System: “ရှန်ဂျီ မင်းရဲ့ကူးစက်မှုအဆင့်က အခု ၈၂ ကိုရောက်နေပြီ”
Systemသည် အကြောင်းအရာကို လိမ္မာပါးနပ်စွာ ပြောင်းလဲလိုက်သည်။
System: “တစ်ခုခုမှားနေတယ်လို့ မခံစားရဘူးလား?”
“ငါအဆင်ပြေပါတယ်”
“အဆင်ပြေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?”
System အခု လုံးဝထိတ်လန့်သွားရသည်။ရှန်ဂျီ၏ ကူးစက်မှုအဆင့်သည် တစ်စက္ကန့်လျှင် 1.6 နှုန်းဖြင့် မြင့်တက်လာနေခဲ့သည်။နောက်ထပ်စက္ကန့်အနည်းငယ်အတွင်း ဤနှုန်းဖြင့်သာမြင့်တက်လာလျှင် သူ အရှုံးပေးလိုက်ရပေလိမ့်မည်။
[ရှန်ဂျီသာ သေသွားရင်ဘယ်လိုလုပ်မလဲ။ ငါ့ရဲ့ စည်းမျဉ်းတွေကို မလိုက်နာလည်းရပါတယ်။ ကျန်ရှိနေတဲ့လူတွေက မင်းလောက်အဆင်မပြေဘူး။ကမ္ဘာကြီးကိုကယ်တင်ဖို့ ဆိုးသွမ်းရက်စက်တဲ့ ဂြိုလ်သားတွေကို သွားဆွဲဆောင်ရမှာလား !]
တွေးကြည့်ရုံဖြင့် အဓိပ္ပါယ်မဲ့သွား၏။
ရုတ်တရက် လူသားသခင်တစ်ယောက်ရှိခြင်းသည် မည်မျှရှားပါးပြီး အဖိုးတန်ကြောင်း system နားလည်သွားရသည်။သူ ထပ်ဆင့်ပြောလိုက်၏။
System: “ဘာမှမမှားဘူးဆိုတာ သေချာလား။ မင်းရဲ့ ကူးစက်မှုအဆင့်က အခုပဲ ဒုံးပျံလိုတက်နေတာ ကောင်းကင်ကို ရောက်တော့မယ်”
System စိတ်ပူနေသော်လည်း ရှန်ဂျီကတော့ တည်တည်ငြိမ်ငြိမ်ပင်။
“ဂြိုလ်သားတစ်ယောက်နဲ့ အရမ်းနီးကပ်တဲ့အခါ ကူးစက်မှုအဆင့်က တက်လာတာ ပုံမှန်ပါပဲ”
ဂြိုလ်သားအားလုံးသည် ကူးစက်ရောဂါပိုးများ ပိုင်ဆိုင်ထားပြီး ၎င်းတို့နှင့် နီးကပ်စွာထိတွေ့ခြင်းက ကူးစက်မှုအဆင့်ကို မြင့်တက်လာစေမည်ဖြစ်သည်။
ဂြိုလ်သားများကြားတွင် ကူးစက်မှုမှာ မတူညီပါ။ဥပမာအားဖြင့် ဝက်သူဋ္ဌေးကဲ့သို့သော ရန်လိုသောဂြိုလ်သားများသည် အမှန်တကယ်တွင် အထူးမြင့်မားသော ကူးစက်နိုင်စွမ်းမရှိပေ။ ကူးစက်မှုမြင့်မားသူများ အများစုမှာ ကပ်ပါးမျိုးပွားခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းခြင်းအမျိုးအစားများဖြစ်ကြသည်။
ထို့ကြောင့် ဝက်သူဋ္ဌေးသည် ရှန်ဂျီ၏ကူးစက်မှုအဆင့်ကို တစ်စက္ကန့်ကျော်အတွင်း မြင့်တက်လာစေသည်ဟု systemက လုံးဝမယုံခဲ့ပေ။ သို့သော်ယခု ပြသနာကိုဖယ်ထားလိုက်ပြီး တုန်လှုပ်ချောက်ချားစရာ အဖြစ်ဆုံးအကြောင်းကို မေးလိုက်သည်။
System: “ ရှန်ဂျီ သူဌေးရဲ့ဗိုက်ကို ထီးကို အသုံးပြုပြီး ဘယ်လိုနည်းနဲ့ ဖြတ်ခဲ့တာလဲ?”
အမှန်တကယ်တွင် Eအဆင့် ဂြိုလ်သားများသည် သာမန်လူများ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်၏။ သာမန်လူတစ်ဦးသည် သံကြိုးကိုအသုံးပြု၍ အစွမ်းကုန်ကြိုးစားလျှင်ပင် ပါးလွှာသောအကြောကို ဖြတ်ရန် နှစ်မိနစ် သို့မဟုတ် သုံးမိနစ်မျှ အချိန်ယူရသေးသည်။
ရှန်ဂျီ ပြန်ပြောခဲ့သည်။ “ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ”
System: “ဘာလဲ? တိုက်ဆိုင်မှုတစ်ခုလား???”
ရှန်ဂျီ : “ဟုတ်တယ် တိုက်ဆိုင်မှုတစ်ခုပဲ”
မေးခွန်းကို မဖြေချင်ဘူးဆိုရင်တောင် ဒီလိုမျိုး မလုပ်သင့်ဘူး မဟုတ်လား?
[သတိပေးချက်! စနစ်ကို ပေါ့ပေါ့ဆဆ မနောက်ရပါ!]
Systemသည် ဒေါသထွက်ကာ ငြီးတွားလိုက်သည်။
System: “AR ပုံရိပ်စနစ်မှာ အနီရောင်စာကြောင်းကို ငါမြင်လိုက်တယ် အဲဒါဘာလဲ? မင်း အဲ့ဒီလိုင်းကိုဖြတ်လိုက်တဲ့အခါ သူဋ္ဌေးက ဘာလို့ နှစ်ခုကွဲသွားတာလဲ?”
ရှန်ဂျီ သက်ပြင်းချလိုက်ပြီး ဖြေးညှင်းစွာပြောလိုက်သည်။ “အကြောင်းပြချက်တွေကို အသေးစိတ်ရှင်းပြရတာ တော်တော်ရှုပ်ထွေးတယ်”
Systemက ဇွဲမလျော့ပါဘဲ ထပ်မေးလိုက်သည်။
ရှန်ဂျီက ဆက်ပြောခဲ့သည်။ “လွန်ခဲ့တဲ့ခုနစ်နှစ်အတွင်းကကိစ္စတွေကို မင်းနားလည်အောင် ကြိုးစားသင့်တယ်။ သုတေသနအဖွဲ့အစည်းမှာထူးခြားစွမ်းအင်အသုံးပြုသူတွေနဲ့ နှိမ်နှင်းရေးသမားတွေကို သုတေသနလုပ်ခဲ့တဲ့အတွက် အမျိုးအစားများစွာကို နားလည်သဘောပေါက်လာခဲ့တယ်။ အဲဒီအထဲမှာမှ အသုံးပြုသူအနည်းအကျဉ်းပဲရှိတဲ့ 'သေခြင်း' အမျိုးအစားတစ်ခုကို ငါတွေ့ခဲ့ရတယ်”
Systemက ဂရုတစိုက်နားထောင်နေပြီး မေးလိုက်သည်။
“အဲ့ဒါနဲ့....?”
ရှန်ဂျီ၏ စကားများသည် တစ်နေရာရာတွင် ကြားခဲ့ဖူးသလို အမြဲရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။
“ သေခြင်းအမျိုးအစား ထူးခြားစွမ်းအင်နှိမ်နင်းရေးထဲက အသိစိတ်ရှိတဲ့အရာဝတ္တုတိုင်းမှာ သူ့ကိုဖြတ်ပြေးနေတဲ့ အထူးလိုင်းတစ်ခုရှိတာကို မတော်တဆတစ်ခုကနေ ငါရှာတွေ့ခဲ့တယ်”
System: " လိုင်း? "
ရှန်ဂျီ : “ဒါက အရာဝတ္ထုတစ်ခုရဲ့ပုံစံကို ချက်ခြင်းပြိုကျစေနိုင်ပြီး သေတဲ့အထိ ပို့ဆောင်ပေးနိုင်တဲ့ မျဉ်းတစ်ကြောင်းပဲ။ငါလုပ်လိုက်တာက မျဉ်းကြောင်းရဲ့ တည်နေရာကိုယူပြီးတော့ အဲဒီမျဉ်းကို ဖြတ်လိုက်တာ”
System: “မင်းပြောတဲ့ “လိုင်း”က 'သေမင်း' အမျိုးအစားရဲ့ အဆင့်တစ်၊ 'ဖျက်ဆီးခြင်းပုံစံ' စွမ်းရည်တွေထဲက တစ်ခုပဲ။ လောလောဆယ်မှာတော့ ဒီစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သဘာဝလွန် ဂြိုဟ်သားတွေ မရှိပါဘူး။ အဲ့ဒီ ပရိုဂရမ်ရေးဖို့ ဒေတာတွေကို ဘယ်လိုစုဆောင်းခဲ့တာလဲ?”
ရှန်ဂျီ : “ဒါက တိုက်ဆိုင်မှုပဲ”
ဟမ် တိုက်ဆိုင်မှုနောက်တစ်ခုလား!
System: “ရှန်ဂျီ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မလား"
System ခေါင်းရှုပ်သွားသည်။
ဤသည်မှာ အလွန်ထင်ရှားသော ရှာဖွေတွေ့ရှိမှုဖြစ်သည်။အကယ်၍ သာမန်လူတစ်ယောက်သည် အဆင့်တစ်၏စွမ်းရည်ကို ကိန်းဂဏန်းအနည်းငယ်မျှပင် တွက်ချက်နိုင်ခဲ့ပါက ၎င်းသည် လူသားမျိုးနွယ်အတွက် အလွန်အစွမ်းထက်သည့် လက်နက် ဖြစ်သည်။
အဆင့်တစ်ဆိုတာ ဘာလဲ?ဂြိုလ်သားခုနစ်သောင်းနှင့် စူပါပါဝါ အသုံးပြုသူများတွင် အဓိကဆင့်ကဲဖြစ်စဉ် ခုနစ်ခုအဖြစ် ခွဲခြားထားသည်။ အသုံးပြုသူများကို အဓိကဆင့်ကဲဖြစ်စဉ် အမျိုးအစား ခုနစ်မျိုးဖြင့် ခွဲခြားထားသလို လူသားနှင့် ဂြိုလ်သားတို့ကို ကိုယ်စားပြုသည့် အဆင့်ခုနစ်ဆင့် ရှိသေးသည်။ ရှင်ပြန်ထမြောက်ခြင်း၊ ဖျက်ဆီးခြင်း၊ စိတ်ဝိဉာဉ်ဖန်တီးခြင်း၊ အချိန်ပြောင်းပြန်လှန်ခြင်း၊ ကမ္ဘာလှည့်ခရီးသွား၊ စည်းကမ်းမွမ်းမံခြင်းနှင့် သဘာဝတရား ပြောင်းလဲခြင်းတို့ ဖြစ်သည်။ ဤစွမ်းအားများထဲမှ တစ်ခုခုကို ဖယ်ရှားလိုက်သောအခါ ကမ္ဘာပေါ်တွင် လုံး၀ ကသောင်းကနင်း ဖြစ်သွားလိမ့်မည်။
ရှန်ဂျီ: “ဒေတာနမူနာက သေးလွန်းတဲ့အတွက် တိုက်ဆိုင်မှုတစ်ခုပါပဲ”
“ဖျက်ဆီးခြင်းပုံစံ စွမ်းရည်က ဘာကိုဆိုလိုမှန်း ငါမသိဘူး။ မတော်တဆ ငါ အမှတ်မထင် သတိပြုမိလိုက်တဲ့ ဒီမျဉ်းက အရာဝတ္ထုရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် အနည်းငယ် ပိုမြင့်ပြီးတော့ မတည်မငြိမ်နဲ့ အတက်အကျရှိတဲ့ အခြေအနေကိုပြသနေတယ်။ တစ်နည်းပြောရရင် ထီးကိုထိရုံနဲ့ အဲ့အရာဝတ္တုကို ဖျက်စီးနိုင်တယ်”
“တကယ်တော့ လိုင်းကလည်း မတည်ငြိမ်လို့ ပရိုဂရမ်က သူ့ရဲ့အနေအထားကို တိကျသေချာအောင် ခန့်မှန်းဖို့ အရမ်းခက်တယ်။ ငါလုပ်ခဲ့တာတွေက အရေးပေါ်အခြေအနေမှာ ခန့်မှန်းပြီးလုပ်လိုက်တာ။ သေချာတာကတော့ ပရိုဂရမ်ရဲ့ ခန့်မှန်းချက်တွေက သိပ်မတိကျဘူး”
သူ့ရှင်းပြချက်များသည် တစ်စိတ်တစ်ပိုင်းမှန်ပေ၏။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် နှိမ်နှင်းသည့်ကိရိယာပေါက်ကွဲခြင်းနှင့်ပတ်သက်သည့် မတော်တဆမှုတစ်ခုအတွင်း “လိုင်း” ရှိကြောင်း အမှန်ပင် ရှာဖွေတွေ့ရှိခဲ့သည်။
မတိကျဘူးလား ဘယ်လောက်အတိုင်းအတာထိလဲ?
ရှန်ဂျီက“ ဖြစ်နိုင်ခြေအဖြစ် ပြောင်းလိုက်ရင် တစ်သောင်းမှာ တစ်ထက်နည်းတယ်”
System: “တစ်သောင်းမှာ တစ်ထက်နည်းတယ်ဟုတ်လား။မင်းက အဲဒါကို စမ်းကြည့်ခဲ့တာလား?”
System တုန်လှုပ်သွားသည်။
ရှန်ဂျီက လေးလေးနက်နက် စဉ်းစားလိုက်၏။
“မင်း အမှတ်တစ်မှတ်ရသွားပြီ။ ငါဒီနေ့ထီထိုးရရင် ကောင်းမလား”
ဒါက ထီထိုး,မထိုးဖို့ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး!
စစ်ဆေးရေးမှူး ဖြတ်တောက်ထားသောအသံသွင်းစက်ကိုသာ ပြန်လည်တပ်ဆင်လိုက်လျှင် system ပြောချင်သည့် စကားတစ်ခွန်းရှိသည်။
“ကျွန်တော့်ရဲ့သခင်က အသက်နဲ့ သေခြင်းကြားက အန္တရာယ်တွေကို ဂရုသိပ်မစိုက်ပါဘူး။ တကယ်တော့ သူက အတော်လေး သဘောကျတာပါ”
System: “မင်းအိမ်ပြန်ပြီး ချက်ပြုတ်ရမယ်ဆိုတာ မမေ့နဲ့နော်”
Systemက နူးညံ့စွာ သတိပေးလိုက်သည်။
ရှန်ဂျီက သူ့လက်မောင်းတွင် ပတ်တီးကို လှပသော လိပ်ပြာထုံး ထုံးကာစည်းလိုက်ပြီး အင်္ကျီနှင့်အုပ်လိုက်သည်။
“သေချာတာပေါ့ ငါမှတ်မိတယ်။ ငါ ကောင်းကောင်းပြန်လိုက်မယ်”
ဇန်လင် သူ့ကို စောင့်နေတော့မည်။ ဒါပေမယ့် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဘယ်လိုရှင်းပြရမလဲ?
..............
“မင်းဘာပြောလိုက်တာလဲ? ဇန်လင်က မြေအောက်ရထားဘူတာကို လိုက်သွားတာလား?”
လေ့လာရေးစခန်းတွင် ထိုသတင်းကိုရသောအခါ တန်လင် ရူးချင်သွားရသည်။
သူသည် ဂူနင်အန်၏ ဆက်သွယ်ပြောဆိုသူထံ အမြန်ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ထိုလူသည် မြူခိုးထဲတွင် ပျောက်ကွယ်သွားပြီဖြစ်ကာ ဆက်သွယ်သူထံမှ ကြားနိုင်သမျှမှာ လျှပ်စီးများ မြည်နေသံသာဖြစ်သည်။
တန်လင် အကြောင်းအရာအချို့ကို ကြိုတင်ကာတွေးလိုက်သည်။ အကယ်၍ အခင်းဖြစ်ပွားရာသို့ ဇန်လင်ရောက်ရှိလာပြီး သူ့လက်တွဲဖော်အလောင်းကိုရှာရန် မြူခိုးများကိုတွန်းဖယ်လိုက်လျှင် သို့မဟုတ် သူ့လက်တွဲဖော်က ဒဏ်ရာရသွားသည်ဖြစ်စေ၊ ခြေလက်တစ်ခုခုကျိုးသွားလျှင်ဖြစ်စေ သူ့၏ကူးစက်မှုတန်ဖိုးသည် ထိန်းချုပ်နိုင်မှုမှ ကျော်လွန်သွားပေလိမ့်မည်။
ပြီးရင် ဘာဆက်ဖြစ်မှာလဲ?
မြူခိုးများအတွင်းမှ သာမန်လူများ၏ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုနှုန်းများအပေါ် အခြေခံလိုက်လျှင် သူ၏ထိုခန့်မှန်းချက်မှာအမှန်တကယ်ဖြစ်နိုင်ချေရှိသည်။
သူ့အသားအရည်သည် အစိမ်းရောင်၊ အဖြူရောင်များအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။နောက်ဆုံး သူ သည်းမခံနိုင်တော့ဘဲ တစ်စုံတစ်ဦးဆီသို့ ဆက်သွယ်လိုက်သည်။
“မင်းရဲ့တရားထိုင်ချိန်ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် ဆရာဇူ။ကျွန်တော် တန်လင်ပါ”
..............
ဇန်လင်သည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေကာ အပြင်ဘက်တွင် ပြေးလွှားနေသော ရှုခင်းများကို စိုက်ကြည့်နေ၏။ သူ၏မျက်နှာမှာ ခံစားချက်တို့ ကင်းမဲ့နေပုံရသည်။
ချန်ဂျီဟွာသည် စကားတစ်ခွန်းမှ မပြောဝံ့ဘဲတရကြမ်းမောင်းနှင်နေ၏။
အကယ်၍ မြို့တော်၏ အဆောက်အဦးများနှင့် လမ်းသွားလမ်းလာများ၏ လုံခြုံရေးအတွက်သာ မဟုတ်ပါက ဇန်လင်သည် သူ၏ ဦးတည်ရာသို့ ရောက်ရှိရန် ပိုမိုမြန်ဆန်သော နည်းလမ်းကို အသုံးပြုနေပြီဖြစ်သည်။သူ့လက်ထဲတွင် အနက်ရောင်ဖုန်းတစ်လုံးကို ကိုင်ထားပြီး သူ၏ညာဘက်လက်မောင်းတွင် အရိုးအဆစ်များက တွန့်လိမ်ကာ ရစ်ခွေနေ၏။
ရှန်ဂျီက သူ့ကို မျှော်နေလောက်ပြီ။။သူ၏ချစ်သူသည် မည်သည့်စွမ်းအင်မှမရှိသော သာမန်လူတစ်ယောက်ပင်ဖြစ်သည်။
သာမာန်အချိန်များတွင် ရှန်ဂျီသည် နူးညံ့လွန်းသဖြင့် နာကျင်သွားမည်ကိုစိုး၍ သူပင် သတိထားကာ ဂရုစိုက်၍ထိတွေ့ရသည်။ အခြားသူများက ရယ်မောကာ ကိစ္စမရှိပါဘူးဟု ပြောနေကြသော်လည်း မည်သို့ဖြစ်နိုင်မည်နည်း။
အချစ်သည် အားနည်းချက်တစ်ခုဖြစ်သလို သံချပ်ကာတစ်ခုလည်းဖြစ်သည်။
တကယ်လို့ ရှန်ဂျီသာ မြူခိုးတွေကြား ဒဏ်ရာရနေခဲ့ရင်.....
“မြန်မြန်!” ဇန်လင်အော်လိုက်သည်။
သူ ရှန်ဂျီကို အိမ်ပြန်ခေါ်သွားချင်သည်။