no

Font
Theme

Chapter 9 ; မီးစွမ်းအင်ရင်းမြစ်

ရှူကျင်ထျန်းနိုးလာသည့်အချိန်တွင် မြွေဂူကြီးဆီပြန်ရောက်နေမှန်းသိလိုက်ရသည်။ မြွေကြီးသည်မြက်ပုံပေါ်တွင် ကိုယ်ကိုရစ်ခွေ၍ရှိနေလေသည်။ သူကတော့ မြွေကြီးရစ်ခွေထားသည့် အလယ်ဗဟိုတွင်ရှိနေပြီး တင်းကြပ်စွာရစ်ပတ်ခံထားရလေသည်။ မြွေကြီး၏ခေါင်းမှာ သူ့ပခုံးပေါ်တွင်မှီထားကာ မျက်လုံးစိမ်းများမှာ အိပ်မောကျနေသယောင်ထင်ရ၏။


ရှူကျင်ထျန်းလည်း ပတ်ပတ်လည်ကိုလျှောက်ကြည့်လိုက်သည့်အချိန်တွင် အံ့ဩဖွယ်ကောင်းစွာပင် ချောက်ကမ်းပါးပေါ်၌ရှိခဲ့သည့် သစ်သီးပင်ကိုပါ မြွေကြီးကယူလာခဲ့မှန်းတွေ့လိုက်ရသည်။ ကြက်ဥအရွယ်မျှရှိသောအနီရောင်သစ်သီးများမှာ ပြွတ်သိပ်စွာသီးနေကြလေသည်။


"အဟွတ် အဟွတ်"


ရှူကျင်ထျန်း၏ အဆုတ်များသည် အလွန်နာကျင်နေပြီး ယမန်နေ့က သူ့ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားသည်ဟုပင် သူ့ကိုယ်သူ တွေးနေမိသည်။


သူက အနည်းငယ် တောင့်တင်းစွာလှုပ်ရှားလိုက်ပြီးနောက် ရှူဟန်ယွီသည်လည်း မျက်ခွံများကို ချက်ချင်းဖွင့်လိုက်ပြီး သူ့ကို အေးစက်စွာကြည့်လာသည်။


"ငါတစ်ခုခုစားမလို့ထလာတာ၊ မင်းမှာပြဿနာမရှိဘူးမလား?"


ရှူကျင်ထျန်းကပါးစပ်ကိုဖွင့်လိုက်သောအခါတွင် သူ၏အဆုတ်များက နာကျင်ကိုက်ခဲမှုကိုခံစားရပြီး အနည်းငယ်စကားပြောရခက်စေသည်။


ရှူဟန်ယွီသည် ဤစကားကိုကြားသောအခါ သူ့မိန်းမလေးအပေါ် သတိကြပ်၍စောင့်ကြည့်နေခြင်းကိုဖြေလျှော့ကာ လွှတ်ပေးရန်အတွက် သူ့ခန္ဓာကိုယ်ကို ပျင်းရိစွာ ဖြေလျော့လိုက်သည်။ ထို့နောက် သက်တောင့်သက်သာ အိပ်စက်လို့ရမည့်ပုံစံကိုပြန်လုပ်၍ မောပန်းနွမ်းနယ်စွာမှိန်းနေလေသည်။


ရှူကျင်ထျန်းသည် မြွေကြီးထံမှ လျင်မြန်စွာ တွားထွက်လိုက်ပြီး မြွေပတ်ခံထားခဲ့ရသော သူ့ခန္ဓာကိုယ်ကို မသိမသာ လက်ဖြင့် ပွတ်လိုက်သည်။ သူကအသီးအခက်များနားတွင် ငုပ်တုပ်လေးထိုင်လျက် နှုတ်ခမ်းသပ်လိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ဘာမှမစားရသေးသောကြောင့် သူ့ခန္ဓာကိုယ်က အားနည်းပြီး ကြံ့ခိုင်မှု မရှိတော့ပေ။


သူကအနီရောင် သစ်သီးတစ်လုံးကို ကောက်ယူပြီး ကိုက်လိုက်သည် ။ အသီးတွင် ရေဓာတ်ကြွယ်ဝသော်လည်း အချိုအရသာထက် ပို၍ချဉ်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ ရေပေါများသောအရပ်တွင် ကြီးလာသောကြောင့် အချိုအရသာများ လျော့သွားခြင်းဖြစ်နိုင်သည်ဟုရှုကျင်ထျန်းက ပျင်းရိစွာ တွေးလိုက်သည်။


ရှူဟန်ယွီကသူ့မိန်းမလေးကို ပျင်းရိစွာကြည့်လိုက်ပြီး မိန်းမလေးအဆင်ပြေနေသည်ကိုမြင်လိုက်ရသောအခါမျက်လုံးများကိုမှိတ်ပြီး အနားပြန်ယူလိုက်သည်။ မနေ့က သူ၏ခုန်ဆင်းခဲ့မှုကြောင့် အတွင်းပိုင်းအင်္ဂါများကို ထိခိုက်ခဲ့ပြီး ပြန်လည်ကောင်းမွန်ဖို့ရန်အတွက် ကောင်းကောင်းအနားယူရန်လိုအပ်နေသည်။


ရှူကျင်ထျန်းသည် ထိုချဉ်သောသစ်သီးအနည်းငယ်ကိုစားပြီးနောက် သူ့ဗိုက်ထဲတွင် အက်ဆစ်ဓာတ်များ တလိပ်လိပ်ထိုးတက်လာပြီး ဗိုက်ပိုဆာလာသလိုခံစားလိုက်ရသည်။ 


သို့သော်လည်း သူက ဤအရပ်၌ အပြင်ထွက်စားဖို့ကိုပင် မတတ်နိုင်ခြင်းကြောင့် စိတ်ဓာတ်ကျရုံသာတတ်နိုင်သည်။


ချမ်းသာကြွယ်ဝသော မိသားစုကြီးတွင် မွေးဖွားခဲ့သည်ကို သူပြန်အမှတ်ရမိသည်။ ဖခင်၏မေတ္တာကို များစွာမရရှိခဲ့သော်လည်း သာလွန်ကောင်းမွန်သောဘဝအခြေအနေများဖြင့် ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်သောကြောင့် သူကဘယ်တုန်းကမှ ခက်ခဲမှု၊ အရှက်ရမှုများကိုမခံစားခဲ့ရပေ။


"မိုးကောင်းကင်ဆီက ကြီးမားတဲ့တာဝန်ကို အပ်နှင်းခံထားရတဲ့လူက ခါးသီးတဲ့ဝေဒနာတွေကို အရင်ခံစားရမယ်၊ အရိုးနှင့်ကြွက်သားတွေကို ပင်ပင်ပန်းပန်းအလုပ်ပေးခံရမယ်၊ အရိုးတင်အရေကပ်ဖြစ်သွားတဲ့အထိ ဆာလောင်နေရပြီး ဘာမှမကျန်တော့သည့်တိုင်အောင် ဝေဒနာကို ခံစားရမယ်။"ဟူ၍သူ၏စိတ်ထဲတွင်တိတ်တဆိတ်ရေရွတ်မိသည်။ မုန်တိုင်းပြီးသည့်အခါမှသာ သက်တန့်ကိုမြင်ရပေမည်။ သက်တန့်မမြင်ရခင်အအေးမမိသွားဖို့ကိုသာ သူမျှော်လင့်မိသည်။


ရှူကျင်ထျန်းက ဂူနံရံကို မှီလိုက်သည်။ သူကလက်ပြတ်အင်္ကျီကိုသာဝတ်ထားသောကြောင့် အနည်းငယ်အေးနေသဖြင့် ကြမ်းပြင်ပေါ်မှဂွမ်းစောင်ကို ကောက်ယူကာခြုံထားလိုက်သည်။ သူသည် မြွေကြီး၏အဝေးတွင်ရှိသည့် မြက်ခြောက်ပုံတစ်ခုကိုရှာကာ ထိုနေရာတွင် ထိုင်နေလေသည်။

နေရောင်ခြည်သည်ဂူပေါက်များမှတစ်ဆင့် ပြန့်ကျဲ၍ဝင်ရောက်လာပြီး အလွန်နွေးထွေးနေကာ အုံ့မှိုင်း၍အေးစိမ့်သောဂူနှင့် ကွဲပြားစွာတည်ရှိနေလေသည်။


ရှူကျင်ထျန်းသည် မနေ့ကသူ၏စိတ်မြန်လက်မြန်နှင့်ရိုင်းစိုင်းသော အပြုအမူအတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ ဤတစ်ကြိမ်တွင်လည်း သူ၏လွတ်မြောက်ရန်ကြိုးစားခြင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက်မြွေကြီးသည် သူ့အားပို၍တင်းကြပ်စွာစောင့်ကြပ်လာပြီး သတိကြီးစွာကာကွယ်လာသောကြောင့် နောက်တစ်ကြိမ် လိမ်လည်ရန်မှာ ထိုမျှလွယ်ကူမည်မဟုတ်တော့ပေ။


သို့သော်လည်း နောင်တရနေခြင်းက အသုံးမဝင်နိုင်ချေ။ လောလောဆယ်တွင် သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ မြွေကြီး၏ တင်းကြပ်စွာစောင့်ကြပ်နေခြင်းကိုလျှော့ချနိုင်ရန် လိမ်လိမ်မာမာဟန်ဆောင်နေထိုင်ခြင်းဖြင့် ထွက်ပြေးဖို့အတွက်နောက်တစ်ခေါက်ကြိုးစားနိုင်မည်ဖြစ်သည်။ 


သို့သော် ယခုတစ်ကြိမ်တွင်မူ အစီအစဥ်များကိုသေချာစွာ ပြုလုပ်ရမည်ဖြစ်ပြီး ထင်ရာမစိုင်းမိဖို့လည်းလိုအပ်ပေသည်။


ရှူကျင်ထျန်းကသတိမကပ်ဘဲ ရုတ်တရက်အိပ်ပျော်သွားပြန်လေသည်။


သူပြန်နိုးလာသည့်အချိန်တွင် ကောင်းကင်ကြီးမှာ မှောင်မဲနေပြီး သူ၏ဗိုက်မှာလည်း အဆက်မပြတ်ကျယ်လောင်စွာမြည်ဟီးနေသည်။ ဗိုက်အလွန်ဆာလောင်လာခြင်းကြောင့် အိပ်ရာနိုးလာခဲ့ခြင်းဖြစ်သည်။


သူမသိလိုက်သောအချိန်တွင် သူ့ခန္ဓာကိုယ်ကို မြွေကြီးက ထပ်မံရစ်ပတ်ထားပြန်လေသည်။ ကြီးမားသောမြွေကြီး၏ခန္ဓာကိုယ်က အသက်ရှုခြင်းကြောင့်တအိအိလှုပ်နေကာ နိမ့်တခါ မြင့်တလှည့်ဖြစ်နေပြီး သူ၏ဝမ်းဗိုက်ကို လေးလံစွာဖိထားသည်။


ရှူဟန်ယွီ၏မြွေခေါင်းကြီးက အမြီးဖျားကိုဖိထားလျက် မထင်မှတ်စွာဘဲ ယခုထိအိပ်ပျော်နေဆဲဖြစ်သည်။


"ဟေ့၊ မင်းအသက်ရှိနေသေးလား? အဟွတ်အဟွတ်!"


ရှူကျင်ထျန်းကပါးစပ်ကိုဖွင့်လိုက်သည်နှင့် သူ့ရင်ဘတ်မှာ တင်းကြပ်၍ နာကျင်ကိုက်ခဲနေပြီး အသက်ရှုသည်ကိုပင် သတိထားနေရသည်။ ရှူကျင်ထျန်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ မြွေကြီးကိုတွန်းကာ တစ်ဖက်သို့ လှည့်ရန် ကြိုးစားသည်။


"ရှီးရှီးရှီး~" 


ရှူဟန်ယွီကလည်း တုံ့ပြန်သည့်အနေနဲ့ မျက်လုံးများမှေးကျဉ်းကာ မိန်းမလေးကိုကြည့်လိုက်လေသည်။


"ဗိုက်ဆာတယ်လို့။ ဒါဆိုမင်းကအပြင်ထွက်ပြီး ငါ့ဖို့စားစရာသွားရှာပေးလေကွာ။"


ဟုတ်သားပဲ။ မိန်းမလေးက အစာမစားရသေးတာ ကြာနေပြီဆိုတော့ သူ့အတွက် စားစရာတွေ ရှာပေးရမည်။ 


ရှူဟန်ယွီက ပါးစပ်ကိုအကျယ်ကြီးဖွင့်၍သန်းလိုက်သောအခါ အမှောင်ထဲတွင် အလင်းရောင်တို့ပင် ရောင်ပြန်ထင်ဟပ်စေသော အစွယ်များ ထွက်ပေါ်လာလေသည်။


သူ့ခန္ဓာကိုယ်ကို ပျင်းရိစွာလှုပ်ရှားရင်း ရှူဟန်ယွီကထွက်သွားတော့သည်။အကြေးခွံများဖြင့် ဖုံးအုပ်ထားသော သူ၏မြွေကိုယ်ထည်ကြီးသည် ရှူကျင်ထျန်း၏ ခန္ဓာကိုယ်ကိုပွတ်တိုက်သွားသောအခါ လေတိုးသံကဲ့ဖြေးညှင်းသောအသံတစ်ခုထွက်လာပြီး ရှူကျင်ထျန်း၏ ဦးရေပြားကိုတဖျဥ်းဖျဥ်းခံစားရစေသည်။


နောက်ဆုံးတွင် မြွေကြီးလိုဏ်ခေါင်းမှ ထွက်သွားသောအခါမှသာ ရှူကျင်ထျန်းလည်း အသက်ရှူချောင်သွားကာ မြွေကြီးနှင့်ထိမိသောနေရာများကို စက်ဆုပ်ရွံရှာစွာပွတ်သပ်လိုက်သည်။


ရှူဟန်ယွီသည် မကြာမီတွင် ခြင်္သေ့အရွယ်လောက်ရှိ၍ အစွယ်နှစ်ချောင်းကအထက်သို့ပြူးထွက်နေသော ကြီးမားပြီး ထူးဆန်းသော အမည်မသိသားရဲတစ်ကောင်ကို ပြန်ယူလာခဲ့သည်။ ထိုသတ္တဝါကြမှာအသားစားတိရစ္ဆာန်ကောင်ကြီးမှန်း သိသာလှသည်။


ရှူကျင်ထျန်းက ထိုကဲ့သို့သောအကောင်ကြီးကြီးအား ဤမြွေကြီး မည်သို့ဖမ်းမိခဲ့သည်ကိုမသိပေ။ မြွေကြီး၏အရည်အချင်းမှာ အလွန်ကောင်းလှသည်။


ရှူကျင်ထျန်းသည် ရှူဟန်ယွီကို အလွန်အားကျသွားလေ၏။ ရှူဟန်ယွီကသာ သူ့ကို အတင်းအကြပ်မချုပ်နှောင်ထားခြင်းမဟုတ်ပါက သူသည်လည်းရှူဟန်ယွီ၏ပေါင်ကို အတင်းအကြပ်ဖက်ထားကောင်းဖက်ထားမိပေလိမ့်မည်။ နောက်ဆုံးတော့လည်း ဤသည်မှာ တောအုပ်ကြီးဖြစ်ပြီး လူတစ်ယောက်၏အင်အားမှာ အလွန်အားနည်းလှလေသည်။


ရှူဟန်ယွီက စားစရာအား မိန်းမလေးဆီကို တွန်းပို့လိုက်ပြီး စားဖို့ညွှန်ပြလိုက်သည်။


ရှူကျင်ထျန်း၏နှလုံးသားလေး ပြင်းထန်စွာခုန်လှုပ်သွားပြီး သွေးစိမ်းသောက်ခိုင်းခြင်း၏ မှတ်ဥာဏ်သည် သူ့စိတ်ထဲတွင် ရုတ်ခြည်းပေါ်လာလေသည်။ သူ့ကိုတော့ သွေးစိမ်းတွေ ထပ်မသောက်ခိုင်းတော့ဘူးမလား?


ရှူကျင်ထျန်းကနောက်ပြန်ဆုတ်ကာ ရှူဟန်ယွီကို သတိထားပြီးကြည့်လိုက်သည်။


ရှူဟန်ယွီ၏ မျက်လုံးများမှေးကျဥ်း သွားပြန်သည်။ အခုထိ ဆက်ဆံရခက်နေတုန်းလား?


ရှူကျင်ထျန်းမှာ မြွေကြီး၏အမူအရာ ထူးဆန်းသွားသည်ကို မြင်လိုက်ရပြီးနောက် ကြောက်လန့်လွန်း၍ဦးရေပြားများထုံသွားသလို ခံစားလိုက်ရသည်။


"ဟေး...မြွေအကိုကြီး ! ငါကအသားမစားတာမျိုး မဟုတ်ပေမယ့် အသားစိမ်းတော့ စားလေ့မရှိဘူး။ ငါကိုယ့်ဘာသာလုပ်မှာမိုလို့ ငါ့ကိုဒီလိုကြည့်စရာမလိုဘူး။"


ရှူဟန်ယွီသည် မိန်းမလေး၏ သဘောထားကိုကြည့်လိုက်ရာ တမင်ရစ်နေခြင်းမဟုတ်ကြောင်းသိလိုက်သဖြင့် မည်သို့မည်ပုံစားချင်သည်ကို ဂရုမစိုက်တော့ဘဲ ခွေ၍နေကာ မိန်းမလေးကို စိုက်ကြည့်နေလိုက်သည်။


ရှုကျင်ထျန်းကသက်ပြင်းတစ်ချက် ချလိုက်သော်လည်း သူ့နှလုံးသားလေးကတော့ အဆက်မပြတ် ပြင်းထန်စွာခုန်နေဆဲဖြစ်သည်။


သားရဲကောင်ကြီး၏ဘေးနားသို့ လျှောက်သွားရင်း ရှူကျင်ထျန်းကအကဲဖြတ်လိုက်သည်။ အသားတွေအများကြီးရှိသည့်အတွက် ကင်လိုက်လျှင်အလွန်ကောင်းမည်ဟုထင်ရပေသည်။


ရှူကျင်ထျန်းက သူကြမ်းပြင်ပေါ်သို့ ပစ်ချထားသော ဂျာကင်အင်္ကျီကို လှန်လှောရှာဖွေလိုက်ပြီး လက်ရှိအချိန်တွင် သူ၏တစ်ခုတည်းသောမီးစွမ်းအားအရင်းအမြစ်ဖြစ်သည့် မီးခြစ်ကိုထုတ်ယူလိုက်သည်။


ရှူကျင်ထျန်းသည် ဆေးလိပ်မသောက်တတ်သဖြင့် မီးခြစ်ကို သူနှင့်အတူ မဆောင်ထားလေ့မရှိပေ။ ဤသည်မှာ သူယခင် ပြန်ပေးဆွဲခံရစဥ်ကဓားပြထံမှ ခိုးယူလာသည့် အရာဖြစ်သည်။ သူသည်တောင်ပေါ်သို့ ပြန်ပေးဆွဲခံခဲ့ရပြီးနောက်ထိုနေရာက လူကင်းမဲ့ရာနေရာတစ်ခုဖြစ်နေခဲ့လေသည်။ သူကဓားပြတို့၏ လှောင်အိမ်ထဲမှ လွတ်မြောက်နိုင်ခဲ့သော်ငြားလည်း ဤလမ်းကြောင်းနှင့်မရင်းနှီးဘဲ ခြေနှစ်ချောင်းကိုသာ အားကိုးနေခဲ့ရသောကြောင့် ရက်အနည်းငယ်အတွင်း ထွက်သွားနိုင်ခဲ့တာကိုပင် ကံကောင်းသည်ဟု ယူဆသင့်ပြီဖြစ်သည်။


ထိုရက်အနည်းငယ်အတွင်း မီးနှင့်လက်နက်များသည် မရှိမဖြစ်လိုအပ်သောကြောင့်သာ ဓားမြှောင်နှင့် မီးခြစ်တစ်ခုရရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို တွေးဆ၍အရယူလာခဲ့ခြင်းဖြစ်သည်။


ယခု ဤမီးခြစ်သည် သူ၏ ဆက်လက်ရှင်သန်မှုအတွက် အကြီးမားဆုံးသောပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။


"ဟန်ယွီ မင်းငါ့ကို ကောက်ရိုး နည်းနည်းလောက်ချေးပေးရင်ကောင်းမယ်"


လွတ်မြောက်ချင်သေးသည့်အတွက် ရှူကျင်ထျန်းက ရှူဟန်ယွီကို တချိန်လုံး မဆန့်ကျင်တော့ဘဲ အရင်စည်းရုံးဖို့ကိုသာ ရွေးချယ်လိုက်သည်။


ရှုဟန်ယွီ သည် ကြမ်းပြင်ပေါ်ရှိ မြက်ခြောက်များကို ညွှန်ပြနေသည့်မိန်းမလေးကိုမြင်လိုက်ရသောအခါ ထိုမြက်ခြောက်များကို ရှုကျင်ထျန်းဆီသို့သူ့အမြီးဖြင့် တွန်းပို့လိုက်သည်။


"ကျေးဇူးပဲ။ ပြီးတော့... မင်းငါ့ကိုဖယ်ပေးလို့ရမလား? မြွေကင်ဖြစ်သွားမှာ မကြောက်ဘူးဆိုရင်လည်းရပါတယ်။"


ရှုကျင်ထျန်းက ဂရုမစိုက်သကဲ့သည့်ပုံဖမ်းကာ မြွေဂူကြီးအားမီးမြှိုက်သည့်မြင်ကွင်းမျိုးကို မြင်ယောင်ကြည့်လိုက်သည်။ ထိုမြွေကြီးမှယအတွင်းထဲ၌ ပိတ်မိသွားပြီး အရသာရှိလှသည့် မြွေကင်ကြီးအဖြစ် အလှော်ရမည် မဟုတ်ပါလား။ရှုကျင်ထျန်းသည် အငြိုးတရားတို့ပြည့်နေသောရည်ရွယ်ချက်များဖြင့် ရှူဟန်ယွီကို ဆိုးသွမ်းစွာပြုံး၍ကြည့်လိုက်သည်။


သို့သော်လည်း မီးမလောင်ခင်မှာပင် မြွေကြီးက မြွေတွင်းထဲက ထွက်လာမှာ သေချာလှသည်။ တစ်ဖက်တွင်တော့ သူကသာအပြင်သို့ မထွက်နိုင်ဘဲ နံရံနားတွင် အလှော်ခံရပေလိမ့်မည်။ O_o


ရှုဟန်ယွီသည် မိန်းမလေး၏စကားကို နားမလည်နိုင်သော်လည်း မိန်းမလေးကရွှင်လန်းစွာ ပြုံးနေသည်ကို မြင်လိုက်ရလျှင် သူလည်းမိန်းမလေးဆီသို့ လျှောတိုက်သွားကာ သူ၏မြွေအမြီးကြီးဖြင့်သူမကိုပတ်ထားလိုက်ပြီးမျက်လုံးချင်းဆုံသွားအောင်လုပ်လိုက်သည်။


ရှူကျင်ထျန်း၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ့ဗီဇအရရုန်းကန်မိသည်။ မြွေကြီး၏အမြီးက ဆတ်ခနဲတင်းကျပ်သွားပြီး ရှုကျင်ထျန်းကမြွေကြီး၏အေးစက်သောအကြည့်ကို ခံယူလိုက်ရသောအခါမှသာ ရုန်းကန်ခြင်းကိုရပ်တန့်လိုက်သည်။


ရှုကျင်ထျန်းက ဂူဝင်ပေါက်ကို ညွှန်ပြလိုက်ပြီး မြွေကြီးအား စိုးရိမ်တကြီးကြည့်ရင်း ပြောလိုက်သည်။


"ငါ... စားဖို့အတွက် တစ်ခုခုကင်ဖို့လိုလို့ အပြင်ထွက်ချင်တယ်၊ ထွက်မပြေးပါဘူး"


ရှုဟန်ယွီသည် စက္ကန့်အနည်းငယ်မျှ တွေးတောကာ မိန်းမလေးကို ပွေ့ချီပြီး တွင်းထဲမှ ထွက်လာခဲ့သည်။ ရှုကျင်ထျန်း ကို မြေပြင်ပေါ်တွင် သေသေချာချာချထားပြီးနောက် ရှုဟန်ယွီကသူ၏မြွေအမြီးကြီးကိုဂူပေါက်ထဲသို့ပြန်ချကာ အသေသတ်ပစ်ခဲ့သောသားကောင်ကို အမြီးနှင့်ပတ်၍ သယ်ထုတ်လာခဲ့သည်။


ရှူကျင်ထျန်းက ရှူဟန်ယွီကိုပြုံးပြပြီး သူ့ဓားမြှောင်ကို ကောက်ကိုင်လိုက်သည်။ မြွေကြီးယူလာသည့် သားရဲကောင် ကို အရွယ်အစားချိန်လိုက်ပြီးသည့်နောက်တွင် အသားထူသောဗိုက်ကိုရွေးကာ လှီးဖြတ်၍ အသားပိုင်းကြီးတစ်ပိုင်းကို ဖြတ်ထုတ်လိုက်သည်။ ရှူကျင်ထျန်းကထိုအသားတုံးကိုချိန်ကြည့်သည့်အခါ အလေးချိန် တစ်ကီလိုဂရမ်ခန့် ရှိပြီး သူစားရန် လုံလောက်ပြီဟု ယူဆလိုက်သည်။


"ကောင်းပြီ၊ ငါကဒီလောက်ဆိုရပြီ။ ကျန်တာမင်းပဲစားလိုက်!"


ရှူဟန်ယွီက သူ၏မြွေလျှာကိုထုတ်ကာ လေထဲတွင် မွှေးပျံ့နေသောသွေးနံ့ကိုခံစားလိုက်ပြီး တံတွေးကို မျိုချလိုက်သော်လည်း မစားသေးပေ။


ရှုကျင်ထျန်းလည်း မြွေကြီးကိုဂရုမစိုက်တော့ဘဲအသားများကို သန့်ရှင်းဖို့ မြစ်ကမ်းနားသို့ သွားလိုက်သည်။ ထို့နောက် ချောမွေ့သော ကျောက်တုံးတစ်တုံးကိုတွေ့လိုက်ပြီး အသားများကို ကျောက်တုံးပေါ်တင်ကာ ရှည်လျားသော အမြှောင်းများအဖြစ် ဖြတ်တောက်လိုက်သည်။


ရှုကျင်ထျန်းက စားရတာကိုကြိုက်သော်လည်း ကိုယ်တိုင်ကိုယ်ကျ မချက်ဖူးပေ။ မီးဖိုချောင်သည် ကြပ်ခိုးများနှင့်ပြည့်နေပြီးမသန့်ရှင်းလှဟုလို့ သူထင်ခဲ့သည်။ ယခုတော့ သူသည် ဓားမြှောင်တစ်ချောင်းကိုကိုင်ကာ အသားကိုလှီးဖြတ်ရင်း ငယ်ငယ်ကအရုပ်များနှင့် ကစားနေသလိုခံစားနေရပေသည်။


အသားများကိုလှီးဖြတ်ပြီးနောက် ရှုကျင်ထျန်းသည် နံဘေးတွင် ထင်းပုံတစ်ခုကို ဖန်တီးလိုက်သည်။ တောအုပ်ကြီးထဲတွင် ပုပ်အက်နေသော အပင်များကို ခုတ်ထွင်ရှင်းလင်းရန် မည်သူမျှမရှိပေ။ ကြမ်းပြင်ပေါ်တွင် ထိုအပင်ခြောက်များဖြင့် ထူထပ်သောအလွှာတစ်ခုကို ပေါင်းထပ်တင်ပြီးနောက်တွင် အလွန်ကောင်းမွန်သော လောင်စာဆီဖြစ်လာတော့သည်။


မီးပုံသည် တောက်ပစွာတောက်လောင်နေပြီး မှောင်မိုက်သောညမြင်ကွင်းကို လင်းထိန်စေကာ ကြယ်ရောင်တောက်နေသော မီးခိုးမြူများသည် ပိုးစုန်းကြူးများသဖွယ် ပူပြင်းသောလေ၏နောက်မှတစ်ဆင့်လိုက်ပါသွားကာ ကောင်းကင်ယံအထိ လွင့်ပျံလာခဲ့သည်။ သို့သော် လှပသောမီးတောက်မှာ ခဏသာကြာလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် လင်းထိန်နေသောမီးအလင်းမှာ ပျောက်ကွယ်သွားပြီး အခြား 'ပိုးစုန်းကြူး' များဖြင့် အစားထိုးလာသည်။


ရှူကျင်ထျန်းသည် ထိုအခါမှသာ မီးသည် အလွန်လှပသောအရာတစ်ခုဖြစ်သည်ကို ပထမဆုံးအကြိမ် သိလိုက်ရပြီး သူ့စိတ်ခံစားချက်များလည်း ပိုကောင်းမွန်လာခဲ့သည်။ သူအကြိုက်ဆုံးပေါ့ပ်သီချင်းကို ညင်ညင်သာသာညည်းကာ အသားတုံးတစ်ခုကို တံစို့ထိုး၍ ကင်လိုက်လေသည်။

ဆွေးမြေ့နေသောသစ်သားတို့သည် လောင်ကျွမ်းရန်လွယ်ကူသော်လည်း မီးခိုးငွေ့များအူထွက်လာစေသည်။ ရှူကျင်ထျန်းသည် အတွေ့အကြုံမရှိ၍ ဤအသေးစိတ်အချက်အလက်များကို ဂရုမစိုက်မိဘဲ အသားကင်ရန်အတွက် ထင်းပေါ်တွင် တိုက်ရိုက်တင်ထားမိသည်။ထို့နောက် ထိုအကင်ချောင်းကို ကိုက်လိုက်သောအခါတွင် သူ့မျက်နှာလေးလည်းတွန့်လိမ်သွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment