“မေမေ အိမ်ပြန်ချင်တယ်”
မြေအောက်ရထားပေါ်ရှိ ဘေးဒုက္ခမှလွတ်မြောက်လာသူတိုင်းသည် အလွန်စိတ်ပျက်ဖွယ်ပုံစံပေါက်နေကြ၏။ မိန်းကလေး၏ အဖြူရောင်ဝတ်စုံသည်လည်း ပန်းရောင်ဆိုးထားသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
အမျိုးသမီးတစ်ဦးသည် သူ့သမီး၏မျက်နှာပေါ်မှ အညစ်အကြေးများနှင့် မျက်ရည်များကိုတစ်ရှုးဖြင့် ညင်သာစွာ ဖယ်ရှားပေးနေသည်။
“မငိုပါနဲ့ သမီးလေး အမေတို့မကြာခင် အိမ်ပြန်ရတော့မှာပါ။ ဟုတ်ပြီလား”
“ဟုတ် မငိုတော့ပါဘူး”
ကလေးမလေးသည် မျက်ရည်များကို ထိန်းရန် ကြိုးစားလိုက်၏။
ရုတ်တရက် တစ်ရှူးကိုကိုင်ထားသော အမျိုးသမီးရဲ့လက်သည် ရပ်တန့်သွားပြီး ကလေးမလေး၏မျက်နှာကို စိုက်ကြည့်ကာ ထိတ်လန့်သွားရသည်။
ထိုကလေးမလေး၏ နှင်းကဲ့သို့ဖြူဖွေးနေသည့် ပါးပြင်ပေါ်တွင် ဝက်မျက်နှာသူဋ္ဌေးနှင့်ဆင်တူသော သွေးနီရောင်မျက်လုံးများ ရုတ်တရက် ပေါ်လာသောကြောင့်ပင်။ ထိုမျက်လုံးများက လှည့်ပတ်သွားနေသော်လည်း ကလေးမလေးက လုံးဝသတိမထားမိပေ။
“လေ့လာသူဆရာ ၊ လေ့လာသူဆရာ!”
သူမသည် ချက်ချင်းပြန်လှည့်လာပြီး “သမီးလေး ဘာဖြစ်နေတာလဲ ကြည့်ပေးပါဦး!”
မျက်မှန်တပ်ထားသည့် အမျိုးသားသည် ခြေလက်အင်္ဂါများ ကျိုးနေသည့်ပုံဖြင့် လမ်းလျှောက်လာ၏။သူသည် ကလေးလေး၏အခြေအနေကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားရသည်။
“အလယ်အလတ် ရောဂါပိုး။သူ ရောဂါပိုး ကာကွယ်ရေးနဲ့ ကုသဆေးတွေ မသောက်ထားဘူးလား?”
“သူ သောက်ခဲ့ပါတယ်!”
ထိုအမျိုးသမီးသည် ငိုကာ အိတ်ထဲမှဆေးပြားများကို တုန်တုန်ယင်ယင်ထုတ်ယူပြီး ကလေးလေးအား သောက်စေလိုက်သည်။
မျက်မှန်နှင့်လူက သူ့လက်ကို အမြန်တားလိုက်၏။
“ဒီအခြေအနေမှာ ဆေးပြားတွေက အသုံးမဝင်တော့ဘူး။ငါတို့ တားမြစ်ဆေးတွေ ချက်ချင်းသောက်ဖို့လိုတယ်။နှိမ်နှင်းရေးဆေးကို ချက်ချင်းသောက်ဖို့နဲ့ ထိခိုက်တဲ့နေရာတွေကို အချိန်မှီခွဲစိတ်မှုပြုလုပ်ဖို့ လိုအပ်တယ်”
“ဒါပေမယ့် ဒီမှာ နှိမ်နှင်းဆေးကို ဘယ်လိုရနိုင်မှာလဲ?”
“အဲဒါက မြို့တော်ကနေထိန်းချုပ်ထားတဲ့ဆေးပဲ။ဆေးရုံတွေကပဲ ညွှန်ကြားလို့ရတယ်။ မြို့တော်ကာကွယ်ရေးတပ်က ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတာကိုစောင့်ပြီး လိုက်ပါလာတဲ့ ဆရာဝန်တွေကလည်း ကူညီပေး....”
သူ့စကားမပြီးခင်တွင် အနီးနားတွင် အော်ဟစ်သံများစွာ ထွက်ပေါ်လာ၏။
“ကူညီပါအုံး ငါ့လက် ငါ့လက်က ဝက်လက် ဖြစ်သွားတယ်”
“အား ငါ့နှာခေါင်း ဘာဖြစ်နေတာလဲ...”
“ဟင့်အင်း ငါ့တင်ပါးမှာ ဘာလို့ မျက်လုံးတွေထွက်နေတာလဲ?”
“သူဌေးရဲ့ရောဂါကူးစက်မှုက မမြင့်မားပေမယ့် သူနဲ့နီးနီးကပ်ကပ်ထိတွေ့မိရင် သာမန်လူတွေအတွက် ကူးစက်မှုတန်ဖိုး မြန်မြန် တိုးလာစေတယ်။ကူးစက်မှုတန်ဖိုး 85 ထက်ကျော်လွန်သွားရင် ဗီဇပြောင်းလဲခြင်းရဲ့ထင်ရှားတဲ့လက္ခဏာတွေ စလာရော" system ပြောလိုက်သည်။
System: “ဒါ မင်းအပြစ်မဟုတ်ပါဘူး ရှန်ဂျီ။ မင်း သူတို့ကို သေချာနေတဲ့သေခြင်းနဲ့ ဝေးရာကို ပို့ပေးခဲ့ပြီးပြီ။ အခုတော့ ကယ်ဆယ်ရေးအဖွဲ့ မရောက်မချင်း ထိန်းထားနိုင်မလားဆိုတာက သူတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်”
ရှန်ဂျီခေါင်းညိတ်ကာ သူ၏လက်မောင်းကိုကိုင်၍ မတ်တပ်ထရပ်လိုက်ပြီး မကြာသေးမီကဖြစ်သွားခဲ့သော သူနှင့်ဝက်သူဋ္ဌေး၏ တိုက်ပွဲအတွင်း ကျသွားသည့်ဖုန်းကို ကောက်ကိုင်လိုက်သည်။
ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများနှင့်အတူ ဖုန်းမျက်နှာပြင်သည် ကွဲအက်နေပြီဖြစ်သည်။
သူလှုပ်ခါလိုက်ကြည့်လိုက်သောအခါ ဖန်သားပြင်က မီးလင်းလာ၏။ အလုပ်လုပ်နေတုန်းပင် !
သို့သော် ဖုန်းတွင် အချက်ပြမှုမရှိသေးပါ။ သူတို့သည် မြူခိုးထဲတွင် ရှိနေဆဲဖြစ်သည်။
တစ်စုံတစ်ယောက်က စိုးရိမ်တကြီးအော်လိုက်သည်။
“သူဌေးကမသေသေးဘူးလား? ငါတို့ပတ်ဝန်းကျင်က ဘာလို့မပြောင်းလဲသေးတာလဲ?”
“ငါတို့ နှိမ်နင်းပြီး အမြန်ထွက်ဖို့လိုတယ်။ ငါတို့ ဒီမှာ ဆက်ပြီး ပိတ်မိနေလို့မရဘူး!”
“ထွက်ပေါက်က ဘယ်မှာလဲ?”
“သူဌေးက တကယ့် မြူခိုးဖန်တီးရှင် မဟုတ်နိုင်ဘူး”
မျက်မှန်တပ်ထားသော ယောက်ျားက ပြောလာသည်။
“ကျွန်တော်တို့ မှန်းဆထားတာက မှားနေပြီ။ မြူခိုးတွေက တကယ်မဖယ်ရသေးဘူး။ သန့်ရှင်းတဲ့နေရာကို မြန်မြန်သွားမှဖြစ်မယ်။ ကျွန်တော်တို့ တိုက်ရိုက် အဆက်အသွယ်မရဘူး။ အထူးသဖြင့် ဗီဇပြောင်းလဲမှု လက္ခဏာတွေ ပြသနေတဲ့လူတွေ အရင်ထိုင်ပါ။ နှလုံးခုန်နှုန်းကို တည်ငြိမ်စေပြီး ကူးစက်မှုနှုန်းကို လျှော့ချကြပါ”
သူသည် သူ့အင်္ကျီကို အမြန်ချွတ်လိုက်ပြီး တစ်ဖက်က ကလေးလေး၏ ခန္ဓာကိုယ်ကို သန့်စင်အောင် သုတ်လိုက်သည်။ထို့နောက် သူမကို သန့်ရှင်းသောနေရာတွင် ထားလိုက်၏။အခြားသူများသည်လည်း ကြမ်းပြင်တွင် တန်းစီထိုင်လိုက်ကြသည်။
လူများသည် အတန်းလိုက်ထိုင်နေကြကာ သူတို့၏ ပုံစံသည် တုန်တုန်ယင်ယင်ဖြင့် သနားစရာကောင်းပြီး အားကိုးရာမဲ့နေကြ၏။ တင်ပါးတွင် မျက်လုံးများပေါ်နေသောလူသည် ငြိမ်မနေနိုင်သောကြောင့် အခြားသူများနှင့် နောက်ပြန်လှည့်ကာ ထိုင်လိုက်ရသည်။
“အဲဒီ မြို့တော် ကာကွယ်ရေးတပ်ကလူတွေ ဘာလို့မလာသေးတာလဲ?”
မျက်မှန်နှင့်လူက မျက်ခုံးပင့်လိုက်သည်။
“မြူခိုးတွေကြားကအချိန်က လက်တွေ့မြင်တာထက် ပိုနှေးနေပေမယ့် အခုဆို နာရီဝက်ကျော်သွားပြီမလား။ အချိန်စီးဆင်းမှုအချိုးကို ယေဘုယျအားဖြင့်ထိန်းချုပ်တဲ့ အဆင့်နိမ့်ဗားရှင်းက 3:1 ထက်မပိုပါဘူး။ လက်တွေ့မှာရှိနေတဲ့အချိန်ထက် အနည်းဆုံး ဆယ်မိနစ်ကျော်သွားပြီ”
ထိုင်နေသောလူတွေထဲမှ တစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။
“ငါတို့ရဲ့ အချိန်က လက်တွေ့ထက်ပိုမြန်နေရင် ဘာဖြစ်မလဲ?”
မျက်မှန်တပ်ထားသည့် အမျိုးသားသည် တိတ်ဆိတ်သွားပြီး မျက်နှာဖြူဖျော့လာခဲ့သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ? တပ်ရဲ့ စွမ်းဆောင်ရည်က အရမ်းမြင့်တယ်။ ဒီလိုအဆင့်နိမ့်မြူခိုးတွေကို ကိုင်တွယ်ဖို့ နာရီဝက်ထက်တောင် မကြာသင့်ပါဘူး မဟုတ်ရင်...”
မဟုတ်ရင် မမျှော်လင့်ထားတာ တစ်ခုခုဖြစ်သွားနိုင်သည်။
ဒီဖြစ်နိုင်ချေကို သူထုတ်မပြောလိုက်သော်လည်း လူထုကြားမှလေထုမှာ တင်းမာပြီး အုံ့မှိုင်းလာခဲ့သည်။
System: “ယခုမေးချင်တဲ့မေးခွန်းကတော့ မြူခိုးတွေကြားမှာ အချိန်က လက်တွေ့ထက် ပိုမြန်တာလား။ ဒါမှမဟုတ် နှေးနေတာလား? ရှန်ဂျီ မင်းရော ဘယ်လိုထင်လဲ?”
ရှန်ဂျီသည် system၏မေးခွန်းကို မဖြေပါ။ သူက ဖုန်းကိုပိတ်လိုက်ပြီး ထောင့်နံရံကို မှီကာ လူအုပ်ကို ကြည့်လိုက်သည်။
ထိုနောက် မနီးမဝေးတွင် ထိုင်နေသည့် ကလေးလေးအပေါ်တွင် သူ့အကြည့်များ ရပ်သွား၏။
ကလေးလေး၏မိခင်သည် တစ်ရှူးများကိုင်ကာ ငိုနေပြီဖြစ်သော်လည်း ကလေးမလေးသည် မိခင်၏စကားကို လိုက်နာကာ မျက်ရည်များကို ထိန်းရန် အပြင်းအထန်ကြိုးစားနေ၏။သို့သော် မျက်လုံးနှစ်လုံးက သူမ၏ပါးပြင်ပေါ်တွင်ထပ်၍ပေါ်လာခဲ့သည်။
မျက်စိသုံးလုံး လှည့်ပတ်နေသည်မှာအလွန်ပင်ကြောက်စရာကောင်းလှ၏။
“သူမဘယ်လောက်မှ ထပ်မနေရတော့ဘူး!” ရှန်ဂျီ တွေးလိုက်မိသည်။
ကလေးလေးက အရမ်းငယ်သေးတယ်။
ငယ်ရွယ်သူများမှာ ခံနိုင်ရည်အားနည်းကြ၏။သူတို့၏ အာရုံကြောစနစ်များက “ဆေး” အပြည့်အ၀ စိမ့်ဝင်နိုင်ခြင်း မရှိသေးတာကြောင့်ရောဂါကူးစက်ရန် ပို၍လွယ်ကူစေသည်။
အပြစ်ကင်းစင်သော ကလေးငယ်လေး၏ မျက်နှာကို ကြည့်လိုက်ပြီး ရှန်ဂျီသည် ဟိုးရှေးရှေးက အကြောင်းအရာတို့ကို ရုတ်တရက် သတိရသွားမိခဲ့သည်။
...........
သူသည် ဆေးရုံခန်းထဲတွင် မတ်တပ်ရပ်လျက် ကုတင်ပေါ်မှ မွေးကင်းစ ကလေးငယ်ရဲရဲလေးကိုကြည့်နေ၏။
မိန်းမတစ်ယောက်၏ နူးညံ့ကြင်နာသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ရှန်ဂျီ ဒါ သားညီမလေးလေ”
“ဒီနေ့ကစပြီး သားက သူ့အကိုကြီးဖြစ်တော့မှာ။ ညီမလေးကို သေချာဂရုစိုက်ရမယ်နော်။ ဟုတ်ပြီလား?”
ကလေးလေးသည် သူမလက်ချောင်းများကိုစုပ်နေပြီး သူမ၏ တောက်ပသောမျက်လုံးကြီးများနှင့် သူ့ကိုကြည့်နေ၏။ သူသည် သူမကို မမျှော်လင့်ဘဲ ပြုံးပြလိုက်မိသည်။
နောက်ပိုင်းတွင် သူသည် ကုတင်ဘေးတွင် မတ်တပ်ရပ်ကာ ခန္ဓာကိုယ်အနှံ့တွင် ဆေးထိုးပြွန်များဖြင့်ပြည့်နေသော မိန်းကလေးတစ်ယောက်ကို ကြည့်နေ၏။
သူမသည် တစ်စုံတစ်ခုကို ညည်းညူလိုက်ပြီး သူ့ဘက်သို့ မျက်နှာလှည့်လာသောအခါ ပြုံးပြလာသည်။ ပန်းပွင့်မပွင့်ခင်မှာပဲ ညှိုးနွမ်းသွားရသော ပန်းအဖူးလေးကဲ့သို့ပင် ဖျော့တော့ပြီး နူးညံ့လှသည်။
သူ သူမကို ကြည့်လိုက်သည်။ “မင်းမသေရဘူး။ မင်းအသက်ဆက်ရှင်ရမယ်”
“ရောဂါဝေဒနာအပေါင်းက ကင်းဝေးပြီး ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ရမယ်”
“ညီမလေး”
မိန်းကလေး၏ခေါင်းကို အုပ်ကာ လှမ်းကိုင်လိုက်သည်။ သူမသည် သူ့အား အားကိုးတကြီး ကြည့်နေ၏။
ရုတ်တရက် ကျယ်လောင်သော အနီရောင် အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဖရိုဖရဲ ခြေသံများ ထွက်ပေါ်လာပြီး တံခါးခေါက်သံနှင့်အတူ တံခါးပွင့်လာ၏။ ပြီးတော့ ဖျော့တော့သောအလင်းရောင်တစ်ခု သူ့ဆီရောက်လာခဲ့သည်။
သူမက သူ့ကိုကြည့်နေ၏။
-
“အစ်ကိုကြီး ဘာလုပ်နေတာလဲ?
ကလေးမလေး၏ နုနယ်သောအသံက ထွက်ပေါ်လာသည်။
ရှန်ဂျီသည် ကလေးဆီသို့ သွားလိုက်၏။ “မင်း ဒဏ်ရာရသွားပြီ”
ကလေးမလေးက မျက်လုံးများကို မျက်တောင်ခတ်လိုက်သည့်အခါ သူမ၏ပါးပြင်ပေါ်က နီရဲနေသော မျက်လုံးသုံးလုံးကလည်း လည်သွားခဲ့သည်။
“အစ်ကိုကြီးက ဒဏ်ရာရနေတာကို ဘယ်လိုသိတာလဲ?”
“မလှုပ်နဲ့၊ မင်းလက်ကိုဖယ်”
ရှန်ဂျီက သူမမေးခွန်းကို မဖြေဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။ သူက ကလေးများအတွက် အလွန်ယုံကြည်ထိုက်ပုံရသောကြောင့်လည်း ဖြစ်နိုင်သည်။ ကလေးမလေးသည် နာခံမှုရှိရှိ လက်ကိုဆန့်ထုတ်လိုက်သောအခါ ခြစ်ခံထားရသော အရေပြားက ပေါ်လာ၏။
ပြင်ပဒဏ်ရာများသည် ရောဂါပိုးကူးစက်မှုကို အရှိန်မြှင့်ပေးနိုင်ပေသည်။
ရှန်ဂျီသည် ကျန်ရှိနေသော ကုသရေးပတ်တီးကို ထုတ်ယူကာ လှပသောဖဲကြိုးထုံးလေးကို ကျွမ်းကျင်စွာချည်နှောင်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ အနာက ခဏလေးနဲ့ ပျောက်သွားတယ် အံ့သြစရာပဲ”
“ရပါတယ်ဗျာ”
သို့သော် ကလေးလေးက သူ့ကို လေးနက်စွာ စိုက်ကြည့်နေတုန်းပင်။
“အစ်ကိုကြီး ဒီဝက်ဆိုးကြီးကို နှိမ်နင်းပေးခဲ့လို့ပေါ့။မဟုတ်ရင် ညီမလေးရဲ့ကွတ်ကီးလေးတွေ ကွဲတော့မှာ။ ကျေးဇူးပါ အစ်ကိုကြီး”
“မေမေက ဒီထဲကထွက်နိုင်ရင် အစ်ကိုကြီးကိုသေချာကျေးဇူးတင်ရမယ်လို့ ပြောထားတယ်”
သူ့ဘေးနားက အမျိုးသမီးက သူ့မျက်ရည်တို့ကို တစ်ရှူးနဲ့ သုတ်ပေးလိုက်ရင်း “လူငယ်လေး မင်း ငါတို့အားလုံးကို ကယ်တင်ခဲ့တာ ကျေးဇူးပါပဲ။ ငါတို့ထွက်နိုင်ရင် မင်းကို ထမင်းဖိတ်ကျွေးပါ့မယ်။ ဒါပေမယ့် အခု... အခုက ထွက်လို့ရမလားတောင် မသိသေးပေမယ့် သမီးလေးနဲ့အတူတူ ကျေးဇူးတင်ပါတယ်။ ငါတို့ရဲ့ကျေးဇူးကို လက်ခံပေးပါ”
ရှန်ဂျီသည် သူမ၏ပါးပြင်ပေါ်မှ တစ်ရှူးဖြင့် ဖုံးအုပ်ထားသော အဖုအထစ် အနည်းငယ်ကို သတိပြုမိလိုက်သည်။
သူမလည်း ရောဂါကူးစက်သွားခြင်းဖြစ်နိုင်သည်။ ကလေးလေးကို မမြင်စေချင်၍ တစ်ရှုးဖြင့်အုပ်ထားခြင်းပင်။
သူဘာမှထပ်မပြောတော့ဘဲ ခေါင်းငြိမ့်ကာ မတ်တပ်ထရပ်ပြီး ရထားကို စူးစမ်းကြည့်လိုက်သည်။