no

Font
Theme

Unicode

နာနတ်သီးတီဗီချန်နယ်မှ စိတ်ပျက်စရာratingကိုကယ်တင်နိုင်ရန် 'မြင်မြင်ချင်းချစ်မိသွားတယ်'ပရိုဂရမ်ကို ဖန်တီးထားခြင်းဖြစ်၏။ သူတို့မှာ တကယ်ပင်နည်းလမ်းမရှိတော့ပါချေ၊ သူတို့တီဗီဌာန၏စျေးကွက်ရှယ်ယာမှာ ဆိုးရွားလွန်းနေရုံသာ။

ဒါရိုက်တာလည်း ရလဒ်တစ်ခုမထွက်နိုင်ပါက အလုပ်ပြုတ်မည်ဟူ၍ ငှာနမှ အကြောင်းကြားစာရထားပြီးဖြစ်သည်။

ပရိုဂရမ်အဖွဲ့သားများ စိုးရိမ်လွန်းသဖြင့် ဖြူဖျော့နေကြ၏။

ထိုအချိန်တွင် စုချီယွဲ့၏ အချက်အလက်ကို အင်တာနက်ပေါ်မှာတွေ့လိုက်၍ တစ်ယောက်ယောက်ကို စုံစမ်းရှာဖွေခိုင်းလိုက်သည့်အခါ သူက "Red Land"မှာ လက်မှတ်ထိုးထားကြောင်း သိလိုက်ရ၏။ သူ့ဇာတ်ကောင်မှာ သေးငယ်သော်လည်း ထုတ်လုပ်ရေးအဖွဲ့တွင် အရာရာရှိနေသည့်အပြင် အဓိကဇာတ်ဆောင်မှာထန်ယဲ့ဖြစ်နေသောကြောင့် ဤကဲ့သို့အခန်းကဏ္ဍသေးသေးလေးပင် အောင်မြင်ပေလိမ့်မည်။

အထူးသဖြင့် စုချီယွဲ့အပေါ် ထန်ယဲ့ဆက်ဆံပုံမှာ အများနှင့်ခြားနားပုံရ၏။ ထန်ယဲ့၏ကျော်ကြားမှု​အရ စုချီယွဲ့ကို သူတို့ရှိုးတွင်ပါဝင်ရန် လက်မှတ်ထိုးနိုင်ခဲ့ပါက အခြေအနေကိုကယ်တင်နိုင်မည်ဖြစ်သည့်အပြင် အပျော်တမ်းတစ်ဦးအတွက် ဈေးသက်သာပေလိမ့်မည်။

သို့သော်လည်း ဖုန်းခေါ်ဆိုပြီးနောက် ဤအပျော်တမ်းသမားလေးဟာ သူ့ကို ငြင်းပယ်လိုက်မယ်လို့ ဘယ်သူကထင်မှာလဲ?

ဒါရိုက်တာလည်း ဝမ်းနည်းပက်လက်ဖြစ်နေကာ နေ့နေ့ညည အိပ်မပျော်စားမဝင်နိုင်ဖြစ်နေခဲ့ရ၏။ သူတို့ရဲ့ နာနတ်သီးတီဗီချန်နယ်က ဒီအခြေအနေထိတောင် ရောက်နေပြီတဲ့လား?

ပရိုဂရမ်အဖွဲ့လည်း နေရာတိုင်းတွင် ဧည့်သည်များကို ဆွဲဆောင်နေဆဲဖြစ်ပြီး တတိယအဆင့် ကြယ်ပွင့်များစွာကို ဆက်သွယ်ထားပေမယ့် တစ်ယောက်မှ လာရန်ဆန္ဒမရှိကြသဖြင့် လူတိုင်းခိုကိုးရာမဲ့နေရသည်။

ထိုအချိန်တွင် ဒါရိုက်တာ၏ဖုန်းမြည်လာခဲ့သည်။

အမည်မသိနံပါတ်ကိုကြည့်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချမိသည်။ ခုတော့ လူလိမ်တွေကပဲ သူ့ကို အာရုံစိုက်နေကြတော့တာပေါ့လေ။

"ဒါရိုက်တာကျိုးလား? ကျွန်မက ထန်ဂရု ဥက္ကဌရုံးရဲ့ အတွင်းရေးမှုးပါရှင်။ 'မြင်မြင်ချင်းချစ်မိသွားတယ်'ပရိုဂရမ်အတွက် ရင်းနှီးမြှုပ်နှံမှုအကြောင်းပြောချင်လို့ပါ"

နားထဲတွင် သာယာနာပျော်ဖွယ်အမျိုးသမီးအသံတစ်သံကို ကြားလိုက်ရ၍ ကျိုးယိလည်း ထင်ယောင်ထင်မှားတွေကြားနေသည်ဟု ခံစားလိုက်ရပြီး

"ဘယ်...ဘယ်သူ?"

