no

Font
Theme

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺

ကျွန်တော်က အခြေအနေနှင့် အချိန်အခါပေါ်လိုက်ပြီး ပြောတတ်ဆိုတတ်သောနေရာမှာ သိပ်တော်သည်။ ချီးကျူးစကားလုံးတွေက လုံးဝကို တုံးအကာ တောဆန်သည်ဟု ထင်ရသော်ငြား ယန့်ရန်ကိုတော့ ရှက်အားပိုပြီး အဖေ့နောက်မှာ ပုန်းသွားအောင်တော့ လုပ်နိုင်သည်ပင်။

ကျွန်တော့်အဖေက ပြောလာသည်။

"မင်းညီလေးက မင်းလာမှာကို နေ့တိုင်းမျှော်နေတာ။ သူသိပြီးကတည်းက မင်းဘယ်တော့ပြောင်းလာမလဲဆိုတာ တစ်နေ့ကို အကြိမ်များစွာ မေးနေတာကွာ "

အလကား အတုအယောင်တွေ။

အဲ့ဒီစကားပြောတဲ့အချိန်မှာ သူ မလုံမလဲလေးတောင် မခံစားရဘူးလား။

သူသာ တကယ်ပဲကျွန်တော့်ကို ဒီမှာနေစေချင်လျှင် သည်နှစ်တွေထဲမှာ ဘာလို့ ဘာအမူအရာမှ မပြခဲ့ပါသလဲလေ။ မပြရုံတင်မကသေး။ တစ်ခါမှတောင် ကျွန်တော့်အခြေအနေအား စစ်ဆေးကြည့်ခဲ့တာမျိုး မရှိခဲ့။ ခုမှလာပြီး သည်လိုပြောခြင်းမျိုးက သိပ်ကိုအတုယောင်ဆန်လွန်းသည်။

ကျွန်တော့်အသက်က ၁၃ နှစ်။ ၃ နှစ်သား မဟုတ်တော့။ ဘဝမှာ မကြောင့်မကြနေခဲ့ရသူတွေဟာ ၁၃ နှစ်အရွယ်ကလေးတစ်ယောက်၏ ရင်ထဲမှာ ဘယ်လောက်များများ သိုဝှက်ထားနိုင်လဲဆိုတာကို စိတ်ကူးတောင် ယဥ်နိုင်ကြမည်မဟုတ်ချေ။

ကျွန်တော် ငယ်ငယ်ကတည်းက အိမ်နီးနားချင်းတွေနှင့် ဆရာတွေက ချီးမွမ်းကြပြီး သူတို့က ကျွန်တော်ဟာ ဉာဏ်ကောင်းကြောင်း၊ ထက်မြက်ကြောင်း ပြောကြသည်။

တကယ်တမ်းကျ ကျွန်တော်က ဘာမျှအဖြစ်ရှိတာ မဟုတ်လှ။ ကျွန်တော် ကောင်းကောင်းရှင်သန်နေသေးကြောင်း သေချာအောင် ဦးနှောက်ခြောက်ခံပြီး ကြိုးစားထားရတာ ဖြစ်သည်။ သို့ပေသိ ကျွန်တော်ဘက်က “ကောင်းကောင်းရှင်သန်နေထိုင်ခြင်း”ဟု ခေါ်သောအရာက ယန်ယန့်ရှေ့မှာတော့ ရုတ်တရက် ရယ်စရာဖြစ်သွားချေပြီပင်။

သူ့နှင့်ယှဉ်ပါက ကျွန်တော်ဟာ ဒါက အသက်ရှင်နေသေးတာဟု ပြော၍တောင် ရနိုင်ပါဦးမည်လား။

ကျွန်တော်က အဖေနောက်မှာ ပုန်းနေသော ယန့်ရန်ကို ခါးကုန်းကြည့်၍ ပြုံးကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်နော် ညီလေး"

ယန့်ရန်ကမူ လန့်ဖြန့်သွားသလိုမျိုး လက်နှစ်ဖက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းပြီး အိပ်ခန်းထဲကို ပြေးဝင်သွား၏။

ကျွန်တော့်အဖေက ရယ်ပြီး ဆိုလာသည်။

"မင်းညီလေးက အရှက်သည်းတယ်"

ကျွန်တော် အိပ်ခန်းဘက်ကို လှည့်ကြည့်ရင်း သူက အတော်စိတ်ဝင်စားစရာကောင်းကြောင်း တွေးမိသွားသည်။ တကယ့်ကို အခွံ့ပျော့ တည်သီးတစ်လုံးပင်။ နောင်မှာ ကျွန်တော့်စိတ်ကြိုက်ချေမွကြိုးကိုင်၍ရသည့် အမျိုးအစားဟု ပြောရမည်။

"ကျွန်တော် အန်တီကို ပန်းကန်ကူဆေးလိုက်ဦးမယ်"

ကျွန်တော် ဆိုဖာပေါ်ကနေ ထရပ်လိုက်တော့ အဖေက ကျွန်တော့်လက်ကို ဆွဲပြီးတားလာသည်။

"မင်းညီလေးနဲ့ သွားဆော့ချေ။ အိမ်မှုကိစ္စတွေ စိတ်ပူမနေနဲ့"

ကျွန်တော် ပြန်တုံ့ပြန်လိုက်၏။

" …ရပါတယ် အဖေ.. ကျွန်တော် အကျင့်ဖြစ်နေပါပြီ"

ကျွန်တော့်အဖေ မျက်မှောင်ကြုတ်သွားသည်။ ထိုအချိန်၌ ကျွန်တော့်မျက်ဝန်းထောင့်ကနေ ယန့်ရန်က အိပ်ခန်းဝကနေ ခေါင်းပြူရင်း ချောင်းကြည့်နေတာကို တွေ့လိုက်ရသည်။

"သွားလေ…သူက မင်းကိုစောင့်နေတာ"

သည်လိုအခြေအနေမျိုးမှာ ကျွန်တော် ဆက်ပြီး ကြိုးစားဟန်ဆောင်မနေတော့။ အိပ်ခန်းဘက်ကိုသာ လိမ်လိမ်မာမာဖြင့် လျှောက်သွားလိုက်သည်။

အိပ်ခန်းနားမရောက်သေးခင် ယန့်ရန်က အရင်ပုန်းနေပြီ ဖြစ်၏။ ကျွန်တော်ဝင်သွားတော့ သူက တကယ့်ကို အရူးတစ်ယောက်လိုမျိုး လိုက်ကာတွေနောက်မှာ ပုန်းနေလေသည်။

ကျွန်တော် သူ့ကို အရူးဟု စိတ်ထဲမှာ လှောင်ရယ်လိုက်ပေမဲ့ အပြင်ပန်းကတော့ အစ်ကိုကောင်းတစ်ယောက်နှယ် ဟန်ဆောင်ပြီး သူနှင့်အတူ တူတူပုန်းတမ်းပင် ကစားပေးလိုက်သေးသည်။

ယန့်ရန်က ကျွန်တော့်ကို တကယ်ပဲ သဘောကျ၏။ သူ့အတွက် ကျွန်တော်က သူ့ဘဝတစ်ဝက်ကို ယူသွားသောသူ မဟုတ်။ ထိုအစား ကျွန်တော်က သူ့အတွက် ကစားဖော်တစ်ယောက် ဖြစ်လာခဲ့တာ ဖြစ်သည်။

ငတုံးမှ တကယ့်ငတုံးပင်။

သို့ပေသိ သူသာ ငတုံးဖြစ်ချင်ဖြစ်မည်။ သူ့မိဘတွေကမူ ငတုံးမဟုတ်ချေ။

ကျွန်တော် ဆီးသွားချင်လာတာမို့ အိပ်ခန်းတံခါးနားကို လျှောက်လာလိုက်၏။ သူတို့စကားပြောတာကို နားထောင်ဖို့ ရည်ရွယ်ခဲ့တာတော့ မဟုတ်။ သန့်စင်ခန်းကိုသာ သွားချင်ရုံပင်။ ရလဒ်အနေဖြင့် သူတို့တွေက ဧည့်ခန်းထဲမှာ ထိုင်ပြီး ကျွန်တော့်ကျောင်းအကြောင်း ဆွေးနွေးနေတာကို ကြားလိုက်ရချေသည်။

ယန့်ရန်အမေက ကျွန်တော့်ကို ပိုကောင်းသော အလယ်တန်းကျောင်းအား ပြောင်းစေချင်သည်။ ကျွန်တော့် လက်ရှိကျောင်းက ဂုဏ်သတင်းမကောင်းသလို၊ ဆရာတွေနှင့်ကျောင်းသားတွေက မကောင်းလှ၊ ကျွန်တော့်အပေါ် မကောင်းသည့် လွှမ်းမိုးမှုတွေ ဖြစ်စေမည်ဟု သူမက ထင်လေသည်။

သို့ပေမဲ့ ကျွန်တော့်အဖေက ပြန်ပြောလာသည်။

"သူက အဲ့လိုနေရာမျိုးနဲ့ အသားကျနေပြီ။ ရုတ်တရက်ကြီး ကျောင်းကောင်းကို ပြောင်းလိုက်လို့ သူနဲ့သဟဇာတမဖြစ်ရင် ဒုက္ခများမယ်"

သူတို့ကတော့ သူတို့အကြောင်းပြချက်နှင့် အတွေးတွေကိုယ်စီရှိကြသည်။ သို့ပေသိ ဘယ်သူမှ ကျွန်တော့်သဘောထားကို မမေးခဲ့ကြပါချေ။

ကျွန်တော်စဉ်းစားနေတုန်းမှာပင် ယန့်ရန်က ကျွန်တော့်ကို တိုးတိုးလေးမေးလာတာကို ကြားလိုက်ရသည်။

"ကိုကို.. ဘယ်ကျောင်းကို တက်ချင်လဲ"

"ဘယ်ကျောင်းဖြစ်ဖြစ် ငါဂရုမစိုက်ဘူး"

ယင်းက ယန့်ရန်ရှေ့မှာ ကျွန်တော်မျက်နှာဖုံး ပထမဆုံးအကြိမ် ကွာကျသွားသောအချိန်ဖြစ်လောက်မည်။ အခုချိန်တွေးကြည့်တော့ သိပ်အရေးကြီးတာ မဟုတ်ဟု ထင်ရပေမဲ့ ထိုအချိန်တုန်းကတော့ ကျွန်တော်စိတ်ခံစားချက်တွေက ရုတ်တရက် ထိန်းချုပ်မှုလွတ်သွားခဲ့သည်ပင်။

ကျွန်တော် သန့်စင်ခန်းထဲသို့သာ ပြေးဝင်သွားမိတော့သည်။

ကျွန်တော်ပြန်ထွက်လာတော့ ယန့်ရန်နှင့် သူ့မိဘတွေက ဧည့်ခန်းထဲမှာ ရှိနေ၏။ ကျွန်တော့်အဖေက ပြောလာသည်။

"ဒီလာခဲ့…မင်းရဲ့ အိမ်ထောင်စုစာရင်းနဲ့ ကျောင်းကိစ္စဆွေးနွေးရအောင်"

ယန့်ရန်က ကော်ဖီစားပွဲဘေးက ကူရှင်သေးသေးလေးပေါ်မှာ ထိုင်နေသည်။ သူက ကျွန်တော့်ကို ကြည့်ပြီး ဆိုလာ၏။

"ကိုကို…သား ကိုကိုနဲ့ ကျောင်းအတူတူတက်ချင်တယ်"

ပထမတော့ ကျွန်တော် စိတ်ရှုပ်ထွေးသွားသည်။

သူက မူလတန်းပဲ ရှိသေးတာလေ။ ကျွန်တော်နဲ့ ကျောင်းအတူတူတက်မယ်တွေ ဘာတွေနဲ့ ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာတဲ့လဲ။

နောက်မှ ကျွန်တော် သိလိုက်ရတာက လူချမ်းသာကလေးတွေတက်သော ကျောင်းမှာ

မူလတန်းကျောင်းရော၊ အလယ်တန်းကျောင်းရော ရှိပြီး ကျောင်းရွေးချယ်ခတင် သောင်းနှင့် ချီကုန်ကျသည် ဆိုတာပင်။

ကျွန်တော်က တမင်တကာ ယန်ယန့်ဘေးမှာ ဝင်ထိုင်လိုက်ရင်း ခေါင်းငုံ့ကာ ကြောက်ရွံ့ပြီး ဆုံးဖြတ်ချက်မချနိုင်သလို ဟန်ဆောင်ပြလိုက်သည်။

"ကျွန်တော်ကတော့ ဘာမဆို အဆင်ပြေပါတယ်။ အဖေတို့ စကားနားထောင်ပါ့မယ်"

ယန့်ရန်အမေက ကျွန်တော့်ကို ကျောင်းကောင်း ပြောင်းစေချင်သည့်အကြောင်း လေသံအေးအေးဖြင့် ဆွေးနွေးလာသည်။

ကျွန်တော်ကတော့ တကယ် ဂရုမစိုက်။ မည်သို့ဆိုစေ ဒါက ပိုကောင်းပေသည်။

°***

နောက်နေ့မနက်မှာတော့ သူတို့သုံးယောက်က ကျွန်တော့်ကို ကုန်တိုက်ကို အရင်ခေါ်သွားကာ အဝတ်အထည်အသစ်တွေနှင့် ဖိနပ်တွေ ဝယ်ပေးသည်။ ယန့်ရန်က ကျောင်းအိတ်အသစ်ဝယ်ပေးဖို့ ပူဆာ၏။ ထိုသို့ဖြင့် ကျွန်တော်တို့မှာ ပထမဆုံးအကြိမ်အဖြစ် ဆင်တူအရာဝတ္ထုကိုရရှိခဲ့ကြလေသည်။

မွန်းလွဲပိုင်း၌မူ အဖေက ကျွန်တော့်ကို အနှီအနည်းငယ်ဒုက္ခများလှသော စာရွက်စာတမ်းကိစ္စတွေ လုပ်ဖို့ ခေါ်သွားသည်။ နာမည်ကိုမူ တစ်ဖန်ထပ်၍ ပြောင်းလိုက်ရပြီ ဖြစ်၏။

ကျွန်တော်က အိမ်ထောင်စုစာရင်းစာအုပ်အဟောင်းပေါ်က အရင်နာမည်ကို စိုက်ကြည့်နေခဲ့တော့မှ ကျွန်တော့်အဖေက သူဘယ်လောက်တုံးခဲ့လဲဆိုတာ နောက်ဆုံးတော့ သဘောပေါက်သွားပုံရပြီး ကျွန်တော့်ကို ရှင်းပြလာလေသည်။

"ယန့်ရန်က မင်းရဲ့ အရင်က နာမည်ကလည်း ယန့်ရန်ပဲဆိုတာ မသိထားဘူး။ ငါ သူ့ကို မပြောပြထားဘူး"

ကျွန်တော်နားလည်ပါသည်။ သူက သူ့အဖိုးတန်သားလေးအား ကျွန်တော့်နာမည်ဟောင်းအား ပြောမပြခဲ့ရုံမျှမက ကျွန်တော့်တည်ရှိမှုကိုလည်း မလွှဲသာမရှောင်သာ ရွေးချယ်စရာမရှိတော့မှ ဝန်ခံထားတာဖြစ်လောက်မည်။

"အာ…"

" ကျွန်တော်သူ့ကို မပြောပြပါဘူး"

ကျွန်တော် အဖြေပေးလိုက်သည်။

ကျွန်တော်က သူ၏သားကောင်း၊ သိတတ်သော သားလေး မဟုတ်ပါလော။

ကျွန်တော့်အဖေက ကျွန်တော့၏ အခုမှညှပ်ထားခါစဆံပင်တွေကို စိတ်သက်သာရာရစွာ ပွတ်သပ်ပေးပြီး ဆုချဖို့ ကတိပေးလာသည်။

ကျွန်တော် သူ့ဆုကို ဂရုမစိုက်ချေ။ အကြောင်းမူ ယင်းက ကျွန်တော် လုံးဝလိုချင်တာ မဟုတ်၍။

ကျွန်တော့်အနေနှင့်ကတော့ သူ့သားကို ကျွန်တော့်အရင်နာမည်က ယန့်ရန်ဖြစ်ကြောင်း မပြောပြဘဲ နှုတ်ပိတ်နေရ၍လည်း ကိစ္စမရှိ။ မည်သို့ဆိုစေ ကျွန်တော်လည်း ကြိုက်သည်မဟုတ်။ လိုချင်သူ ယူသွားနိုင်သည်။

သို့ငြား လောက၌ အပေးရှိလျှင် အယူရှိသည်ပင်။

အဖေက ကျွန်တော့်နာမည်ကို ယူပြီး သူ့သားလေးအား ပေးခဲ့စဥ်၌ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်တော်ကလည်း “ယန့်ရန်” ကို တခြားနည်းလမ်းဖြင့် အပိုင်သိမ်းသွားလိမ့်မည်ဆိုတာ သူဘယ်သောအခါမှ တွေးမိမည် မဟုတ်ပါချေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment