Chapter ( 14 ) _ သူကတကယ်ကို သာမန်လူတစ်ယောက်ပါပဲ!
မြို့တော်ကာကွယ်ရေးတပ်မှစစ်သားက ထိုမေးခွန်းကိုဖြေဆိုလိုက်ပြီးတာနဲ့ ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်သည် ပတ်ဝန်းကျင်မှလေဖိအားရုတ်တရက်နိမ့်ကျသွားသည်ဟု ခံစားလိုက်ရကာ ကြောက်ရွံ့ထိတ်လန့်သွား၏။
“လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်က?”
ဇန်လင်သည် ကျယ်လောင်သောအသံနှင့် ပြောလိုက်သည်။
သူ၏ဆက်သွယ်ရေးအက်ပ်(app)၏ဓာတ်ပုံတွင်ပြသသည့်အချိန်သည် လွန်ခဲ့သောတစ်နာရီခွဲကဖြစ်သည်။
ရှန်ဂျီထံမှ တုံ့ပြန်မှုမရှိခဲ့ပေ။
အခုချိန်ထိ တုံ့ပြန်မှုမရသေးဘူး!
သူ ရုတ်တရက် ထရပ်လိုက်သည်။
“သွားရအောင်”
“ဘယ်ကိုလဲ?” ချန်ဂျီဟွာက မေးလိုက်သည်။
“မြို့တွင်းနဲ့ မြို့ပြင်က မြေအောက်ရထားဘူတာရုံတွေဆီကို”
...…................
တက္ကသိုလ်ဘူတာတွင်....
မြေအောက်ရထားဘူတာရုံသည် လည်ပတ်မှု လုံးဝရပ်ဆိုင်းသွားပြီး အဝါရောင်သတိပေးတိပ်များဖြင့် ဤဧရိယာကို လုံးဝပိတ်ထား၏။ တစ်ခြားတစ်ဖက်မှာတော့ မြို့တော်ကာကွယ်ရေးတပ်မှ ကင်းလှည့်ကားများ၊ စစ်သံချပ်ကာယာဉ်များနှင့် လူနာတင်ယာဉ်များက အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာကြသည်။
မြေအောက်ရထားဘူတာရုံ၏ ပလက်ဖောင်းပေါ်တွင် ဥမင်ပေါက်မှ လိမ္မော်ရောင်မြူခိုးများ ထွက်လာကာ နံရံများပေါ်တွင် ရောထွေးနေသောအမြစ်များကဲ့သို့ ပြန့်ကျဲနေ၏။
ဒဏ်ရာရရှိသူများကို မြူခိုးများကြားမှ အဆက်မပြတ်သယ်ထုတ်လာပြီး မြေအောက်ရထားဘူတာရုံအတွင်း ဆေးဘက်ဆိုင်ရာယာယီရွက်ဖျင်တဲများသို့ ပို့ဆောင်နေကြသည်။
“မြန်မြန်လုပ် မြန်မြန်! ဒီကူးစက်မှုအဆင့်က 85 မှာ ရောက်နေပြီ၊ မြန်မြန်ဖျက်ပြီး ကာကွယ်ဆေးတွေသောက်ရင် အခွင့်အရေးရှိသေးတယ်”
“ဒါက ဒုတိယ ကပ်ပါးညစ်ညမ်းမှု တစ်ခုပဲ။ ချက်ချင်း ဖြတ်ပစ်ဖို့ လိုတယ်! သံကြိုး၊ လွှနဲ့ ကိရိယာတွေယူခဲ့”
“ဒီကူးစက်မှုအဆင့်က ၉၅ ကျော်သွားပြီ။ နိုက်ထရိုဂျင်မျက်နှာဖုံးတွေတပ်ပါ။ သီးခြားအခန်းကို ပြင်ဆင်ပါ”
ရှေ့တန်းမှ ဆရာဝန်များသည် ချွေးများဖြင့် မမောမပန်း အလုပ်လုပ်နေရသည်။
ဒဏ်ရာရသူတို့ကို အဆက်မပြတ် သယ်ထုတ်နေကြသော တစ်ကိုယ်လုံး အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ထားသည့် စူးစမ်းရေးအဖွဲ့မှ အဖွဲ့သားများသည် ဥမင်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လိုက်ကြပြီး မြူခိုးများထဲတွင် ဖုံးလွှမ်းသွားကြသည်။
မြေအောက်ရထားပလက်ဖောင်း၏ မှန်တံခါးများ ဖျက်စီးခြင်းခံလိုက်ရပြီး အနက်ရောင် စစ်ဝတ်စုံကိုဝတ်ဆင်ကာ ခါးတွင် ဓားတစ်ချောင်းထိုးထားသောအမျိုးသားတစ်ဦးသည် မြူခိုးများ ဖုံးလွှမ်းနေသည့်ဧရိယာကို ကြည့်ရှုကာ လမ်းအစွန်းတွင် ရပ်နေ၏။
ဆက်သွယ်ရေးနားကြပ်မှ တန်လန်၏ အသံသည် တုန်လှုပ်နေခဲ့သည်။
‘ဂူနင်အန်’
“ရှာဖွေရေးလုပ်ငန်းစဉ်အတွင်းမှာ မြို့တော်ကာကွယ်ရေးတပ်ရဲ့ ရှေ့တန်းအဖွဲ့မှူးက အကျင့်စာရိတ္တပျက်သွားရတဲ့အကြောင်းကို ရှင်းပြနိုင်မလား?”
ဂူနင်အန်က “မသိဘူး”
“မင်းမသိဘူးလား ? မြို့ထဲမှာ ဖြစ်ပေါ်နေတဲ့ အဆင့်နိမ့်မြူမှုန်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့ကိုဦးဆောင်ဖို့ လူတစ်ယောက်ကို အကြောင်းကြားဖို့ ညွှန်ကြားထားတယ်။ မင်းရဲ့ အင်းအားနဲ့မြူခိုးတွေဆီ တိုက်ရိုက်ဝင်ရောက်ဖို့ ဘာအခက်အခဲရှိလို့လဲ။စူးစမ်းရေးအဖွဲ့ကို ဘာကြောင့် ဥမင်လိုဏ်ခေါင်းထဲကို အရင်ဝင်ခိုင်းရတာလဲ?”
“ကျွန်တော်က စည်းကမ်းတွေကို လိုက်နာတာပါ”
“ဟ စည်းကမ်းတွေဟုတ်လား။ စည်းမျဉ်းတွေက အသက်ရှိတာလား။လူတွေက အသက်ရှိတာလား။ 'စည်းကမ်း' အမျိုးအစားတွေကြောင့် မင်းဦးနှောက်တွေ ပျက်ကုန်ပြီလား?”
တန်လန် သဘောတကျရီလိုက်သည်။ “ကဲ ကြည့်စမ်း။လူတွေက မြို့ထဲမှာ အဆင့် C မြူခိုးတွေနဲ့ရင်ဆိုင်နေရပြီ။ဒီပေါ့ဆမှုက ဘယ်လောက် ပြင်းထန်တယ်ဆိုတာ မင်းသိလား?”
ဂူနင်အန်က အေးဆေးစွာဖြင့် “မြို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မြူခိုးများကို အဆင့်မခွဲခြားဘဲ ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် အဖွဲ့သားတွေက အရင်ဆုံး စူးစမ်းလေ့လာဖို့လိုပါတယ်။လွမ်ယုက ကာကွယ်ရေးတပ်မှူးအဖြစ် ကိုးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတွေကို အောင်မြင်ပြီးသားပါ။ဘာကြောင့် ရုတ်တရက် ယိုယွင်းသွားရလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ တာဝန်ခံမှုအတွက် သုတေသနဌာနနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသရေးဌာနကို မေးမြန်းသင့်ပါတယ်”
“ကောင်းပြီ ဂူနင်အန် မင်းကအပြစ်ကိုလွှဲချတဲ့နေရာမှာပိုကျွမ်းကျင်လာတယ်။ငါ မင်းကို ချီးကျူးရမှာလား?”
တန်လန်၏အသံသည် ဒေါသသံဖြင့် ရုတ်တရက် အေးစက်သွားခဲ့သည်။
“လွန်ခဲ့တဲ့ ကိုးနှစ်လောက်က Sအဆင့် ‘အသိုက်ဥ'စစ်ပွဲမှာ ပင်မမြို့ကာကွယ်ရေးအဖွဲ့က မင်းရဲ့အဖွဲ့ဝင် 21 ဦးကို ဆုံးရှုံးခဲ့ရပြီးတော့ ခြောက်လကြာ ဆိုင်းငံ့ခံခဲ့ရတယ်။ အဲဒီသင်ခန်းစာက မင်း ပြတ်ပြတ်သားသား စီရင်ဆုံးဖြတ်မှုတွေ လုပ်သင့်တယ်ဆိုတာ ထောက်ပြခဲ့တယ်။ မြို့ထဲမှာ အသက်ရှင်ကျန်နေသေးတဲ့ လူအားလုံးကို အကာအကွယ်ပေးဖို့က ထူးခြားစွမ်းအင်အသုံးပြုသူရဲ့ အခြေခံအကျဆုံးတာဝန်ဆိုတာ မေ့ပစ်လိုက်တာလား?”
“ကျွန်တော် ဘယ်တော့မှ မမေ့ဘူး” ဂူနင်အန်က ခဏလောက် နှုတ်ဆိတ်သွားခဲ့သည်။
“ကပ္ပတိန် ဂူ!”
မလှမ်းမကမ်းတွင် အကာအကွယ်ဝတ်စုံဝတ်ထားသော ရှေ့တန်းအဖွဲ့သားတစ်ဦး ပြေးလာကာ တန်လန်ကိုကြားဖြတ်ပြီး အကြောင်းကြားလိုက်သည်။
သူ့တွင်ပြင်းထန်သော ဒဏ်ရာများဖြင့် သွေးများ ဖုံးလွှမ်းနေသော်လည်း အမြန်ပြေးကာ အရေးတကြီး ပြောလျက်ရှိသည်။
“ကပ္ပတိန်ဂူကို အစီရင်ခံပါတယ်။ ပြင်ပမှမြူခိုးများကို အဆင့် C အဖြစ်အတည်ပြုပြီးပါပြီ။ မြူခိုးအမျိုးအစားက အာကာသအမျိုးအစား အဆင့်၅ဖြစ်တဲ့ " ပျောက်ဆုံးသွားသောတံတိုင်း" ဖြစ်ပြီး ကြီးမားသောပုံစံတစ်ခုကို ပြောင်းလဲသွားပါတယ်။ တည်နေရာက ဥမင်အရှေ့တည့်တည့် မီတာတစ်ရာ့သုံးဆယ်အကွာမှာရှိနေပါတယ်"
“အခြားမြူခိုးတွေက ပျောက်ဆုံးသွားသောတံတိုင်းရဲ့နောက်ကွယ်မှာ ရှိနေပြီး ရှေ့တန်းအဖွဲ့သားများက သူ့ကို ချဉ်းကပ်လို့မရပါဘူး။ မြူခိုးဖန်တီးသူကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် လွမ်ယုရဲ့ ယိုယွင်းပျက်စီးမှုမဖြစ်ခင် စုံစမ်းစစ်ဆေးရေးမှတ်တမ်းကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ အဆင့် E မြူမှုန်အဖြစ် အတည်ပြုပြီး အတွင်းပိုင်းမှာ အထူးအခြေအနေမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ အခုချက်ချင်းလှုပ်ရှားနိုင်ပါတယ်”
“ကျေးဇူးပြုပြီး ညွှန်ကြားချက်ပေးပါ!”
ရှေ့ပြေးအဖွဲ့မှအဖွဲ့ဝင်သည် သွေးစွန်းနေသော လက်ထဲတွင် စုံစမ်းစစ်ဆေးရေးကိရိယာငယ်တစ်ခုကို ကိုင်ဆောင်ကာ ဂူနင်အန်အား ပေးလိုက်သည်။
ဂူနင်အန်သည် သူ့လက်အိတ်ကိုဖြန့်ပြီး ကိရိယာကိုယူကာ ကြည့်လိုက်၏။
သတင်းပို့သူ ရှေ့တန်းအဖွဲ့သားသည် သူ့နံဘေးတွင် ဒဏ်ရာနက်နက်တစ်ချက်ရထားကာ သတင်းအချက်အလက်ဖလှယ်မှုအပြီးတွင် ဒဏ်ရာကို ဆက်လက်၍ ထိန်းမထားနိုင်တော့ပေ။
အနီးနားမှ သူနာပြုတစ်ယောက်က သူ့ကိုတွဲလိုက်သည်။
“ဒဏ်ရာကို ပတ်တီးစီးမှရမယ်။ ဟိုယာယီတဲကိုသွားရအောင်”
“သွားစရာ မလိုဘူး”
ဂူနင်အန် ရုတ်တရက် စကားပြောလာသည်။
သူနာပြုဆရာမက တစ်ခုခုကို သဘောပေါက်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားခဲ့၏။
ဒဏ်ရာရသော ရှေ့ပြေးအဖွဲ့မှအဖွဲ့ဝင်သည် အမြန်ဆုံးဖြတ်ချက်ချလိုက်ပြီး သူနာပြုနှင့် ခြေလှမ်းအနည်းငယ်အကွာအထိ မိမိကိုယ်ကိုခြားလိုက်သည်။
သူ၏အကာအကွယ်ဦးထုပ်ဖြင့် အမူအရာကို ဖုံးကွယ်လိုက်ပြီး ခဏအကြာတွင် ခါးသီးသော အသံဖြင့် သူ စကားပြောလိုက်သည်။
“ဗိုလ်ကြီးဂူ ကျွန်တော့်လစာမှတ်စုအားလုံးကို အချက်အလက်ကတ်ထဲမှာ သိမ်းဆည်းထားပါတယ်။ ဋ္ဌာနမှာရှိတဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်လော့ကာရဲ့ တတိယအကန့်မှာ မနေ့က ကျွန်တော်ဝယ်ခဲ့တဲ့ ကုသရေးကျောက်မျက်ရတနာ လက်စွပ်တစ်ကွင်း ရှိတယ်။ ပထမက အပန်းဖြေခရီးထွက်ရင် ကျွန်တော့် မိန်းမအတွက်ရည်ရွယ်ပြီးဝယ်ခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်မိန်းမကို ကတ်နဲ့လက်စွပ် ပေးပေးမယ့်လူကို ရှာပေးနိုင်မလား?”
“နားလည်ပြီ”
“တရားစီရင်ခြင်း ဓါးမြှောင်နဲ့ ထိုးဖောက်ခံရသူတွေက ကျေကျေနပ်နပ် လက်ခံမယ်ဆိုရင် နာကျင်မှုမခံစားရဘူးလို့ ကျွန်တော်ကြားရပါတယ်။ သူတို့က လက်ဆောင်အနေနဲ့ ဘဝမှာအမြင်ချင်ဆုံးမြင်ကွင်းတွေကိုပြတယ်ဆို” ထို အဖွဲ့ဝင်က ပြောလိုက်သည်။
“ဟုတ်တယ်”
ရှေ့တန်းအဖွဲ့သားက ပြုံးလိုက်သည်။ “ဒါဆို ကျွန်တော့်ကိုကျွန်တော် ကံကောင်းတယ်လို့ ထင်ပါတယ်။ နောက်ဆုံးတော့ မိဘတွေကို ပြန်တွေ့ပြီး မိသားစုနဲ့လည်း ပြန်ဆုံနိုင်ပြီ”
ဒီမှာတင် သူတို့စကားဝိုင်းအဆုံးသတ်သွားပြီး ဓားကို နောက်တစ်ကြိမ်ဓားအိမ်အတွင်းသို့ ထိုးသွင်းလိုက်သည်။
အနီးနားရှိ ကာကွယ်ရေးတပ်ဖွဲ့မှ စစ်သားများသည် အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းရန် သီးခြားအခန်းများ အမြန်တည်ဆောက်လိုက်ရသည်။
ဂူနင်အန်သည် မြို့ခံကာကွယ်ရေးတပ်၏ ပင်မတပ်ဖွဲ့ဝင်များကို လှည့်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
“မိုးလေဝသ သတင်းအရ မြူခိုးတွေရဲ့ အချက်အလက်ကို အတည်ပြုပြီးပြီ။ပထမအဖွဲ့က 'ပျောက်ဆုံးသွားသောတံတိုင်း'မှာ ဖန်တီးသူရဲ့အလောင်းကို ရှင်းလင်းဖို့ ငါနှင့်အတူ လိုက်ခဲ့ရမယ်။ဒုတိယအဖွဲ့က ရှေ့ပြေးအဖွဲ့ရဲ့ ဆုတ်ခွာမှုအတွက် ပံ့ပိုးကူညီပါ။တတိယအဖွဲ့က လူစုခွဲပြီး မြူခိုးတွင်းမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေပါ”
“ချက်ချင်းလုပ်ဆောင်ကြမယ် အခုချက်ချင်း!”
..............
မြူခိုးထဲတွင်...
ဝက်ခေါင်းသူဋ္ဌေးသည် ထောင့်တစ်နေရာတွင် အသက်ရှုကြပ်ကာ လဲနေ၏။ ထို့ကြောင့် ခြိမ်းခြောက်မှုမှာ အလွန်နည်းသွားကာ ရထားပေါ်ရှိ လေထုသည် ပိုမိုသက်တောင့်သက်သာရှိလာခဲ့သည်။
မျက်မှန်နှင့်လူ၏ အကြံပြုချက်များသည် လူတိုင်းကို မြူခိုးထဲမှာ အမြန်လွတ်မြောက်စေရန် မျှော်လင့်ချက်များပေးခဲ့၏။
တစ်စုံတစ်ယောက်က ပျော်ရွှင်စွာပြောခဲ့သည်။
“ဒါဆို ဒီသူဌေးကို ပညာပြပြီးတာနဲ့ ငါတို့ မြူခိုးတွေထဲက ထွက်သွားနိုင်ပြီလား။ အရမ်းကောင်းတယ်။ ဒီည ငါ့သမီးနဲ့ ညစာစားလို့ရပြီ”
“ငါ့မိန်းမက ငါ့ကို အိမ်မှာစောင့်နေတုန်းပဲ။ ငါတို့ထွက်လို့ရတာနဲ့ သူ့ကိုဖုန်းဆက်ရမယ်”
“ကောင်လေး မင်းတကယ်ကောင်းကောင်းလုပ်ခဲ့တာပဲ!”
“သူဌေးကို ဖယ်လိုက်၊ မြူခိုးတွေထဲက အတူတူ ထွက်ကြရအောင်!”
“တိုက်ခိုက်ကြမယ်!”
ချန်ရှုးရှုးက စိတ်လှုပ်ရှားစွာ သူ့လက်များကို ပွတ်သပ်လိုက်သည်။
“ဘာလုပ်ရမလဲ။ ကျွန်တော့်စွမ်းရည်ကို ဘယ်လိုသုံးရမလဲဆိုတာ နားမလည်သေးဘူး”
မျက်မှန်နှင့်လူက ရှင်းပြသည်။ “စည်းမျဉ်း အစီအစဉ်မှာ စွမ်းရည်တွေကို အသက်သွင်းဖို့ တိကျတဲ့ရည်မှန်းချက် အခြေအနေတွေ လိုအပ်တယ်။ခုနက မင်းဆီကထွက်လာတဲ့ ( no ) ဆိုတဲ့စကားလုံးနှင့် ပတ်သက်ပြီး အခြေအနေတစ်ခုခုရှိခဲ့လား?”
ချန်ရှုးရှူး ပြန်စဉ်းစားလိုက်ပြီး ရှန်ဂျီကိုကြည့်လိုက်သည်။ သူ့နားရွက်များအနည်းငယ် နီသွား၏။
“အစ်ကို ခုနက အန္တရာယ်ကြုံသွားတော့ ကျွန်တော် ထိတ်လန့်တကြားနဲ့ အော်မိသွားတယ်'မလုပ်နဲ့... သူ့ကို မထိခိုက်စေနဲ့' ဆိုပြီး”
ရှန်ဂျီက သူပြောသည့်စကားတို့ကို ထပ်ပြောပေးလိုက်သည်။အဲဒီစကားလုံးက “မသွားနဲ့ ဝက်ခေါင်း မင်းငါ့ဆီကိုလာ” ဆိုတာပဲ။
သူသည် ထိုစကားစုကို အေးအေးဆေးဆေး ပြန်ပြောပြသည့်အခါ သူ့လေသံမှာ အတက်အကျမရှိသလို ရှက်ရွံ့ခြင်းလည်းမရှိပေ။ သို့သော် ချန်ရှုးရှုး၏ နားရွက်တို့သည် တဖြည်းဖြည်း နီလာခဲ့သည်။ ရှက်ရွံမှုကြောင့် ခြေဖဝါးဖြင့် မြေပြင်ကို ကုတ်ခြစ်နေသည်မှာ အိပ်ခန်းသုံးခန်းပါသော တိုက်ခန်းတစ်ခုကို ဖန်တီးလုနီးပါးပင်ဖြစ်သည်။
“အဲ့ဒါ ဘာကိုဆိုလိုတာလဲ” အမျိုးသမီးက မိန်းကလေးကို မေးလိုက်သည်။
“ဒါက အဓိကနယ်မြေမှာရှိတဲ့ ကျွန်းနိုင်ငံတစ်ခုက ဘာသာစကားတစ်ခု ဖြစ်လောက်တယ်။ အခု အဲဒီနေရာနဲ့ ပတ်သက်တဲ့ တစ်ခုတည်းသော အချက်အလက်က ဇာတ်အိမ်တည်တဲ့ anime ရုပ်ရှင်တွေပဲ။”
မျက်မှန်နှင့်လူက သူ၏ မေးစေ့ကို ပွတ်သပ်ကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။
“နိုင်ငံခြားဘာသာစကားတွေက တီထွင်နိုင်စွမ်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်တယ်မလား။ နိုင်ငံခြားဘာသာစကားနဲ့ 'No'ဆိုတဲ့ စကားလုံးကို ပေါင်းစပ်ကြည့်ပြီးရင် သူဌေးကို တစ်ခုခုပြောစမ်းကြည့်လိုက်။ပြန်ရောက်ရင် မင်းရဲ့ စွမ်းရည်ကို စာရင်းသွင်းပြီး အသုံးပြုနည်းကို ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်စေဖို့ တစ်ကိုယ်လုံး စစ်ဆေးမှုခံယူ အဲဒါပဲ”
“ကောင်းပြီ”
ချန်ရှူးရှုး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ထို့နောက်သူဌေးကို မျက်နှာမူလိုက်ပြီး ခဏလောက် စဉ်းစားလိုက်သည်။
“(တောင်းပန်ပါတယ်) သူဌေးက ဒီအတိုင်းဆက်နေပါ မထပါနဲ့”
ဘာမှမထူးခြားလာပေ။
ချန်ရှုးရှုး ရှက်ရွံ့စွာပြောလိုက်သည်။ “အမ် ကျွန်တော့်စွမ်းရည်က နည်းနည်းတော့ နာခံမယ့်ပုံမပေါ်ဘူး”