Chapter 8 ; ပထမဆုံးအကြိမ်ထွက်ပြေးခြင်း
"Wow! ရေတံခွန်ကြီးပဲ~"
ရေတံခွန်ကြီး၏ဧရိယာသည် ကျယ်ပြန့်ကာ အမြင့်မှာတော့ မီတာ၂၀ နဲ့ ၃၀ ကြားတွင်ရှိသည်။ ရေများစီးကျနေခြင်းက ရေမျက်နှာပြင်ပေါ်တွင် တောက်ပသောလှိုင်းကွက်လေးများကိုဖြစ်ပေါ်စေသည်။
မြွေကြီးကရေတံခွန်ရှေ့တွင်ရပ်လိုက်ကာ သူ၏မိန်းမလေးကိုအောက်သို့ပေးဆင်းလိုက်လေသည်။
ရှူကျင်ထျန်းမှာ ရေနက်သည့်အပိုင်းနားသို့ လိမ်ဖယ်လိမ်ဖယ်ဖြင့်သွားကာ မြွေကြီးနှင့်ထိခဲ့သောခန္ဓာကိုယ်အစိတ်အပိုင်းမှန်သမျှကိုဆေးကြောပစ်လိုက်သည်။ ထိုအခါစိုစွတ်နေသော သူ၏ချွေးပေါက်များ ပွင့်ထွက်လာသည်ကို ချက်ချင်းခံစားလိုက်ရပြီး နေလို့ထိုင်လို့ကောင်းသွားသည်။
အလွန်ပူအိုက်နေသောရာသီတွင် ခြစ်ခြစ်တောက်ပူနေသောနေလုံးကြီးမှာ ပယ်ပယ်နယ်နယ်ဆူပွက်နေသော မီးဖိုတစ်လုံးကဲ့သို့ဖြစ်နေပြီး မြေကြီးမှာလည်းပေါင်းခံအိုးကြီးတစ်ခုအလားဖြစ်နေလေသည်။
မြွေကြီး၏ဂူမှာ ချမ်းအေးသော်လည်းနေရထိုင်ရအဆင်ပြေနေသေးသည်။ သို့သော် သူထိုနေရာမှထွက်လာလိုက်သည်နှင့် ပေါင်းခံ၍ချက်ပြုတ်လိုက်သောဟင်းတစ်ခွက်ကဲ့သို့ ရှူကျင်ထျန်းခံစားနေရသည်။
ရှုကျင်ထျန်းကလက်များဆေးကြောနေရရုံလေးနှင့် မကျေနပ်နိုင်သေးသောကြောင့်ချက်ချင်းခုန်ဆင်းကာရေကူးပစ်ချင်လာသည်။
ထို့ကြောင့် ရှူဟန်ယွီဘက်သို့လှည့်ကာ မျက်ခုံးပင့်၍ပြောလိုက်သည်။
"ဟေး! ငါရေချိုးဆင်းတာကိုတော့ မင်းမကန့်ကွက်ပါဘူးနော် ဟုတ်တယ်မလား?!"
ရှူဟန်ယွီမှာ သူ၏အမလေးလုပ်ချင်သည့်အရာနှင့်ပတ်သက်၍စိတ်ထဲမထားပေ။ ခဏအကြာတွင်သူ၏မြွေခန္ဓာကိုယ်ကြီးအားယိမ်းကာ ရေသောက်ဖို့အတွက်မြစ်ကမ်းစပ်ဆီသို့ဆင်းသွားလေသည်။
သူဘာမှပြန်မတုံ့ပြန်သည်ကို တွေ့လိုက်သောအခါ ရှူကျင်ထျန်းလည်း အပေါ်အင်္ကျီများကိုလျင်မြန်စွာချွတ်၍ ကိုယ်တုံးလုံးဖြင့် ရေကန်ထဲသို့ခုန်ချလိုက်လေသည်။ သူကရှုဟန်ယွီ၏ခန္ဓာကိုယ်ကိုရေစက်များစင်၍စိုစွတ်သွားအောင်တမင်သက်သက်လုပ်လိုက်ခြင်းဖြစ်သည်။
ရှူကျင်ထျန်းကရေထဲတွင်ရပ်၍ ရန်စချင်သည့်ပုံစံဖြင့် ရှူဟန်ယွီအားကြည့်ကာဂုဏ်ယူစွာပြုံးပြလိုက်လေသည်။
ဟင်းဟင်း ! လောင်ဇီကတမင်တကာကိုလုပ်လိုက်တာလေ။ မင်းဘာတတ်နိုင်သေးလဲကွ !
ရှူဟန်ယွီမှာ သူ့အားပြုံးပြနေသောရေထဲမှမိန်းမလေးအား ကြည့်လိုက်ပြီး အံ့ဩကျေနပ်သွားလေသည်။
မိန်းမလေးကလည်း ရေကြိုက်တာလား? သိပ်ကောင်းတာပဲ။အနာဂတ်မှာ ကြိုက်တဲ့အချိန် ဂူပြင်ထွက်ပြီးအတူတူရေကစားလို့ရတယ်။
ထိုအတွေးကပင် သူ့အားအလွန်ကိုစိတ်လှုပ်ရှားစေလေသည်။
ရှူဟန်ယွီ၏ခေါင်းမှာ ရေထဲသို့နစ်ဝင်သွားပြီး ခန္ဓာကိုယ်မှာလည်းတဖြေးဖြေးလိုက်ပါ၍ ရေမျက်နှာပြင်အောက်တွင်ပျောက်ကွယ်သွားလေသည်။
အယ်?မြွေကြီးဘယ်ရောက်သွားတာလဲ?
ရှူကျင်ထျန်းမှာမြွေကြီး ရေထဲငုပ်သွားခဲ့သည့်နေရာကိုကြည့်ရင်းဖြင့် အနည်းငယ်ဂနာမငြိမ်ဖြစ်လာလေတော့သည်။ ပတ်ချာလည်နေရာအနှံ့ကိုလှည့်ကြည့်ရင်း ထိုမြွေကြီးတစ်နေရာရာမှ ရုတ်တရက်ပေါ်လာမည်ကို သူအလွန်ကြောက်ရွံ့နေလေသည်။
ရေမျက်နှာပြင်မှာ သိသာသောလှုပ်ရှားမှုမျိုးမရှိပေ။ လှုပ်ခတ်နေသောသူ့ခန္ဓာကိုယ်တစ်ဝိုက်မှ စက်ဝိုင်းပုံရေဂယက်လေးများသာထွက်နေလေသည်။ သူထိုမြွေကြီးအားမည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။ မူလကအနည်းငယ်မျှသာရှိခဲ့သော စိုးရိမ်ပူပန်ခြင်းတို့မှာအခုတော့ ကြီးထွားလာလေပြီ။
ရုတ်တရက် အေးစက်ချောမွတ်သောအရာတစ်ခုက ရှူကျင်ထျန်း၏ခါးကိုရစ်ပတ်လာပြီး သူ့အားထိတ်လန့်သွားစေသည်။ ထို့နောက် ရင်းနှီးနေသောခွန်အားနှင့်ခံစားချက်တို့ကို ရရှိလိုက်သဖြင့်သိပ်မကြာခင်မှာပင် မြွေကြီးဖြစ်နေမှန်း သဘောပေါက်သွားလေသည်။
မြွေကိုယ်လုံးကြီးမှာ သူ့ခါးကိုရစ်ခွေလာပြီးနောက်ဆုံးတွင်တော့ အစိမ်းရင့်ရောင်ခေါင်းကြီးမှာ ရေထဲမှထွက်ပေါ်လာတော့သည်။ သူ့ကိုအလေးအနက်ကြည့်နေသည့် ထိုသလင်းကျောက်သဖွယ်သန့်ရှင်းကြည်လင်၍ တဖိတ်ဖိတ်တောက်ပနေသောမျက်လုံးများပေါ်တွင် သူ၏ဗလာကျင်းနေသောခန္ဓာကိုယ်အပေါ်ပိုင်းကိုတွေ့လိုက်ရချေ၏။
ရှူဟန်ယွီမှာ ရင်နှီးသောအနေဖြင့် မိန်းမလေးအားလျက်ရန် သူ၏ခက်ရင်းခွသဖွယ်လျှာကိုဆန့်ထုတ်လိုက်သည်။ မိန်းမလေးတွင် သူနှင့်ဝါသနာတူရှိနေခြင်းကိုသိလိုက်ရသည်က သူ့အတွက်အလွန်ကိုပျော်ရွှင်ဖွယ်ရာကောင်းလှသည်။
သူ့မျက်နှာအား စပါးအုံးမြွေကြီးဆီကလျက်ခံလိုက်ရသောအခါ ဖြစ်ပေါ်လာသည့်အေးစက်စက်ခံစားချက်က သူ့ကိုထိုအရာအားရှောင်ရှားချင်စိတ်ဖြစ်လာစေလေသည်။
သူ၏အမှားများကို သင်ခန်းစာယူပြီးသည့်နောက်တွင် ဒီတစ်ခေါက်တော့ရှူကျင်ထျန်းမှာ မရုန်းကန်ရဲဘဲသူ၏ခေါင်းကိုသာ နောက်သို့ဆုတ်လိုက်မိတော့သည်။ သို့သော်လည်း ထိုသွက်လက်လျင်မြန်သောလျှာနှစ်ခွကြီးသည် သူဆုတ်သွားသည့်နောက်သို့လိုက်လာကာလျက်လိုက်လေသည်။ အလျက်ခံလိုက်ရသောနေရာတွင် ကြက်သီးများထကျန်ခဲ့ပြီး ရှုကျင်ထျန်း၏လည်ပင်းမှာတောင့်တင်းလာကာ အားပါပါဖြင့်ဂွပ်ခနဲတံတွေးမြိုချလိုက်မိသည်။
လျက်ခြင်းသည်နို့တိုက်သတ္တဝါတစ်ကောင်၏ မွေးရာပါလုပ်လေ့လုပ်ထရှိသောအပြုအမူမဟုတ်ပေ။ ထိုမြွေကြီးတွင်အဘယ့်ကြောင့် ဤကဲ့သို့အကျင့်များရှိနေပါသနည်း? (A/N ; နို့တိုက်သတ္တဝါတွေမှာပဲချစ်ခင်ရင်လျှာနဲ့လျက်တာမျိုးရှိပြီး နို့တိုက်သတ္တဝါတိုင်းတောင်လျက်တာမျိုးမလုပ်ကြတာကိုနို့တိုက်သတ္တဝါမဟုတ်တဲ့မြွေကလုပ်နေလို့ထူးဆန်းတယ်ဆိုပြီးပြောချင်တာဖြစ်ပါလိမ့်မယ်
မူရင်းမှာကိုကရေးထားတာနည်းနည်းရှုပ်နေလို့ )
ရှုကျင်ထျန်းကရှုဟန်ယွီအားပေါ်ပေါ်ထင်ထင်မဆန့်ကျင်ရဲသော်လည်း အလုံးစုံလက်ခံရန်လည်းမဖြစ်နိုင်ပါချေ။
ရှူကျင်ထျန်းမှာ သူ့ကိုပတ်ထားသောမြွေကြီး၏ကိုယ်အား လက်တစ်ဖက်ဖြင့်ဖက်လိုက်ပြီး ရေတံခွန်အောက်ခြေရှိရာသို့ညွှန်ပြလိုက်ကာ ရှုဟန်ယွီအားပြုံး၍ပြောလိုက်သည်။
"မြွေကြီးရေ...ငါရေတံခွန်အောက်မှာ ဆေးကြောသန့်ရှင်းပြီး အနှိပ်ခံချင်တယ်"
မြွေကြီးကသူ့ကိုအလေးမထားခြင်းမဟုတ်ဘဲ မည်သည့်ခုခံခြင်းကိုမျှခွင့်မပြုခြင်းသာဖြစ်ကြောင်းရှုကျင်ထျန်းသိခဲ့ရသည်။ သူကောင်းကောင်းမွန်မွန်ပြောဆိုနေသရွေ့ ရှုဟန်ယွီကအလိုလိုက်တတ်သည်။
သေချာသွားပြီ။ငါထင်တဲ့အတိုင်းမှန်နေတာပဲ။
မျှော်လင့်ထားသည့်အတိုင်းပင် ရှုဟန်ယွီက ရှူကျင်ထျန်းအားမလွှတ်ပေးသော်လည်း လက်ညှိုးထိုးပြခဲ့သည့်နေရာဆီကိုတော့ ကူးခတ်သွားလေသည်။
မြွေတစ်ကောင်၏ရေထဲတွင်သွားလာသောအရှိန်မှာ အလွန့်အလွန်ကိုမြန်ဆန်လှသည်။ မြွေကြီး၏ခန္ဓာကိုယ်ကြီးဖြင့်ဖြတ်သွားသော ရေစီးကြောင်းနှစ်ခုမှာ ရှုကျင်ထျန်းအားညင်သာစွာရိုက်ခတ်နေလေသည်က အနှိပ်ခံနေရသကဲ့သို့ နှစ်လိုဖွယ်ခံစားချက်တစ်မျိုးကိုပေးစွမ်းသည်။
မြွေကြီးကရေတံခွန်အား တိုက်ရိုက်ဖြတ်ဝင်သွားသောအခါ ရေတံခွန်ကြီးမှတဝုန်းဝုန်းရေကျသံများက ရှုကျင်ထျန်း၏နားစည်အားတုန်ခါသွားစေသည်။ ပတ်ဝန်းကျင်တွင်ရှိခဲ့သော တိရစ္ဆာန်များ၏အော်မြည်ဟစ်ကြွေးသံများမှာလည်း မရပ်မနားတစဲစဲကျနေသောရေကျသံများနောက်တွင် ကွယ်ပျောက်သွားလေသည်။
"အူး ဝူးးဝူးး~"
ရှူကျင်ထျန်းမှာကြိုတင်ပြင်ဆင်ထားခြင်းမရှိပါဘဲ ရုတ်ခြည်းဆိုသလိုရေတံခွန်အောက်သို့ဆွဲခေါ်ခံလိုက်ရသည်။ အင်အားကြီးမားသော ရေတံခွန်၏ရေအရှိန်တို့မှာ သူ့၏ကိုယ်အားတိုက်စားနေကာ မိုးပုဆိန်တို့မှာပြင်းထန်နေသဖြင့် သူအော်ဟစ်နေမိတော့သည်။
"အားးး မင်းကဘာလို့အရှိန်နည်းနည်းလေးတောင်မလျှော့ရတာလဲ? ရေတံခွန်ကမမြင့်ဘူးဆိုရင်တောင်မှ ဒီရေအားနဲ့တိုက်ခံနေရတာက အရမ်းကြောက်ဖို့ကောင်းတယ်လေကွာ။"
ရှုကျင်ထျန်း၏ ကြီးမားတိုးပွားလာသောဒေါသတို့မှာ ပေါက်ကွဲလေတော့သည်။ ရှူဟန်ယွီကဘာကောင်ကြီးဖြစ်နေပါစေ သူဂရုမစိုက်တော့ဘဲ လှည့်၍ဟောက်လိုက်လေတော့သည်။ ဟောက်ပြီးသည့်အခါမှသာ ကြောက်ရွံ့စိတ်တို့ပြန်ဝင်လာတော့သည်။
ငါတော့သေပြီပဲ။ မြွေကြီးကထပ်ပြီးစိတ်ဆိုးသွားနိုင်လောက်လား? မြွေကြီးကိုကြည့်နေရုံဖြင့်ပင် ကြောက်ရွံ့လာပြီးလုံးဝမလှုပ်ရှားနိုင်တော့ပေ။ အားးး ငါဘာလို့များသည်းခံရုံလေးကိုတောင်မလုပ်နိုင်တာလဲ?
စိတ်လိုက်မာန်ပါလုပ်ခြင်းသည် မကောင်းဆိုးဝါးတစ်ကောင်ပင်ဖြစ်လေသည်။
သို့သော်လည်း ရှူဟန်ယွီမှာစိတ်မဆိုးပါဘဲ မိန်းမလေးအားအပြုံးဖြင့်ကြည့်နေလေ၏။
သူလေးကဘာလို့အဲလောက်တောင်ချစ်စရာကောင်းနေတာလဲ?သာမန်ရေချိုးရုံလေးကိုတောင်ဘာလို့ဒီလိုတွေပြုမူနေတာလဲ? စိတ်ဝင်စားစရာပဲ။
မြွေကြီး၏ခေါင်းမှာ သူ့မိန်းမလေး၏ခေါင်းအားပွတ်သပ်လိုက်ပြီး တစ်ဆက်တည်းမှာပင် သူ၏ခန္ဓာကိုယ်ဖြင့်မိန်းမလေးကိုဆက်၍ရစ်ပတ်လိုက်လေတော့သည်။
ရှူကျင်ထျန်းမှာ သူ့ခေါင်းကိုစောင်းလိုက်ကာ သူ့အားလျက်ချင်နေသော မြွေကြီး၏လျှာအားရှောင်ရှားလိုက်သည်။ သို့သော်လည်း ဆံပင်နှင့်မျက်နှာတို့မှာ ပွတ်သပ်ခံလိုက်ရသေးသဖြင့် သူမပျော်တော့ပေ။
ရေချိုးနေချိန်တောင် အလွတ်မပေးပါလား?ဒီလိုကြီးအပတ်ခံထားရမှတော့ ငါဘယ်လိုရေချိုးရတော့မှာလဲ?
ရေတံခွန်၏အပေါ်ဘက်တွင် အသီးများသီးနေသောအပင်ကြီးကိုရုတ်တရက်တွေ့လိုက်သောအခါရှုကျင်ထျန်းကရှုဟန်ယွီအားသူရေထပ်မချိုးချင်တော့ကြောင်းပြောချင်ခဲ့သည်။ သစ်သီးတို့မှာ နီရဲရွှန်းစိုနေကာ မျက်စိပသာဒဖြစ်လှသည်။ သူ့အားအစာကျွေးတတ်သော မြွေကြီး၏အမူအကျင့်ကို သတိရသွားသောအခါ ရှူကျင်ထျန်းကထွက်ပြေးရန်အစီအစဥ်တစ်ခုကိုရုတ်တရက်ဖန်တီးလိုက်သည်။
မြွေကြီးဆီမှ ထွက်ပြေးရန် တွေးလိုက်သောအခါ ရှုကျင်ထျန်း၏နှလုံးမှာ ထိန်းမရသိမ်းမရခုန်လာတော့သည်။ အံကြိတ်၍ မြွေကြီးအားဖက်လိုက်ပြီး သူ့ခေါင်းအားပွတ်သပ်ခွင့်ပြုလိုက်သည်။ ရှူဟန်ယွီမှာပို၍ရဲတင်းလာကာ မိန်းမလေးအား သူ၏ကိုယ်ကြီးဖြင့်စိတ်အားထက်သန်စွာ ပို၍ရစ်ပတ်လာတော့သည်။
ရှူကျင်ထျန်းမှာ မအီမသာကြီးခံစားလိုက်ရလေသည်။ရှုကျင်ထန်းကအသက်အောင့်လိုက်ကာ မြွေကြီးအားပို၍ရစ်ပတ်ခွင့်ပြုလိုက်ပြီး ဟန်ချက်ညီစေရန်အတွက် အနီးနားကကျောက်တုံးတစ်တုံးအား လက်ဖြင့်ကိုင်ထားကာ ရှူဟန်ယွီအားသူစိတ်ကျေနပ်သည်အထိ ရစ်ပတ်ခွင့်ပြုထားလိုက်လေသည်။
မြွေကြီး၏သဘာဝမှာ မျိုးရိုးလိုက်သည့်အလား အလွန်လောဘကြီးလာတတ်၏။ မိန်းမလေးကသူ့အားလက်ခံလိုက်ပုံရသည်ကို တွေ့လိုက်ရသောအခါ ရှူဟန်ယွီမှာ ဤအခြေအနေနှင့် မတင်းတိမ်နိုင်တော့ပေ။ သူ၏လျှာကိုထပ်ထုတ်လိုက်ကာ မိန်းမလေး၏နီရဲနေသောနှုတ်ခမ်းလေးများကို ပွတ်သပ်လိုက်လေတော့သည်။
ထိုချိုမြိန်သောအရသာမှာ ယခင်တစ်ခေါက်နှင့်ထပ်တူကျလှပြီး ထိန်းချုပ်ရန်ခက်ခဲကာ ပို၍ရစ်ပတ်မိစေတော့သည်။ လောင်ကျွမ်းနေသည့်အပူချိန်မှာ သူမျှော်လင့်ထားသကဲ့သို့ ဝင်ရောက်လာပြီးသည့်နောက်တွင် ပို၍ပူနွေးလာပြီး အရည်ပျော်တော့မည့်အလား ခံစားနေရ၏။
ရှူကျင်ထျန်းကမျက်လုံးများပြူးသွားကာ ယဥ်ကျေးသိမ်မွေ့ဟန်ဆောင်နေသည့်အကြံအစည်ကိုပင် မေ့လျော့သွားပြီး မြွေကြီးအား ရုတ်တရက်တွန်းထုတ်လိုက်မိတော့သည်။
"နှာဘူးကောင်ကြီး!"
မြွေကြီးက ပတ်ပြီးညှစ်ထားရတာမျိုး ကြိုက်မှန်းသိသော်လည်း ဤကဲ့သို့ သူ့ပါးစပ်ထဲလျှာဝင်ရောက်လာဖို့ကြိုးစားမည်ကိုတော့ တွေးတောင်မတွေးမိခဲ့ပေ။ သူသတိမထားမိခင်အချိန်တွင်ပင် ထိုမြွေလျှာကြီးက ကြောက်စရာကောင်းစွာပင် သူ့ပါးစပ်ထဲတွင် မွှေနှောက်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
"ဖွီ.. အော့!"
ခေါင်းမူးချင်စရာကောင်းလှသည့် အရသာကသူ့ပါးစပ်ထဲ ဝင်ရောက်လာသည်။ ရှူကျင်ထျန်း၏အစာအိမ်တို့က ပြောင်းပြန်လန်သွားသကဲ့သို့ပင်ဖြစ်သွားသည်။ သူကကျောက်တုံးတစ်ခုခုပေါ်ပြန်တက်၍ အန်ထုတ်လိုက်ချင်သော်လည်း ရုတ်တရက်မြွေကြီးအကြောင်း ပြန်တွေးမိပြီးနောက် မြွေကြီးကိုခိုးကြည့်လိုက်သောအခါ သူ့အားမလှုပ်မယှက်ဖြင့် အေးစက်စက်ကြည့်နေသည်ကိုတွေ့လိုက်ရချေ၏။
ရှူကျင်ထျန်း၏နှလုံးသားလေးမှာပြင်းထန်စွာမြည်ဟည်းသွားလေသည်။
'သေစမ်း။ နောက်ဆုံးနားလေးရောက်မှ မှားသွားရတယ်လို့။ မဟုတ်သေးဘူး။ အခုက အခွင့်ကောင်းတစ်ခုပဲ။'
သူလုံးဝကိုလက်မလွှတ်နိုင်ပေ။ မြွေကြီးအား သူထွက်မပြေးပါဘူးဟု ယုံကြည်နေအောင်လုပ်နိုင်လျှင် သူ့ကိုယခုနေရာမှာထားခဲ့ဖို့ စိတ်ချပြီး သူ့အတွက်ရေတံခွန်အပေါ်မှအသီးအား ခူးပေးဖို့ထွက်သွားပေလိမ့်မည်။
ချောက်ကမ်းပါး၏မျက်နှာပြင်က မတ်စောက်နေပြီး တခြားဖက်တွင်လည်း လျှောစောက်ကဲ့သို့နေရာဟူ၍မရှိ။ အပေါ်ကိုအမြန်ဆုံးရောက်ဖို့ရာတိုက်ရိုက်တက်မှသာ အဆင်ပြေလိမ့်မည်။ မြွေကြီးကသူ့အား လိုလိုလားလားဖြင့် သစ်သီးခူးပေးဖို့လုပ်နေသရွေ့ သူအပေါ်တွင်ရှိနေတုန်း ထွက်ပြေးလို့ရလေသည်။ မတ်စောက်နေသောတောင်နံရံမှာလည်း ပြန်ဆင်းဖို့မလွယ်ကူသဖြင့် သူ့အတွက်အချိန်အများကြီးရပေလိမ့်မည်။
လောလောဆယ်တော့ ဒါကသူ၏တစ်ခုတည်းသောအခွင့်အရေးဖြစ်ပြီး လက်မလွှတ်နိုင်ပေ။
အန်ချင်လွန်းနေသည့်ဆန္ဒကိုချုပ်တည်းကာ ရှူဟန်ယွီကိုပြုံးပြလိုက်သည်။
"တောင်းပန်ပါတယ်။ ငါနည်းနည်းမသက်မသာဖြစ်သွားလို့ပါ။ တွန်းထုတ်ပစ်ဖို့မရည်ရွယ်ပါဘူး။"
ရှူဟန်ယွီကတွန်းထုတ်ခံလိုက်ရသောအကွာအဝေးမှာပင်ရပ်နေကာ ရှူကျင်ထျန်းအားအေးစက်စက်ကြည့်နေရင်း သူပြောသည်များကအမှန်လား အမှားလားဆိုသည်ကို စစ်ဆေးနေလေ၏။
"မင်းငါ့ကိုကူညီပေးပါလား။ ငါနေရတာအဆင်မပြေဘူး။"
ရှူကျင်ထျန်းကသူ့ဘက်မှစ၍ ရှူဟန်ယွီအားချဥ်းကပ်ဖို့လုပ်လိုက်ပြီး မြွေကြီး၏ခန္ဓာကိုယ်ပေါ်သို့တုန်တုန်ယင်ယင်ပြိုလဲပြလိုက်လေ၏။မြွေကြီးကသူ၏အမြှီးကြီးဖြင့် ရှူကျင်ထျန်း၏ကိုယ်အားရစ်ပတ်ကာ ကမ်းစပ်ဆီသို့ပြန်ကူးသွားလေသည်။
ရှူကျင်ထျန်းကခေါင်းငိုက်စိုက်ကျကာ မြွေကြီးအားမှီထားပြီး သူ၏နှင်းဆီရောင်နှုတ်ခမ်းများမှာ ခပ်ယဲ့ယဲ့ပြုံးပြလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဟန်ယွီ"
မြေကြီးပေါ်တွင်လဲလျောင်းပုံကျနေသော ရှူကျင်ထျန်းကခေါင်းမော့၍ ရှူဟန်ယွီအားပြောလိုက်သည်။ သူ့မျက်လုံးများမှာ မြွေကြီးအားမပြောင်းမလဲစိုက်ကြည့်ကာ ဖော်မပြတတ်သောရိုးသားမှုတို့လည်းပျော်ဝင်နေလျက်ရှိသည်။
ရှူဟန်ယွီ၏အမြှီးမှာ မိန်းမလေး၏အဝတ်များကိုဆွဲယူကာ အနားသို့တိုးပေးလိုက်လေသည်။ သူ၏ချောမွတ်တောက်ပြောင်နေသော မြွေခေါင်းကြီးကလည်း ရှူကျင်ထျန်း၏ခေါင်းအားပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးနေလေ၏။
ရှူကျင်ထျန်းမှာမြွေကြီးလာထိမည်ကိုရှောင်နိုင်ဖို့အတွက် အလျင်စလိုအဝတ်များကိုကောက်ဝတ်လိုက်လေသည်။
"ပြန်ကြရအောင်။ ငါတကယ်ကို အိပ်ချင်နေပြီ။"
ရှူကျင်ထျန်းက ရှူဟန်ယွီ၏ဘေးတွင် ထရပ်လိုက်ပြီး သူ၏တစ်ဝက်ပိတ်နေပြီဖြစ်သောမျက်လုံးများကလည်း အချိန်မရွေးအိပ်ပျော်တော့မယောင်ဖြစ်နေသည်။
ရှူဟန်ယွီကခေါင်းငြိမ့်ပြလိုက်ကာ မိန်းမလေး၏ကိုယ်အားအမြှီးဖြင့်ပတ်တော့မည့်အချိန်တွင် ရှုကျင်ထျန်းကရှောင်လိုက်သည်။
"ဒါပေမဲ့ ငါဗိုက်ဆာနေတယ်။"
'ဟုတ်သားပဲ။ အစာကျွေးဖို့တောင်မေ့တော့မလို့။'
ရှူဟန်ယွီရပ်သွားသည်ကိုမြင်သောအခါ ရှူကျင်ထျန်းက အဆင်ပြေနေပြီဟု ကြိတ်တွေးမိ၏။ ထို့နောက် သံတုံးပူနေချိန်တွင် သပ်သပ်ရပ်ရပ်ပင် ပုံသွင်းထုရိုက်လိုက်လေတော့သည်။
(T/N - အချိန်ကောင်းကိုစောင့်ပြီး အခွင့်အရေးယူတာကိုပြောတာပါ)
"ငါအစာမစားရတာတော်တော်ကြာနေပြီဆိုတော့ ဗိုက်တကယ်ဆာနေပြီ။ ဟိုမှာစားစရာတွေရှိတယ်။ ငါ့အတွက် ခူးပေးပါလား။"
ရှူဟန်ယွီ၏မျက်လုံးများက အမဖြစ်သူ၏လက်ညှိုးညွှန်ရာအတိုင်း ကြည့်လိုက်သောအခါ ရေတံခွန်ထိပ်ရှိသစ်သီးပင်ကိုတွေ့လိုက်ရသည်။ သစ်သီးနီနီများမှာ လေးနစ်နေပြီး သွယ်လျသောသစ်ကိုင်းများမှတွဲလောင်းကျနေကြလေ၏။ သူ့မိန်းမလေးကအသီးစားရတာ အရမ်းကြိုက်လှသည့်ပုံပေါက်သည်။
မြွေကြီးမှာရေတံခွန်နားဆီသို့ လျောခနဲရောက်သွားကာ ပြန်လှည့်ကြည့်လိုက်သည်။ သူ့မိန်းမလေးကမြေကြီးပေါ်တွင် နာနာခံခံနှင့်ထိုင်စောင့်နေသည်ကိုတွေ့သောအခါ သူလည်းခေါင်းပြန်လှည့်သွား၍တောင်ပေါ်သို့တက်လေတော့သည်။
လျှောစောက်တစ်လျှောက်တွင် ကျောက်တုံးကြီးငယ်များနှင့် မြေကြီးအက်ကြောင်းများကြားမှ အာဟာရပြတ်လပ်နေသောအပင်ပေါက်ငယ်လေးများရှိနေလေသည်။ ချောက်ကမ်းပါး၏မျက်နှာပြင်မှာလည်း အလွန်မတ်စောက်ကာ ရေတံခွန်ဘက်ကလျှောစောက်မျက်နှာပြင်နှင့် သိပ်မကွာလှပေ။
ရှူဟန်ယွီ၏အလေးချိန်မှာ ပေါ့ပေါ့ပါးပါးမဟုတ်သလို ချောက်ကမ်းပါးမှာလည်းမြင့်လှသောအနေအထားတွင်ရှိပြီး ခြောက်သွေ့၍သေးငယ်သောအပင်လေးများသာရှိသည်။ ရှူဟန်ယွီမှာအလွယ်တကူခုန်တက်သွားသော်လည်း သူဖိမိသောသစ်ကိုင်းတချို့မှာ ကျိုးပဲ့ကုန်ပြီး ယင်းသစ်ကိုင်းကျိုးများက ကျောက်စရစ်ခဲများနှင့်အတူ ပြုတ်ကျလာတော့သည်။
ရှူကျင်ထျန်းကကြည့်နေရင်းဖြင့် စိတ်လှုပ်ရှားလာတော့သည်။ သူ့ကိုဆက်ဆံသည်မှာပုံမလာသော်လည်း သေသည်အထိတော့မဖြစ်သင့်ပေ။ ထို့ပြင် ရှူဟန်ယွီထိခိုက်ရန်လည်း သူမမျှော်လင့်ခဲ့ပေ။
မြွေကြီးချောက်ကမ်းပါးထိပ်ကိုရောက်မှသာ ဝန်ထုပ်ဝန်ပိုးတစ်ခုလျော့သွားသည့်အလား ရှူကျင်ထျန်းလည်းသက်ပြင်းချနိုင်တော့သည်။
ရှူဟန်ယွီမှာလည်း သူ၏မိန်းမလေးအားကုန်းမြင့်ပေါ်မှငုံ့ကြည့်လိုက်သည်။ မိန်းမလေးကလည်း သူ့အားပြုံးပြရင်းလက်ဝှေ့ရမ်းပြလေသည်။ ပျော်ရွှင်စွာနှင့်ပင် မြွေကြီးကသစ်သီးပင်ကြီးကိုလိမ်ပတ်ကာ ပင်စည်အား ဆွဲချိုးပစ်လိုက်တော့သည်။ ထို့နောက်သူ၏ခေါင်းဖြင့် သစ်ပင်အားချောက်ကမ်းပါးပေါ်မှ တွန်းချလိုက်လေတော့သည်။
ထိုအခိုက်တွင် ရှူကျင်ထျန်းက "အခွင့်အရေးရပြီ"ဟုတွေးကာ တောထဲသို့ပြေးဝင်သွားတော့သည်။
ရှူဟန်ယွီကခြေသံခပ်ဖျော့ဖျော့ကိုကြားလိုက်ရပြီး အောက်ပြန်ဆင်းရန်ပြင်လျက်မှ ခေတ္တရပ်တန့်ပြီး အမလေးရှိရာဘက်သို့လှည့်ကြည့်လိုက်လေရာ လေကဲ့သို့လျှင်မြန်သောလူရိပ်တစ်ခုက တောအုပ်ထဲသို့ပြေးဝင်သွားသည်ကိုမြင်လိုက်ရချေ၏။
'ဘာဖြစ်လို့... ထွက်သွားချင်ရတာလဲ?'
ရှူဟန်ယွီကစက္ကန့်ဝက်လောက်မျှ စိတ်ပျက်အားလျော့သွားခဲ့ပြီး သစ်ပင်များကြားတွင်မှေးမှိန်ပျောက်ကွယ်သွားသောမိန်းမလေးကိုသာကြည့်နေခဲ့သည်။
သူ၏အစိမ်းရောင်မျက်လုံးအိမ်များ မှေးကျဥ်းသွားပြီး ချောက်ကမ်းပါးပေါ်မှခုန်ချလိုက်တော့သည်။ စက္ကန့်ပိုင်းတွင်မှာပင် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးက ရေမျက်နှာပြင်ကိုရိုက်ခတ်သွားပြီး ပြင်းထန်သောရိုက်ခတ်သံကြီး မြည်ဟည်းသွားလေတော့သည်။ ရေတံခွန်၏ရေစီးသံများကပင် ထိုအသံကြီးအားမဖုံးကွယ်နိုင်ပေ။
၁၂ မီတာခန့်မျှ ဝေးကွာနေသော်လည်း ရှူကျင်ထျန်းကထိုမူမမှန်သောအသံကြီးကိုကြားလိုက်ရသည်။ ပြေးလွှားနေသောသူ၏ခြေလှမ်းများကဖြေးညှင်းလာကာ ရပ်တန့်သွားပြီး ထိုနေရာ၌ပင် ရူးသွားသည့်အလားရပ်တန့်နေမိခဲ့သည်။
ရင်းနှီးနေသော တရှဲရှဲမြည်သံများကို ကြားလိုက်သောအခါမှသာ ရှူကျင်ထျန်းလည်းအသိပြန်ဝင်လာပြီး ကြောက်ရွံ့သွားကာထွက်ပြေးဖို့ကြိုးစားလေတော့သည်။
သို့သော်လည်း နောက်ကျနေခဲဲ့ပြီဖြစ်သည်။ ကြီးမားလှသောမြွေမြှီးကြီးမှာ ရှူကျင်ထျန်းအားမြေကြီးပေါ်သို့ရိုက်ချလိုက်လေသည်။ ရှူဟန်ယွီ၏ခွန်အားမှာကောင်းလွန်လှသည့်အတွက် ရှူကျင်ထျန်းမှာ ငါးမီတာခန့်မျှလိမ့်ထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်အားဝင်တိုက်မိကာ ရပ်တန့်သွားလေသည်။
"ဖွီ!"
ရှုကျင်ထျန်းမှာ ပါးစပ်ထဲမှ သွေးများကိုထွေးထုတ်လိုက်ပြီး မထနိုင်တော့သဖြင့် နာကျင်စွာလဲလျောင်းနေရတော့သည်။ သို့သော်လည်း သူအရေးနိမ့်ကြောင်းလက်မခံချင်သေးသဖြင့် ရှူဟန်ယွီအားခေါင်းမာစွာဖြင့်မော့ကြည့်လိုက်၏။
ရှူဟန်ယွီမှာဖြေးညှင်းစွာဖြင့် အမ,လေးအနားကိုရောက်လာကာ အပေါ်မှငုံ့၍ကြည့်နေလိုက်သည်။
သူ၏ကြီးမားသော အစိမ်းရင့်ရောင်မြွေကိုယ်လုံးကြီးက မမျှော်လင့်စွာဖြင့် အားနည်းတုန်ရီနေပြီး ပါးစပ်မှလည်းသွေးစီးကြောင်းတစ်ခုစီးကျနေလေသည်။
ရှူကျင်ထျန်းမှာ ရှူဟန်ယွီအားတိတ်တဆိတ်ကြည့်ကာ မျက်လုံးများကိုပိတ်လိုက်လေသည်။
'ကြေပြီလို့ပဲထားလိုက်ပါတော့။ ငါသူ့ကိုနာကျင်အောင်လုပ်ခဲ့ပြီးပြီ။ ဒါတောင် သူပြန်လာခဲ့သေးတာပဲ။'
ကိစ္စအားလုံးအတွက်အပြစ်တင်စရာမှာ သူကိုယ်တိုင်သာဖြစ်သည်။ သူစိုက်ခဲ့သည်ကို သူပြန်ရိတ်သိမ်းရမည်ပင်ဖြစ်သည်။(T/N ; ကိုယ့်လုပ်ရပ်ကြောင့်ကိုယ်ပဲပြန်ထိခိုက်နစ်နာရတာကိုဆိုလိုတာပါ)
ရှူကျင်ထျန်းက ခေါင်းငုံ့ကာ ခန္ဓာကိုယ်အားဖြေလျှော့လိုက်ပြီးနောက် အားကုန်ခမ်း၍လဲကျသွားတော့သည်။
ရှူဟန်ယွီမှာ အမဖြစ်သူအား ပြန်ရစ်ပတ်လိုက်ကာ အိမ်သို့အမြန်ပြန်ခဲ့လိုက်တော့သည်။
အပြန်ခရီးကတော့ ခလုတ်ကန်သင်းများလွန်းလှပြီး ဂူဆီသို့ပြန်မရောက်ခင်မှာပင် ရှူကျင်ထျန်းကဝန်ထုပ်ဝန်ပိုးများနှင့် ဒဏ်ရာများကြောင့် မေ့လဲသွားလေတော့သည်။