no

Font
Theme

[Unicode]

"အဖွဲ့ဖွဲ့တာက ယာယီပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်ကတော့ လူတိုင်း ကိုယ်သဘောကျတဲ့လက်တွဲဖော်ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်တာပါ။ အကယ်၍ ဧည့်သည်တစ်ယောက်ယောက်က အချစ်မီးပွားတွေမဖန်တီးနိုင်ဘူး ဒါမှမဟုတ် နှစ်ယောက်စလုံးက တစ်ယောက်နှင့်တစ်ယောက်မသင့်တော်ဘူးလို့ ခံစားရရင် နှစ်ဖက်စလုံးမှ ထွက်ခွာဖို့ အဆိုပြုနိုင်ပါတယ်ဗျာ။ ကျန်ရှိတဲ့ဧည့်သည်တွေရဲ့ လိုအပ်ချက်တွေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့်စဥ်းစားသုံးသပ်ပြီး သူ့အတွက် လက်တွဲဖော်အသစ်ကို ရွေးချယ်ပေးပါမယ်"

ပရိုဂရမ်အဖွဲ့မှ စည်းကမ်းချက်များကို ထုတ်ပြန်ကြေငြာလိုက်သည်။

စုချီယွဲ့ သူ့မျက်နှာချင်းဆိုင်မှ စုံတွဲသုံးတွဲကိုကြည့်လိုက်၏။ သူတို့အားလုံးက အံ့အားသင့်ခြင်းမရှိဘဲ နားလည်ကြောင်း ခေါင်းညိတ်ပြနေကြသည်။

ဒါပေမယ့်! သူလက်မှတ်ထိုးထားတဲ့စာချုပ်က ဘယ်အခြေအနေမျိုးမှာမဆို ရုပ်သိမ်းခွင့်မရှိဘူးလေ၊ မဟုတ်ရင် နှစ်ဆပြန်လျော်ရမှာ... ဘာလို့လဲ?

အဆိုပါလျှို့ဝှက်ဆန်းကြယ်ဧည့်သည်က အလွန်ဆိုးရွားနေပြီး သူ့အား အတင်းအကျပ်ဒိတ်ခိုင်းပါက သူ့မှာ ထွက်သွားဖို့တောင်းဆိုပိုင်ခွင့်မရှိဘူးပေါ့လေ။ သူက အရမ်းသနားစရာမကောင်းဘူးလားလို့?

သူ အခုမှ နောင်တရဖို့ အရမ်းနောက်ကျသွားပြီလားဟင်?

ဒါရိုက်တာက စုချီယွဲ့၏ စွပ်စွပ်စွဲစွဲအကြည့်များကို လျစ်လျူရှုကာ ကောင်းကင်ကြီးကို မော့ကြည့်နေလေ၏။

ဝန်ထမ်းက ဓာတ်ပုံ၄ပုံကို ထုတ်ပြကာ ပြောလာခဲ့သည်။

"ဒါက လူတိုင်း နေထိုင်ရမယ့်နေရာပါ။ ရွာသားတွေက နောက်ပိုင်း မင်းတို့ကို အတတ်ပညာတစ်ခုသင်ပေးပါလိမ့်မယ်။ ပထမဦးဆုံးတာဝန်ပြီးမြောက်တဲ့ ဘယ်အဖွဲ့ကိုမဆို နေအိမ်ရွေးချယ်ရာမှာ ဦးစားပေးသွားမှာပဲဖြစ်ပါတယ်။ ဟုတ်တာပေါ့၊ သက်ဆိုင်ရာနေအိမ်တိုင်းမှာ လူတိုင်းအတွက် ဒီညအတွက် စားစရာတွေရှိပါမယ်။ နေအိမ်ပိုကောင်းလေလေ စားစရာတွေအမျိုးအမယ်ပိုစုံလေလေပါပဲ"

"မင်းတို့ ဘယ်အိမ်ကိုပဲရွေးရွေး၊ မင်းတို့အတွက် လွတ်လွတ်လပ်လပ်ကိုယ်ပိုင်နေရာတစ်ခုရှိလိမ့်မယ်ဆိုတာတော့ စိတ်ချထားလို့ရပါတယ်။ မင်းတို့ရဲ့ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးစိတ်ချရအောင်လို့ ကျွန်တော်တို့ဘက်က အဆင်ပြေပြေဖြစ်အောင် ဖြည့်ဆည်းပေးသွားမှာပါဗျာ"

ဝန်ထမ်းက နေအိမ်လေးလုံး၏ဓာတ်ပုံများကို လူတိုင်းဆီ ပြသခဲ့သည်။

ပထမအဆောက်အဦးမှာ ပစ္စည်းပစ္စယအပြည့်အစုံနှင့် နှစ်ထပ်တိုက်အိမ်လေးပင်။ တစ်ချက်ကြည့်လိုက်သည်နှင့် အကောင်းဆုံးဖြစ်မှန်းသိနိုင်၏။

ဒုတိယအဆောက်အဦးမှာ အုတ်အိမ်ဖြစ်ပြီး တစ်အိမ်လုံးကို အုတ်နီခဲများဖြင့် ဆောက်လုပ်ထား၍ အလွန်သာမန်ဆန်လှသည်။ ပြတင်းပေါက်ကြီးများပါရှိသဖြင့် အလွန်လင်းထိန်တောက်ပနေလျက်။

တတိယအဆောက်အဦးမှာ ရွှံ့အိမ်ဖြစ်၍ အနည်းငယ်နုံချာပုံရကာ ခြံထဲတွင်လည်း အိုးကြီးတစ်လုံးရှိနေ၏။

စတုတ္ထအဆောက်အဦးသည်ကား အဆိုးရွားဆုံးပင်။ ပြတင်းပေါက်ငယ်လေးများပါရှိသည့် သစ်သားပျဉ်ပြားများဖြင့် ဆောက်လုပ်ထားသောအိမ်ဖြစ်ပြီး အပြင်ဘက်တွင် ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေပုံရသည်။ မီးဖိုကား ပေါင်းပင်ကြားထဲမှာရှိနေပြီး အချိန်အတော်ကြာမည်သူမျှဂရုမစိုက်ထားပုံရကာ မီးဖိုချင်ပါက ပေါင်းပင်များကို အရင်ရှင်းရမည့်ပုံပင်။

လူတိုင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ပထမအဆောက်အဦးကိုသာ သဘောကျကြ၏။ ပထမဆုံးအဆောက်အဦးတွင် ခေတ်မီအသုံးအဆောင်အားလုံးပါရှိသည်။ ကျန်နေအိမ်များမှာ စားသောက်ချင်ပါက မိမိကိုယ်တိုင် မီးမွှေးရမည်ဖြစ်သည်။

လူတိုင်း ရွာသားများကိုရှာဖွေရန် ပရိုဂရမ်အဖွဲ့၏ လမ်းကြောင်းနောက်လိုက်ခဲ့ကြပြီး ပရိုဂရမ်အဖွဲ့ဝန်ထမ်းများက လမ်းတစ်လျှောက်လုံးမိတ်ဆက်ပေးလာခဲ့သည်။

"ဒါက ငါတို့ရဲ့ လှပတဲ့ တာ့ရှင်းအန်းလင်သစ်တောနယ်မြေပါ။ လူတိုင်းမြင်ကြတဲ့အတိုင်း ငါတို့လာတဲ့လမ်းမှာ နေရာတိုင်း သစ်တောတွေချည်းပဲလေ၊ အတွင်းပိုင်းမှာလည်း အရမ်းကိုရှေးကျတဲ့သစ်ပင်တွေရှိတယ်။ နေအိမ်ရွေးပြီးရင် စိတ်တိုင်းကျသွားလာလို့ရပေမယ့် ကျွန်တော်တို့သတ်မှတ်ထားတဲ့အကွာအဝေးထက်ကျော်ပြီး မသွားပါနဲ့ဗျ။ ဒီကလူတွေကတော့ သူတို့စားဝတ်နေရေးအတွက် သစ်တွေအသုံးပြုကြပါတယ်။ တစ်ဖက်က သစ်တွေခုတ်ပြီး သယ်ယူပို့ဆောင်ကြပေမယ့် တစ်ဖက်ကလည်း သစ်ပင်တွေစိုက်ပြီးတော့ ကာကွယ်ကြပါတယ်..."

ဆယ်မိနစ်ခန့်လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင်မူ ရွာသားတစ်ဦး၏အိမ်သို့ရောက်လာခဲ့ပြီ။

အဆိုပါရွာသားက လွန်စွာသဘောကောင်းပြီး လူတိုင်းကို လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ကာ

"ဒီနေ့ ကျုပ်က မီးမွှေးနည်းသင်ပေးမယ်ဗျို့"

လူတိုင်းကြားလိုက်ရသည့်အခါ အနည်းငယ်ရှုပ်ထွေးသွားကြလျက်။ အများစုက မြို့ထဲမှာ ကြီးပြင်းလာသူများဖြစ်ကြ၍ မီးဘယ်ကစသလဲပင်မသိကြ။

စုချီယွဲ့ လွန်စွာစိတ်ဝင်စားသွားလျက်။ သူငယ်စဥ်က အဖွားနှင့်အတူတူနေထိုင်ခဲ့၍ မီးမွှေးရသည်မှာ သူ့အတွက်လွယ်ကူလှသည်။

အဆိုပါရွာသားက ဘုဇပတ်သားသစ်ခေါက်တစ်ပိုင်းကို ထုတ်ယူလိုက်ပြီး

"ဒါက ဘုဇပတ်ပင်ရဲ့ အပြင်ဘက်သစ်ခေါက်ပါ၊ မီးစွဲလွယ်ပါတယ်။ ကျုပ်တို့အားလုံး ဒါကို မီးမွှေးဖို့သုံးကြမယ်"

စုချီယွဲ့ ဤကဲ့သို့သစ်ခေါက်ဖြူဖြူမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ချေ။ သူက မီးမွှေးရန် ကောက်ရိုး သို့မဟုတ် ထိုကဲ့သို့သောတစ်ခုခုကိုသာ အသုံးပြုခဲ့ဖူးပေသည်။

ထိုရွာသားက သစ်လုံးရှည်တစ်ချောင်းကိုယူလာကာ စင်ပေါ်တင်ပြီးနောက် လွှဖြင့် ဖြည်းညှင်းစွာ စတင်ဖြတ်ပါတော့သည်။ လွှစာများ အောက်ဘက်ကိုလွင့်ကျနေ၍ ထူထူထဲထဲအလွှာလိုက်ဖြစ်လာတော့သည်။ ရွာသားက သူ့အလုပ်သူလုပ်နေကျဖြစ်သည့်အလျောက် မကြာမီတွင် သစ်လုံးရှည်လည်း အပိုင်းအစသစ်တိုများစွာဖြစ်သွားခဲ့လေပြီ။

အဆိုပါရွာသားက ပုဆိန်ကိုယူ၍ ပါးလွှာသောထင်းပိုင်းအဖြစ် ဆက်လက်ခုတ်ထစ်နေလေသည်။

လူတိုင်း ၄င်းအခြင်းအရာကို အလေးအနက်ကြည့်ရှုနေခဲ့ပြီးနောက် ကျန်းဇီဖျင်က ရုတ်တရက်မေးလာခဲ့သည်။

"ဒါဆို ကျွန်တော်တို့က သစ်သားကို လွှနဲ့ စဖြတ်ရမှာလား?"

မဟုတ်ရင် မီးစမွှေးလိုက်ရုံပဲလား!

ရွာသားက ပျော်မြူးစွာပြောလာလေ၏။

"ဟုတ်တယ်၊ ဟုတ်တယ်၊ လူငယ်လေး တကယ်ထက်မြက်တာပဲဗျာ"

သူတို့က အဖွဲ့နှင့်ဖြစ်ကြ၏။ စုချီယွဲ့သည် အဖွဲ့တိုင်းမှာ လူနှစ်ယောက်ရှိနေပြီး သူ့အဖွဲ့မှာ သူတစ်ယောက်တည်းဖြစ်နေကြောင်း တွေ့ရှိသွားခဲ့သည်။ မူလကတော့ သူမီးမွှေးနိုင်ရုံနဲ့ အောင်မြင်ပြီလို့ထင်ခဲ့ပေမယ့် အခုများတော့ တခြားဟာတွေပါထပ်ပေါင်းလာတော့ သူရှုံးသွားတော့မှာလားဟင်?

ရွာသားက မီးဖိုဆီသို့လျှောက်သွား၍ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မီးခြစ်ဖြင့် ဘုဇပတ်သစ်ခေါက်ကို မီးညှိလိုက်ကာ မီးဖိုထဲထည့်လိုက်၏။ ထို့နောက် သူက ခုတ်ထစ်ထားသောထင်းများကို ဖြည်းညှင်းစွာထည့်လိုက်ရာ မကြာမီ မီးစစွဲလာပြီး တဖျစ်ဖျစ်မြည်လာတော့သည်။

ထိုရွာသား၏ သရုပ်ပြမှုအားလုံးပြီးသွားသည့်အခါ ဒါရိုက်တာအဖွဲ့မှ ပြောလာ၏။

"ပြဿနာမရှိရင်စလို့ရပြီ"

သူတို့အားလုံး နေရာပြောင်းလိုက်ကြပြီး အရာရာတိုင်း လေးပုံတစ်ပုံဖြစ်သွားလေသည်။

လူတိုင်း လွန်စွာစိတ်အားထက်သန်နေကြလျက်။ တခြားသောအဖွဲ့သုံးဖွဲ့ကား အလုပ်တာဝန်ခွဲဝေထားကြမှန်း သိသာနေသည်။ မင်းက ခဏလွှသွားဖြတ်လိုက်၊ ငါက ခဏထင်းခွဲလိုက်လုပ်ရင် အရှိန်ပိုမြန်သလိုပဲနော်။

စုချီယွဲ့ကိုယ်၌လည်း နောက်ကျကျန်ရစ်မနေလိုခဲ့။ ဘာပဲဖြစ်ဖြစ်လေ သူက ပရိုဂရမ်မှာပါဝင်ဖို့ လာခဲ့တာဆိုတော့လည်း... လူတစ်ယောက်က လူနှစ်ယောက်လောက် မကောင်းဘူးဆိုပေမယ့် အစွမ်းကုန်ကြိုးစားရမည်ပင်။

စုချီယွဲ့ဘက်ခြမ်း၌ သူတစ်ယောက်တည်း လွှဖြတ်လိုက်၊ ထင်းခွဲလိုက် ပြေးလွှားနေရ၏။ သူများတွေ ထင်းခွဲပြီးချိန် သူကတော့ သစ်သားတွေနေရာချဆဲ။ ပူပြင်းတောက်လောင်သည့်နေရောင်အောက်တွင် သူ့နဖူးပေါ်မှ ချွေးအလုံးလိုက်စီးကျလာလေပြီ။

စုချီယွဲ့ လက်ကိုဆန့်ကာ သူ့နဖူးမှ စီးကျလာသောချွေးများကိုသုတ်လိုက်ပြီး အလုပ်ဆက်လုပ်ပြန်သည်။

[ပရိုဂရမ်အဖွဲ့က ဒီအပျော်တမ်းလေးကို နည်းနည်းအနိုင်ကျင့်နေသလိုပဲနော်၊ သူကတော့ တစ်ယောက်တည်းဖြစ်နေပြီး ကျန်တဲ့အဖွဲ့မှာ လူနှစ်ဦးရှိကြတာကို၊ တရားမျှတမှုမရှိဘူး]

[ဘယ်မှာမမျှတလို့လဲ? သူ့ဘာသာ ဘောလုံးပစ်ပြီး အဖွဲ့ကိုကိုယ်တိုင်ရွေးခဲ့တာပဲလေ။ အဖွဲ့တိုင်းက အရမ်းကောင်းတယ်လို့ ငါတော့ထင်တာပဲ။ ဒါကို ကောင်းကင်ဘုံရဲ့ရွေးချယ်မှုလို့ခေါ်တယ်]

[အမှန်ပဲ၊ ဒါ့အပြင် နောက်ပိုင်း သူ အဆင်မပြေဘူးခံစားရရင် ပြောင်းလို့ရတာပဲလို့ ပြောထားတာပဲလေ။ သူကိုယ်တိုင်နုတ်ထွက်ဖို့ ရွေးချယ်နိုင်တာပဲဟာ]

[ကြည့် အခြားသုံးဖွဲ့လုံး မီးစမွှေးဖို့ပြင်နေကြပြီ။ စုချီယွဲနဲ့ လျှို့ဝှက်ဆန်းကြယ်ဧည့်သည်ကတော့ ဒီနေ့ည ပေါင်းပင်တွေကြားထဲမှာ နေရတော့မယ့်ပုံပဲဟေ့]

[စုရှောင်ကောကောကို ကူညီချင်လိုက်တာဟာ၊ သူ အရမ်းစိတ်စောနေတာပဲဖြစ်ရမယ်၊ ချွေးတွေရွှဲနေရောပဲဟယ်]

[ရုပ်ချောတဲ့လူတွေက မတူဘူးနော်၊ ချွေးထွက်နေရင်တောင် လှနေရောဟယ် အောင်းဝ်]

အမှန်ပင် တခြားသူများက စုချီယွဲ့ထက် ပိုမြန်ဆန်ကြ၏။ စုချီယွဲ့ ထင်းခွဲနေချိန်တွင် ကျန်သုံးဖွဲ့က မီးစမွှေးရန် အဆင်သင့်ဖြစ်လုနီးပါးပင်။

[အား အား အား အဲဒီထင်းတွေက ဘာလို့မနာခံရတာလဲလို့? မီးတောက်တွေအားလုံး ငြှိမ်းငြှိမ်းကုန်တယ်ဟယ်]

[အိုးမိုင်ဂေါ့ ငါလေး အရမ်းစိတ်မကောင်းဖြစ်နေပြီနော်။ ဟယ်ဝမ်ကျောင်းရဲ့လက် မီးလောင်သွားပုံရတယ်လို့]

[ပရိုဂရမ်အဖွဲ့ရေ ဒါကြီးက အန္တရာယ်များလွန်းတယ်လေ]

[အိုးမိုင်ဂေါ့ မင်းအတွက် အသက်ရှုတာက အန္တရာယ်ရှိနေတယ်ပေါ့လေ? မီးမွှေးတာက ဘာ​များအန္တရာယ်ရှိနေလို့တုန်း?]

[ကြည့်ကြဦး၊ ကျန်းဇီဖျင်နှင့် ထုန်ယန်တို့ အောင်မြင်တော့မယ်ထင်တယ်!]

[ဖန်းလောင်ရှီးတို့ ကျရှုံးနေတာ သုံးခါတောင်ရှိပြီနော်]

[......]

barrageပေါ်၌ ကွန်မန့်များအဆက်မပြတ်တက်နေပြီး လူတိုင်းက စုချီယွဲ့ နိုင်ဖို့အခွင့်အရေးမရှိတော့ဘူးလို့ ခံစားမိနေကြလျက်။ ထို့ကြောင့် အဆုံးတွင် နှစ်ထပ်တိုက်မှာ မည်သူနေထိုင်နိုင်မည်လဲဆိုသည်ကိုကြည့်ရှုရန် အားလုံးပြေးလွှားနေကြသည်။

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment