုတ်ခမ်းထောင့်များကကွေးတက်လာကာ အပြုံးငယ်တခုဖြစ်ပေါ်လာသည်။

ဒါဟာ သူ မနက်ဖြန် နိုင်ငံခြားကိုစာသင်သွားတော့မည်မို့ ထွက်မသွားခင် သူတို့အတွက်ထားခဲ့သော လက်ဆောင်ကြီးဟုသတ်မှတ်၍ရပေသည်။

ထိုညကတည်းက ရက်တွေအတော်ကြာပြီမို့ ဘယ်သူမှသူ့ကိုသံသယဝင်မည်မထင်မိပေ။ အကြောင်းမူ သူက သူ့သူငယ်ချင်းအဝိုင်းအဝိုင်းမှာ စိတ်တိုလွယ်ပြီး ကြမ်းတမ်းသောစရိုက်ရှိသောသူဟု လူသိများသူဖြစ်နေ၍။

မိနစ်အနည်းငယ်အတွင်း ဗီဒီယိုကိုနှိပ်သည့်သူက ထောင်ကျော်ရှိလာသည်။ အင်တာနက်အသုံးပြုသူများက အရူးအမူးနှင့် အောက်မှာကောမန့်တွေရေးကြ၏။

ကလစ်နှိပ်သည့်အရေအတွက် တိုးလာသောအခါ ဗီဒီယိုက အခြားဝက်ဆိုဒ်များတွင် အမြန်နှုန်းဖြင့်ပျံ့ကုန်ပြီ ဖြစ်သည်။ ရှန်ရှီးက အင်တာနက်သုံးသူများ၏ကောမန့်များကို စိတ်ရှည်စွာဖြင့် စာမျက်နှာတစ်ခုပြီးတစ်ခုလိုက်ကြည့်ရင်း ဗီဒီယိုထဲမှလူနှစ်ယောက်ကို အမှတ်မထင်မှတ်မိသွားလေယောင်ဆောင်ကာ သူတို့အကြောင်းကို ထိတ်လန့်သွားဟန်ဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြောပစ်သည်။

ထျန်းဝမ်ယောင့်နှင့် ရှန်ရုံဟူသောနာမည်များကို ထပ်ခါထပ်ခါပြောနေကြသည်ကိုကြည့်ရင်း ရှန်ရှီးပျော်ရွှင်စွာနှင့် ရယ်မောလိုက်၏။

ယခင်ဘဝဟောင်း၌ ထောင်ကျပြီးသည့်နောက်မှာ သူဟာ ရုပ်မြင်သံကြားကနေ တစ်နိုင်ငံလုံးမှာ နာမည်ကြီးနေသည့် ရုပ်ရှင်ဧကရာဇ် ရှန်ရုံအား အမှတ်မထင် တွေ့ခဲ့ရ၏။

မည်သူသိနိုင်ပါအံ့။ဤဘဝမှာရော သည်လို အရှုပ်အထွေးတွေ နောက်ကွယ်မှာ ရှိနေမှတော့ ယခင်ဘဝတုန်းကလို နာမည်ကြီးနေနိုင်ဦးမလားလေ။

ထျန်းဝမ်ယောင့်အတွက်ကတော့ ထျန်းမိသားစုနှင့် ဖန်းမိသားစုကအမြဲတမ်း မဟာမိတ်ဖွဲ့ဖို့ စီစဉ်ထားခဲ့ကြတာ ဖြစ်သည်။ ဤဗီဒီယိုနှင့်ဆိုပါက ဖန်းမိသားစုအနေနှင့် လက်ထပ်မည့်ကိစ္စကို သေချာ ပြန်စဉ်းစားပေလိမ့်တော့မည်။

ရှန်ရှီးသည် အရှိန်အဟုန်ဖြင့် တက်နေသော ဗီဒီယို၏ ကြည့်ရှုနှုန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် ကျေနပ်စွာဖြင့် ဖုန်းကို ပိတ်လိုက်ကာ ကတ်ကို ဆွဲထုတ်ပြီး အိမ်သာထဲ ထည့်၍ ရေဆွဲချလိုက်၏။

အလောင်းကို ဖျောက်ဖျက်မှတော့ ဘာအစအနမှ ကျန်စေ၍ မဖြစ်ချေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment