no

Font
Theme

Chapter 9 : ထိပ်တိုက်ရင်ဆိုင်တိုးခြင်း

ရှန်သယ်ဟန့် ဆေးရုံတက်ရသည့်သတင်းက အစကလျှို့ဝှက်ထားပေမဲ့ သတင်းစုံသောသတင်းထောက်များက အမြန်သိသွားကြသည်။ ရှန်သယ်ဟန့် ဆေးရုံအတွင်း ဝင်ဝင်ချင်းမှာပင် သတင်းထောက်တွေအများကြီးက ဆေးရုံကိုဝန်းရံလိုက်၏။ ဆေးရုံဘက်က သတင်းထောက်များအနားမကပ်နိုင်စေရန် လုံခြုံရေးများကို အမြန်လွှတ်ပြီး တုံ့ပြန်မှုမမြန်ဆန်ခဲ့ပါက ဆေးရုံတစ်ခုလုံးရုန်းရင်းဆန်ခတ်ဖြစ်သွားလိမ့်မည်ပင်။

တင်းကြပ်သောလုံခြုံရေးများကြားတွင် ရှန်သယ်ဟန့်၏ဆေးရုံမှတ်တမ်းရယူရန် သတင်းထောက်အများစုက ခိုးဝင်နိုင်ကြသေးသည်။

ယခင်က ရှန်သယ်ဟန့်အပြင်းအထန် နာမကျန်းဖြစ်ခြင်းကို အားလုံးမယုံခဲ့ကြသော်လည်း အချိန်တိုအတွင်း ဒုတိယအကြိမ်ဆေးရုံတက်ရခြင်းက ထိုသတင်းကိုပိုပြီးခိုင်မာလာစေ၏။ ချက်ချင်းဆိုသလို ရှန်မိသားစုနှင့် လုပ်ငန်းအဆက်အစပ်ရှိကြသော ကျုံးကျင်းမှမိသားစုအများအပြားက ရှန်သယ်ဟန့်၏အခြေအနေကိုသိရရန် ဆက်သွယ်ကြတော့သည်။ ဖခင်ဖြစ်သူသည် ပင်ပန်းမှုလွန်ကဲခြင်းဖြစ်သည်ဟု ရှန်ကျိရှင်းပြသော်လည်း ထိုသူများက သံသယဝင်ကြသေး၏။

ရှန်မိသားစု၏ဦးစီးဖြစ်သူ ရှန်သယ်ဟန့်နှင့် သူ့အခြေအနေက ရှန်မိသားစုရှယ်ယာအတက်အကျနှင့် တိုက်ရိုက်ဆက်နွယ်နေပြီး ဤအကြောင်းရင်းကြောင့် အများအမြင်တွင် ကျန်းမာရေးအခြေအနေကို ဖုံးကွယ်ခြင်းကလည်း မဖြစ်နိုင်တာမဟုတ်ပေ။

ဖုန်းတွေအများကြီးဖြေပြီးသည့် နောက်မှာတော့ ရှန်ကျိအင်အားမဲ့သလိုခံစားလာရပြီး သတင်းကိုပေါက်ကြားသူအပေါ် ပိုပြီးမုန်းတီးလာသည်။

ရှန်ကျိ၏အမုန်းတရားကို ဖြစ်စေသူ ရှန်ရှီးသည်လည်း အတော်အံ့အားသင့်သွားရ၏။ လူအုပ်ကိုလှုံ့ဆော်နိုင်အောင် လုပ်လိုက်ခြင်းသည် ဤလောက်အထိ အံ့ဩစရာရလဒ်ကောင်းမည်ဟုမထင်ခဲ့ပေ။

ရှန်သယ်ဟန့်ဆေးရုံတက်ရခြင်းနှင့် ပတ်သက်၍ ရှန်မိသားစုအပေါ်သက်ရောက်နိုင်မှုများအား သတင်းထောက်များ ခွဲခြမ်းစိတ်ဖြာနေကြသည်ကို တီဗီတွင်ကြည့်ရင်း ရှန်ရှီးအနည်းငယ်ပြုံးလိုက်သည်။

သူပြန်ရောက်နေခြင်းကို အားလုံးသိနေသောကြောင့် ဤအချိန်မျိုးတွင် ဖခင်ကိုချစ်သော ကျေးဇူးသိသောသားအဖြစ် ဟန်ဆောင်တာကလည်း မဆိုးချေ။

ဝမ်းနည်းသောမျက်နှာမျိုးလုပ်ရန် မှန်ကိုကြည့်ပြီးနောက် ရှန်ရှီး စိုးရိမ်တကြီးနှင့် ဟိုတယ်မှပြေးထွက်ကာ ဆေးရုံကိုအလောတကြီးသွားလိုက်သည်။

ဆေးရုံဝင်ပေါက်ဆီ ရှန်ရှီးရောက်လာခြင်းက သတင်းထောက်များကို စိတ်လှုပ်ရှားစေ၏။ ကံမကောင်းစွာနှင့် တချိန်လုံး ရှန်ရှီးမှာဖျော့တော့နေပြီး စိုးရိမ်နေသောကြောင့် အင်တာဗျုးဖြေရန်အာရုံမရှိပေ။

သူ့လမ်းကို ပိတ်ဆို့နေသော သတင်းထောက်တွေကို စိတ်ပူပန်စွာ တွန်းဖယ်ပြီး ဆေးရုံထဲကို အပြေးဝင်သွားသည့် ရှန်ရှီးကို မြင်တော့ သတင်းထောက်အများစုက တိတ်တဆိတ်အံ့ဩသွားကြသည်။

ရှန်ရှီးနှင့် သူ့ဖခင် မသင့်မြတ်သည့်အကြောင်းက ကျုံးကျင်းတွင်လူအများသိသော အကြောင်းဖြစ်ပေမဲ့ ရှန်ရှီး၏စိုးရိမ်သောမျက်နှာကိုမြင်ရသောအခါ သတင်းထောက်များမနေနိုင်ဘဲ စိတ်ထဲတွင် သက်ပြင်းချရ၏။

မည်သို့ပင်ဖြစ်စေ ဖခင်နှင့်သားသည် သွေးသားတော်စပ်သည်မို့ စန်းရှောက်တကယ်ပဲ အရွယ်ရောက်လာပုံရပေသည်။

ရှန်သယ်ဟန့်၏အခန်းကို ထိပ်ဆုံးအထပ်တွင်ပြင်ဆင်ထားပြီး သတင်းထောက်များနှောင့်ယှက်မှုကိုရှောင်ရန် ရှန်ကျိက အပေါ်ဆုံးတစ်ထပ်လုံးကို ငှားလိုက်ပြီး မိသားစုသက်တော်စောင့်များကို ခေါ်လာခဲ့သည်။

ရှန်ရှီး ထိပ်ဆုံးအထပ်သို့ ရောက်လာသောအခါ ကော်ရစ်တာကို တင်းကြပ်စွာစောင့်နေကြသော ဝတ်စုံအနက်နှင့်လူ ၇ ယောက် ၈ ယောက်လောက်ကိုသာမြင်ရ၏။ ရှန်ရှီးနှင့် အနီးဆုံးနေရာတွင်ရှိသော သက်တော်စောင့်က ရှန်ရှီးကို မှတ်မိပုံမရဘဲ သူ့လမ်းကိုပိတ်ရန်လာပေမဲ့ တခြားသက်တော်စောင့်က တားလာသည်။

“စန်းရှောက်”

ထိုသက်တော်စောင့်က အသံကိုနှိမ့်ပြီးနှုတ်ဆက်သောအခါ ရှန်ရှီးရောက်လာရန် မျှော်လင့်မထားသော ကော်ရစ်တာတွင်ရှိသော ကျန်သောသူများက အံ့ဩသောမျက်နှာများဖြင့်ကြည့်လာ၏။

အားလုံး၏အံ့အားသင့်မှုကို လျစ်လျူရှုကာ ရှန်ရှီးတစ်ချက်ကြည့်လိုက်ပြီးနောက် မပြောင်းလဲသောမျက်နှာဖြင့် လူနာခန်းသို့လျှောက်သွားပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။

“ရှန်ရှီး! ”

တံခါးနှင့်အနီးဆုံးတွင်ရှိနေသော ရှန်ချိန်က ပထမဆုံးအော်သူဖြစ်၏။ ရှန်ရှီး ကျုံးကျင်းကိုပြန်ရောက်နေခြင်းကို သူမသိသောကြောင့် လက်ရှိတွင်လန့်သွားပုံရသည်။

ရှန်ရှီးက သူ့ကိုလျစ်လျူရှုကာ လူနာခန်း၏အလယ်ကို အကြည့်လှည့်လိုက်သည်။ လက်ရှိအချိန်တွင် ဆရာဝန်နှင့် သူနာပြု ၅ ယောက် ၆ ယောက်လောက်အတူရှိနေပြီး စစ်ဆေးမှုအမျိုးမျိုးလုပ်နေသောကြောင့် လူအများရှိနေသည်။

လူအများအပြားရှိနေသောကြောင့် ရှန်ရှီးသည် ဖခင်ဖြစ်သူကိုမမြင်ရပေ။ သို့ပေသိ လက်ရှိတွင် သတိမေ့နေသော ရှန်သယ်ဟန့်ဟာလည်း သူရောက်လာခြင်းကို တုံ့ပြန်မှုရှိမည်ဟုမထင်ချေ။

ရှန်ရှီးအကဲဖြတ်ရန် အချိန်အနည်းငယ်သာရလိုက်၏။ ရှန်ချိန်က သူ့ဆီကိုလျှောက်လာကာ အသံကိုနှိမ့်ပြီးမေးသည်။

“ပြန်လာပြီး ဘာလုပ်တာလဲ ! ”

ရှန်ရှီးမျက်လုံးများက ရှန်ချိန်ထံရောက်သွားကာ လှောင်သလိုပြုံးပြီး အသံကိုနှိမ့်ရင်းတီးတိုးပြောလိုက်၏။

“အဖေက နာမကျန်းဖြစ်လွန်းလို့ သေတော့မယ်လို့ကြားလို့လေ.. ဘာအတွက်ပြန်လာတယ်ထင်လဲ”

“မင်း!”

ထိုစကားလုံးများကြောင့် ရှန်ချိန် သိသိသာသာ ဒေါသထွက်သွားပြီး သူရောက်နေသည့်နေရာကိုမေ့ကာ ရှန်ရှီး၏ကော်လာကိုဆွဲပြီး ထိုးရန်လက်ပြင်သည်။

ရှန်ချိန်၏လုပ်ရပ်များသည် အခန်းထဲတွင်ရှိသောလူအားလုံးကို အချက်ပေးလိုက်သလိုဖြစ်ကာ အားလုံးကလှမ်းကြည့်ကြ၏။

ရှန်ရှီးသည် ရုတ်တရက်လက်ပါမည်ဟုထင်မထားဟန်ဖြင့် ဖျော့တော့ပြီး လန့်သွားပုံရသောမျက်နှာလုပ်ပြကာ ရှန်ချိန်ကို ကြည့်လာသည်။ ရှန်ကျိက အမြန်ပြောလိုက်၏။

“တော်တော့ ရှန်ချိန်”

ထိုစကားများ၏နောက်တွင် လက်သီးက ရှန်ရှီး၏မျက်နှာနှင့် စင်တီမီတာအနည်းငယ်အနီးတွင်ရှိနေသော ရှန်ချိန်၏လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။

ရှန်ကျိ၏စကားကြောင့် အခန်းထဲမှ ဆရာဝန်နှင့် သူနာပြုများ အသိပြန်ဝင်လာပြီး ခေါင်းကိုအမြန်ငုံ့ကာ ညီအစ်ကိုနှစ်ယောက်ကိုမကြည့်ရဲတော့ဘဲ သူတို့လုပ်စရာရှိတာ ဆက်လုပ်ကြ၏။ ရှန်ရှီးကမူ ရှန်ကျိ၏အကြည့်ကိုရှောင်ကာ ခေါင်းကိုတစ်ဖက်သို့လှည့်ပြီး ရှန်ချိန်ကို အန္တရာယ်ရှိသောအပြုံး မျိုးပြုံးပြလိုက်လေသည်။

ရှန်ချိန်သည် ရှန်ရှီးကိုဒေါသတကြီးကြည့်ရင်း အသက်ပြင်းပြင်းရှူကာ လက်သီးကိုလွှဲရန် စိတ်ကအင်မတန်လိုလားနေပုံရ၏။ သို့သော် သူရှိနေသောနေရာကိုတွေးမိပြီး မြှောက်ထားသောရှန်ချိန်၏လက်သီးက ​ဖြည်းညှင်းစွာအောက်ကို ရောက်သွားသည်။

ရှန်ရှီး၏စိတ်ထဲတွင် စိတ်ပျက်မှုဖြစ်ပေါ်လာ၏။ ရှန်ချိန်ကိုဆွပေးရန်ကြိုးစားတာ မအောင်မြင်လိုက်။

သူက ရှန်ချိန်ချုပ်ကိုင်ထားရာမှ ရုန်းထွက်ပြီး အနားရောက်လာသော ရှန်ကျိကို လေသံပျော့ဖြင့် ခေါ်လိုက်သည်။

“အစ်ကိုကြီး”

ရှန်ကျိက ရှန်ရှီးကိုအေးစက်သောအကြည့်ဖြင့် ကြည့်လာသည်။

“မင်း ဘယ်အချိန်ကပြန်လာတာလဲ”

ရှန်ရှီးသည် အံ့အားသင့်သလိုဖြင့် မျက်ခုံးများကိုပင့်လိုက်၏။

“ဝမ်းကွဲအစ်ကိုမင်ရွှမ်းက အစ်ကိုကြီးကိုမပြောဘူးလား.. ကျွန်တော်တို့အတူတူပြန်လာတာ”

ရှန်ကျိ၏မျက်နှာ အကျည်းတန်သွားလေ၏။ ရှန်ရှီးနှင့် မင်ရွှမ်းသာ အတူတူပြန်လာတာ မဟုတ်လျှင်၊ လေဆိပ်တွင် သတင်းထောက်များတားဆီးခံရသည့် သတင်းကြောင့်သာမဟုတ်လျှင် သူ့အဖေဒေါသထွက်လွန်းပြီး ဆေးရုံတက်ရမည် မဟုတ်ပေ။

ရှန်ရှီးသည် ရှန်ကျိ၏မျက်နှာကို မမြင်ရသည့်အလား ကြောက်ရွံ့သောမျက်နှာဖြင့် ညည်းတွားသည်။

“ကျွန်တော်ရုတ်တရက် တရုတ်ကိုပြန်ချင်လာတာ ကံကောင်းတယ်.. မဟုတ်ရင် ကျွန်တော် အိမ်နဲ့အဝေးမှာရှိနေတုန်း အဖေမတော်တဆဖြစ်သွားခဲ့ရင် နောင်တရစရာမဖြစ်ဘူးလား”

ရှန်ကျိမျက်လုံးများက ဆတ်ခနဲ လှုပ်သွားကာ စကားပြောဖို့ ဟန်ပြင်လာပေမဲ့ ရှန်ရှီးကအရင်ပြောလိုက်၏။

“ဒါနဲ့ အဖေကဘာဖြစ်တာလဲ.. သတင်းထောက်တွေပြောတာ အမှန်မဟုတ်ဘူးမလား”

ထိုစကားများသည် ရှန်ချိန်ကိုနောက်တစ်ကြိမ်ဒေါသထွက်သွားစေကာ သူ့ကိုခုန်အုပ်မလို့လုပ်ချိန် ရှန်ကျိကအချိန်မီတားလိုက်ပြီး ရှန်ရှီးကိုကြည့်ရင်း တစ်ခွန်းပြီးတစ်ခွန်းပြောလာသည်။

“အဖေက နည်းနည်းဒေါသကြီးသွားတာပါ.. ပြင်းထန်တာမဟုတ်ဘူး.. မင်းပညာသင်ယူနေတာကို စိုးရိမ်လို့ မင်းကိုမပြောဖို့ အထူးမှာကြားထားတာ”

ရှန်ရှီးစိတ်လျော့ပြီး ပေါ့ပေါ့ပါးပါး လေသံနဲ့ပြောလိုက်၏။

“တော်သေးတာပေါ့.. အဖေက တကယ်အပြင်းအထန်ဖြစ်နေလို့ ကျွန်တော့်ကိုဖုံးကွယ်ထားတယ်ထင်နေတာ.. ကြည့်ရတာ အဖေက ကျွန်တော့်ကိုဂရုစိုက်လို့ ဒီလိုစီစဉ်ထားတာကိုး ”

ရှန်ရှီးသည် အခန်းထဲတွင်ရှိသောသူအားလုံး စိတ်ကြိုက်အဓိပ္ပာယ်ဖော်နိုင်ရန် “ဂရုစိုက်သည်” ဆိုသောစကားလုံးကို အလေးပေးပြောလိုက်သည်။

ရှန်ကျိက ထပ်မပြောတော့။ ကြောက်ရွံမှုမရှိပြန်ကြည့်ကာ မျက်လုံးထဲတွင် သရော်မှုတွေထင်ဟပ်‌‌နေသော ရှန်ရှီးကိုသာ အေးစက်စွာကြည့်လိုက်သည်။

တံခါးအနားတွင်ရှိသော သုံးယောက်၏စကားဝိုင်းသည် တိုးတိုးပြောသော်လည်း ဆရာဝန်နှင့် သူနာပြုများ၏နားကိုတော့ ရောက်သေးသည်။ ညီအစ်ကိုသုံးယောက် စကားပြောလို့ပြီးတာကို မြင်သောအခါ ဆရာဝန်များထဲမှ တစ်ယောက်ကပြောလာ၏။

“ရှန်လူကြီးမင်းကို စမ်းသပ်တာပြီးပါပြီ”

ရှန်ကျိက ရှန်ရှီးကိုကြည့်မနေတော့ဘဲ လူနာကုတင်ဆီကိုပြန်သွားပြီး ရှန်ချိန်က သူ့နောက်မှကပ်လိုက်သွားသည်။ ရှန်ရှီးသည် ပြောလိုက်သော ဆရာဝန်ကို ခင်မင်ရင်းနှီးစွာ ခေါင်းညိတ်ပြပြီး နောက်ကနေလိုက်သွား၏။

ရှန်သယ်ဟန့်၏ စစ်ဆေးမှုအစီရင်ခံစာက လှုံ့ဆော်မှုကြောင့် သွေးဖိအားနည်းနည်းမြင့်တက်သည်ကလွဲပြီး အရင်တခါနှင့်ခြားနားမှုသိပ်မရှိပေ။ သူ့အသက်အရွယ်တွင် သွေးဖိအားများခြင်းသည် ရှန်သယ်ဟန့်အတွက် အန္တရာယ်အရှိဆုံးဖြစ်ပြီး ဦးနှောက်သွေးယိုခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း နှင့် အခြားသော အသက်ကြီးရောဂါများဖြစ်စေနိုင်ကာ မိသားစုက အနာဂတ်တွင် ပိုပြီးဂရုစိုက်သင့်ကြောင့် ရှင်းရှင်းလင်းလင်းပြောသည်။

ညီအစ်ကိုများက အာမခံသည့်အနေဖြင့် ခေါင်းညိတ်ကြ၏။ ရှန်ရှီး သူ့စိတ်ထဲမှာထင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဆရာဝန်က လှုံ့ဆော်မှုအကြောင်းကိုပြောသောအခါ သူ့အား တမင်စိုက်ကြည့်နေသလိုပင်။

ရှန်ရှီး မသိသလိုဟန်ဆောင်လိုက်ပေမဲ့ လောင်K ကို နောက်ကြောင်းစုံစမ်းခိုင်းရန် သူ့စိတ်ထဲတွင်တော့ ဆရာဝန်၏နာမည်ကိုမှတ်ထားလိုက်၏။

ဆရာဝန်များထွက်သွားသောအခါ ရှန်ကျိက ရှန်ချိန်ကိုအိမ်ပြန်အနားယူပြီး မနက်ဖြန်မှပြန်လာဖို့မှာကြားသည်။

ရှန်ချိန်က သွားရန်ဝန်လေးသော်လည်း ရှန်ကျိ၏မျက်လုံးမှအကြည့်ကို မြင်သောအခါ ခေါင်းညိတ်ပြီးသဘောတူ၏။ ရှန်ကျိက ရှန်ရှီးကို ကြည့်လိုက်သည်။ သူပြောသည်ကိုပင် မစောင့်တော့ဘဲ ရှန်ရှီးက လေယာဉ်စီးလာရလို့ပင်ပန်းသဖြင့် အရင်ပြန်နှင့်မည်ဖြစ်ကြောင်း ပြောလိုက်လေသည်။

ရှန်ရှီးအား မြန်မြန်ထွက်သွားစေချင်သော ရှန်ကျိကလည်း ဘာမှမပြောတော့ပေ။

ထွက်မသွားခင် ရှန်ရှီးသည် သူ့ဖခင်၏ကုတင်နားကို တမင်သွားပြီး သတိမေ့နေသော ရှန်သယ်ဟန့်ကိုကြည့်လိုက်၏။

သူ၏မျက်နှာတွင် ထူးဆန်းသောအပြုံးတခု အမြန်ဖြစ်ပေါ်လာသည်။

မြန်မြန်နိုးပါတော့ အဖေ.. ကျွန်တော် အဖေ့အတွက်ပြင်ဆင်ထားတဲ့ အံ့ဩစရာကြီးကို အဖေသဘောကျမှာ သေချာတယ်လေ ! ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment