ယန့်ရန်အဖို့ သူနှင့် ကျွန်တော်သာ သိသော လျှို့ဝှက်ချက်တစ်ခုရှိလာရာ အရင်ကထက် ကျွန်တော့်အပေါ် ပိုပြီးတွယ်ကပ်လာသည်။
ကျွန်တော့်နောက်ကနေ တကောက်ကောက်လိုက်ကာ လူကြီးတွေလုပ်တတ်သည့်ကိစ္စတွေအကြောင်းလည်း မေးတတ်သေး၏။
ဆယ်ကျော်သက်တွေအတွက် သည်လိုကိစ္စတွေကို စိတ်ကူးယဉ်တာက ပုံမှန်ပါပင်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာလည်း တခြားအရေးစိုက်စရာကိစ္စတွေ မရှိခဲ့ဘူးဆိုလျှင် ကျွန်တော်လည်း တွေးမိလိမ့်မည်။
လူဟူသည် စားဝတ်နေရေး ပြည့်စုံမှသာ အနှီလောကီကိစ္စတွေကို စဉ်းစားနိုင်သည်။ ကျွန်တော့်အတွက်တော့ လက်ထဲက ဆန်အိုးကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာတောင် မသိလေရာ သည်လိုကိစ္စတွေကို တွေးဖို့ အပိုအားအင်မရှိတာ သဘာဝပင်။ သို့ပေမဲ့ ယန့်ရန်ကတော့ မတူလှ။ သူက စားဝတ်နေရေးအတွက် ပူပန်စရာမရှိချေ။ သူ့မိဘတွေက သူ့အတွက် အနာဂတ်လမ်းကြောင်းကိုလည်း စီစဉ်ပြီးသားဖြစ်ရာ စာမတော်လည်း ဘာဝန်ထုပ်ဝန်ပိုးမှ ယူစရာမရှိ။
ယန့်ရန် သိလား မသိလားတော့ ကျွန်တော် မသိ။ ကျွန်တော်ကတော့ မတော်တဆ ကြားခဲ့တာ ဖြစ်သည်။
ယန့်ရန်ဟာ ပညာရေးတွင်မဖြစ်မြောက်ပေမဲ့ စန္ဒယားမှာတော့ သေချာပေါက် အရည်အချင်းရှိမှန်း အိမ်မှလူကြီးနှစ်ယောက်က သိကြသည်။ ယန့်ရန်ကလည်း နှစ်ခြိုက်သည့်အတွက် အနာဂတ်တွင် ဂီတကိုသင်ယူရန်အတွက် နိုင်ငံခြားသို့စေလွှတ်ရန် သူတို့စီစဉ်ထားကြ၏။
ထိုအရာကိုတော့ ကျွန်တော်အနည်းငယ် စိုးရိမ်မိသည်။
ဤအိမ်တွင် ကျွန်တော့်အတွက် ဘာမဆို ခြွင်းချက်မရှိလုပ်ပေးသူမှာ ယန့်ရန်တစ်ယောက်တည်းသာဖြစ်၏။ လက်ရှိ ကျွန်တော့်တွင်ရှိနေသည့် အရာအားလုံးကို ဆက်လက်ပိုင်ဆိုင်လိုပါက သူ့ကို ဆက်လက်ပြီး လွှမ်းမိုးနိုင်မှဖြစ်မည်။
တကယ်တော့ ကျွန်တော်သည်လည်း အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီဖြစ်၏။ နှစ်သစ်ကူးအပြီး လအနည်းငယ်အကြာတွင် ဤအိမ်မှ ထွက်ခွာလာနိုင်တော့မည်ပင်။
သို့သော်လည်း တကယ်တော့ ကျွန်တော် ထွက်မသွားချင်သလို ထွက်သွားဖို့ တစ်ခါမှလည်း ဆန္ဒမရှိခဲ့။ ကျွန်တော် လိုချင်တာက သူတို့ကို ဖယ်ရှားပစ်ဖို့ မဟုတ်ဘဲ သူတို့ကို နင်းချေပစ်ဖို့သာပင်။
ကျွန်တော်ပိုင်ဆိုင်ရမည့်ဘဝကို ဖျက်ဆီးခဲ့သူ မည်သူမဆို သူတို့၏အပြစ်ဒဏ်ကို ခံယူသင့်သည်။
ကျွန်တော်သာ တက္ကသိုလ်ဝင်တန်းအောင်၍ သည်အိမ်ကနေ ဝေးရာကို ထွက်သွားရပါက သူတို့အတွက် အခွင့်ကောင်းဖြစ်သွားမည် မဟုတ်ပါလော။
ယခု ကျွန်တော့်တွင် ရွေးချယ်စရာနှစ်ခုရှိသည်။ ယန့်ရန်ကို ဤနေရာတွင် ကျွန်တော်နှင့်အတူထားဖို့ နည်းလမ်းရှာရန်နှင့် သူအဝေးကိုသွားလျှင်တောင် အချိန်တိုင်း ကျွန်တော်၏စကားများကို နားထောင်အောင်လုပ်ရန်ဖြစ်၏။
မည်သည့်လမ်းကိုရွေးချယ်ပါစေ အရေးမကြီးပေမဲ့ ပြဿနာက ဘယ်လိုစလုပ်ရမည်မှန်းမသိနေတာပင်။
ညဘက်ဆို အတွေးများလွန်းသဖြင့် ကျွန်တော် အိပ်မပျော်နိုင်ခဲ့ပေ။ လူးလှိမ့်ရင်း ပြတင်းပေါက်အပြင်ဘက်မှ လကိုကြည့်ချိန်တွင် ကျွန်တော့်ခေါင်းများ နာကျင်နေ၏။
"ကိုကို မအိပ်သေးဘူးလား"
ကျွန်တော့်ကို ယန့်ရန်က ခပ်တိုးတိုးခေါ်ချိန်တွင် မနက်တစ်နာရီထိုးတော့မည်။
"မင်း ဘာလို့နိုးနေသေးတာလဲ"
ကျွန်တော် ပက်လက်လှန်လှဲချလိုက်ကာ အပေါ်က ကုတင်ဘောင်ကို စိုက်ကြည့်နေမိသည်။
သူသည် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးမှဖြေ၏။
"ကျွန်တော် နည်းနည်း နေရတာသက်တောင့်သက်သာမရှိလို့ အိပ်မပျော်ဘူး"
သူ ဘယ်လောက် သက်တောင့်သက်သာမရှိနေလဲ ကျွန်တော်ဂရုမစိုက်။ ကျွန်တော်စိတ်ပူရမည့်အရာလည်း မဟုတ်ပေ။
သို့သော်လည်း သူက အိပ်ရာထဲမှထလာပြီး ကျွန်တော့်ကုတင်ပေါ်သို့တက်ကာ မေးလာသည်။
"ကိုကိုရော ညဘက်ဆို ဒီလိုမျိုးဖြစ်ဖူးလား"
ပထမတော့ သူဘာကိုပြောနေမှန်း ကျွန်တော်နားမလည်ခဲ့။ သို့ပေသိ နားလည်လိုက်သည်နှင့် ရုတ်တရက် ဘာပြောရမယ်မှန်းမသိ ဖြစ်သွားရ၏။
ညီအစ်ကိုအချင်းချင်း လိင်ကိစ္စဆွေးနွေးရခြင်းအား ကျွန်တော်ကျင့်သားမရသေးပေ။
"နေရတာအဆင်မပြေရင် ရေအေးအေးချိုးလိုက်"
ကျွန်တော်ပြောလိုက်သည်။
"ရေအေးအေးနဲ့ချိုးပြီးရင် နေလို့ကောင်းလာလိမ့်မယ်"
သူက "ဪ" ဟုဖြေပြီးနောက် ညသန်းခေါင်ကြီးမှာ တကယ်ပဲ ရေအေးနှင့်ရေသွားချိုးလေသည်။
သူထွက်သွားပြီးနောက် ကျွန်တော်အိပ်ပျော်သွားသည့်အတွက် သူဘယ်အချိန်မှာ ရေချိုးပြီး ဘယ်အချိန်မှာပြန်ရောက်လာမှန်း ကျွန်တော်မသိခဲ့။ နောက်တစ်နေ့တွင်တော့ သူအဖျားကြီးပြီး ကျောင်းပျက်တော့သည်။ သူ့မိခင်က သူ့ကိုဆေးရုံသို့ခေါ်သွား၏။
ယန့်ရန်အအေးမိတာက နှစ်သစ်ကူးအကြိုနေ့အထိ ကြာမြင့်ခဲ့သည်။ နှစ်သစ်ကူးအကြိုနေ့မှာတော့ သူက ကိုယ့်ကိုယ်ကိုယ် ဖက်ထုပ်လို ကျစ်နေအောင်ဝတ်စားကာ ပြည်သူ့ရင်ပြင်တွင် မီးရှူးမီးပန်းပြပွဲရှိသည်ဟုပြော၍ ကျွန်တော့်က်ု အိမ်မှခေါ်ထုတ်သည်။
ပထမတော့ ကျွန်တော်မသွားချင်ခဲ့ပေမဲ့ ယန့်ရန်ကပြော၏။
"ကိုကို ကျွန်တော်နဲ့အတူတူသွားရအောင်.. နောက်နှစ် ဒီအချိန်ဆို ကိုကိုက အိမ်မှာရှိမှာမဟုတ်တော့ဘူးလေ"
သူပြောတာမှန်သည်။ အရာအားလုံးချောချောမွေ့မွေ့ဖြစ်လျှင် ကျွန်တော်က နောက်နှစ် နှစ်သစ်ကူးနေ့တွင် တက္ကသိုလ်၌ရှိနေလိမ့်ပေမည်။
ကျွန်တော်တို့ရင်ပြင်ကို အတူတူသွားခဲ့ကြ၏။ နေရာက လူများဖြင့် ပြည့်သိပ်နေပြီး နေရတာ အင်မတန်အဆင်မပြေဖြစ်သည်။ ယန့်ရန်က လူအုပ်ထဲမှာ ကျွန်တော့်ကိုပျောက်သွားမှာစိုးရိမ်သည့်နှယ် ကျွန်တော့်လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့၏။
မီးရှူးမီးပန်းများက အထွေအထူးစိတ်ဝင်စားစရာမရှိပေ။ ကျွန်တော့်အတွက်တော့ အတူတူချည်းသာ။ တစ်ခါကြည့်လျှင် လုံလောက်သည်ဟု ကျွန်တော်တော့ ခံစားမိသည်။
သို့သော် ယန့်ရန်ကမူ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေ၏။ ပညာရေးမဟုတ်သည့်အရာတိုင်းကို သူစိတ်လှုပ်ရှားပုံရသည်။
မီးရှူးမီးပန်းများစတင်သောအခါ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် စတင်ကာ အပေါ်အောက် ခုန်ဆွခုန်ဆွလုပ်ရင်း ကျွန်တော်၏လက်မောင်းကိုဆုပ်ကိုင်ကာ အရူးကဲ့သို့အားပေးနေသည်။
ကျွန်တော်တို့က အပြင်ရောက်နေသည့်အတွက် သူ့ကို ဂရုစိုက်မနေတော့ပေ။ သူ တစ်ယောက်တည်း ပွက်လောရိုက်နေတာကိုသာ အေးတိအေးစက် ကြည့်နေလိုက်သည်။
ကျွန်တော်တို့၏မြို့က သေးငယ်သဖြင့် မီးရှူးမီးပန်းပြပွဲဟာ နှစ်မိနစ်လောက်သာ ကြာမြင့်ပြီး တကယ်ပဲ ထူးခြားတာမဟုတ်ချေ။ အဆုံးမှာတော့ ယန့်ရန်ဟာ အားမရသေးဘဲ နှစ်သစ်ကူးမှာ ကျွန်တော်တို့ ဆော့ဖို့ အဖေကို ဝယ်ခိုင်းမည်ဟုပင် ပြောလာလိုက်သေးသည်။
ကျွန်တော် သူ့ကိုလျစ်လျူရှုလိုက်၏။ သူ့ဘာသာ ကစားချင်ကစား၊ ငါတော့ ဝင်မပါဘူးဟုသာ တွေးထားလိုက်သည်။
အပြန်လမ်း၌ ယန့်ရန်ဟာ အနည်းငယ်ကောက်ချိတ်ချိတ်ဖြစ်နေရင်း မီးရှုးမီးပန်းလေးတွေခမျာ ဖောက်မည့်လူမရှိလျှင် အထီးကျန်လောက်ကြောင်း အရူးချီးပန်းစကားတွေ စပြောလာသည်။
ကျွန်တော်ကတော့ နားထောင်မနေချေ။
လူတွေက ပြည့်သိပ်နေတုန်းပင်။ တိုးဝှေ့သွားလာမှုတွေကြောင့် ကျွန်တော်တို့ ဘယ်ညာယိမ်းယိုင်နေပြီး ရုတ်တရက် တစ်စုံတစ်ယောက်က ယန့်ရန်နာမည်ကိုအော်ခေါ်လာသည်။ ကျွန်တော်ရှိမနေသလိုမျိုး သူက အတင်းတိုးဝင်လာပြီး ယန့်ရန်၏ပုခုံးကို လက်ဖြင့်ဖက်၍ မိန်းမဟုခေါ်လာ၏။
ယန့်ရန်က ကျွန်တော့်ကို ထိတ်လန့်တကြား ကြည့်လာသည်။ ထိုအချိန်၌ ကျွန်တော် သဘောပေါက်လိုက်သည်က ကျွန်တော်တို့ နှစ်ယောက်တည်း သိထားကြမည်ဟု သဘောတူထားသော လျှို့ဝှက်ချက်ကို လူပေါင်းများစွာ သိနေလောက်ပြီဆိုတာပါပင်။ သူတို့အချင်းချင်း စနောက်ပြီး ခေါ်တာလား၊ တကယ် ခေါ်တာလားဆိုတာ ကျွန်တော် မသေချာပေမဲ့ သူတို့၏ရင်းနှီးသောအပြုအမူတွေကတော့ အတုအယောင်ဟုတ်ပုံမရ။
ယန့်ရန်က ထိုသူကိုတွန်းပစ်ပြီး ကြိမ်းမောင်းကာ ကျွန်တော့်ကို သူ့ဘေးသို့ဆွဲခေါ်၍ သူ၏အစ်ကိုအဖြစ် မိတ်ဆက်ပေးသည်။
ကောင်လေးက ချိုချိုသာသာ ပြုံးပြကာ ယန့်ရန်စကားအတိုင်း ကျွန်တော့်ကို "အစ်ကို" ဟု ခေါ်လာသည်။
ကျွန်တော် ဘာမှ တုံ့ပြန်ခြင်းမရှိသလို သူ့ကိုလည်း မကြည့်တော့။ ယန့်ရန်ကိုသာ တစ်ချက်ကြည့်ပြီး ထွက်လာလိုက်သည်။
သိပ်မကြာခင်မှာပင် ယန့်ရန်သည်လည်း ကျွန်တော့်ကို လျင်မြန်စွာနှင့် အမှီလိုက်လာသည်။ စောစောကကောင်လေးကမူ သူနှင့်အတူမရှိတော့။
ကျွန်တော် သူ့ကိုလျစ်လျူရှုထားလိုက်သည်။ သူ ကျွန်တော့်လက်မောင်းကိုဆွဲပေမဲ့ မတုံ့ပြန်ခဲ့ပေ။
"ကျွန်တော် သူ့ကိုမပြောခဲ့ဘူး"
ယန့်ရန်ကပြောလာသည်။
"သူက ဒီအတိုင်းစနောက်နေတာ"
"မင်းလုပ်ချင်တာလုပ်"
ကျွန်တော် ရှေ့တွင်ရှိသည့်လူအုပ်ကို ဆန်းစစ်ကြည့်ကာ လူနည်းသည့်နေရာသို့ အလျင်အမြန်ရောက်နိုင်မည့် နည်းလမ်းကိုရှာနေ၏။
"ငါနဲ့ဘာမှမဆိုင်ဘူး"
ထိုနေ့က အိမ်ပြန်လမ်းတစ်လျှောက်တွင် ကျွန်တော်သည် ယန့်ရန်၏ဖြစ်တည်မှုကို တမင်တကာအသိအမှတ်မပြုခဲ့ပေ။ သို့သော် ညအခါ အိပ်ရာမဝင်ခင်၌ သူသည် ကျွန်တော့်အိပ်ရာဘေးသို့ ခြေဖျားထောက်ပြီးရောက်လာကာ ကျွန်တော့်ကိုမေးလာသည်။
"ကိုကို ကျွန်တော့်ကိုစိတ်ဆိုးနေတာလား"
"မဆိုးဘူး.. မီးပိတ်ပြီးအိပ်တော့"
သူသည် ကျွန်တော်ပြောသည့်အတိုင်း နာခံပြီးနောက် ပြန်ရောက်လာ၏။
သူ ကျွန်တော့်အိပ်ရာဘေးတွင် ဒူးတုပ်ပြီးထိုင်ကာ ရုတ်တရက် သူ့လက်သန်းကို ကျွန်တော့်လက်သန်းနှင့် လာချိတ်သည်။
"ကျွန်တော်ကျိန်ဆိုတယ်….ကျွန်တော်တို့နှစ်ယောက်ပဲသိတာပါ"
ယန့်ရန်က ကတိပေး၏။
"ကိုကိုမလုပ်နဲ့လို့ပြောတာ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဘယ်တော့မှမလုပ်ဘူး"
ယန့်ရန်က ခဏတန့်နေပြီးမှ ထပ်ပြောသည်။
"လက်သန်းချင်းချိတ်ကတိပေးပြီးရင် တစ်သက်စာပဲ…ဘယ်တော့မှ မပြောင်းလဲဘူး "
တကယ်တော့ ယန့်ရန်ဟာ သူ့ကတိသူ အတိအကျ စောင့်ထိန်းသူဖြစ်သည်။ နှမြောစရာက ကျွန်တော်ကတော့ မတည်ခဲ့ပါပေ။