တစ်ဖက်လူက ထပ်ခါထပ်ခါပြန်ဖြေလိုက်သည့်အခါ ကျိုးယိထရပ်ကာ ​

"ရတာပေါ့၊ ရတာပေါ့၊ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် စကားပြောလို့ရပါတယ်"

ကျိုးယိ အပြင်ဘက်ကောင်းကင်ကိုမော့ကြည့်လိုက်၏။ အိုး... ကောင်းကင်ကြီးကကြည်လင်နေရောပဲ၊ ကံကောင်းခြင်းတွေရောက်လာပြီဟေ့!

...

နှစ်နာရီကြာလေယာဉ်စီးပြီးနောက် စုချီယွဲ့ Maybachတွင်ထိုင်ကာ သက်ပြင်းအခါခါချမိလျက်၊ လူချမ်းသာတွေက တကယ့်ကိုကွာခြားလွန်းတာပဲနော်။

"ထန်လောင်ရှီး ကျွန်တော် ရုပ်ရှင်အဖွဲ့သားတွေ bookingတင်ထားတဲ့ဟိုတယ်ကို သွားလို့ရပါတယ်ဗျ"

စုချီယွဲ့က ယွဲ့ခဲ့ဗီလာတွင် ကားရပ်လိုက်သည်ကိုမြင်လိုက်သောအခါ ကားပေါ်မှဆင်း၍ သူ့ဘာသူဟိုတယ်ဆီသွားရန် ပြင်လိုက်သည်။

သူ ဤနေရာသို့မလာခင်ကတည်းက ဤယွဲ့ခဲ့ဗီလာအကြောင်း စုံစမ်းပြီးသားဖြစ်သည်။ ယင်းမှာ အဆင့်မြင့်ပြီး တန်ဖိုးကြီးဗီလာတစ်ခုပင်။ အတွင်းမှ အုတ်ချပ်၊ ကြွေပြားတိုင်းဟာ အလွန်တန်ဖိုးကြီးပြီး VIPများသာ နေထိုင်တည်းခိုနိုင်ပေသည်။

ညတစ်ညလေးအတွက် ယွမ်ထောင်ချီကုန်ကျမည်ကို စုချီယွဲ့ မတတ်နိုင်သေးပါချေ။

သည့်အပြင် ထန်ယဲ့ပရိသတ်ဆိုတဲ့ခေါင်းစဥ်နှင့် အမြဲတမ်း ထန်ယဲ့အပေါ် အခွင့်ကောင်းမယူနိုင်ဘူးလေ။

စုချီယွဲ့ တကယ့်ကို ရှက်ရွံ့နေမိလျက်။ ထန်ယဲ့ က သူ့ပရိသတ်တွေအပေါ် အရမ်းကောင်းတာပဲ၊ တကယ်တော့ သူက သူ့ပရိသတ်မဟုတ်ဘူးလို့ ပြောလိုက်သင့်လား? သူစိတ်ရှုပ်နေရပါပြီနော်။

ထန်ယဲ့: "ဒါဆို ရုပ်ရှင်အဖွဲ့သားတွေ bookingတင်ထားတဲ့ဟိုတယ်မှာ ကိုယ့်ကို မင်းနဲ့ အတူလိုက်နေစေချင်တာလား?"

စုချီယွဲ့ စိတ်ရှုပ်ထွေးသွားရလျက်။ သူတို့နှစ်ယောက်ကြားမှာ တခြားဆက်သွယ်စရာရှိသေးလို့လား?

စုချီယွဲ့သည် ယွဲ့ခဲ့ဗီလာ၏ ဇိမ်ခံအိပ်ခန်းတွင် လဲလျောင်းနေပြီး သူ့တစ်ကိုယ်လုံးလွှင့်မျောနေသည့်နှယ်။

ဒီအခန်းကိုကြည့်လိုက်ပါဦး... သူ့အရင်တုန်းက အိမ်နှစ်အိမ်ထက် ပိုကြီးတယ်ရော။ ဒီအိပ်ရာ၊ ဒီအသားကိုကြည့်လိုက်ဦး... တိမ်ပေါ်မှာ လဲလျောင်းနေရသလိုမျိုး သက်တောင့်သက်သာရှိလွန်းနေတယ်လေ ဟုတ်တယ်မဟုတ်လား?

သူ အချိန်အတော်ကြာလဲလျောင်းနေပြီးနောက် ခုန်ထလိုက်ကာ ဖုန်းထုတ်၍ ဟိုဟိုဒီဒီဓာတ်ပုံရိုက်နေရင်း အဖွားလျိုက Grand View Garden သို့ ဝင်သွားသည့်နှယ်။ (မရောက်ဖူးတဲ့အသစ်အဆန်းနေရာကို စူးစမ်းစပ်စုတယ်လို့ပြောချင်တာပါ)

"မစ္စတာစု မင်းရဲ့အထုပ်အပိုးတွေကိုနေရာချပြီးရင် မြောင့်ကျုခန်းမမှာ ညစာစားလို့ရပါတယ်"

ဖန်းပိုင် ဖုန်းဆက်လာ၍ စုချီယွဲ့လည်း အမြန်ရေချိုးကာ အဝတ်အစားလဲလိုက်သည်။

မြောင့်ကျုခန်းမသို့ သူရောက်သောအခါ ဖန်းပိုင်က တံခါးဝတွင်စောင့်နေပြီး

"ဘော့စ်အထဲမှာရှိပါတယ်၊ မစ္စတာစု ကျေးဇူးပြု၍"

သူ့ပတ်ဝန်းကျင်ရှိအရာရာတိုင်းဟာ အစစ်အမှန်မဟုတ်သလိုပင်၊ နေရာတိုင်းတွင် ပိုးနှင့်ဝါးများဝန်းရံနေကာ မြူခိုးမြူငွေ့များအုံ့ဆိုင်းနေပြီး ဝါးရွက်၏ ထူးထူးခြားခြားရနံ့လေးမှာ နေရာအနှံ့ပျံ့နှံ့နေလေသည်။

နောက်ဆုံးတွင်မူ မြူနှင်းငွေ့များကိုဖြတ်၍ ဝါးတောထဲမှာ ထိုင်နေသောထန်ယဲ့ကို စုချီယွဲ့တွေ့လိုက်ရလေပြီ။

ထိုနေရာမှာ သူထိုင်နေရုံဖြင့် တစ်ကိုယ်လုံးတောက်ပနေသည်ကြောင့် လူတွေ သူ့ဆီကအကြည့်မလွှဲနိုင်လောက်အောင်ဖြစ်ရသည်။ ဝါးတောထဲမှာ လမ်းလျှောက်ထွက်နေသော မသေမျိုးနှင့်တူနေသဖြင့် လှရက်လွန်းသည်မှာ အစစ်အမှန်မဟုတ်သလိုပင်။

ထန်ယဲ့သည် ငုတ်တုတ်ငေးငိုင်နေသော စုချီယွဲ့ကိုမြင်လိုက်သည့်အခါ ထရပ်လာပြီး

"လာထိုင်လေ"

စုချီယွဲ့ အပြုံးလေးနှင့် လျှောက်လာကာ

"ထန်လောင်ရှီး ခင်ဗျားက အရမ်းကြည့်ကောင်းတာပဲဗျာ"

စုချီယွဲ့၏စကားကြောင့် ထန်ယဲ့နားရွက်နီရဲသွားသည်ကို မည်သူမှသတိမထားမိလိုက်ကြပေ။ သူက မျက်နှာချင်းဆိုင်ခုံကို သဘာဝကျကျဆွဲလိုက်ပြီး "ထိုင်ပါ"လို့ ပြောလိုက်သည်။

စုချီယွဲ့ ပိုဆိုးသထက်ဆိုးလာသည်ကို ခံစားလိုက်ရ၏။ သူက မင်းသားကို သူ့အတွက် ထိုင်ခုံဆွဲခိုင်းစေလိုက်သေးတယ်...

"ကျေးဇူးတင်ပါတယ် ထန်လောင်ရှီး၊ ကျွန်တော့်ဘာသာလုပ်ပါ့မယ်"

ထန်ယဲ့: "မင်းက ကိုယ့်ကိုချီးကျူးလို့ပါကွာ"

ထန်ယဲ့ tabletကို ကမ်းပေးလိုက်ပြီး "မှာလေ"

စုချီယွဲ့ သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းလိုက်ရင်း

"ကျွန်တော် အစားအသောက်ဇီဇာမကြောင်ပါဘူးဗျ၊ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်အတွက်မှာပေးဖို့ ထန်လောင်ရှီးကို ဒုက္ခပေးရတော့မယ်"

ထန်ယဲ့ မငြင်းတော့ဘဲ ဟင်းပွဲများကို မြန်မြန်မှာလိုက်ပြီး ဝါးရွက်ဝိုင်နောက်တစ်ခွက်တောင်းလိုက်သည်။

"ဒီဝါးရွက်ဝိုင်က မွှေးပြီးတော့ မမူးစေဘူး၊ မင်း မြည်းစမ်းလို့ရတယ်"

စုချီယွဲ့က သူမသောက်နိုင်ဘူးလို့ ပြောချင်ပေမယ့် ဤဝိုင်ကမမူးဘူးလို့ ထန်ယဲ့ပြောလာတာကြောင့် သူ မြည်းကြည့်ရတာပေါ့လေ။

ဟင်းပွဲများကလည်း အလွန်မြန်ဆန်ကာ လက်ရာမြောက်လွန်းလှ၏။ စုချီယွဲ့ ဟင်းပွဲအားလုံးကို နာမည်ပင်မသိသည်ကြောင့် ထန်ယဲ့က သူ့ကို တစ်ခုပြီးတစ်ခု စိတ်ရှည်ရှည်နဲ့ မိတ်ဆက်ပေးခဲ့သည်။

စုချီယွဲ့က သူ့ကို အပြုံးလေးနဲ့ကြည့်၍

"အနာဂတ်မှာ ထန်လောင်ရှီးကို လက်ထပ်ရမယ့်သူက အရမ်းပျော်ရမှာသေချာတယ်ဗျ"

ထန်ယဲ့ကိုင်ထားသော တူချောင်းတွေရပ်တန့်သွားကာ

"မင်းဘာကိုဆိုလိုတာလဲ?"

"ထန်လောင်ရှီးက အရမ်းထောက်ထားတတ်ပြီး ဂရုစိုက်တတ်တယ်လေ။ အပြင်မှာသူများတွေပြောနေကြတာနဲ့ လုံးဝကိုမတူဘူးဗျ"

စုချီယွဲ့ပြုံးလေလေ အရမ်းချစ်စရာကောင်းလေလေပင်။

ထန်ယဲ့က စုချီယွဲ့အတွက် ဝိုင်တစ်ခွက်ကို လောင်းထည့်ပေးလိုက်ပြီး

"မင်းကရော? မင်းလက်ထပ်မယ့်သူက ဘယ်လိုပုံစံလဲ?"

စုချီယွဲ့ ဝါးရွက်ဝိုင်တစ်ငုံသောက်ကြည့်လိုက်ရာ အလွန်ချိုမွှေးနေပြီး အရက်အရသာလုံးဝမရသဖြင့် သူ အလွန်နှစ်ခြိုက်သွားကာ တစ်ခွက်လုံးသောက်ချလိုက်၏။

"ကျွန်တော်လား? ကျွန်တော်ကတော့ အိမ်ထောင်ပြုဖို့မစဥ်းစားထားပါဘူးဗျာ"

"ဘာလို့လဲ?"

စုချီယွဲ့တစ်ယောက် ဤဝိုင်ကို အလွန်သဘောကျနေသည်မှန်း မြင်လိုက်ရသဖြင့် ထန်ယဲ့ သူ့အား နောက်ထပ်တစ်ခွက်ကို လောင်းထည့်ပေးလိုက်သည်။

"ကျွန်တော်က လူတစ်ယောက်ကို ဘယ်လိုချစ်ရမှန်းမသိသလို၊ ဘယ်သူက ကျွန်တော့်ကို တကယ်ချစ်နိုင်မလဲဆိုတာလည်း မသိဘူးလေ။ ဒါကအရမ်းခက်တာပဲနော်"

စုချီယွဲ့လည်း ထန်ယဲ့အတွက် ဟင်းတစ်ချို့ထည့်ပေးလိုက်ပြီး

"ထန်လောင်ရှီးလည်း စားလေဗျာ၊ ကျွန်တော်စားလို့ကုန်တော့မယ်"

ဝါးရွက်ဝိုင်နောက်တစ်ခွက်သောက်ပြီးနောက် စုချီယွဲ့မျက်နှာ နီရဲလာကာ သူ့မျက်လုံးတွေ မှုန်ဝါးလာလေ၏။

"ထန်လောင်ရှီး လိမ်တယ်"

🌸

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment