Chapter 5 ; ပထမဆုံးအကြိမ်ခုခံခြင်း
မြွေကြီးမှာ မိန်းမလေး၏သိမ်မွေ့သောအမူအရာကိုသဘောကျသွားလေသည်။ ရှားရှားပါးပါးဖြစ်ပေါ်လာသော ညင်သာချင်သည့်စိတ်လေးဖြင့် သူ့ကိုနောက်တစ်ခေါက်ပွေ့ဖက်လိုက်ပြီး စကားစပြောဖို့ ပါးစပ်ဟလိုက်သည်။
"စားမလား..?"
ထိုလူ၏ လေယူလေသိမ်း မကျွမ်းကျင်သေးသောပါးစပ်မှ စူးရှရှအသံဖြင့်စကားလုံးတစ်လုံးထွက်လာသည်။ သူ၏အသံအနိမ့်အမြင့်တို့မှာ ကြောင်တိကြောင်တောင်ဖြင့် ထွက်လာပြီးနောက် အံ့အားသင့်ဖွယ်ကောင်းစွာပင် ပုံမှန်ကဲ့သို့ပြန်ပြောင်းသွားတော့သည်။
ထိုစကားလုံးမှာ အသွင်ပြောင်းမြွေလူသားအနေနှင့် မိန်းမလေး၏ပါးစပ်ကိုကြည့်ရင်းဖြင့် သင်ယူထားသောစကားလုံးဖြစ်ပြီးသူချက်ချင်းပင်လေ့ကျင့်ခဲ့သည်ဖြစ်ရာ ယခုတော့အလွန်အသုံးဝင်လာခဲ့သည်။
သူတို့နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်သိထားသောဘာသာစကားများဖြင့် မဆက်သွယ်နိုင်ကြသည်ဖြစ်ရာ တစ်ယောက်ယောက်ကတော့ ဘာသာစကားအသစ်ကိုကျိန်းသေသင်ယူရပေမည်။ ထို့အပြင် သူကပဲသင်ယူလိုက်မည်ဆိုလျှင် အမဖြစ်သူသည် ဒီကဘာသာစကားအသစ်ကိုသင်ရမည့် အခက်အခဲများမရှိတော့မည့်အပြင် တခြားအသွင်ပြောင်းလူသားများထံမှ အကူအညီတောင်းခံမည့်အခွင့်အရေးများကိုပါ ကြိုတင်ရှောင်ရှားနိုင်လိမ့်မည်။
ထိုအကြောင်းအရာအား သေချာစွာတွေးတောပြီးသည့်နောက်တွင် အမဖြစ်သူမှာ ကောင်းကင်ဝံပုလွေမျိုးနွယ်စုမှ လူမဖြစ်နိုင်မှန်းသူသဘောပေါက်သွားသည်။ အဲဒီနောက်မှာ ဘာသာစကားပြဿနာကအဆုံးသတ်သွားသည်။
အမ,လေးက ကောင်းကင်ဝံပုလွေမျိုးစုနှင့် တခဏတာပတ်သက်ခဲ့ရုံပဲဖြစ်လောက်တယ်...အင်း...အဲဒီကောင်တွေနဲ့ဘယ်လိုပတ်သက်မှုမျိုးရှိခဲ့တာပါလိမ့်?အမ,လေးက မိတ်လိုက်ကာလရောက်နေတာကြောင့်ပဲဖြစ်မယ်။
ဘာပဲဖြစ်ဖြစ်တခြားကောင်တွေနဲ့ဝေးဝေးနေခိုင်းရမယ် အမှားအယွင်းအဖြစ်မခံနိုင်ဘူး !
ရှူကျင်ထျန်းကတော့ သူကြားခဲ့သည့်အရာက ထင်ယောင်ထင်မှားဖြစ်ခြင်းများလားဆိုတာမသေချာခြင်းများနှင့်အတူ အံ့ဩတုန်လှုပ်စွာ ထိုလူအားမော့ကြည့်မိလိုက်သည်။
"စားမလား?" မြွေကြီးမှာ နောက်တစ်ကြိမ်ပါးစပ်ဖွင့်ဟ၍ပြောပြန်သည်။ သူတကယ်ပြောချင်သည်မှာက "မင်းအစာစားချင်လား" ဟူ၍ဖြစ်သည်။သို့သော်လည်း သူကစကားလုံးအနည်းငယ်ကိုသာမှတ်မိတော့သည်။
ထိုလူ၏လေယူလေသိမ်းမှာ ဒီတစ်ခေါက်တွင် အများကြီးပိုတိကျလာပြီး လေသံကအနိမ့်အမြင့်ပိုမှန်လာသည်။
ရှူကျင်ထျန်းကသဘောကျမိသွားသော်လည်း ယခုစိတ်အခြေအနေအရ မရယ်နိုင်သေးပေ။ ဒီမြွေလူကြီးက...ငါ့ဘာသာစကားကိုသင်ယူနေတာလား?
အကယ်၍ ဒါသာအမှန်ဆိုရင်ဒီမြွေကြီးကငါ့ကိုဒုက္ခပေးချင်စိတ်မရှိတာများဖြစ်နေမလား? ငါ့ကိုအဖော်တစ်ယောက်အဖြစ်ထားနိုင်တဲ့သူရင်းနှီးတဲ့မျိုးစိတ်တစ်ခုအဖြစ်သတ်မှတ်ထားရုံလေးပဲဖြစ်နိုင်မလား?
ငါ့အခြေအနေကငါတွေးထားသလောက်လည်းမဆိုးသေးပါဘူး ...ဟုရှုကျင်ထျန်းကတွေးလိုက်သည်။
"ဘာကိုစားရမှာလဲ"
မေးလိုက်ပါသော်ငြားတစ်ဖက်လူကသာ အဆိပ်သောက်စေချင်နေသည်ဆိုလျှင်လည်း သူ့မှာငြင်းပိုင်ခွင့်မရှိပေ။
သူတို့ပြောဆိုဆက်ဆံနေသည့်အချိန်ကာလမှာ သိပ်မကြာသေးသော်လည်းထိုနိုင်လိုမင်းထက်ပြုမူသောလူကြီး သို့မဟုတ် မြွေကြီးမှ ငြင်းခွင့်ပြုမည်မဟုတ်တာကိုသူသေချာသိထားသည်။
မြွေလူကြီး၏ မျက်ခုံးလှလှလေးများမှာ တွန့်ချိုးသွားပြီး ရှူကျင်ထျန်း၏ခန္ဓာကိုယ်ကိုထိရန်လက်တစ်ဖက်အားဆန့်ထုတ်လိုက်သည်။
အပွေ့ခံထားရသည့်ကြားထဲမှပင် ထိုလူ၏လက်ကိုရှောင်ဖို့ရန် သူ့ခန္ဓာကိုယ်ကိုကျုံ့လိုက်တော့သည်။ အစိမ်းရောင်မျက်လုံးတစ်စုံမှ ခပ်စူးစူးအကြည့်တစ်ချက်ကိုရသောအခါ မလှုပ်တော့ဘဲလိမ်လိမ်မာမာနေလိုက်လေသည်။
ထိုအခါမှသာ မြွေလူကြီးက သူ၏ခန္ဓာကိုယ်အား လက်ဖြင့်စူးစမ်းပွတ်သပ်မှုများကိုဆက်လုပ်လေရာ ရှူကျင်ထျန်းမှာ မထိန်းနိုင်မသိမ်းနိုင်ဖြင့် ကြက်သီးများထလာတော့သည်။
အဲဒီလူထူးဆန်းက ဘာလုပ်ချင်နေတာလဲ?
နောက်ဆုံးတွင်တော့ မြွေကြီးက ရှူကျင်ထျန်း၏အဝတ်ထဲမှ သစ်သီးများကိုထုတ်လာလေသည်။ ယင်းအသီးများမှာ သူယခင်ကခူးထားပေးခဲ့သော အသီးများဖြစ်ပြီး စိမ်းနေဆဲဖြစ်သည်။
ရှူကျင်ထျန်းလည်း စိတ်အေးသွားသည်။ မမြင်ရသော အန္တရာယ်က ပို၍ကြောက်ရသည်မဟုတ်ပါလား။ ယခု ထိုမြွေလူကြီးဘာလုပ်ချင်နေမှန်း သူသိပြီဖြစ်သောကြောင့် ယခင်လိုတုန်လှုပ်ခြောက်ခြားခြင်းမျိုးမရှိတော့ပေ။
"ငါစားဖို့တစ်ခုခုရှာမပေးချင်ဘူးလား?"
ရှူကျင်ထျန်းလည်း ပြုတ်မကျစေရန် ထိုလူကြီး၏ကိုယ်အား လက်ဖြင့်ဖက်ထားလိုက်ပြီးသူ့လက်ထဲကစိမ်းနေသေးသောသစ်သီးများကိုတလှည့်၊ အစိမ်းရောင်တောက်နေသောမျက်လုံးများကိုတလှည့် ကြည့်ကာဖြေးညှင်းစွာ မေးလိုက်သည်။
မြွေကြီးမှာ သစ်သီးကို သူ့ဗိုက်ပေါ်တင်ပြီးနောက် အင်္ကျီအတွင်းထဲသို့ လက်နှိုက်ကာစမ်းကြည့်နေသေးသည်။ ဘာမှမရှိတော့တာ သေချာသောအခါမှ ထိုသစ်သီးစိမ်းကို ရှူကျင်ထျန်းအားစားဖို့ပေးလိုက်လေသည်။
"စား!"
သူ့အသံထွက်မှာ ယခုတစ်ကြိမ်တွင်တော့ အမှန်အကန်ကိုတိကျစွာထွက်လာလေသည်။ ရှူကျင်ထျန်းမှာ သူ့အား တိတ်တဆိတ်လေးစားမိသွားပြီး စစ်မှန်သော ဘာသာစကားဉာဏ်ကြီးရှင်တစ်ယောက်ဟုပင် မှတ်ယူလိုက်မိသည်။
အနီကွက်အနည်းငယ်နှင့် စိမ်းဝါရောင်အသီးကိုကြည့်ပြီး ရှူကျင်ထျန်းက ထိုမြွေကြီးအပင်ကိုကိုက်တာ အသီးခြွေချခဲ့သည့်ပုံရိပ်ကို ပြန်မြင်ယောင်လာခဲ့သည်။
ရှူကျင်ထျန်းက သစ်သီးအားယူကာ ခေတ္တမျှ ရှုပ်ထွေးနေသောအကြည့်များနှင့် ကြည့်နေမိသည်။ နောက်ဆုံးတွင်တော့ အနေကြပ်စေသော ထိုမျက်လုံးစိမ်းများထဲမှ အလွန်အကျွံ စိတ်လှုပ်ရှားနေသော ဖိတ်ခေါ်နေမှုကို မခံစားနိုင်တော့သဖြင့် အားမွေးကာတစ်ကိုက်ကိုက်ချလိုက်ရတော့သည်။
ခူးပြီးတစ်ညထားလိုက်သောအခါ သစ်သီးမှာ လတ်လတ်ဆတ်ဆတ်ခူးပြီးစအချိန်တုန်းကထက်ပင် အံ့ဩဖွယ်ကောင်းစွာပင် ပို၍အရသာရှိနေလေသည်။ သို့သော်ငြား ထိုသစ်သီးရှိခဲ့သော အပင်ငယ်လေးခမျာ မြွေကြီး၏တံတွေးများနှင့် စိုရွှဲသွားခဲ့သောအဖြစ်ကိုသူပြန်သတိရလိုက်သောအခါ မြိုမကျတော့ပေ။
သစ်သီးအားကိုက်ပြီးစားလိုက်သော်လည်း အများကြီးမဝါးရဲဘဲ အပိုင်းအစတိုင်းကို လည်ချောင်းထဲသို့အတင်းမျိုချကာ တစ်လုံးကုန်အောင်စားပြီး 'ဗိုက်ပြည့်ပြီ' ဟုသာ ထပ်ခါတလဲလဲပြောနေမိတော့သည်။ မည်သို့ပင်ဆိုစေကာမူ ဒီတစ်ခေါက်တွင်တော့ သူအစာငတ်နေပြီဖြစ်သည့်အတွက် အားအင်များသိပ်မကျန်ရှိတော့ပေ။
ဤတစ်ကြိမ်တွင်တော့မြွေကြီးမှာ သူ၏အမလေးအား ထပ်မညှစ်ထားတော့ဘဲ ပွေ့ထားပြီး သူမ၏အနက်ရောင်ဆံပင်တိုများကို မျက်နှာသေနှင့် ဆော့ကစားနေတော့သည်။
ထိုလူထူးဆန်း၏ အတွေးများအားလိုက်မမီတော့သောကြောင့် ရှူကျင်ထျန်းက ဒီမှာရှိနေသည့်အချိန်အတွင်းအဆင်ပြေဖို့ရာ ကိုယ့်ဘက်မှစ၍ မြှောက်ပင့်ပြောသင့်ပြီဟုတွေးလိုက်တော့၏။
"ဟေး ငါ့နာမည်က ရှူကျင်ထျန်း၊ မင်းနာမည်ကရောဘာလဲ?"
မြွေကြီးမှာသူ့အသံကိုကြားသဖြင့် ရှူကျင်ထျန်းအားကြည့်ရန် ခေါင်းငုံ့လိုက်သည်။ မျက်လုံးများမှာ သူ့နှုတ်ခမ်းများအား ကြိုးစားပမ်းစားဖြင့် အာရုံစူးစိုက်ပြီး ကြည့်နေလေသည်။
ရှူကျင်ထျန်းမှာ သူ၏အက်ကွဲနေသော နှုတ်ခမ်းများကို စိတ်လှုပ်ရှားစွာဖြင့် လျှာနှင့်သပ်လိုက်ပြီး နောက်တစ်ခေါက်ထပ်ပြောလိုက်သည်။
"ငါက ရှူကျင်ထျန်း၊ မင်းကရော်?"
"ရှူ... ကျင်ထျန်း?" သာယာနာပျော်ဖွယ်အသံလေးတစ်ခုက ထိုလူ၏နှုတ်ခမ်းများကြားမှထွက်ပေါ်လာလေ၏။ ထိုချိုသာနူးညံ့သောအသံက သူ့အားတခြားသူများနှင့် မတူကွဲပြားစေသည်။ ကျောက်စိမ်းတုံးကဲ့သို့ နူးညံ့နေပြီး လူတိုင်းကို ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်နှင့် ပြောဆိုဆက်ဆံနေရသကဲ့သို့ ခံစားရစေလိမ့်မည်ဖြစ်သည်။
"ဟုတ်တယ် ငါ့နာမည်ကရှူကျင်ထျန်း၊ မင်းနာမည်ကဘာလဲ?"
ရှူကျင်ထျန်းကဒီတစ်ခေါက်တော့ပျော်ရွှင်အံဩသွားခြင်းဖြစ်သည်။ စကားပြောဖို့ စိတ်ပါလက်ပါရှိနေသည့်ပုံက သူ့အားမြွေကြီးကအရေးကြီးသည့်အရာတစ်ခုကဲ့သို့ သတ်မှတ်ထားခြင်းကြောင့်ဖြစ်လောက်မည်။ အနည်းဆုံးတော့ သူ့အားအရန်စားစရာအဖြစ် သတ်မှတ်ထားခြင်းမဟုတ်ပေ။
မြွေကြီးက ခေါင်းကိုခါပြလိုက်ပြီးမမျှော်လင့်ဘဲသူ၏ ကြည်လင်သောမျက်လုံးစိမ်းလေးများမှာ အပြစ်ကင်းစင်သော ပုံစံပေါ်လာလေသည်။
ရှူကျင်ထျန်းကအနည်းငယ်မင်သက်မိသွားသော်လည်း တစ်စက္ကန့်မျှကြာသောအခါ သတိပြန်ကပ်လာသည်။
သူထင်ယောင်ထင်မှားများဖြစ်နေခြင်းသာ ဖြစ်လောက်မည်။ အဘယ့်ကြောင့်ဆိုသော် ဤလူမှာ စွမ်းအား၊ အာဏာ၊ အရှိန်အဝါကြီးမားသော ဖြစ်တည်မှုတစ်ခုမှန်း သူသေချာပေါက်သိနေခြင်းကြောင့်ဖြစ်သည်။
"မင်းမှာနာမည်မရှိဘူးလား?... ငါမင်းကိုနာမည်တစ်ခုပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
အလွန်ကောင်းလှသည့် အခွင့်အရေးမျိုးပင်ဖြစ်သည်။ မြှောက်ပင့်ကာပြောဆိုဖို့ဆိုလျှင် သူ့အနေနှင့် တစ်ဖက်လူအားသိမ်းပိုက်ရန် အရင်ဦးစွာ ကိုယ့်ဘက်မှစတင်ပြောဆိုဖို့ လိုအပ်သည်မဟုတ်ပါလား။
မြွေကြီးအနေနှင့်တော့ သူ၏အမအားခေါင်းငဲ့ကာကြည့်နေလေသည်။ ၎င်း၏ရနံ့မှာအရင်ကထက်ပင် ပို၍သင်းပျံ့လာသည့်ပုံပင်။ ကိုယ်ဝန်ဆောင်ဖို့အဆင်သင့်ဖြစ်နေပြီဟု ဖော်ပြနေသော ထိုရနံ့များမှာ ဆွဲဆောင်မှုကောင်းလွန်းနေလေသည်။
"အင်း... မင်းရဲ့ခန္ဓာကိုယ်က အေးစက်နေပြီး အကြာကြီးပြန်ဖိထားမှ နည်းနည်းလေးနွေးလာတယ်။ အဲဒါက လက်ထဲအကြာကြီးကိုင်ထားမှ နွေးလာတဲ့ ကျောက်စိမ်းကောင်းတစ်တုံးကို အမှတ်ရစေတယ်။ ငါမင်းကို ဟန်ယွီလို့ခေါ်မယ်ဆိုရင်ရော ဘယ်လိုလဲ။"
[အေးစက်သော က 'ဟန်' နဲ့ ကျောက်စိမ်း 'ယွီ' နဲ့ကိုပေါင်းခေါ်တာပါ]
ရှူကျင်ထျန်းကထိုလူအား မသေချာမရေရာသည့်အကြည့်များနှင့်ကြည့်လိုက်သည်။ တစ်ဖက်ကမငြင်းဆန်နေသည်ကို မြင်သောအခါမှ သူဆက်ပြောလိုက်တော့သည်။
"မင်းသာအဆင်ပြေမယ်ဆိုရင်ငါနဲ့ မျိုးရိုးနာမည်အတူတူယူလို့ရတယ်။ မင်းကို "ရှူဟန်ယွီ" လို့ခေါ်မယ်လေ"
ရှူဟန်ယွီက မျက်ဝန်းများကိုမှေးကျဥ်းလိုက်ပြီး ဘာအမူအရာမှထုတ်မပြပေ။
''ဒါဆို အဲလိုပဲခေါ်ကြတာပေါ့။ ရှေ့လျှောက် မင်းနာမည်ကရှူဟန်ယွီဖြစ်ပြီးမင်းကငါ့ညီလေးပဲ"
ဒါကြောင့်နောက်ကျရင် ငါ့ကို ထပ်ပြီးမခြောက်လှန့်ဘဲနေလို့ရမလား? လွှတ်ပေးရင် ပိုတောင်ကောင်းသေးတယ်။
ဟန်ယွီကတော့ နဂိုအရောင်ပြန်ပေါ်လာကာ မရပ်မနားဖွင့်လိုက်ပိတ်လိုက် လုပ်နေသောအနီရောင်နှုတ်ခမ်းများကို ကြည့်နေလေသည်။ နှုတ်ခမ်းသားကြားထဲကထွက်လာသော အသက်ရှူငွေ့လေးများမှာနွေးနေပြီး ကျေနပ်စရာအပြည့်ဖြစ်နေသည်။
မြွေကြီးမှာ လျှာကိုထုတ်ကာ မိန်းမလေး၏နှုတ်ခမ်းအစွန်းဖျားကို လျက်လိုက်လေသည်။
ကောင်းလိုက်တာ နွေးပြီးရင်းနွေးနေတာပဲ။သက်တောင့်သက်သာဖြစ်လိုက်တာ။ အမလေးရဲ့နွေးထွေးတဲ့နှုတ်ခမ်းတွေထဲကိုငါပိုပြီးနက်နက်ရှိုင်းရှိုင်းတိုးဝင်ချင်လိုက်တာ။
ရှူကျင်ထျန်းမှာ သတိမထားမိဘဲ အလျက်ခံလိုက်ရ၏။ ထိုလူကလျှာကိုဆွဲထုတ်လာသောအခါ လျှာဖျားမှာမူ မထင်ထားဘဲ မြွေတစ်ကောင်ကဲ့သို့ နှစ်ခွဖြစ်နေလေပြီး သူ့နှုတ်ခမ်းများအပေါ် ရွက်လွှင့်နေလေသည်။ သူဘာမှမတုံ့ပြန်မိခင်မှာပင် အလျက်ခံလိုက်ရလေ၏။
အေးလိုက်တာ။ ရှူဟန်ယွီရဲ့ ခက်ရင်းခွလိုလျှာတစ်ခုလုံးကအေးစက်နေတာပဲ။
မြွေကြီး၏လျှာမှာ အပြင်သားကိုလျက်နေရသည်ကို မလုံလောက်သေးဟုထင်နေပုံရ၏။ နှုတ်ခမ်းသားများကြားထဲ တိုးဝင်ကာကျူးကျော်ဖို့ လျှာကိုပို၍ပင်ရှည်အောင်ထုတ်လာနေသေးသည်။
"အားး!"
ထိတ်လန့်သွားသော ရှူကျင်ထျန်းခမျာ ဟန်ယွီကိုတွန်းထုတ်မိလိုက်သဖြင့် ကြမ်းပြင်ပေါ်သို့တင်ပါးဖြင့် ပြုတ်ကျသွားလေသည်။
ထိုမြွေလူကြီးကသူခုခံမည်ဟု မထင်ထားမိခဲ့ပုံရသည်။ သူမမျှော်လင့်ဘဲ ထိုလူကြီးအပွေ့ချီခံထားရခြင်းမှ အောင်မြင်စွာထွက်လာနိုင်လိုက်သည်။
ရှုဟန်ယွီ၏မျက်လုံးများမှာ မှေးကျဥ်းသွားပြီး ရှူကျင်ထျန်း၏ဗိုက်အား ပိတ်ကန်လိုက်တော့သည်။
အကန်ခံရခြင်းကြောင့် ရှူကျင်ထျန်းကလွင့်ထွက်သွားကာ လိုဏ်ဂူနံရံနှင့်ရိုက်မိ၍ လဲကျသွားတော့သည်။ ထိုရိုက်ခတ်သွားသည့်အသံမှာ ကျယ်ဝန်းလှသော ဂူကြီးထဲတွင် ပဲ့တင်ထပ်သွားပြီး အချိန်အတော်ကြာသည့်တိုင်အောင် မပျောက်သွားပေ။
"ဟင်း~" ရှူကျင်ထျန်းမှာ နာကျင်မှုကြောင့် မလှုပ်ရှားနိုင်ဘဲကြမ်းပြင်ပေါ်တွင် လဲနေလေ၏။
သူ့ကျောရိုးမှာ ကျိုးတော့မတတ်ဖြစ်နေသည်။ ပြင်းထန်လှသောနာကျင်မှုမှာ ကျောရိုးမကြီးတစ်ဆင့် ခြေလက် လေးဘက်လုံးထံ လှည့်လည်သွားလာပြီးမှ ဦးခေါင်းတွင်အကုန်ပြန်ဆုံကြလေသည်။ အမြင်အာရုံမှာ မှောင်မဲသွားပြီး တစ်ခဏမျှ သူဘာမှမမြင်ရဘဲဖြစ်သွားသည်။
အလင်းရောင်ကိုပြန်မြင်ရဖို့ရန် အချိန်အတော်ကြာပြန်ယူလိုက်ရသော်လည်း မျက်လုံးထဲတွင်ကြယ်များကို မြင်နေရသေးသည်။
ရှူဟန်ယွီကတော့ သူ့မိန်းမလေးကငှက်မွေးတောင်လေးသဖွယ် လေထဲလွင့်ထွက်သွားသည်ကိုကြည့်ရင်း ခွန်အားကို မထိန်းချုပ်မိသဖြင့် ကိုယ့်ကိုယ်ကိုဒေါသထွက်နေမိသည်။
ကြမ်းပြင်ပေါ်ရှိ ရှူကျင်ထျန်းကို ရှူဟန်ယွီက ငုံ့ကြည့်နေလေသည်။ ထို့နောက် ဆောင့်ကြောင့်လေးထိုင်ကာတို့ဖူးတုံးလေးသဖွယ် နူးညံ့သော သူ့လက်ကလေးကိုဆန့်ထုတ်ကာ နှုတ်ခမ်းများ၏ထောင့်စွန်းမှ စီးကျလာသောသွေးစီးကြောင်းကို သုတ်ပေးလိုက်လေ၏။
"ထွီ"
ပါးစပ်တစ်လုတ်စာပမာဏရှိသော သွေးများနှင့်ရောနေသည့် တံတွေးများကို ထွေးထုတ်လိုက်ပြီး သူ့ရှေ့တွင်ရှိနေသော ကိုယ်တုံးလုံးနှင့် မြွေလူကြီးအား မုန်းတီးစွာကြည့်လိုက်သည်။
"မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ? ဟောဒီလောင်ဇီကို ဖမ်းထားပြီးဘာလုပ်ချင်နေတာလဲ?"
သာမန်တည်ငြိမ်သောသူသည်ပင် အနည်းငယ် ဒေါသထွက်တတ်သေးသည်။ လူကုံထံမိသားစုတစ်ခုက အကြီးဆုံးသခင်လေးဖြစ်သော ရှူကျင်ထျန်းအနေနှင့် ပို၍ပင်ဒေါသထွက်လွယ်သေးသည်။ ပစ်မှတ်သားကောင်တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သော်ငြားလည်း သူသည်ကလေးဘဝတည်းကပင် လေးစားမှုနှင့်မြှောက်ပင့်ပြောဆိုမှုများကြားကြီးပြင်းလာရသော လူတစ်ယောက်ဖြစ်သည်။ ဘယ်အချိန်ကများ သူဒီလောက်ဆိုးဆိုးရွားရွားဆက်ဆံခံခဲ့ရဖူးလို့လဲ?ပြန်ပေးဆွဲခံရသည့်အချိန်ကတုန်းပင် ဤကဲ့သို့ အရှက်ခွဲမခံခဲ့ရပေ။
ရှူဟန်ယွီမှာ သူ၏ဂရုမထားသော လုပ်ရပ်ကြောင့်နောင်တရသွားကာ မိန်းမလေးဒေါသထွက်နေခြင်းကို လိုက်လျောလိုက်သည်။
မတ်တပ်ရပ်လိုက်ပြီးသောအခါ ရှူဟန်ယွီက သူ့မိန်းမလေးအားတစ်ခေါက်ကြည့်ကာ မြွေပုံစံသို့အသွင်ပြောင်းလိုက်တော့၏။
ထူးဆန်းသော စူးစူးဝါးဝါးအသံကြီးထွက်ပေါ်လာသောအခါ ရှူကျင်ထျန်းတစ်ယောက် မသက်မသာဖြစ်နေခြင်းနှင့်အတူ မျက်စောင်းထိုး၍ခိုးကြည့်လိုက်သည်။ တစ်စက္ကန့်အတွင်းမှာပဲသူ့ရှေ့တွင်ရပ်လျက်ရှိနေခဲ့သည်က ဝတ်လစ်စလစ်လူသားတစ်ယောက်မဟုတ်တော့ဘဲ ကြောက်စရာကောင်းသောစပါးအုံးမြွေကြီးတစ်ကောင်ဖြစ်သွားသည်။
ရှူကျင်ထျန်းမှာ လေအေးများကိုရှူသွင်းကာ အတင်းရုန်းကန်၍နောက်ဘက်သို့ တရွေ့ရွေ့ဆုတ်နေမိတော့၏။
သူကဘာလုပ်ချင်တာလဲ? ခုနလေးကတောင်ငါ့ကိုအစာကျွေးဖို့လုပ်နေပြီးအခုကျတော့ငါ့ကိုစားတော့မလို့လား...?