no

Font
Theme

“ဗိုက်ဆာနေတုန်း ဝဝလင်လင်မစားခဲ့မိရင် နောင်တစ်ချိန် နောင်တရမိလိမ့်မယ်” 


စုန့်ဖေးက ချောကလက်ဘူးကိုဖွင့်လျက် သူ့ပါးစပ်ထဲသို့ အသည်းပုံသဏ္ဌာန် အတုံးလေးတစ်ခုကို ပစ်ထည့်လိုက်လေသည်။ ထို့နောက် သမားရိုးကျဆန်စွာ ချောင်စီချီးဆီကို တခြားအသည်းပုံတစ်ခု ကမ်းပေးလိုက်၏။


မက်မန်းသီးပင်လိုမျိုးကို စိတ်ကူးယဉ်အိမ်မက်မက်ခြင်းက သင်၏ဆာလောင်မှုများကို ငြိမ်းသတ်စေနိုင်သော်လည်း အစာအကြောင်း စိတ်ကူးနေရင် ပိုဆာလာလေလေဖြစ်သည်။


ချောင်စီချီးသည် စိတ်ပျက်နေသော သူ့အကြည့်များကို ရုတ်သိမ်းပြီးနောက် ချောကလက်တုံးလေးကို ပါးစပ်ထဲသို့ လက်ခံပစ်သွင်းလိုက်၏။အရသာကြွယ်ဝပြီး ရနံ့မွှေးသော ကိုကိုးစေ့သည် သူ၏အတွင်းထဲရှိ ဆာလောင်နေသောသားရဲကို ယာယီဖိနှိပ်ထားလိုက်ပေသည်။


“အဟွတ်” သူ့တို့ဘေးနားရပ်နေသော လုံးဝကျန်းမာသည့် ချီယန်က ရုတ်တရက်ကြီး ချောင်းထဆိုးလာလေ၏။


စုန့်ဖေးက သူ့ကို မသင်္ကာသလို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း အရိပ်အကဲဖမ်းမိလိုက်သည်။ထိုနောက် သူ့မျက်လုံးများကို လည်လိုက်ပြီး နောက်ထပ် ချောကလက်တစ်ခုကို ယူလိုက်ကာ နောက်ပြန်လှည့်လိုက်ပြီး အင်တင်တင်ဖြင့် သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။


ချီယန်သည် သူ့လက်ဖဝါးထဲရှိ သေးငယ်သော စတုရန်းပုံကို ငုံ့ကြည့်လျက် အစောတုန်းက သူတို့နှစ်ယောက် ခွဲစားနေကြသော အသည်းနှလုံးပုံ ချောကလက်တုံးလောက် မချိုလောက်ဘူးဟု သေချာပေါက် တွေးနေခဲ့သည်။


စုန့်ဖေးကတော့ ဘာကြောင့် ချီယန်က ချောကလက်တောင်းပြီးနောက် ၎င်းကို စားမည့်အစား စူးစိုက်ငေးကြည့်နေတာကို လုံးဝနားမလည်နိုင်ပဲ ဖြစ်နေခဲ့သည်။ သို့သော် ချီယန်သည် မကြာခဏ အမြဲတမ်းလိုလို ဒီလို အရူးလိုပုံဖမ်းတတ်သည့်အတွက် သူလည်း ကျင့်သားရနေပြီဖြစ်သည်။အခုတော့ သူ့အစာအိမ်မှာ ချည့်နဲ့နဲ့နှင့် ဆန္ဒပြနေပြီပင်။ဒီ‌နေ့အတွက် မနက်စာမစားခဲ့ရသေးတာကြောင့် သူ့အတွက် ဗိုက်ဆာခြင်းကို စတင်ခံစားရမည့် အချိန်ပင်ဖြစ်သည်။ သို့သော် သူ့အစာအိမ်ကို ဆာလောင်မှု ပြေပျောက်အောင် မည်သည်နှင့် ဖြည့်တင်းရမလဲ မသိသေးပေ။ အစာထောက်ပံ့မှု အကန့်သတ်နှင့် ကြုံတွေ့ရချိန်မှာ ရွေးချယ်ရခြင်းက နက်နဲသော အကျပ်အတည်း ဖြစ်လာခဲ့သည်။


“ငါ့အထင် မင်းတအားမဆာရင်တော့ သွားရည်စာမဟုတ်ရင် အသီးတစ်ချို့ စားလိုက်ပါလား။ပြီးတော့ မင်းဆာတာ ထပ်မခံစားနိုင်တော့တဲ့အချိန်အတွက် အသင့်စားခေါက်ဆွဲတွေကို အသုံးတည့်အောင် သိမ်းထားလိုက်လေ” ချောင်စီချီးက သိပ္ပံနည်းကျသော အကြံဉာဏ်တစ်ချို့ကို ကမ်းလှမ်းလာလေသည်။


စုန့်ဖေးက သည်အကြံဟာ အတော်လေးအဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသောကြောင့် နည်းနည်းလေး လေ့လာကြည့်လိုက်ပြီးနောက် ဝမ်ချင်းယန်၏ ပန်းသီးကို ကောက်ကိုင်လိုက်သည်။


ချီယန်သည် စုန့်ဖေးက ပန်းသီးကိုကိုင်လိုက်သည်နှင့် ပြောလိုက်မလို့ လုပ်ခဲ့သည်မှာ "မလုပ်နဲ့" ဟုပင်။ သို့သော် စုန့်ဖေးက သိသိသာသာ ဝမ်းသာမှုများဖြင့် သူ့နှုတ်ခမ်းများကိုဖွင့်ကာ ပန်းသီးကို ဂျွတ်ခနဲမြည်အောင် အကိုက်ကြီးတစ်ကိုက်ကို ကိုက်လိုက်ပြီဖြစ်သည်။


"ဘာဖြစ်လို့လဲ" စုန့်ဖေးသည် ချီယန်ဘက်ကို လှည့်မကြည့်လိုက်ခင်မှာပဲ သုံးကိုက်တည်းနှင့် ပန်းသီးတစ်ဝက်ကို စားပြီးပြီဖြစ်၏။


ချီယန်က သူပျော်ရွှင်စွာ စားနေသည်ကို မြင်ရသောအခါ သူအရမ်းအတွေးများသွားသည်ဟု တွက်ဆလိုက်သည်။ ထို့ကြောင့် သူ့ခေါင်းကိုခါလျက် "ဘာမှမဟုတ်ဘူး" ဟု ပြောလိုက်သည်။


စုန့်ဖေးက‌တော့ ခေါင်းညိတ်ခေါင်းခါတောင် မလုပ်နိုင်တော့ဘဲ နောက်ထပ် သုံးကိုက်ထပ်ကိုက်လိုက်ကာ ပန်းသီးအူတိုင်ကို ပြောင်ရှင်းသည်ထိ ကိုက်ဝါးလိုက်ပြီး ပန်းသီးတစ်လုံးလုံးကုန်အောင် အဆုံးသတ်ပေးလိုက်ပြီဖြစ်သည်။


"မင်းတို့နှစ်ယောက် မစားတော့ဘူးလား" 


သူကတော့ တက်တက်ကြွကြွ စားနေခဲ့ပြီး သည်အတန်းဖော်နှစ်ယောက်ကတော့ တစ်လက်မတောင် မလှုပ်သောကြောင့် စုန့်ဖေးကို အနည်းငယ် ကြောင်အမ်းအမ်း ခံစားမိသွားစေခဲ့သည်။


ချောင်စီချီးက တဟားဟား ရယ်မောလိုက်ပြီး "ငါတို့ဘယ်ကနေ ပြေးလာလဲဆိုတာ မင်းမေ့သွားတာလား"


စုန့်ဖေးက မျက်နှာမဲ့ရွဲ့ပြလိုက်သည်။မနေ့က သူတို့ ကန်တင်းထဲ၌ ပိတ်မိချိန်တွင် နေ့လယ်စာစားချိန်ဖြစ်ခဲ့ပြီး မီးဖိုချောင်နောက်ဘက်မှာ အစာတွေနှင့် ပြည့်နှက်ခဲ့ပေလိမ့်မည်။


"မင်း ဗိုက်မဆာရင် မိန်း‌ကလေးတွေအဆောင်ကို ဘာအတွက် သွားရည်တွေကျပြီး ကြည့်နေရတာလဲ"


"ငါက ကြိုရှာထားတာ‌လေ။ အခု ငါမဆာရင်တောင် အနာဂတ်မှာ ငါမဆာတော့ဘူးလို့ မဆိုလိုဘူးလေကွ။ ငါတို့အတွက် ဒီနည်းနည်းလေးက ရက်ဘယ်လောက် ကြာကြာတောင့်ခံနိုင်မှာ မလို့လဲ။ငါ မင်းကိုပြောပါရစေ၊ မိန်းကလေးအိပ်ဆောင်တွေမှာက သုံးလလောက် သူတို့ပိတ်မိရင်တောင်မှ သူတို့ လုံးဝ အဆင်ပြေနေကြမှာလို့ ငါမင်းကို အာမခံတယ်"


စုန့်ဖေးသည်လည်း သဘောကျသွားပြီး အရွှန်းဖောက်ချင်လိုက်ပေမယ့် သူ့အစာအိမ်က ရုတ်တရက် ကျဉ်းမြောင်းလာပြီး မကြိုဆိုသော လှုပ်လှုပ်ရွရွဖြစ်ခြင်းက ပြန်ရောက်လာကာ နောက်ဆုံးတစ်ခေါက်ကထက်တောင် ပိုပြင်းထန်လာနေလေသည်။


ထိုကြောင့် စုန့်ဖေးက အသင့်စားခေါက်ဆွဲထုပ်နား တစ်လှမ်းချင်း ချဉ်းကပ်သွားကာ တစ်အိတ်ကို ဆွဲယူလိုက်သောအခါ ချောင်စီချီးက မြင်သွားပြီး သူ့ကို တားလိုက်သည်။ “ဟေး မင်းဘာလုပ်နေတာလဲ။ မင်း အထူးတလှယ်ဆာချိန်မှ အသင့်စားခေါက်ဆွဲတွေကို စားရမယ်လို့ ငါပြောပြီးပြီမလား။ အထူးတလှယ် ဆာနေမှကွ"


စုန့်ဖေးက စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး "ငါ အခု အထူးတလှယ်ဆာနေတယ်လေ"


ချောင်စီချီးက ငိုချင်သွားရသည်။ “မင်း ပန်းသီးတစ်လုံးလုံးကို အခုလေးတင် စားလိုက်တယ်မလား”


စုန့်ဖေးက ပိုပြီးတော့တောင် ငိုချင်သွားရသည်။ “အဲ့ဒါက ပန်းသီးပုံစံ အစာချေဆေးပြားတစ်ခုပဲ ဖြစ်ရမယ်”


ချီယန်သည် မျက်နှာကို လက်ဖဝါးဖြင့် အုပ်လိုက်သည်။သူ သိနေတယ်။အစာချေနိုင်စွမ်း မြင့်မားသော ပန်းသီးလိုအသီးမျိုးက အမှန်တကယ် ဘယ်လောက်ဗိုက်ဝစေနိုင်မှာလဲ။ပိုစားလေလေ ပိုဗိုက်ဆာလာလေလေ ဖြစ်ရုံသာရှိသည်။


စုန့်ဖေးက ခေါက်ဆွဲခြောက်နှင့်ပဲ နေ့လည်စာကို ဖြစ်သလို စားလိုက်ရသည်။သူ စားနေသည့်အချိန်တွင် ချီယန်နှင့် ချောင်စီချီးတို့ကလည်း အချိန်မဖြုန်းနေကြပါ။ လက်နက်လို အသုံးချနိုင်သော ဘာအရာကိုမဆို တစ်ခန်းလုံး ရှာနေကြသည်။


အဆုံးတွင် ချောင်စီချီးက ရွမ်ကျဲ၏ ဆွစ်ဇာလန်နိုင်ငံထုတ် စစ်တပ်သုံးဓားကို တွေ့ရှိစဉ် ချီယန်က ဝမ်ချင်းယန်၏ သစ်သီးလှီးဓားကို ထုတ်သိမ်းလိုက်သည်။ဓားနှစ်လက်လုံးက အလွန်သေးငယ်ပြီး ခေါက်တင်ထားလို့ရကာ ကြည့်လိုက်သည်နှင့် အလွန်အန္တာရယ်များကြောင်း သိနိုင်ပေသည်။ချောင်စီချီး၏လက်ထဲ၌ ပစ္စည်းမျိုးစုံ ရှိနေသေးပေ၏။ပုလင်းဖောက်တံ၊ ကပ်ကြေးသေးသေးလေးနှင့် ဝက်အူလှည့်တို့လိုပင်။


စုန့်ဖေး စားသောက်ခြင်းပြီးသွားချိန်တွင်တော့ သူ့အပေါင်းအပါတစ်ယောက်စီက ဓားတစ်ချောင်းစီကိုင်ထားသည်ကို မြင်လိုက်ရသည်။ ၄၄၀၏ အမြဲတမ်းနေထိုင်သူတစ်ယောက်အနေနှင့် သူ ကောင်းကောင်းသိသည်__ချီးပဲ၊ ဓားတွေတော့ကုန်ပါပြီ။


“မင်းတို့နှစ်ယောက် မရှက်ကြဘူးလား၊ ငါ့ဆီက ဓားတချို့လာလုယူဖို့ကို ကန်တင်းကနေ ဒီအထိပြေးပြန်လာကြတာလား”


“ဘော်ဒါ၊ မီးဖိုချောင်က ချက်ပြုတ်ဖို့အတွက်လေ။ လက်နက်တိုက် မဟုတ်ဘူး။ မီးဖိုချောင်သုံးဓား နည်းနည်းလေးပဲရှိတယ်။ ငါတို့နှစ်ယောက် တစ်ယောက်တစ်ချောင်းဆီ ယူနိုင်ခဲ့မယ်လို့ မင်းထင်လို့လား”


စုန့်ဖေးက အရှုံးပေးချင်စိတ်မရှိပေ။နှစ်လိုဖွယ်ကောင်းသော တလက်လက်ဖြစ်နေသည့် မျက်လုံးများဖြင့် ချီယန်ကို မော့ကြည့်လိုက်သည်။


ချီယန်က ဒီလိုမျိုးအကြည့်ခံရသည်ကို လွန်စွာနှစ်သက်သဖြင့် သူ့မျက်လုံးထောင့်စွန်းများမှ အကြင်နာများ ယိုဖိတ်လာတော့သည်။ “ငါ့နောက်မှာပုန်းနေလိုက်လေ၊ မင်းကို ကာကွယ်ပေးမယ် ”


စုန့်ဖေးသည် စိတ်ညစ်သွားရသည်။ “သေလိုက်”


ပတ်ပတ်လည်ကိုကြည့်လျှင် ၄၄၀မှာ ရရှိနိုင်သောအရာဝတ္ထုများသည် ရွမ်ကျဲ၏ဂစ်တာနှင့် ဝမ်ချင်းယန်၏ အင်္ဂလိပ်-တရုတ် အဘိဓာန်သာကျန်တော့သည်။ စုန့်ဖေးသည် သူလည်းပဲ အခုချက်ချင်း သူ့သင်္ချိုင်းစာကို ရေးရတော့မယ်လို့ ခံစားနေရပေသည်။


ချောင်စီချီးက လေးလံသောအဘိဓာန်ကြီးကို ကိုင်ကာ စုန့်ဖေးကို ကမ်းပေးလာသည်။ “ ငါတော့ ဒီဟာကအလုပ်ဖြစ်မယ်လို့ တကယ်ထင်တယ်။တွေးကြည့်လိုက်၊ ဗဟုသုတရဲ့စွမ်းအားလေ။ ဘယ်သူမှ မခံနိုင်လောက်ဘူး "


စုန့်ဖေး၏ နားထင်သည် တဒုတ်ဒုတ်မြည်သွားရကာ သူ့သွားများကို လျို့ဝှက်စွာကြိတ်လိုက်သည်။


ချီယန်သာ သူ့ကို ဂစ်တာပေးလာရဲခဲ့လျှင် သူကျိန်သည်။သေချာပေါက် ဒီအဘိဓာန်၏ ပထမဆုံး စတေးခံသားကောင် ဖြစ်လာစေရမည်။


ချီယန်ကတော့ သေချာပေါက် ဂစ်တာကို မယူပေးလိုက်ပေ။သူ စုန့်ဖေးကို ကမ်းပေးလာသည်က အနီရောင်တောက်တောက် ထိုက်ချိယပ်တောင်ပင်ဖြစ်သည်။


“မင်းငါ့ကို ဒုက္ခရောက်အောင် လုပ်နေတာလား။ ဒီပစ္စည်းက ဂစ်တာလောက်တောင် မကောင်းဘူး”


စုန့်ဖေး ထိုအရာကို မယူသည်ကို မြင်ရသောအခါ ချီယန်က သူ့လက်ကောက်ဝတ်ကို ခါလိုက်၏။ထိုအခါ ထိုယပ်တောင်က ဟွားခနဲမည်ပြီး ပွင့်လာပုံမှာ တကယ့်ကို အတော်လေးရဲစွမ်းသတ္တိရှိပုံပေါ်ပေသည်။


စုန့်ဖေးက သူ့မျက်ခုံးကိုပင့်ကာ “ဘာလဲ၊ မင်းငါတို့ကို ကပြဖို့လား”


ချီယန်က ဖျော့တော့စွာပြုံးပြလိုက်ကာ ဖက်ကနဲ စုန့်ဖေး၏မျက်နှာပေါ်သို့ ယပ်တောင်အတွန့်ဖြင့် ရိုက်လိုက်သည်။


ချီယန် အားသိပ်မသုံးထားသော်လည်း... သည်အရာက ခွန်အားရဲ့ ပြဿနာလုံးဝမဟုတ်ဘူး....အိုခေ။


စုန့်ဖေးက ယပ်တောင်၏အစွန်းကို ဒေါသတကြီး ရိုက်ဖယ်လိုက်ပြီး ထွက်သွားတော့မယ့်အချိန်မှာပဲ ချီယန်ပြောတာကို ကြားလိုက်ရသည်။


“သူတို့မင်းကို ကိုက်ချင်ရင် ဒါနဲ့သာတားလိုက်” 


စုန့်ဖေး တောင့်ခဲသွားပြီး သူ့ရှေ့က သံမဏိသတ္တုဒြပ်စင် ယပ်တောင်ရိုးများကို ကြည့်လိုက်ပြီးနောက် တောင့်ခိုင်သော အနီတောက်တောက် ပိုးသားကို ကြည့်လိုက်သည်။နောက်ဆုံး သံသယတစ်ချို့နှင့် သူ့လက်ကိုမတင်ကာ သူ့မျက်နှာကို အရင်ဦးစွာ ရိုက်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် သူ့ပါးစပ်ကို ဟလိုက်သည်။သို့သော် ပါးစပ်က မည်သို့ဖွင့်ထားပါစေ ဘယ်လိုမှ ယပ်တောင်၏မျက်နှာပြင်တစ်ခုထက် ပိုကျယ်ရန်ဖြစ်နိုင်မှာလဲ။ယပ်တောင်၏ဘေးနားကနေ လာမကိုက်ရင်သာပေါ့။ဒီယပ်တောင်က အရှေ့ဖက်ကလာသည့် တိုက်ခိုက်မှုတွေကို အမှန်ပဲ ခုခံနိုင်‌ပေသည်။


သည်အရာကို မြင်တွေ့ရပြီးနောက် ချီယန်ကပြုံးကာ မျက်ခုံးတစ်ဖက်မြင့်ပြီး မေးလိုက်သည်။ “အခုရော ငါနောက်နေတယ်လို့ ထင်သေးလား”


စုန့်ဖေးက ဘာမှပြန်မပြောဘဲ ဟွားခနဲ ယပ်တောင်ကို ဖြတ်ပိတ်လိုက်သည်။ထိုနောက် ၎င်းကို သူ့လက်ထဲတွင်ထားပြီး ဟိုလှည့်သည်လှည့်လုပ်ပြီး နောက်တစ်ခါ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သည်။ ယင်းကား ယပ်တောင်တစ်လက်မဟုတ်ဘဲ မှော်လက်နက်တစ်ခုပင်။


အစားအစာကလည်း အခုချိန်မှာ လုံလုံလောက်လောက်ရှိနေပြီး လက်နက်များလည်း လက်ထဲရှိနေပြီ ဖြစ်သည့်အတွက် ကျန်နေသေးသော တစ်ခုတည်းအရာမှာ သူတို့၏ လွတ်မြောက်ရာလမ်းကြောင်းကို ဆွေးနွေးရန်ဖြစ်သည်။ အိပ်ဆောင်တွေဆီကို ဇွန်ဘီများ မဖောက်လာနိုင်ခြင်းက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့သာ လွတ်လမ်းကို ကြိုမစီစဉ်ထားမိပါလျှင် ဖောက်ဝင်ခံရသည်နှင့် သူတို့သေမှာ သေချာ၏။


ချီယန် : “ပထမဦးဆုံး သူတို့ချိုးဖောက်လာရင် ငါတို့စင်္ကြံကို သေချာပေါက် သွားနိုင်မှာမဟုတ်ဘူး။ငါတို့အပြင်ကို ထွက်ပြေးချင်ရင် လသာဆောင်ကနေပဲ တွယ်ဆင်းနိုင်တယ်”


ချောင်စီချီး : “တွယ်တက်တာက လက်မောင်းအားတချို့လိုပြီးတော့ လူတိုင်းက အဲ့ဒါကိုလုပ်နိုင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဆင်းချရင်တော့ မင်းသတိထားပြီး ခြေလှမ်းမမှားသရွေ့ ပြဿနာကြီးမဟုတ်ဘူး”


ချီယန် : “နောက်တစ်ခုက စူပါမားကတ်ကို တန်းပြေးကြမယ်။အဆောင်နဲ့အနီးဆုံးက အဲ့ဒီနေရာပဲရှိပြီးတော့ တံခါးတွေကိုလည်း လော့ခ်ချထားလို့ရတယ်”


ချောင်စီချီး : “မဟုတ်ဘူး၊ ငါတို့ကန်တင်းက ပြန်ပြေးလာကြတုန်းက တစ်ယောက်ယောက်က အဲ့ဒီမှာပုန်းဖို့လုပ်ခဲ့ပေမယ့် သူ အထဲဝင်ဝင်ချင်း သေအောင်အကိုက်ခံလိုက်ရတယ်”


ချီယန် “အဲဒါက အရင်ကလေ။ သူတို့က လူတွေကိုတိုက်ခိုက်ရုံမဟုတ်ဘဲ လူတွေကိုစားသေးတာ မင်း သတိမထားမိဘူးလား။လူတစ်ယောက်တည်းကို အုပ်စုလိုက် စားကြတာလည်း ရှိသေးတယ်။ငါ့အထင်တော့ သူတို့ရဲ့တိုက်ခိုက်တဲ့ဆန္ဒက ဆာလောင်မှုကြောင့်လို့ ခံစားရတယ်။ ဒါကြောင့် စူပါမားကတ်ထဲက ကျောင်းသားအားလုံး အသတ်ခံလိုက်ရတာနဲ့ သူတို့ အဲ့ဒီမှာ ကြာကြာမနေကြတော့ဘဲ တခြားသားကောင်အတွက် အမဲလိုက်ကြလိမ့်မယ်”


ချောင်စီချီး “စားပြီးရုံနဲ့ ဗိုက်ဝပြီး မထွက်သွားသေးတဲ့ကောင်တွေ မရှိလောက်ဘူးလား”


ချီယန် : “ရှိ‌လောက်မယ်၊ ဒါပေမယ့် အပြင်မှာ ဟိုဟိုဒီဒီ လျှောက်သွားနေတဲ့ကောင်တွေထက်စာရင် ပမာဏနည်းလိမ့်မယ်။သူတို့လောက်ကိုတောင် မကိုင်တွယ်နိုင်ခဲ့ရင် အနှေးနဲ့အမြန် ငါတို့သေလိမ့်မှာပဲ”


ချောင်စီချီး : “အိုခေ၊ ဒါဆိုလည်း အဲဒီ ဖန့်သောသောဆီကိုပဲ သွားကြတာ‌ပေါ့”

(ဖန့်သောသော = ရုန်းကန်ခြင်း)


စုန့်ဖေး : “... ဒီညီလာခံရဲ့အဖွဲ့ဝင်အနေနဲ့ ငါ့အမြင်တွေကရော အရေးမပါဘူးလားလို့ မေးချင်လို့ပါ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment