no

Font
Theme

[Unicode]

ဤနေရာရှိ ရှုခင်းမှာလှပသည့်အပြင် ပတ်ဝန်းကျင်လည်း သာယာလှ၏။ စုချီယွဲ့ ခေါင်းလှည့်ကာ ကင်မရာမန်းကိုကြည့်၍

"ဒီတော့ ပရိုဂရမ်အဖွဲ့က အားလပ်ရက်အတွက် ဒီလိုနေရာကောင်းတစ်ခု စီစဉ်ပေးထားတာပေါ့နော်?"

ကင်မရာမန်းက စကားတစ်ခွန်းမှပြန်မပြောဘဲ သူ့ကို အလေးအနက်စိုက်ကြည့်နေလျက်၊ အဓိပ္ပါယ်ကတော့ သူ့ဘာသာသူ သဘောပေါက်အောင်လုပ်ပေါ့လေ...

စုချီယွဲ့သည် ဆိုင်းဘုတ်များအတိုင်းလိုက်နာကာ သစ်သားတံတားကိုဖြတ်ကျော်၍ စင်္ကြံမှာလမ်းလျှောက်လာပြီး နောက်ဆုံးတွင် အပန်းဖြေစခန်း၏ဧည့်သည်စောင့်ဆိုင်းခန်း(lobby)သို့ ရောက်လာခဲ့သည်။

သူဝင်လာပြီးနောက် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသော ဧည့်သည်များစွာရှိနေပြီမှန်း တွေ့လိုက်ရလေသည်။

"အားလုံးပဲမင်္ဂလာပါဗျ ကျွန်တော်က စုချီယွဲ့ပါ"

လူတိုင်းခေါင်းလှည့်လာကြ၍ စုချီယွဲ့လည်း အားလုံးကို အမြန်နှုတ်ဆက်လိုက်သည်။

ဤနေရာရှိလူအများစုမှာ ဖျော်ဖြေရေးနယ်ပယ်၏ ထိပ်တန်းနာမည်ကြီးများပင်။ စုချီယွဲ့၊ ကျန်းဇီဖျင်နှင့် မင်းသမီးယန်ယွဲ့တို့ကသာ လူသိမများကြသော်ငြား ကျန်းဇီဖျင်နှင့် ယန်ယွဲ့တို့ကိုမူ သူတို့ကုမ္ပဏီက ပျိုးထောင်လိုစိတ်ရှိကြမှန်း တွေ့မြင်နိုင်သည်။ ဤအခွင့်အရေးမှာ ချဲ့ကားလွန်းသည်မဟုတ်။

ဧည့်သည်တော်တော်များများက ဤအပျော်တမ်းလေး၏ပုံစံကို အမှန်တကယ်တွေ့ချင်ခဲ့ကြသည်။ သို့သော်လည်း ယနေ့ သူတို့ သူ့ကိုတွေ့လိုက်ရသောအခါ ဤမျှချောမောပြီး ယဥ်ကျေးသူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထား၍ ချက်ခြင်းပင် သူ့ကို သဘောကျသွားကြသည်။

နာမည်ကြီးမင်းသမီးအန်းလုက သူ့ကိုလက်ပြကာ "ဒီမှာလာထိုင်လေ"

စုချီယွဲ့ ကျေးဇူးတင်လိုက်ကာ၊ အန်းလု၏ဘေးတွင် တကယ်ပဲနေရာနှစ်ခုရှိနေသည်ကိုတွေ့လိုက်ရသဖြင့် သွားထိုင်လိုက်သည်။

စုချီယွဲ့သည် ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ နာမည်ကြီးမင်းသမီး အန်းလု၊ မျိုးဆက်သစ်အဆိုတော် ထုန်ယန်၊ နာမည်ကြီး တေးရေးဆရာ ဖန်းမင်ရွှီ၊ နာမည်ကျော်ကြယ်ပွင့် ဟယ်ဝမ်ကျောင်းတို့ကိုတွေ့လိုက်ရသည်။ သူမသိသောတစ်ဦးတည်းလူမှာ သူ့ဘေးနားရှိ ယန်ယွဲ့ပင်။

သူတို့ထဲမှ လူတော်တော်များများဟာ ဖျော်ဖြေရေးနယ်ပယ်တွင် အဆင့်အတန်းတစ်ခုရှိကြပြီး လွှမ်းမိုးနိုင်သူများဖြစ်ကြသည်။ စုချီယွဲ့ကို မဆိုးဘူးလို့ သူတို့ခံစားရသော်လည်း လူတိုင်းက ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးနောက် ထွေထွေထူးထူး ဘာမှဆက်မပြောကြတော့ပေ။

စုချီယွဲ့သည် ဒါကသာမန်ပါပဲလို့ ခံစားရ၏။ သူတို့အချင်းချင်းမသိကြတဲ့ဟာ၊ စကားစမြည်ပြောဖို့အဆင်မပြေဘူးလေ။

သူတို့ထိုင်ပြီးသိပ်မကြာခင်မှာပင် ခုနစ်ယောက်မြောက်ဧည့်သည် ရောက်လာခဲ့သည်။

စုချီယွဲ့ကြည့်လိုက်သည့်အခါ ကျန်းဇီဖျင်ကို တွေ့လိုက်ရသည်။

အန်းလုက ကျန်းဇီဖျင်ကိုကြည့်ပြီး "ဒီရသစုံရှိုးမှာ ပါဝင်ရတာ ဒီလောက်ကောင်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး။ မျက်စိပဒေသာရှိလိုက်တာနော်"ဟူ၍ ပြောလိုက်၏။

ကျန်းဇီဖျင် လူတိုင်းကိုနှုတ်ဆက်ရန် လမ်းလျှောက်လာပြီး နောက်မှ သူ့အကြည့်များက စုချီယွဲ့ထံ ကော်နှင့်ကပ်သွားပုံရလျက်။

စုချီယွဲ့သည် ကျန်းဇီဖျင်ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူ့နှလုံးသားထဲမှာ ခံစစ်စည်းထားလိုက်လေပြီ။ ဆိုရိုးစကားအတိုင်း ရန်သူများတွေ့ဆုံကြသည့်အခါ အမြဲလိုလိုမနာလိုဖြစ်တတ်သောကြောင့် တိုက်ပွဲဝင်ရန်အမြဲအသင့်ရှိနေရမည်ပင်။

လုပ်အားခမြင့်မြင့်ရဖို့ မလွယ်ကူ​မှန်း၊ သူ့ဘေးမှာ အချိန်မရွေး နောက်ကျောကိုဓားနှင့်ထိုးနိုင်သည့်သူ ပေါ်လာနိုင်ပြီး သူ့အသက်အန္တရာယ်ကို အချိန်မရွေးခြိမ်းခြောက်ခံရလိမ့်မည်ဟု သူပြောခဲ့သားပဲလေ။

ထုန်ယန်သည် ဆိုဖာပေါ်တွင် ပျင်းရိစွာခွေခေါက်နေလျက် ကျန်းဇီဖျင်နှင့် စုချီယွဲ့တို့ကို စိတ်ဝင်တစားကြည့်နေပြီး

"ဒီတော့ ရုပ်ချောတဲ့ဆယ်ကျော်သက်လူငယ်လေးတွေကြားမှာ မီးပွားထတောက်ဖို့ လွယ်ကူတာလား?"

ဤသည်မှာ စုချီယွဲ့နှင့် ကျန်းဇီဖျင်ကို ရည်ညွှန်းခြင်းပင်။

ကျန်းဇီဖျင်ကို ဤကဲ့သို့မြင်ရသူတိုင်းက သူဝင်ဝင်လာချင်းမှာပင် စုချီယွဲ့ကို ချစ်မိသွားတယ်လို့ တွေးကြပေလိမ့်မည်။

"ဒါရိုက်တာအဖွဲ့ရေ သူတို့ကို ဘာလို့တစ်သင်းထဲမထားလိုက်လဲ?"

ထုန်ယန်က လူတွေကို ကျပန်းတွဲဖက်ပေးနေတော့သည်။

"ဟင့်အင်း!"

"အိုကေ!"

နှစ်ယောက်သား အတူတူအော်လိုက်ကြပေမယ့် အဖြေကတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေလျက်။

စုချီယွဲ့ နားမလည်နိုင်တော့ပါချေ။ ကျန်းဇီဖျင်က ပြန်လည်မွေးဖွားခဲ့ပြီး သူ့ယခင်ဘဝမှာလည်း လက်စားချေခဲ့ပြီးပြီလေ။ ဒီဘဝမှာ သူ့ဘ၀သူ ကောင်းကောင်းရှင်သန်တာ ပိုမကောင်းဘူးလား? ဘာလို့ သူနဲ့လာရှုပ်နေရသေးတာတုန်းလို့?

[ဒီတော့ ကျန်းဇီဖျင်က မြင်မြင်ချင်းချစ်မိသွားတာလားဟင်?]

[ဘာကိုမြင်မြင်ချင်းချစ်မိသွားရမှာလဲ? ဒါက မြင်မြင်ချင်းလိုချင်တပ်မက်သွားတာပဲပေါ့ဟ!]

[ဝူး ဝူး ဝူး ထန်ကောရေ ကောပွေ့ဖက်ခဲ့တဲ့ ရှောင်ကောကောအလှလေးကို တစ်ယောက်ယောက်လုယူသွားတော့မယ်လို့]

[ငါ့ထန်ကောက တကယ်သနားစရာကောင်းတာပဲဟာ။ သူ တစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ဆိုတာ ဒီလောက်ခက်တာကို၊ ဒါပေမဲ့ သူ(SCY)ကတော့ တခြားသူတွေနဲ့ ဖလစ်နေတုန်းပဲ။ ငါ့ထန်ကောက သူ့ကို ထပ်ပြီးကောင်းကောင်းဆက်ဆံရင် ငါက ပထမဆုံးကန့်ကွက်မှာပဲ]

[ကန့်ကွက်တယ် +1 ]

[ငါက စင်စစ်ဖြတ်သွားဖြတ်လာလေးပါ။ နင်တို့ပရိတ်သတ်တွေက အရမ်းသဘောထားကြီးလွန်းတာပဲနော်။ နင်တို့က နင်တို့ထန်ကောကို စုချီယွဲ့ဆီရောင်းစားနေကြတာလားဟ?]

[နင်နားမလည်ပါဘူးနော်၊ ငါ့ကောကောက တစ်ယောက်တည်းနေဖို့ ကံပါလာတာလေ၊ နားလည်ရဲ့လား? ငါ့ကောကောက တစ်ယောက်ယောက်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံလိုတာကို တွေ့ရတာဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပဲလေ၊ သူက ဘယ်လိုလုပ်ပြီး ငါ့ကောကောကို ရက်ရက်စက်စက် စွန့်ပစ်နိုင်ရလဲ? ဝူး ဝူး ဝူး... ငါ့ကောကောက တစ်နေရာရာမှာ ပုန်းအောင်းနေပြီး ဝမ်းနည်းနေတော့မှာပဲ]

နောက်ကွယ်မှ ဒါရိုက်တာလည်း သူ့နဖူးပေါ်ကချွေးတွေကို သုတ်လိုက်ရသည်။ ဘယ်လိုလုပ်ပြီး သူ့စိတ်တိုင်းကျ စုချီယွဲ့ကို အဖွဲ့ဖွဲ့ပေးနိုင်မှာလဲလို့?

စုချီယွဲ့နှင့် ကျန်းဇီဖျင်တို့က အော်ဟစ်လိုက်ကြပြီးနောက် နားနေခန်းမှာ တိတ်ဆိတ်သွားလျက်။

ကျန်းဇီဖျင် နှာမှုတ်ကာ စုချီယွဲ့၏ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမပြောတော့ပေ။

စုချီယွဲ့လည်း သူ့ကိုကြည့်ပင်မကြည့်ခဲ့။ အဲ့ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လေ၊ နားလည်တယ်မလား?

လူတိုင်း ရောက်ရှိနေကြပြီဖြစ်၍ ပရိုဂရမ်အဖွဲ့လည်း စကားစပြောလာချေပြီ။

"အခုကတော့ အဖွဲ့ခွဲတော့မှာပဲဖြစ်ပါတယ်"

အဖွဲ့ခွဲတော့မည်မှန်း လူတိုင်းကြားလိုက်ရသောအခါ စည်းမျဥ်းများကို သေချာနားထောင်ခဲ့ကြသည်။

"ဒီမှာ နေရာရှစ်ခုရှိပြီး လူတိုင်းရဲ့ ဓာတ်ပုံတွေကိုတင်ထားပါတယ်။ ကြည့်ရတာအဆင်ပြေအောင်လို့ စခရင်ကြီးကြီးမှာ ကြည့်လို့ရပါတယ်"

စုချီယွဲ့ ခေါင်းမော့ကြည့်လိုက်သည့်အခါ ခန်းမ၏တစ်ဖက်ခြမ်းဟာ ပြခန်းအသွင် ပြောင်းသွားမှန်း တွေ့လိုက်ရသည်။ လူရှစ်ဦး၏ဓာတ်ပုံနှင့် အမည်များကို ရှင်းရှင်းလင်းလင်းစီစဥ်ထားကာ "လျှို့ဝှက်ဆန်းကြယ်ဧည့်သည်"ဟူသော စကားလုံးသည်လည်း လျှို့ဝှက်ဆန်းကြယ်ဧည့်သည်အဖြစ်သာ ရေးသားထားဆဲ။

"တရားမျှတဖို့အတွက် လူတိုင်းက မဲနှိုက်ထားတဲ့အစဥ်အတိုင်း ဒီဘောလုံးတွေကို ပစ်ရပါမယ်။ ဘောလုံးဝင်သွားတဲ့ကျင်းရဲ့ သက်ဆိုင်ရာနံပါတ် ဧည့်သည်နဲ့ အဖွဲ့ဖွဲ့ရမှာပါ..."

ဝန်ထမ်းများက မဲနှိုက်ရန်သေတ္တာတစ်လုံးကို ယူလာပေးခဲ့ပေမယ့် စုချီယွဲ့ မဲမနှိုက်လိုက်ရချေ။ အားလုံးမဲနှိုက်ပြီးနောက် သူ ကျန်သည့်နောက်ဆုံးတစ်ခုကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ နံပါတ်သုံးကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သူသည် အသင်းဖွဲ့ရန်အတွက် ဧည့်သည်ရွေးချယ်ရန် ဘောလုံးပစ်ရမည့် တတိယမြောက်လူပင်။

နံပါတ်တစ်ကိုမဲနှိုက်ခဲ့သူမှာ လှပချောမောပြီး ​ကြော့ရှင်းသည့် အန်းလုပင်။ သူမ၏ဘောလုံးမှာ ဟယ်ဝမ်ကျောင်း၏ခြင်းတောင်းထဲသို့ လှိမ့်ဝင်သွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။

အန်းလုက ဟယ်ဝမ်ကျောင်းဆီကို လျှောက်သွားကာ မေးလိုက်လေသည်။

"ငါတို့က မောင်နှမ ဆက်ဆံရေးလို့ ယူဆလို့ရမလား?"

ဟယ်ဝမ်ကျောင်းသည်လည်း အလွန်ကျော်ကြားပြီး လူကြိုက်များသောကြောင့် သူ့လက်ကို သဘာဝဆန်ဆန် ဆန့်ထုတ်၍ "ဂုဏ်ယူစရာပါပဲဗျာ"ဟူ၍ ပြောလိုက်လေသည်။

အန်းလုက သူ့လက်ကိုလှမ်းကိုင်လိုက်၏။ သူတို့နှစ်ယောက်ဟာ လူချောလေးနှင့် မိန်းမလှလေးဖြစ်နေသဖြင့် အလွန်မျက်စိပဒေသာရှိလှသည်။

နံပါတ်နှစ်မဲလိပ်မှာ ဖန်းမင်ရွှီဖြစ်ပြီး သူက စကားအများကြီးမပြောဘဲ သေသေသပ်သပ် ဘောလုံးကို ပစ်လိုက်သည်။ သူ ရွေးချယ်လိုက်သည့်လူမှာ မင်းသမီးယန်ယွဲ့ပင်။

သူတို့နှစ်ယောက်စလုံးက စကားပြောကောင်းပုံမရသလို ယန်ယွဲ့သည်လည်း အနည်းငယ်ရှက်ရွံ့နေလျက်။

စုချီယွဲ့ကမူ နံပါတ်သုံးဖြစ်၍ သူက အစီအစဉ်အဖွဲ့မှပေးသောဘောလုံးကို လမ်းကြောင်းတစ်လျှောက်ပစ်လိုက်သော်ငြား အနှီဘောလုံးဟာ အရမ်းလေးနေသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် အဘယ်ကြောင့်​ရယ်မသိ၊ လမ်းကြောင်းမှသွေဖယ်သွားကာ နောက်ဆုံးတွင်မူ လျှို့ဝှက်ဆန်းကြယ်ဧည့်သည်၏ခြင်းတောင်းထဲသို့ ကျသွားလေသည်။

စုချီယွဲ့က ဘောလုံးကိုပိုကြည့်လေလေ တစ်ခုခုမှားနေသည်ဟု အမြဲခံစားနေရလျက်။

အဖွဲ့ဖွဲ့ပြီးသည့်နောက် စုချီယွဲ့က လူတိုင်းမှာ အတွဲလိုက်ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ ကောင်းတယ်၊ သူကတော့ အရမ်းကျေနပ်တယ်ဟေ့။ အနည်းဆုံးတော့ ကျန်းဇီဖျင်နဲ့ တစ်အုပ်စုတည်းမနေရတော့ဘူးလေ၊ ဘုရားသခင်ကျေးဇူးတင်လိုက်တာဗျာ။

ကျန်းဇီဖျင်နှင့် ထုန်ယန်တို့ နောက်ဆုံးတွင် အုပ်စုဖွဲ့လိုက်ကြသည်။ နှစ်ယောက်အတူရပ်လိုက်ပြီးနောက် ကျန်းဇီဖျင်က စုချီယွဲ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပါသေးသည်။

[အား အား အား ငါ့ရဲ့နတ်ဘုရားမအန်းလုနဲ့ ငါ့ရဲ့နတ်ဘုရားဟယ်ဝမ်ကျောင်းတို့ တစ်ဖွဲ့တည်းတဲ့လား? အိုးမိုင်ဂေါ့ ချိုမြိန်တဲ့အချစ်ပုံပြင်လေးကို မြင်ချင်နေပါပြီနော်]

[လျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ဘယ်သူလဲတော့ ငါမသိဘူး၊ အရမ်းသနားစရာကောင်းတာပဲ၊ ဒီအပျော်တမ်းလေးနဲ့ဒိတ်လုပ်ရတော့မှာပေါ့]

[ကျန်းဇီဖျင်က သူလိုချင်တဲ့အချစ်ကိုမရလို့ သူ့ကို မုန်းလိုက်တော့မှာလားဟ? သူကချစ်စရာကောင်းတယ်လို့ ငါ ရုတ်တရက်ကြီးခံစားမိသွားရင် ဘာလုပ်ရမလဲနော်?]

စာရေးသူမှာ ပြောစရာရှိပါတယ်။

ထန်ယဲ့: ငါက လုံးဝသနားစရာမကောင်းပါဘူးနော်၊ စောင့်မျှော်နေရတာ~

အထက်ပုဂ္ဂိုလ်(Gong)က အောက်ပုဂ္ဂိုလ်(Shou)လေးကို ဘာလို့ရုတ်တရက်ကြီးချစ်မိသွားရတာလဲလို့ ခရုတီလေးတစ်ယောက်မေးထားတာ ငါတွေ့လိုက်ရတယ်။ အကြောင်းရင်းကို နောက်မှ ရှင်းပြပါမယ်။

စကားမစပ် Gongက လက်ရှိshouလေးကို ကြိုက်နေတာပါ။ မူရင်းစာအုပ်ထဲမှာ Gongက shouကိုကြိုက်နေလို့လားလို့ မေးခွန်းထုတ်စရာမလိုပါဘူး။ ချစ်တယ်နော် ~

xxx

ကဲ ပရိသတ်ကြီးတို့ရော လျှို့ဝှက်ဆန်းကြယ်ဧည့်သည်ကို ထန်ယဲ့လို့ ထင်ကြသလားဝေ့...

...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment