Unicode
ဝါးရွက်ဝိုင်နောက်တစ်ခွက်သောက်ပြီးနောက် စုချီယွဲ့မျက်နှာ နီရဲလာကာ သူ့မျက်လုံးတွေ မှုန်ဝါးလာလေ၏။
"ထန်လောင်ရှီး လိမ်တယ်"
"ကိုယ် မင်းကို ဘယ်မှာလိမ်လို့လဲကွာ"
အရက်ပမာဏမပါလုနီးပါးဖြစ်တဲ့ဒီဝါးရွက်ဝိုင်ဟာ စုချီယွဲ့ကို တကယ်ပဲမူးစေလိမ့်မယ်လို့ ထန်ယဲ့မထင်ထားခဲ့ပေ။
"ဒီဝိုင်က မမူးဘူးလို့ ခင်ဗျားပြောတယ်လေ"
စုချီယွဲ့က ဟမ်းစတားတစ်ကောင်အလား ဒေါသထွက်ထွက်ဖြင့် ပြောဆိုနေ၏။
ထန်ယဲ့ သူ့လက်ကို စုချီယွဲ့ပုခုံးပေါ်တင်၍ ထိန်းထားပေးရင်း "ဒါဆို အခု မင်းမူးနေပြီလား?"
စုချီယွဲ့ တခစ်ခစ်ရယ်ရင်း "မမူးပါဘူး၊ ခင်ဗျားက ထန်လောင်ရှီးမှန်း ကျွန်တော်သိပါတယ်နော်"
ထန်ယဲ့ အမူးသမားလေးအားကြည့်ရင်း ခေါင်းယမ်းမိသည်။
ဖန်းပိုင်က တစ်ခုခုမှားနေသည်ကိုမြင်၍ အမြန်ပြေးလာကာ "ဘော့စ် ကျွန်တော် သူ့ကိုပြန်လိုက်ပို့ပေးလိုက်မယ်"
"ငါကိုယ်တိုင်လုပ်မယ်"
ထန်ယဲ့ အနည်းငယ်ခါးကိုင်း၍ စုချီယွဲ့အား တိုက်ရိုက်ပင် အလျားလိုက်ပွေ့ချီလိုက်သည်။
စုချီယွဲ့လည်း လိမ္မာရေးခြားရှိသော ချစ်စရာကြောင်လေးသဖွယ် ထန်ယဲ့ရင်ခွင်ထဲမှာ ခွေနေကာ
"ခင်ဗျား ကျွန်တော့်ကို ချီနိုင်ရဲ့လားဟင်? ကျွန်တော်ဝိတ်ချဖို့လိုလား?"
"အဆင်ပြေတယ်၊ ဝိတ်ချစရာမလိုပါဘူးကွာ"
စုချီယွဲ့ လှုပ်ရှားလာပြီး သူ့လက်မောင်းကို ထန်ယဲ့လည်ပင်းတစ်ဝိုက်မှာ ရစ်ပတ်လိုက်ကာ ရင်ဘတ်ကိုပွတ်၍ "ခင်ဗျားက အရမ်းကောင်းတာပဲ"
ထန်ယဲ့ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ "မလှုပ်နဲ့၊ ပြုတ်ကျလိမ့်မယ်နော်"
မျှော်လင့်ထားသည့်အတိုင်း စုချီယွဲ့ ထပ်မလှုပ်တော့ဘဲ ထန်ယဲ့ရင်ခွင်ထဲမှာ အိပ်ပျော်သွားတော့သည်။
ထန်ယဲ့က လူကို အခန်းထဲပြန်ပို့ပြီး ကုတင်ပေါ်တင်လိုက်သော်လည်း စုချီယွဲ့က သူ့ကော်လာကို ဆွဲထားကာ လက်လွှတ်ဖို့ ငြင်းဆန်နေသည်ကြောင့် သူလည်း စုချီယွဲ့ဘေးမှာသာ ဝင်လှဲလိုက်ရတော့သည်။
သူ့ဘေးနားကလူ၏ နွေးနွေးထွေးထွေးအသက်ရှုသံကို ခံစားလိုက်ရသဖြင့် ထန်ယဲ့ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တောင့်တင်းလာလေပြီ။ စုချီယွဲ့ကိုယ်ပေါ်ရှိအရက်က သူ့ဆီသက်ရောက်သွားပုံရကာ သူ့မျက်နှာက စတင်ပူလာသလို တစ်ကိုယ်လုံးလည်း ပူလာလေသည်။
သည်အခြေအနေက ပို၍ပို၍ဆိုးရွားလာပြီး သူ့ဘေးနားကလူကလည်း စတင်သောင်းကျန်းလာကာ သူ့ရင်ဘတ်ကို သူ့လက်တွေနဲ့ ပွတ်နေသည်။
ထန်ယဲ့က အငြိမ်မနေတဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "မလှုပ်နဲ့"လို့ပြောလိုက်သည်။
စုချီယွဲ့ ထပ်မလှုပ်ရှားလာသောအခါမှ နောက်ဆုံးတွင် ထန်ယဲ့ သက်ပြင်းတစ်ချက်ချပြီး မတ်တပ်ထရပ်လိုက်သည်။ အဲဒီအချိန်ှမှာ ဒီလူက သူ့ကို ရုတ်တရက်ကြီးဖက်လိုက်ကာ "ကျွန်တော်မလှုပ်တော့ဘူး၊ မလှုပ်တော့ဘူး" လို့ ဗလုံးဗထွေးညည်းတွားလာမယ်လို့ ဘယ်သူသိမလဲလေ။
ထန်ယဲ့က အချိန်အတော်ကြာရုန်းကန်ခဲ့သော်လည်း အားနည်းပုံရသော စုချီယွဲ့ဟာ အရက်မူးပြီးနောက် အင်အားအများကြီးရှိလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူလှုပ်လို့မရအောင်လို့ ပိုပိုပြီးတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါသေးသည်။
ထန်ယဲ့ အချိန်အကြာကြီးကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ လက်လျှော့လိုက်ချေပြီ။
သူလည်း ကုတင်ကြီးပေါ်မှာလဲလျောင်းလိုက်ပြီး စုချီယွဲ့၏အသက်ရှုသံကို နားထောင်နေရင်း သူ့ခန္ဓာကိုယ်မှာ ပိုပိုပြီးအရေးတကြီးဖြစ်လာသဖြင့် သူ့မျက်လုံးတွေကိုမှိတ်လိုက်ကာ သူ့ဘေးကလူအကြောင်းကိုမတွေးဖို့ အတင်းအကြပ်တွန်းအားပေးနေရသည်။
ညအမှောင်ထဲ၌ ထန်ယဲ့ မျက်နှာကျက်ကို စိုက်ကြည့်နေရင်း မိုးလင်းသွားခဲ့ရ၏။
စုချီယွဲ့က သူ့လက်မောင်းအနည်းငယ်နာကျင်နေသည်မှလွဲ၍ သူ့ဘေးနားတွင်အပူပေးစက်တစ်ခုရှိနေသကဲ့သို့ နွေးထွေးပြီးသင်းပျံ့နေသဖြင့် သူ့ကို ဘေးကင်းလုံခြုံစေသည်ဟု ခံစားမိစေသောကြောင့် ထိုညတွင်ကောင်းကောင်းအိပ်ပျော်ခဲ့သည်။
စုချီယွဲ့ မျက်လုံးဖွင့်လိုက်သည့်အခါ ပြိုင်ဘက်ကင်းအလှတရားမျက်နှာတစ်ခုကိုမြင်လိုက်ရလေ၏။ ထိုအလှလေးဟာ တည်ငြိမ်စွာ အသက်ရှူနေပြီး သူ့၏အိပ်ပျော်နေသောအနေအထားသည်လည်း အလွန်ပြေပြစ်နေသဖြင့် လူတွေ သူ့ကိုနမ်းချင်လောက်အောင်...
အိုး မိုင် ဂေါ့၊ သူဘာတွေတွေးနေမိတာလဲ?
ဒါပေမယ့် ထန်ယဲ့က ဘာလို့ သူနဲ့အတူအိပ်နေရတာလဲ?
မေးပါရစေ... #ရုပ်ရှင်ဘုရင်ကြီးနဲ့အတူတူအိပ်ပြီးရင်အနာဂတ်မှာငါဘာတွေအာရုံစိုက်ရမလဲ#
သူထွက်ပြေးသင့်လား?
သူပုန်းနေသင့်သလား?
သူတာဝန်ယူသင့်လား?
စုချီယွဲ့ သူ့လက်ကို ဖြည်းညှင်းစွာဆွဲထုတ်ပြီး သူ့ဦးခေါင်းကို ကာထားလိုက်၏။ သူတာဝန်မယူနိုင်ဘူးလို့...
"ကိုယ့်ကိုဘယ်လိုတာဝန်ယူရမလဲ စဉ်းစားနေတာလား?"
ထန်ယဲ့အသံထွက်လာသည်နှင့် စုချီယွဲ့ ရုတ်တရက်ထထိုင်လိုက်ပြီး "အာ... ထန်လောင်ရှီး မင်္ဂလာနံနက်ခင်းပါ"
ထန်ယဲ့ ထထိုင်လိုက်ပြီး သူ့လက်မောင်းနှင့်ပုခုံးကို ပွတ်သပ်နေရင်း
"မနေ့ညကဖြစ်ခဲ့တာတွေကို မင်းမှတ်မိလား? တာဝန်မဲ့မှုဟာ လူယုတ်မာတစ်ယောက်ရဲ့ လုပ်ရပ်လို့ ကိုယ်ကြားမိတယ်"
စုချီယွဲ့: ... သူ ဒီလောက်မြန်မြန်ကြီးလူယုတ်မာတစ်ယောက်ဖြစ်သွားပြီတဲ့လား?
စုချီယွဲ့လည်း မနေ့ညက အဖြစ်အပျက်များကို ပြန်လည်သတိရရန် ခက်ခက်ခဲခဲကြိုးစားလိုက်၏။ သူနှင့် ထန်ယဲ့ အတူတူညစာစားကြတယ်၊ ဝိုင်သောက်တယ်၊ ပြီးတော့...
အား ထန်ယဲ့က သူ့ကို မင်းသမီးလေးလိုပွေ့ချီခဲ့တာလား? ဒါ့အပြင် သူက ထန်ယဲ့ကိုဖက်ထားပြီးလွှတ်မပေးခဲ့တာပဲ။ အိုး မိုင် ဂေါ့ ကယ်တော်မူကြပါဗျို့... သူတကယ်မသောက်နိုင်ဘူးပဲ၊ အရက်သောက်ပြီး လိင်ဆက်ဆံမိတယ်!
စုချီယွဲ့လည်း ထန်ယဲ့အား သနားစရာကောင်းစွာကြည့်၍ "ကျွန်တော်... ကျွန်တော် ဘယ်လိုတာဝန်ယူရမလဲဟင်?"
ထန်ယဲ့ ကုတင်ပေါ်မှထကာ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီး "ကိုယ်စဉ်းစားကြည့်လိုက်ဦးမယ်"
ကြော့ကြော့မော့မောထွက်သွားသော ထန်ယဲ့နောက်ကျောပြင်ကိုကြည့်၍ စုချီယွဲ့က သူ့အတွက်သူ အထပ်မြင့်အဆောက်အဦးတစ်လုံး အမြန်ဆောက်လိုက်သည်၊ အမ်း သူ့အကြွေးတွေပြန်ပေးဆပ်ရမယ့်အဆောက်အဦးလေးပေါ့...
စုချီယွဲ့က ထန်ယဲ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး တစ်ညလုံးအိပ်ပျော်နေခဲ့၍ မနက်စာစားချိန်တွင် သူ့လက်မောင်းတွေ နာကျင်နေဆဲ။
အနားမှာမနက်စာစားနေသောဖန်းပိုင်သည် စိတ်အခြေအနေကောင်းနေသည့် သူ့ဘော့စ်နှင့် သူ့လက်မောင်းသူပွတ်နေသောစုချီယွဲ့ကို ကြည့်ရင်း တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူ့ဘော့စ်က တစ်ခုခုလုပ်ထားပုံရတယ်၊ ပြီးတော့ သူ့မှာအထောက်အထားရှိပုံရတယ်!
နံနက်စာစားပြီးနောက် စုချီယွဲ့နှင့် ထန်ယဲ့တို့လည်း တောင်ပိုင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့သို့ အတူတူအပြေးသွားခဲ့ကြသည်။
တောင်ပိုင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့သို့ ရောက်သောအခါ ထန်ယဲ့က မိတ်ကပ်လိမ်းရန် သွားလိုက်၏။ စုချီယွဲ့တွင် ဇာတ်ဝင်ခန်းတစ်ခန်းသာရှိသဖြင့် တခြားသူတွေရိုက်ကူးရေးပြီးဆုံးရန် စောင့်ဆိုင်းရမည်ဖြစ်သောကြောင့် တခြားသူတွေသရုပ်ဆောင်နေကြသည်ကိုသာ အေးအေးဆေးဆေးကြည့်ရှုနေလိုက်သည်။
ဤဇာတ်ဝင်ခန်းမှာ ဒုတိယဇာတ်လိုက်အခန်းပင်။ စုချီယွဲ့ အနီးကပ်ကြည့်လိုက်သည့်အခါ ဒုတိယဇာတ်လိုက်မှာ နာမည်ကျော်မင်းသား ကောင်းလန်ဖြစ်ပြီး သူ့အခန်းဖော်ကျန်းခိုင် အလွန်ကြိုက်သည့်မင်းသားတစ်လက်ပင်။
ကောင်းလန်သည် သူ့ဇာတ်ဝင်ခန်းပြီးသွား၍ ခေတ္တအနားယူရသည်။ နောက်ဇာတ်ဝင်ခန်းမှာ ထန်ယဲ့၏ဇာတ်ကွက်ပင်။ လူတိုင်းအလုပ်ပြီးသွားရင်တောင်မှ ထန်ယဲ့ကိုကြည့်ရန်စောင့်ဆိုင်းနေကြဆဲ။
စုချီယွဲ့ ကောင်းလန်အနားကို လျှောက်လာခဲ့သည်။ ကောင်းလန်က သူ့ဆီ တစ်ယောက်ယောက်လာနေသည်ကို သတိထားမိလိုက်ပြီး စုချီယွဲ့မှန်းတွေ့လိုက်ရသည့်အခါ ကြင်နာစွာ ပြုံးပြလိုက်၏။ ထိုနေ့လူရွေးပွဲနေ့တုန်းက သူလည်းရှိနေခဲ့သည်။ စုချီယွဲ့သရုပ်ဆောင်ပုံက အံ့သြစရာပင်။
"မင်္ဂလာပါ ကောင်းလောင်ရှီး၊ မင်းရဲ့လက်မှတ်လေးတောင်းလို့ရမလားဗျ?"
စုချီယွဲ့က ကျန်းခိုင်အတွက် ပြန်ယူပေးသွားချင်လေ၏။
ကောင်းလန် ခေါင်းညိတ်ပြလိုက်ပြီး ရတာပေါ့လို့ပြောခါနီးဆဲဆဲ၊ သူ့နောက်ကျောတစ်လျှောက် အေးစက်သွားရသလို ခံစားလိုက်ရ၏။ သူလှည့်ကြည့်လိုက်သောအခါ ထန်ယဲ့က သူ့အား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ သူ့မျက်နှာမှာ နှစ်တစ်ထောင်ကြာရေခဲများဖုံးလွှမ်းနေပုံရ၍ ကောင်းလန်လည်း အလိုအလျောက်ခေါင်းယမ်းပြလိုက်မိသည်။ "ဆောရီးပါဗျာ"
စုချီယွဲ့ စိတ်မဆိုးပါချေ။ ဒီလိုကြင်နာတတ်ပုံပေါ်တဲ့လူတွေဆီက လက်မှတ်ရဖို့ဆိုတာ အရမ်းခက်ခဲမှန်း ခံစားမိပြီးသားပဲလေ။ ဒါကြောင့်မို့ ကျန်းခိုင်က ဒီအကြောင်းကို ခဏခဏညည်းညူနေတာ အံ့သြစရာမရှိဘူးပဲ။
စာရေးသူမှာ ပြောစရာရှိပါတယ်။
ထန်ယဲ့: မနက်ကတော့ ငါ့ကို တာဝန်ယူမယ်လို့ပြောပြီး အခုတော့ တခြားသူတွေဆီမှာ လက်မှတ်ကိုတောင်းနေတယ်ပေါ့!
xxx