no

Font
Theme

“တံ‌ထွေးကြောင့် ဖြစ်လောက်တယ်” 


ရုတ်တရက် ချီယန်က ယုံကြည်ချက်ရှိစွာဖြင့် တည်ငြိမ်သောအသံနှင့် ပြောလာခဲ့သည်။


“ဗိုင်းရပ်စ်က သူတို့တံတွေးထဲမှာ ရှိတာဖြစ်လောက်မယ်။ ဒါပေမယ့် ဗိုင်းရပ်စ်က သွေးကနေပဲ ကူးပြောင်းနိုင်တယ်။ဒါကြောင့် သူတို့ရဲ့ လက်သည်းတွေက ငါ့သွေးနဲ့ ထိတွေ့သွားလည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သူတို့ရဲ့တံတွေးသာ ငါတို့သွေးနဲ့ ထိတွေ့ရင်တော့ ငါတို့တွေ ဇီဝပြောင်းသွားလိမ့်မယ်။ဒါကြောင့်ပဲ ဇီဝပြောင်းကောင်အကုန်လုံးက လူတွေကို လိုက်ကိုက်‌နေကြတာ”


ချောင်စီချီးက သူ့ခေါင်းကိုစောင်းပြီး ဂရုတစိုက် ချင့်ချိန်စဉ်းစားလိုက်သည်။ကြည့်ရတာ ကိစ္စတွေက ဒီလိုဖြစ်လာပုံပဲ။


“မင်း တစ်စုံတစ်ယောက်ကို ဝိုင်းကူထိန်းချုပ်‌ပေးမယ်ဆိုရင်လည်း ရိုးရိုးတန်းတန်း ကူညီပေးလေ။မင်းရဲ့ သောက်အင်္ကျီလက်စကို ဘာလုပ်ဖို့ ခေါက်တင်တာလဲ ” 


စုန့်ဖေး၏ နှလုံးသာက နေသားကျသွားပေမယ့် သူ့ဒေါသကတော့ မပျောက်သေးပေ။ ချီယန်၏ အင်္ကျီလက်က ခေါက်ရိုးကျိုးနေပြီး သူ့လက်ဖျံမှာ ကုတ်ခြစ်ခံထားရတယ်ဆိုတော့ တိုက်ခိုက်နေစဉ်အတွင်း အင်္ကျီလက်များကို ခေါက်တင်ထားတယ်ဆိုတာ သေချာ၏။


ချီယန် ခေါင်းစောင်းလိုက်ပြီး ဖြူစင်ပြီး အပြစ်ကင်းစင်သောအကြည့်ဖြင့် ကြည့်လိုက်ကာ “တစ်စုံတစ်ယောက်က အရင်က ငါ့ကို ပြောဖူးသလိုပဲ။တိုက်ခိုက်တဲ့အခါမှာ ခန့်ညားပြီး လူကြီးလူကောင်းဆန်တဲ့ ရောင်ဝါတွေထွက်အောင် အင်္ကျီလက်တွေကို ခေါက်တင်ထားရမယ်ဆိုပြီးလေ”


စုန့်ဖေးက နေရာမှာတင် တောင့်ခဲသွားပြီး ရှက်သွေးဖြာသွားရကာ အာစေးမိသွားတော့သည်။


ချောင်စီချီးကတော့ လသာဆောင်ပွေ့ဖက်မှုကနေ အရိပ်အယောင်များကို အရိပ်အကဲဖမ်းမိပြီးသားဆိုပေမယ့် ယခုတော့ သူ လုံးလုံးလျားလျားပင် ၎င်းကိုအတည်ပြုလိုက်ပြီဖြစ်သည်။


ချီးပဲ ! အခြေအနေက ဒီလိုတွေတောင် ဆိုးဝါးနေပြီကို သူတို့က သူ့ကိုဘာကြောင့် ဒီလိုမျိုး ညှဉ်းပန်းနေကြသေးတာလဲ။


“အခု ငါတို့ ဘယ်လိုဆက်လုပ်သင့်လဲ” ချောင်စီချီးက မေးလိုက်သည်။သေရေးရှင်ရေးရင်ဆိုင်ရချိန်တွင် ချစ်ခြင်းမေတ္တာကို ဘေးဖယ်ထားရမည်။


သည်မေးခွန်းသည်လည်း ချီယန် တွေးနေသောအရာဖြစ်သည်။သူ ကန်တင်းကနေ အိပ်ဆောင်တွေဆီ ပြေးလာခဲ့တာကြောင့် ကျောင်းက လုံးဝငါးပါးမှောက်နေနှင့်ပြီဖြစ်ကြောင်း လမ်းတစ်လျှောက်လုံး နားလည်လာခဲ့၏။ ဆရာများနှင့် လုံခြုံရေးများအတွက်မူ သူတို့ကို လာကယ်ဆယ်ရန် အသာထား သူတို့ကိုယ်တိုင်တောင် အန္တရာယ်ကင်းရဲ့လားပင် မသိရပါ။


သူတို့က ယခု အိပ်ဆောင်များတွင် ပိတ်မိနေကြပြီး အပြင်ဘက်တွင် ဇီဝပြောင်းကောင်များလည်း ရှိနေကာ စားနပ်ရိက္ခာများလည်း အလုံလောက်မရှိနေပါ။ဤအချိန်တွင် မည်သို့အသက်ရှင်မလဲဆိုသည်မှာ ပထမဦးစားပေးပင် ဖြစ်သည်။


“ဟတ်ချိုး”


စုန့်ဖေးသည် သတိတောင်မပေးနိုင်ဘဲ နှာချေလိုက်သည်။သူ့နှာခေါင်းကို ပွတ်လိုက်ပြီး သူ့တစ်ကိုယ်လုံးသည် အကြောင်းတစ်စုံတစ်ရာကြောင့် အေးစိမ့်လာသလို ခံစားမိလိုက်သည်။ သူ ရှာကြည့်လိုက်သောအခါ လသာဆောင်တွန်းတံခါးကလည်း တင်းကြပ်စွာပိတ်ထားပြီးသားဖြစ်ခြင်းကို တွေ့လိုက်ရသည်။ ထို့ကြောင့် လက်တွေ့ကျကျဆိုရင် သည်လောက်မအေးနေသင့်ပါ။


ချီယန်က ရုတ်တရက်ထလိုက်ပြီး ပြတင်းပေါက်ခုံနားကို လျှောက်သွားလိုက်ကာ အောက်ဘက်က အနွေးပေးစက်ကို ခံစားကြည့်လိုက်သည်။ ရေခဲတမျှအေးစက်နေ၏။


စုန့်ဖေးက သိရှိသွားပြီး “အဲဒါရပ်နေတာလား”


ချီယန်က ခေါင်းညိတ်ပြသည်။


ထပ်ခိုးမွေ့ရာတွင် ခြေချိတ်ထိုင်နေသည့် ချောင်စီချီးသည် စောင်ကိုဆောင့်ဆွဲလိုက်ပြီး သနားစဖွယ် သူ့ကိုယ်ကိုဖုံးထားလိုက်လေ၏။ထို့နောက် စိတ်အားငယ်နေသောအသံဖြင့် “ကြည့်ရတာ အပြင်ကအခြေအနေကလည်း ငါတို့ထက် ပိုမကောင်းလောက်ဘူး "


ရုတ်တရက်ကြီး ဘာအပူမှမရတော့လျှင် ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။အပူပေးစက်ရုံထိ ဇီဝပြောင်းကောင်တွေက ပျံ့နှံ့သွားလို့ သို့မဟုတ် ဇီဝပြောင်းကောင်တွေရဲ့ နှောင့်ယှက်မှုကြောင့် အပူပေးစက်ကို ထောက်ပံ့ပေးနေတဲ့ဆီတွေ ဖြတ်တောက်ခံရလို့ပဲ။ဒါပေမယ့် ထောက်ပံ့ဆီတွေ ဖြတ်တောက်ခံရလျှင်‌တောင် အပူပေးစက်ရုံမှာရှိ‌နေပြီးသား ကိုယ်ပိုင်ဆီနှင့်ပင် အချိန်တစ်ခုကြာတဲ့အထိ ကြာရှည်လည်ပတ် နေသင့်ပေသည်။အပူပေးစက်တွေက သည်လောက်အမြန်ကြီး မရပ်သွားသင့်ပါ။ ထို့ကြောင့် ပထမ ဖြစ်နိုင်ချေက ဖြစ်နေတာပင် ဖြစ်မည်။


“ဒါက တကယ်ပဲ ကမ္ဘာကြီးအဆုံးသတ်များလား” စုန့်ဖေးက ချီယန်ကို မေးလိုက်သည်။


ချီယန်က ခဏတာမျှ တွေးဆလိုက်ပြီးနောက် နှေးကွေးစွာ ခေါင်းခါပြသည်။ “ရေနဲ့ လျှပ်စစ်က မရပ်သေးဘူး။ ဒါကြောင့် အဆုံးသတ်လို့ တကယ်မှတ်ယူလို့ မရဘူး"


ချောင်စီချီးကတော့ သူ့လို အကောင်းမြင်စိတ်မရှိပေ။ “အဲဒီတွေကိုလည်း ဗိုင်းရပ်စ်က အနှေးနဲ့အမြန် ပျံ့သွားမှာပဲ"


ချီယန်က သူ့ကို ကြည့်လိုက်သည်။ “ငါတို့ ဒီလောက် မြို့နဲ့ဝေးတာတောင် ဗိုင်းရပ် အဓိကရုဏ်းထိသေးရင် ရေနဲ့စွမ်းအင် စက်ရုံတွေပဲ ချမ်းသာရာရမယ်ဆိုတာ အဓိပ္ပာယ်ရှိလား?”


ချောင်စီချီးသည် ကျွမ်းဘားရုပ်တစ်ခု အသွင်ပြောင်းသည်အထိ သူ့ကိုယ်သူ စောင်နှင့် ဖုံးထားလိုက်ပြီး “မင်း ဘာကိုဆိုလိုတာလဲ” ဟု မေးလိုက်သည်။


ချီယန်က “ရေနဲ့ လျှပ်စစ်က လူတွေအတွက် မရှိမဖြစ်ဆုံး အခြေခံလိုအပ်ချက်တွေပဲ။ ရေနဲ့ လျှပ်စစ် မရပ်သေးသရွေ့ အသက်ရှင်ကျန်သူတွေက ဆက်လက်ရှင်သန်ဖို့ ဖြစ်နိုင်ချေရှိသေးတယ်။ဇွန်ဘီလှိုင်းလုံးကြီး ကူးစက်မှုကို ကိုင်တွယ်ဖို့ ခက်ပေမယ့် ရေရင်းမြစ်နဲ့ လျှပ်စစ်စွမ်းအင်ရင်းမြစ်ကို သေချာကာကွယ်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် သူတို့ကို မခုခံနိုင်ဘူးဆိုတာ မဖြစ်နိုင်စရာ မရှိဘူး”


ချောင်စီချီး၏ မွဲတေနေသောမျက်နှာသည် တောက်ပလာပြီး “မင်း ဆိုလိုတာက...”


ချီယန် “ငါတို့ သုံးယောက်တည်းကပဲ တိုက်ခိုက်နေရတာ မဟုတ်ဘူးလေ”


စုန့်ဖေး “ အဲ့ဒါကိုတော့ မပြောလည်း သိပါတယ်။ ငါတို့ရှေ့က အဆောက်အဦး နှစ်ဆောင်မှာတောင် အဖိုးတန်ကျောင်းနေဖက်တွေ ကျန်နေသေးတယ်လေ "


“...” 


ပြန်လည်ဆန်းသစ်ထားခါစ တက်နေသော စိတ်အင်အားကို စုန့်ဖေးက ပွဲဖျက်လိုက်သောကြောင့် ချီယန်သည်ပင် ဒေါသထွက်သင့်လား သို့မဟုတ် ရယ်ရမလား မသိတော့ပေ။


သို့သော် ချောင်စီချီးကတော့ သူ့စိတ်ဝိဉာဉ်ကို ပြန်လည်ဖြည့်တင်းပြီးပြီဖြစ်သည်။ ထို့ကြောင့် သူသည် အဖုံးအကာများကိုမပြီး ခုန်ချလာ၏။


“ဒါဆို အခု အစီအစဉ် နည်းနည်းဆွဲကြစို့လေ။ ငါတို့ လက်ရှိအခြေနေကို ဘယ်လိုကိုင်တွယ်သင့်လဲ?”


ချီယန်က ခဲတံနှင့် စာရွက်ကို ဆွဲယူလိုက်ကာ တစ်ချက်မျှ ထိုအကြောင်းကို တွေးလိုက်ပြီးနောက် စတင် ခပ်သော့သော့လေး ရေးချလိုက်လေသည်—


၁. အစားရေစာအထောက်အပံ့

၂. လုံခြုံရေးလက်နက်

၃. ထွက်ပြေးမယ့် လမ်းကြောင်း


ချောင်နှင့် သူငယ်ချင်းစုန့်တို့ နှစ်ဦးသားသည် ထိုစကားလုံး ခြောက်လုံးကိုကြည့်ပြီး နားလည်သွားပုံရသော်လည်း အလွန်နက်ရှိုင်းသော နားလည်မှုမျိုး မတူပေ။


ချီယန်က တစ်ခုချင်းစီကို ရှင်းပြသည်။ “ငါတို့က အခုအဆောင်ထဲ ပိတ်မိနေတယ်၊ စစ်ထဲမှာ စစ်တပ်အဝိုင်းခံရတဲ့ မြို့လိုပေါ့။ အစာရင်းမြစ်မရှိဘူးဆိုရင် ဇွန်ဘီမဝင်လာဘဲနဲ့တောင် ငါတို့အတွက် ပွဲကပြီးသွားလိမ့်မယ်။ ဒါကြောင့် ငါတို့တွေစုဆုံပြီး တခြားအခန်းတွေက အစားအစာတွေကို ရနိုင်သလောက် သိုလှောင်ထားရမယ်။ 


ထပ်ပြောရရင် အဆောင်ခန်းတွေက ၁၀၀ရာနှုန်း မလုံခြုံဘူး၊ ပြီးတော့ ဇွန်ဘီတွေ ထပ်ဇီဝပြောင်းမပြောင်းကို ဘယ်သူမှ သေချာမသိနိုင်ဘူး။သူတို့ တံခါးကို ချိုးဖျက်ပြီး ဝင်လာတဲ့အခါ သူတို့ကို ခုခံဖို့ လက်နက်တွေရှိနေရမယ်။ သူတို့ကို ငါတို့တွေ မချေမှုန်းနိုင်ရင် တောင်မှ သူတို့အကိုက်ခံရတာကနေ ငါတို့ဘာသာ အနည်းဆုံး ခုခံနိုင်တယ်။


နောက်ဆုံး အဆောင်တွေက ကန်တင်းလိုသာဖြစ်သွားရင် ငါတို့ပုန်းခိုဖို့ အရန်အဆောက်အအုံတစ်ခု စီစဉ်ထားဖို့လိုတယ်။ဒါဆို အဲ့ဒါဖြစ်တာနဲ့ ငါတို့ချက်ချင်း ထွက်ပြေးလွတ်မြောက်နိုင်တယ်"


စုန့်ဖေး: " ... "


ချီယန်သည် သူ့အတွေးအမြင်တို့ကို ဖော်ထုတ်သောအချိန်တွင် ဆက်လက်ပြီးသွားနေရခြင်းကို ပျော်မွေ့တတ်သည်။သူတို့ အတူတူရှိနေတုန်းက စုန့်ဖေးသည် သူ့ပါးစပ်ထဲ အဝတ်စဆို့ထားချင် သောအချိန်တို့ မရေမတွက်နိုင်အောင်ပင်။၎င်းမှာ ဆက်တိုက်ပြောနေတတ်သော ချီယန်သည် တကယ့်ကို အလွန်တောက်ပနိုင်သည်ကို သူရှာတွေ့လိုက်သော ယနေ့မတိုင်ခင်ထိ ဖြစ်သည်။


ချောင်စီချီးသည် ချီယန့်လက်ထဲမှ စာရွက်ကို လုယူလိုက်ပြီး အပေါ်ကနေအောက်ကိုဖတ်ပြီး နောက် အောက်မှထိပ်ဆုံးသို့ အကြိမ်များစွာ ပြန်ဖတ်လိုက်ပြီး သူ့ကို အတောမသတ် ချီးမြှောက်လာတော့သည်။


“စောက်ရမ်း အဆီအငေါ်တည့်တဲ့ နည်းပညာပဲ။ အကျိုးအကြောင်းဆီ‌လျော်ပြီး လက်တွေ့ကျလိုက်တာ။ ထိုက်ရှန်းတောင် တစစီပဲ့လာ.... အဲ မျက်နှာပြင်ပြိုကျလာတာတောင် တုန်လှုပ်မယ့်ကောင် မဟုတ်ဘူး။ပါရမီတစ်ရပ်ပဲ......"


ချီယန်က သူ့ကိုလစ်လျူရှုလိုက်ပြီး စုန့်ဖေးကိုသာ မျက်တောင်မခတ်ပဲ ကြည့်လိုက်သည်။


စုန့်ဖေးသည် “ဒါက ငါ့ရည်းစားဟောင်းလား"ဆိုသည့် မယုံကြည်နိုင်မှုခံစားချက်ထဲ နစ်ဝင်နေ သေးသော်လည်း အကြာကြီးစိုက်ကြည့်ခံရပြီးနောက် ချီယန်နှင့် အကြည့်ဆုံသွားခဲ့ရသည်။ ချက်ချင်းသူ့ကို လက်မနှစ်ဖက်ထောင်ပြကာ စိတ်ရင်းနှင့် မြှောက်ပြောလိုက်သည်။


“တော်တယ်"


ချီယန်၏နှုတ်ခမ်းထောင့်များက အနည်းငယ်လှုပ်ရွသွားပြီး ၎င်းသည် အပေါ်တက်ချင်နေသော်လည်း အဆုံးတွင် သူက လျှောချလိုက်သည်။မစောင့်ထိန်းနိုင်သော သေးငယ်လွန်းသည့် ဝမ်းသာမှုလေးတစ်စသာ သူ့မျက်လုံးများထဲတွင် ရှိနေခဲ့ပြီး ပြင်းပြသော ပျော်ရွှင်မှုလှိုင်းများက သဘောရှိသလို တလိပ်လိပ်ထနေတော့သည်။


ချောင်စီချီးသည် ရက်ရက်စက်စက်ပင် စာရွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်တော့၏။ သို့သော် သူ့ဒေါသကို မဖြေလျော့နိုင်သေးသည့်အတွက် ၎င်းပေါ်ကို အကြိမ်၈၀၀လောက်ခြေဆောင့်ပြီး ခုန်နေလိုက်သည်။ ဇွန်ဘီတွေဆီက သူအကိုက်မခံရခင် သည်ရူးချင်စရာချစ်ခြင်း ပြသမှုများကြောင့် အနှိပ်စက်ခံရပြီး သူသေလောက်သည်။သည်ကမ္ဘာပေါ်တွင် တစ်ကောင်တည်း ခွေးများအတွက် အသက်ရှင်ဖို့ စောက်ရမ်းခက်ခဲလွန်းလှသည်။


...........


နေ့လည်ခင်းတွင် နေသည် နွေးထွေးမှုအနည်းငယ်မျှမရှိသည့်တိုင်အောင် တောက်ပစွာ အလင်းရောင်ပေးနေခဲ့သည်။ ရေခဲတမျှအေးစက်သော မြောက်ပြန်လေက နေအလင်းရောင်အောက်ဝယ် ဟူးလားလားခနဲ လေပြင်းတိုက်ခတ်နေပြီး ရံဖန်ရံခါ လေစီးကြောင်းအနည်းငယ်သည် ၄၄၀လသာဆောင်၏ တွန်းတံခါးလမ်းကြောကို လေသင့်လာရာ လမ်းကြောတစ်လျှောက် ကျီစယ်နောက်ပြောင်စွာ တူးမြောင်းဖောက်သွားပြီး ထိတ်လန့်စရာမြူးကြွသော တီးလုံးကို သီဆိုနေခဲ့၏။


အခန်းတွင်း၌ ချောင်စီချီးနှင့် ချီယန်တို့၏ အာရုံစိုက်ငေးမောမှုအောက်၌ စုန့်ဖေးသည် ဗီရိုကိုဖွင့်လိုက်ပြီးနောက် အံဆွဲကို ဆွဲဖွင့်လိုက်ရကာ ၄၄၀၏ အစာသိုလှောင်မှုအားလုံးကို ပြောင်သလင်းခါသွားစေခဲ့သည်။ ရှန်းယန်၏ အသင့်စားခေါက်ဆွဲထုပ် ၄ ထုပ်၊ ကြက်အူချောင်း ၃ ချောင်း၊ စီချွမ်းသီးစုံ ၂ ထုပ်၊ ရွမ်ကျဲ၏ တစ်ခုတည်းသော ဆွစ်ဇာလန် နိုင်ငံထုတ် ချောကလက် လက်ဆောင်ဘူး၊ အရှေ့တောင်အာရှထွက် ပုစွန်မုန့် ၅ထုပ် ၊ စုန့်ဖေး၏ အသင့်စားခေါက်ဆွဲ ၂ ထုပ်နှင့် ဖရဲစေ့အထုပ်ကြီးတစ်ထုပ်၊ ဝမ်ချင်းယန်၏ ပန်းသီး ၃ လုံး။


ယောက်ျားလေးအိပ်ဆောင်များတွင် သည်ပမာဏသည် အမှန်တော့ နည်းသည်ဟု ထည့်တွက်မနိုင်ပေ။ သို့သော် သူတို့အဆာပြေစာတွင် အသင့်စားခေါက်ဆွဲထုပ် ၆ ထုပ်က အဓိကအများဆုံး ပါဝင်နေပါက ယင်းကား မည်ကဲ့သို့ကြာကြာ သုံးယောက်ကို အားဖြည့်ပေးနိုင်လောက်မည်နည်း။


“ပြော၊ ဘာကြောင့်ငါတို့တွေ စောစောတည်းက အစားအသောက်သိုလှောင်တဲ့ အလေ့အကျင့်ကို မစွဲလန်းခဲ့တာလဲ?” 


ချောင်စီချီးသည် ယခုအချိန်လောက် အစားအစာစွဲလန်းသူ မဖြစ်ခဲ့ခြင်းအပေါ် ဘယ်တုန်းကမှ နောင်တမရဖူးပေ။ ထို့နောက် သူတစ်စုံတစ်ရာကို စဉ်းစားလိုက်သကဲ့သို့ အထီးကျောင်းသားများအတွက် စိတ်ကူးယဉ်အိမ်မက်ထဲတွင်သာ ရောက်နိုင်သော ယောက်ျားဆောင်များနှင့် လုံးဝခွဲခြားထားသည့် မိန်းကလေးဆောင်များရှိရာကို ပြတင်းပြင်ဘက်မှတစ်ဆင့် ရုတ်တရက် လှမ်းကြည့်လိုက်သည်။


“မိန်းကလေးကျောင်းသူ အယောက်စီတိုင်းလိုလိုက သွားရည်စာတွေ သိုလှောင်တာ နှစ်သက်တဲ့ ဟမ်းစတားလေးတွေနီးပါးပဲတဲ့။ သူတို့ထဲက တချို့ဆို ကုန်စုံဆိုင်ထွက်ဝယ်ပြီး သူတို့အဆောင်ခန်းတွေမှာ တိတ်တိတ်လေး သူတို့ဘာသာချက်စားကြတယ်လို့ ကြားတယ်”


ရှေးပဝေသဏီအချိန်တည်းက ယောက်ျားလေးဆောင်များရှိ မတော်တရော် ပြုတတ်သော ကျောင်းသားများ မရေမတွက်နိုင်အောင်သည် မရရှိနိုင်သော မိန်းကလေးဆောင်များကြောင့် သူတို့၏အသိဉာဏ်တို့ ဆုံးရှုံးသွားတတ်ကြသည်။


သို့သော် ချောင်စီချီး၏မျက်နှာပေါ်တွင်တော့ တဏှာရာဂတက်မက်မှုများ မရှိနေဘဲ အစားအစာအတွက်သာ လိုအင်ဆန္ဒများ ရှိနေခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment