no

Font
Theme

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷

ယန့်ရန်နှင့် ကျွန်တော့်၏ ဇာတ်လမ်းအစက တကယ့်ကို ဖန်တစ်ရာအထေဆုံး ဇာတ်ကွက်နှင့် စခဲ့တာ ဖြစ်သည်။

ကျွန်တော် ၁၃ နှစ်သားအရွယ်မှာ သူ့အိမ်ကို ရောက်လာခဲ့ရ၏။ သို့မဟုတ် သူ့အိမ်ကို ခေါ်သွားခံခဲ့ရတာဟု ပြောရမည်။

ထိုစဥ်တုန်းက ကျွန်တော်ကတော့ အိမ်နီးချင်းအစ်ကိုတစ်ယောက်၏ မလိုချင်တော့သည့် ကျောင်းဝတ်စုံဟောင်းကို ဝတ်ထားရချိန်မှာ သူကတော့ သခင်လေးတစ်ယောက်လို သန့်သန့်ပြန့်ပြန့် ဝတ်စားထားပြီးတော့ ကျွန်တော့်လက်ကို အားရဝမ်းသာ ဆွဲကိုင်လာခဲ့၏။

နောက်ပိုင်း အတော်ကြာသည့်အထိ အနှီမြင်ကွင်းက ကျွန်တော့်အတွက်တော့ အတော်လေးကို လှုံ့ဆော်မှုဖြစ်စေခဲ့ပေသည်။

ယန့်ရန်ဆိုတာ ကျွန်တော့်ညီလေး။ သူ မွေးလာပြီးကတည်းက သူ့တည်ရှိမှုကို ကျွန်တော် သိခဲ့ပေမဲ့ သူ့အိမ်ထဲကို ဝင်ပြီး တွေ့ရသည့်အချိန်ကျမှ ကျွန်တော့်၏ ဖအေတူ မအေကွဲ ညီလေးက ဘယ်လိုပုံစံလဲဆိုတာ ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာ ဖြစ်သည်။

တကယ်တော့ ကျွန်တော့်မိဘတွေက ကျွန်တော် ၂ နှစ်သားအရွယ်မှာ ကွာရှင်းခဲ့ကြတာပင်။ ကျွန်တော်ကတော့ စိတ်ဝေဒနာ ခံစားနေရသည့် မိခင်နှင့်အတူ နေခဲ့ရပြီးတော့ကျွန်တော် ၆ နှစ်သားအရွယ်ရောက်မှ ကျွန်တော့်မှာ အဖေတစ်ယောက် ရှိနေသေးမှန်း သိခဲ့ရသည်။

သို့ပေမဲ့ ထိုအချိန်မှာတော့ ကျွန်တော့်အဖေမှာ မိသားစုအသစ်—ဇနီးအသစ်၊ စိတ်ပိုင်းဆိုင်ရာ ပုံမှန်ဖြစ်သည့် ဇနီးအသစ်၊ ပြီးတော့ ကျွန်တော့်ထက် သုံးနှစ်ငယ်သည့် သားတစ်ယောက်—ရှိနေခဲ့ချေလေပြီ။

ကျွန်တော့်အဖေက ကျွန်တော်တို့နှင့် အဆက်အသွယ်မရှိပေမဲ့ ထောက်ပံ့စရိတ်အတွက်တော့ လစဉ် ပုံမှန်ငွေလွှဲပို့ပေးသည်။

တရားရုံးက ချမှတ်ခဲ့သည့် ထောက်ပံ့စရိတ်က တကယ်တမ်း လက်ရှိနေထိုင်စားသောက်စရိတ်အတွက်ဆို နည်းလွန်း၏။ ထို့ပြင် ကျွန်တော့်အမေကလည်း ကွာရှင်းပြီးနောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ မူမမှန်သည့် အခြေအနေမှာ ရှိခဲ့တာကြောင့် ကျွန်တော် ခုထိ အသက်ရှင်ရပ်တည်နိုင်ပြီး အလယ်တန်းကျောင်းကို ချောချောမွေ့မွေ့ တက်ရောက်နိုင်ခဲ့တာက အိမ်နီးချင်းတွေ၏ ကြင်နာမှုကြောင့်ဟုပင် ဆိုရမည်။

ကျွန်တော့်အမေက ကျွန်တော့်အတွက် ဘယ်တော့မှ ရေရေရာရာ ချက်ပြုတ်မပေးခဲ့ချေ။ မိသားစုတစ်ရာဆီက အစားအသောက်နှင့်ပင် ကြီးပြင်းလာခဲ့ရသည်။

သို့ပေမဲ့ အနှီ "မိသားစုတစ်ရာ" ထဲမှာ ကျွန်တော့်အဖေ၏ မိသားစုဆီက အဟာရတော့ မပါဝင်ခဲ့ချေ။

ကလေးဘဝကနေ အရွယ်ရောက်လာသည့်အထိ ကျွန်တော့်၏ အစားအသောက်၊ အဝတ်အထည်နှင့် နေ့စဉ်သုံးပစ္စည်းတွေအားလုံးက တခြားသူတွေဆီက ရခဲ့တာ ဖြစ်သည်။ ကျွန်တော့် အိမ်နားမှာ ကျွန်တော့်ထက် နှစ်နှစ်ကြီးသည့် အိမ်နီးနားချင်းအစ်ကိုတစ်ယောက်ရှိ၏။ သူက သူ မလိုချင်တော့သည့် ပစ္စည်းတွေမှန်သမျှ ကျွန်တော့်အိမ်ကို ပို့ပေးသည်။

ကျွန်တော့် တစ်သက်တာမှာ အဝတ်အစားအသစ် ဘယ်တုန်းကမှ မဝတ်ဖူးချေ။ တရုတ်နှစ်သစ်ကူးကာလမှာ တခြားကလေးတွေက အဝတ်အသစ်တွေ ဝတ်ပြီး အပြင်ထွက်ဆော့ကြသည်။ ဒါပေါ့ ကျွန်တော် သိသည်။ ဆော့တာက ဒုတိယ၊ ကြွားဝါတာက အဓိကဆိုတာ။

ထိုသို့သောအချိန်မှာ ကျွန်တော်ကတော့ သူများ၏ အဝတ်ဟောင်းတွေ ဝတ်ပြီး ကျွန်တော့်အမေ အိမ်ထဲက ပစ္စည်းတွေ ဖျက်စီးမပစ်စေဖို့ မျက်စိဒေါက်ထောက် ကြည့်နေခဲ့ရသည်။

ပြီးခဲ့သည့် ၁၃ နှစ်လုံးလုံး ဒီလိုပဲ ကုန်ဆုံးခဲ့၏။ ကျွန်တော်လည်း ဒါကို ရိုးသွားခဲ့၍ ဘာမှ ထူးထူးခြားခြား မထင်ခဲ့ပါချေ။

သို့ငြား ကျွန်တော့်အမေ ဆုံးသွားခဲ့သည်။ သူမက အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့၏။ ထို့နေ့က ကျွန်တော် ကျောင်းကနေ အိမ်ပြန်လာပြီး ကျွန်တော့်ရပ်ကွက်နား လျှောက်လာတော့ အိမ်နီးချင်း ဦးလေးကြီးက ပြေးလာပြီး ကျွန်တော့်မျက်လုံးတွေကို အုပ်ထားခဲ့သည်။

အိမ်နီးချင်းတွေက ကျွန်တော့်ကို အတော်လေးဂရုစိုက်ကြပါ၏။ သို့ပေမဲ့ ကျွန်တော့်မိသားစုကတော့ ကျွန်တော့်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါချေ။

ကျွန်တော့်အမေ ဆုံးပါးသွားတော့ ကျွန်တော့်အတွက် အုပ်ထိန်းသူသစ်လိုအပ်လာပြီး ထိုသို့ဖြင့် နောက်ဆုံးမှာ ကျွန်တော့်အဖေက ကျွန်တော့်ကို ပြန်ခေါ်လာခဲ့ရတော့သည်။

အရင်ကတော့ ကျွန်တော်တို့အချင်းချင်းနေကြသည့်နေရာက တအားဝေးလွန်း၍သာ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်တို့ဆီ လာမလည်နိုင်ခဲ့တာလို့ အမြဲထင်ခဲ့မိသည်။

နောက်ပိုင်း သူ့၏ ကားအနက်ရောင်ထဲမှာ ထိုင်စီးပြီး သူ့အိမ်ကို သွားသည့်အခါမှ ကျွန်တော်တို့အိမ်နှင့် သူ့အိမ်က ကားနှင့်ဆို မိနစ် ၃၀ လောက်ပဲ ဝေးတယ်ဆိုတာ သိလိုက်ရပေသည်။

အမှောင်ထုဖုံးလွှမ်းနေသည့် ရွံ့နွံတွေနှင့် လှပပျော်ရွှင်စရာကောင်းသည့် ဥယျာဥ်က မိနစ် ၃၀ လောက်ပဲ ဝေးတာကိုး။

ဤအကြောင်းကြောင့် ကျွန်တော် လောင်မြိုက်မတတ် အမုန်းတရားတွေနှင့် ပြည့်လာခဲ့ရ၏။

လူတစ်ယောက်ကို မုန်းဖို့သင်ယူရတာ အလွန်လွယ်သည်။ သင့်အနေနှင့် ထိုလူက ခါးသီးစရာဘဝမှာ နေခဲ့ရတာမရှိမှန်း သိလိုက်ဖို့ပဲလို၏။

ကျွန်တော့်အဖေ ကျွန်တော့်ကို လာခေါ်သည့်နေ့က ကျွန်တော် အထုပ်အပိုးတွေ ပြင်ဆင်ခဲ့သည်။ အလွန်ရိုးရှင်းသည်။ ကျောပိုးအိတ်တစ်လုံးနှင့် အဝတ်အစားနည်းနည်းသာ။

ကျွန်တော့်အဖေကပြောလာသည်။

"ကျောပိုးအိတ်ပဲ ယူလာခဲ့။ အဲ့ဒီ အဝတ်စုတ်တွေ မယူနဲ့"

အဝတ်စုတ်တွေတဲ့လား။

တကယ်လည်း အဝတ်စုတ်တွေပါပင်။ ပြီးတော့ ကျွန်တော်က ထိုအဝတ်စုတ်တွေကိုပဲ မှီခိုပြီး ကိုယ့်ကိုယ်ကိုယ် အရှက်အကြောက်ဖုံးကွယ်ခဲ့ရသည်။

အဆုံးတော့ ကျွန်တော် ထိုအရာတွေကို ယူလာခဲ့၏။ ထို့ကြောင့်လည်း ကျွန်တော့်အဖေက လမ်းတစ်လျှောက်လုံး မကျေမနပ် ပြောဆိုနေခဲ့သေးသည်။

သူက သူ့ကားပေါ် သယ်လာရသည့် အဝတ်စုတ်တွေအကြောင်းတင်မက။ ကျွန်တော် ဝတ်ထားသည့် အဝတ်တွေအကြောင်းပါ မကျေမနပ် ပြောဆိုနေခဲ့၏။

အဝတ်တွေက တကယ့်ကိုဟောင်းနွမ်းနေခဲ့ပြီပင်။ အင်္ကျီလက်အနားတွေက စုတ်ပြဲနေကာ ဘောင်းဘီမှာလည်း ဘုရားမှသာသိလိမ့်မည့် ဘာမှန်းမသိတာတွေ ပေကျံနေပြီး ရွံ့ရေတွေပေနေသည့်အကွက်လည်း ရှိသေးသည်။

ကျွန်တော်က ပြောလိုက်သည်။

"အဲ့ဒါ ဘာတွေလဲ ကျွန်တော် မသိဘူး။ ကျွန်တော့်ကို ပေးကတည်းက ပါလာတာ။ လျှော်လို့လည်း မရဘူး"

တချို့အရာတွေက လျှော်လို့မရ။ ထိုအချိန်ကစပြီး ကျွန်တော့်အဖေအပေါ်မှာ စတင်ဖြစ်ပေါ်လာခဲ့သည့် အမုန်းတရားတွေလိုမျိုးပင်။

သို့ပေမဲ့လည်း ပြောရလျှင် အမုန်းတရားက အမုန်းတရားပါပင်။ ကျွန်တော်က ကျေးဇူးမသိတတ်သည့်သူတော့ မဟုတ်ရ။

ကလေးဘဝကနေ အရွယ်ရောက်လာသည့်အထိ ကျွန်တော်က လူတွေ၏ မျက်နှာကို ဖတ်သည့်နေရာမှာ အတော်ဆုံး ဖြစ်သည်။ လူချစ်ခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာလဲ ကျွန်တော်သိ၏။ ဘယ်လိုအခြေအနေမှာ ဘယ်လိုလူမျိုးကို ဘယ်လိုမျက်နှာထားနှင့် ဆက်ဆံရမလဲဆိုတာကိုလည်း ကောင်းကောင်းသိပေသည်။

ထို့ကြောင့် ကျွန်တော့်အဖေရှေ့မှာ ကျွန်တော်က သနားစရာကောင်းသည့် ပုံစံမျိုးနှင့် ဟန်ဆောင်ပြခဲ့သည်။ သို့မှ ကျွန်တော်က စိတ်ဝေဒနာခံစားနေရသည့် အမေနှင့် မတူသည့်လူမျိုးဟု သူ ထင်မှာပင်။

ကျွန်တော်က နာခံပြီး ရိုသေလေးစားတတ်သည်။ နောက်ဆို သူ့၏ သားကောင်းတစ်ယောက် ဖြစ်လာအောင် လုပ်ရလိမ့်ပေမည်။

သူ ကျွန်တော့်ကို အိမ်ခေါ်လာပြီး အိမ်ထဲမဝင်ခင်မှာ ပြောလိုက်သေး၏။

"မင်းရဲ့ ဒေါ်လေးရွှယ်နှင့် မင်းညီလေးက မင်းကို စောင့်နေကြတာ"

ကျွန်တော်က သိပ်ကိုကြောက်ရွံ့သည့် ပုံစံမျိုးနှင့်

"သူတို့ ကျွန်တော့်ကို သဘောမကျဘဲနေကြမှာလားဟင်" ဟု ​မေးလိုက်၏။

ကျွန်တော့်အဖေက ကျွန်တော့်၏ ကြောက်ရွံ့တင်းကြပ်နေသည့်ပုံစံကို ကျေနပ်နေပုံရသည်။ သူက ပြုံးပြီး လက်ကိုမြှောက်ကာ ကျွန်တော့်ဆံပင်ကိုထိုးဖွလာ၏။

"မင်းရဲ့ ဒေါ်လေးရွှယ်က မင်းကို မနက်ဖြန် အဝတ်အစားတွေ သွားဝယ်ပေးလိမ့်မယ်၊ ပြီးရင် ဆံပင်ညှပ်လိုက်"

ပြီးတော့ သူ တံခါးဖွင့်လိုက်တော့သည်။

ကျွန်တော် ယန့်ရန်နှင့် ပထမဆုံးအကြိမ် တွေ့ရတုန်းက သူက ၁၀ နှစ်သားပဲရှိသေးသည်။ လူကြီးလေးတစ်ယောက်လိုမျိုး အဖြူရောင်ရှပ်အင်္ကျီနှင့် ဖဲပွင့်လည်စီးလေး တပ်ထား၏။

ကျွန်တော့်ညီလေးက တကယ်တော့ ကျွန်တော်နှင့် တော်တော်တူသည်။ အထူးသဖြင့် သူ့မျက်လုံးတွေပင်။

တံခါးဖွင့်သံကြားတာနှင့် သူ ပြေးလာသည်။ ကျွန်တော့်ကို မြင်တော့ နည်းနည်း စိတ်လှုပ်ရှားသွားပုံရ၏။ သူက အရင်ဆုံး အခန်းထဲကို "အမေ" ဟု အော်ခေါ်လိုက်ပြီးမှ လှည့်လာပြီး သူ့လက်ကို ဆန့်တန်းကာ ကျွန်တော့်ကို ကျကျနနနှုတ်ဆက်လာသည်။

"ကိုကို…သားနာမည်က ယန့်ရန်ပါ"

သူ့နာမည်က ယန့်ရန်တဲ့လား။

ကောင်းကင်က ထွန်းထွန်းပပ ထိန်လင်းနေသည့် နေမင်းကြီးလို၊ ပွင့်လန်းနေသည့် ပန်းခင်းလိုမျိုး။

ကျွန်တော့်နာမည်က ယင်းမင်။

မှုန်မှိုင်းနေသည့်မုန်တိုင်း၊ တသီတတန်းဖြစ်နေသည့် ကံဆိုးမိုးမှောင်တွေ။

ကျွန်တော့်အဖေကပြောလာသည်။

"မင်း နာမည်ပြောင်းရမယ်။ သူ မင်းကို ဘယ်လိုတောင် စုတ်ပြတ်နေတဲ့ နာမည်ကို ပေးထားတာလဲ !"

ကျွန်တော်က ညီလေးလက်ကို ကိုင်ပြီး သူ့စကားကို တုံ့ပြန်သည့်အနေနှင့် နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

ကျွန်တော်လည်း ထိုနာမည်ကို မကြိုက်။ အကြောင်းမူ ကျွန်တော့်၏ အိမ်ထောင်စုဇယားထဲက အရင်နာမည်က ယန့်ရန်ဖြစ်နေ၍ပါပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment