no

Font
Theme

အထက်တန်းကျောင်း နောက်ဆုံးနှစ်၏ နောက်ဆုံးစာသင်ကာလတွင် ကျွန်ဝောာ့်စိတ်ဝိညာဉ်တစ်ခုလုံးကို ပညာရေးမှာပဲ နှစ်မြုပ်ခဲ့၏။

တစ်ခါတရံမှာ ကျွန်တော်သိပ်ကို စိတ်​ရှုပ်ထွေးနေမိကာ ကျွန်တော်အစစ်အမှန်က စုတ်ပြတ်ညစ်ပတ်နေသည့် တိုက်ခန်းမှာ နေထိုင်ခဲ့သူလား သို့မဟုတ် အကောင်းဆုံးအထက်တန်းကျောင်း၏ အခန်းထဲမှာ သန့်သန့်ရှင်းရှင်း အဝတ်အစားတွေနှင့် ထိုင်နေသူလားဟုပင် တွေးမိသည်။

အကြိမ်ပေါင်းများစွာပင် ကျွန်တော်ဘယ်တုန်းကမှ မပြောင်းလဲခဲ့သလို ခံစားရ၏။

ကျွန်တော့်ဘဝ၏ ဆယ်စုနှစ်ကြာရှိခဲ့သည့် မြင်မကောင်းသည့် အစွန်းအထင်းများက အမြဲတမ်း ကျွန်တော်နှင့်အတူ ရှိနေခဲ့သည်။

ကျွန်တော့်ကိုယ်ကျွန်တော် သူများရှေ့မှာ ဘယ်လောက်ပင် ယဥ်ယဥ်ကျေးကျေးပြုမူပြပါစေ၊ ဘယ်လောက်ပဲ ငါးနှစ်ခြောက်နှစ်အတွင်း အမြင်တင့်တယ်အောင်ကြိုးစားခဲ့ပါစေ ကျွန်တော့်၏ရွံရှာဖွယ် ကိုယ်ပိုင်ဟန်ကနေ မလွတ်မြောက်နိုင်သေးပါပေ။

ကျွန်တော် စာကြိုးစားခဲ့သည်။ စာမေးပွဲက ဘဝတစ်ခုလုံးပေါ် မူတည်နေသလိုမျိုး အသည်းအသန် ကြိုးစားခဲ့၏။ အကြောင်းမူ ဤလမ်းကြောင်းကသာ ကိုယ့်အတိတ်ကို သတ်ပစ်ဖို့ အထိရောက်ဆုံးနည်းလမ်းဆိုတာ နားလည်ခဲ့၍ပင်။

သို့ပေမဲ့ အရိုးထဲထိ နက်ရှိုင်းစွာနားလည်နေသည်က ယင်းမင်ကနေ နာမည်ပြောင်းလဲခဲ့သော်လည်း ဘယ်တော့မှ ယန့်ရန်ထပ်မဖြစ်နိုင်ကြောင်းသာ။ အနှီနာမည်က ယင်းမင်၏ ထာဝရဖုံးလွှမ်းခြင်းကိုခံရမည့် ယန့်ရွှမ်းသာ ဖြစ်ခဲ့ပေသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြီးဆုံးသွားသောအခါ ကျွန်တော် အားလုံးအံ့ဩအောင်လုပ်နိုင်ခဲ့၏။

ကျွန်တော့်၏ဆရာ၊ဆရာမများနှင့် မိဘများက ကျွန်တော် အင်မတန်ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် ကျွန်တော်မလုပ်နိုင်ခဲ့။

ကျွန်တော့်ရလဒ်များက ဆိုးရွှားလှသည်။ ‌ဆိုးရွှားလွန်းသဖြင့် ကျွန်တော့်အမှတ်များ မဟုတ်ဘူးဟူ၍ပင် သံသယဝင်ခဲ့မိ၏။

သို့သော် အံ့ဩစရာကောင်းသည်က ကျွန်တော့်အဖေသည် မယုံနိုင်စရာလိုမျိုး ထင်မှတ်ခဲ့ခြင်းဖြစ်၏။ သူသည်စိတ်ပျက်မှုကို လုံးဝမပြဘဲ

"ဒါလည်းကောင်းတယ်မလား.. အသင့်အတင့်ကောင်းပြီး နာမည်ရှိတဲ့တက္ကသိုလ် တက်နိုင်ဦးမှာပါ"

ယန့်ရန်၏အမေကမူ ကျွန်တော့်ကို နှစ်သိမ့်ပေးပြီး နှစ်ယောက်တည်းသီးသန့် စကားစမြည်ပြောကာ ကျွန်တော့်တွင် ဘာအစီအစဉ်များရှိလဲမေးလာသည်။

ယန့်ရန်က သူမကို အသိပေးခဲ့တာလားတော့ မသိပေမဲ့ သူမနှင့် အဖေက ကျွန်တော်၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်မစွက်ဖက်သင့်ကြောင်း သူမနားလည်ပုံရသည်။

လွန်ခဲ့သည့်နှစ်များတွင် သူမသည် အဖေ့ထက်ပိုပြီး ကျွန်တော့်၏အတွေးနှင့် ယူဆချက်များကို ပိုပြီးဂရုစိုက်လာ၏။

သူမက ကျွန်တော့်အတွက် သစ်သီးလှီးပေးပြီးပန်းကန်ကို ကျွန်တော့်ဘေးမှစားပွဲပေါ် သတိထားပြီးတင်လိုက်သည်။

ပြောရလျှင် ထိုရက်တွေတုန်းက အတော်လေးရယ်ရသည်။ ရလဒ်များထွက်ခဲ့သည့်နေ့က ကျွန်တော်ဟာ အိမ်တွင်ချိန်ကိုက်ဗုံးဖြစ်ခဲ့၏။ ကျွန်တော့်၏ရှေ့တွင် သူမနှင့်ယန့်ရန် နှစ်ယောက်စလုံး အင်မတန် သတိထားနေကြသည်မှာ နောက်အခိုက်အတန့်၌ ကျွန်တော်က ဤအိမ်နှင့် သူတို့၏ပျော်ရွှင်နေသည့်ဘဝများကို ဖျက်ဆီးမှာ ကြောက်ရွံ့နေကြသည့်အလား။

သူမက ထိုင်ခုံကိုရွေ့ကာ ကျွန်တော့်ဘေးတွင်ထိုင်ရင်း ညင်သာစွာပြောလာ၏။

"ရွှမ်းရွှမ်း သားအဲ့ဒီအကြောင်း ပြောချင်လား"

ကျွန်တော် စိတ်အခြေအနေ တကယ်ပင်မကောင်းပေ။ ယန့်ရန်ကိုပင် ကျွန်တော်စကားမပြောဖြစ်ခဲ့။

ထို့အတူ သူမ၏ရှေ့တွင် ရုတ်တရက်ကြီး လိမ္မာသည့်ကလေးအဖြစ် ဟန်ဆောင်ရန်လည်း အင်အားမရှိတော့။

ကျွန်တော်မတုံ့ပြန်သည်ကို မြင်သောအခါ သူမက အတန်ကြာတိတ်ဆိတ်နေပြီးမှ ဆက်ပြောလာသည်။

"သားအဖေနဲ့ဆွေးနွေးပြီးပြီ.. ….တကယ်တော့ အန်တီတို့ယုံကြည်ထားတာကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆိုတာ သား အနာဂတ်ကိုဆုံးဖြတ်ပေးတဲ့အရာမဟုတ်ဘူး။ ရွေးချယ်စရာ တံခါးတွေပိုပြီးဖွင့်ပေးတဲ့ အရာ"

သူမကပြော၏။

"သား ဘယ်လိုဆုံးဖြတ်ချက်ပဲချချ အန်တီတို့လေးစားပေးမယ်.. တက္ကသိုလ်ဝင်ခွင့်လျှောက်ချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် နောက်နှစ်စာမေးပွဲထပ်ဖြေတာပဲဖြစ်ဖြစ် သားကိုခြွင်းချက်မရှိ ပံ့ပိုးပေးမယ်"

ရလာဒ်တွေထွက်ပြီးနောက်မှာ တက္ကသိုလ်ဝင်ခွင့်လျှောက်ခြင်းက ကျွန်တော့်အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုပေမဲ့ ထိုနှစ်သိမ့်မှုမျိုးက အကျိုးသက်ရောက်မှု မရှိချေ။ ကျွန်တော့် ဂုဏ်သိက္ခာအားလုံး တခဏနှင့် ပြာဖြစ်သွားသည်။ ဤထိုးနှက်မှုက ရွှံ့နွံထဲကနေ တွားထွက်လာသော ကျွန်တော့်လိုလူက လဆီရောက်ဖို့ ဘယ်တော့မှ ကံမပါဘူးဆိုတာကို နားလည်စေသည်။

ကျွန်တော် သည်နေရာမှာပင် ပိတ်မိနေလိမ့်မည်။ ဘယ်သောအခါမှ အပေါ်တက်နိုင်မည်မဟုတ်။

သူမက သူမပြောချင်တာပြောပြီး ထွက်သွားပေမဲ့ ကျွန်တော်ကတော့ ဆုံးဖြတ်ချက်မချရသေးချေ။

ဤအတောအတွင်း ယန့်ရန်၏အထက်တန်းဝင်ခွင့် စာမေးပွဲများလည်း ပြီးဆုံးသွားပြီဖြစ်၏။ ရက်အနည်းငယ်ကြာအောင် သူက ကျွန်တော့်နောက်ကိုပဲ တိတ်ဆိတ်စွာလိုက်နေခဲ့သည်။

ဤတိုတောင်းသည့် လေးငါးဆယ်ရက်အတွင်း ကျွန်တော်ဟာ ဆိုးရွားတာမှန်သမျှ အကုန်လုပ်သည်။

စီးကရက်တွေ သောက်သည်။ မီးခိုးငွေ့တွေကို သူ့မျက်နှာဆီ မှုတ်ထုတ်ပြီး မွှန်၍ချောင်းဆိုးသီးအောင်လုပ်၏။

အရက်တွေလည်းသောက်သည်။ ကျွန်တော် မူးသော် သူ့ကို မြေကြီးပေါ် လဲကျအောင် တွန်းပစ်၏။

အင်တာနက်ဆိုင်မှာလည်း ရန်ဖြစ်သည်။ လမ်းသရဲတစ်ယောက်ကြောင့် ကျွန်တော့်မျက်နှာမှာ ပွန်းပဲ့သွားသော် ယန့်ရန်က အလန့်တကြားပြေးဖက်လာပြီး ကျွန်တော်သေသွားသည့်နှယ် အသည်းအသန်ငိုသည်။

ကျွန်တော့်ကိုယ်ကျွန်တော် နှိပ်စက်နေခဲ့သလို သူ့ကိုလည်း နှိပ်စက်နေခဲ့၏။ သူ့အိမ်ကိုလည်း မပြန်ချင်ရာ စုတ်ပြတ်ဟောင်းနွမ်းနေသည့် တိုက်ခန်းဆီသို့သာ ပြန်ပြီးခိုးဝင်ခဲ့သည်။

ထိုနေရာတွင် ကျွန်တော်နှစ်ရက်ကြာနေထိုင်ခဲ့၏။ ကျွန်တော့်စိတ်အခြေအနေက စုတ်ပြတ်သတ်နေသည်။ လုံးဝအပြင်မထွက်ဘဲ ပုန်းနေကာ ဆေးလိပ်သောက်ပြီး ခေါက်ဆွဲခြောက်များဖြင့်သာ ရှင်သန်ခဲ့၏။ အိမ်က ကျွန်တော့်ကြောင့် အင်မတန်ရှုပ်ပွနေသည်။

တကယ်တော့ ကျွန်တော် ကောင်းကောင်းသိသည်။ စာမေးပွဲရလာဒ်ဆိုးရွားတာက ကျွန်တော့်ကို သည်လောက် စိတ်ဓာတ်ကျစေတာ မဟုတ်။ ခုလိုဖြစ်ရသည့် အကြောင်းရင်းက ယန့် မိသားစုထဲကို ရောက်ကတည်းက ကျွန်တော့် ရမှတ်တွေကသာ ကျွန်တော် ဂုဏ်ယူရသည့် တစ်ခုတည်းသော အရာတွေ ဖြစ်၍ ဖြစ်သည်။

ကျွန်တော် ယန့်ရန်အပေါ် အနိုင်ရသည်မှာ ဤတစ်ခုတည်းသာဖြစ်၏။ သူ့ရှေ့တွင် ပညာရေးတွင်ထူးချွန်မှုကသာ ကျွန်တော့်ကို ယုံကြည်ချက် နည်းနည်းပိုပြီး ရရှိစေခဲ့ပေမဲ့ ခုတော့ ကျွန်တော်ကျရှုံးသွားပြီဖြစ်ကာ မူရင်းပုံစံသို့ ပြန်လည်ဖိနှက်ခံလိုက်ရပြီပင်။

ဤအရာက အင်မတန်နာကျင်စရာကောင်းသည်။ ကျွန်တော် အကြာကြီးဟန်ဆောင်ခဲ့မျှက ခဲလေကျခဲ့ရပြီဖြစ်ကာ အဆုံးတွင်တွေ့ရှိရသည်က ကျွန်တော်ဟာ မကောင်းဆိုးဝါးဖြစ်နေဆဲဖြစ်သည်။

ယန့်ရန် သည်ကို ဘယ်လိုရောက်လာသလဲတော့ ကျွန်တော်မသိ။ ကျွန်တော် သူ့ကို လိပ်စာ ဘယ်တုန်းကမှ မပြောခဲ့ဖူးချေ။

တစ်စုံတစ်ယောက် တံခါးခေါက်လာသောအခါ ကျွန်တော်လျစ်လျူရှုလိုက်ပေမဲ့ အပြင်မှ ယန့်ရန်၏ခေါ်သံကို ကြားလိုက်ရသည်။

"ကိုကို အထဲမှာရှိလား"

အချိန်က နောက်ကျနေပြီဖြစ်ပြီး ၁၁ နာရီလောက်ရှိတော့မည်။ အစက ကျွန်တော် သူ့ကို စကားမပြောချင်၊ မတွေ့ချင်သော်လည်း ဤနေရာသည် တကယ်ပဲ အန္တရာယ်မကင်းလှ။ သန့်ရှင်းပြီးဖြူစင်သည့် ယန့်ရန်သာ ဤလမ်းတွေပေါ်တစ်ယောက်တည်း လျှောက်လျှင် သန့်ရှင်းဖြူစင်သည့်အတိုင်း ထွက်သွားနိုင်မည်ဟုတ်ချေ။

ကျွန်တော် တံခါးကိုဖွင့်လိုက်၏။ ကျွန်တော့်၏မွဲခြောက်ခြောက်ပုံစံကြောင့် သူထိတ်လန့်သွား၍ဖြစ်မည်။ နေရာမှာ သည်တိုင်းရပ်နေရင်း ကျွန်တော့်ကို စကားမပြောဘဲကြည့်နေခဲ့လေသည်။

ကျွန်တော် စီးကရက်ကို ပါးစပ်တွင်ခဲထားရင်း မျက်မှောင်ကြုတ်ကာ သူဝင်နိုင်ရန်အတွက် နေရာပေးရန် ဘေးသို့ ဖယ်ပေးလိုက်သည်။

နွေရာသီချိန်ဖြစ်ကာ ဤနေရာက သူ့အိမ်ကဲ့သို့မဟုတ်ပေ။ အဲယားကွန်းမရှိဘဲ အစွန်းအထင်းများနှင့် ဖုန်တက်နေသည့် လျှပ်စစ်ပန်ကာဟောင်းသာရှိသည်။

ပန်ကာအဟောင်း လည်နေပုံကလည်း ဘယ်ချိန်မဆို ပြုတ်ကျတော့မည့်ဟန်ဖြင့် ယိုင်ထိုးနေ၏။

ယန့်ရန်က ကျွန်တော့်လက်ကိုဆွဲကာ မေးလာသည်။

“ကိုကို.. ဘာလို့အိမ်ပြန်မလာတာလဲ”

ကျွန်တော် တံခါးကိုပိတ်လိုက်ပြီး အိပ်ခန်းကိုညွှန်ပြလိုက်သည်။

“အိပ်တော့.. မနက်ဖြန်ကျရင် အိမ်ကိုမြန်မြန်ပြန်သွား”

ပြောပြီးနောက် ကျွန်တော် ဧည့်ခန်းကြမ်းပြင်ပေါ်လှဲလိုက်၏။ သူက ကျွန်တော့်ကိုကြည့်ပြီးနောက် အနားရောက်လာပြီး ကျွန်တော့်ဘေးတွင် လဲလျောင်းသည်။

“ကိုကို့ကို ကျွန်တော်လွမ်းနေတာ”

ကျွန်တော် ဆေးလိပ်ကုန်အောင်မသောက်နိုင်ခဲ့ပေ။ သူ့ကိုကျောပေးကာ တစ်ဖက်သို့လှည့်လိုက်၏။

သူသည် ကျွန်တော့်အနားသို့ အင်မတန်နီးကပ်သည့်အထိ ပူးကပ်လာသည်။ နွေးထွေးပြီး မွန်းကြပ်ကာ အင်မတန်နေရခက်၏။

သူကပြောသည်။

“ကိုကိုက သူငယ်ချင်းအိမ်ကို သွားအိပ်တယ်လို့ အမေနဲ့အဖေကပြောတယ်.. ဒါပေမဲ့ တစ်ခုခုမှားနေပြီလို့ ကျွန်တော်တွေးမိလိုက်လို့”

သူက ကျွန်တော့်အနားကပ်နေပြီး စကားပြောသောအခါ သူ့မေးစေ့သည် ကျွန်တော့်ပုခုံးကိုပွတ်သပ်နေ၏။

“ကိုကို ဘယ်လိုလုပ်ပြီး ကျွန်တော့်ကိုလိမ်နိုင်ရတာလဲ.. ကိုကိုပြောတော့..ဒီနေရာကို ဖြိုချလိုက်ပြီဆို”

သူတွယ်ကပ်နေခြင်းက ကျွန်တော့်ကိုစိတ်ရှုပ်စေသဖြင့် ကျွန်တော်ထပြီး တခြားနေရာသို့ရွေ့ကာ လဲလျောင်းလိုက်သည်။

သူသည် ကျွန်တော်ဖြုတ်၍မရသည့် အမြီးနှင့်တူ၏။ ကျွန်တော်သွားသည့်နေရာတိုင်းကို သူလိုက်လာသည်။

ကျွန်တော် အိပ်ခန်းထဲကိုဝင်ခဲ့လိုက်သည်။ ကုတင်ပေါ်မှာ သူမအိပ်ချင်မှတော့ ကျွန်တော်အိပ်မည်။ သူ့ဟာသူ ကြိုက်သည့်နေရာ အိပ်ပါစေတော့။

ရလာဒ်အနေဖြင့် သူကပါ ကုတင်ပေါ်တက်လာသည်။ တစ်ယောက်အိပ်ကုတင်အဟောင်းက လူနှစ်ယောက်အိပ်လိုက်ရာ ကြပ်သွားတော့သည်။

ကျွန်တော်က စွပ်ကျယ်တစ်ထည်တည်း ဝတ်ထားပြီး ပက်လက်လှန်၍ ဆေးလိပ်သောက်သည့်အခါ ဆေးလိပ်ပြာများက ကျွန်တော့်အသားအရေပေါ် တိုက်ရိုက်ကျဆင်းလာသည်။

ယန့်ရန်က ဘေးတစောင်းလှဲကာ ကျွန်တော့်ကိုယ်ပေါ်မှ ဆေးလိပ်ပြာမှုန့်တွေကို မှုတ်ထုတ်ရင်း ပြောလာ၏။

“ကိုကိုအိမ်မပြန်ရင် ကျွန်တော်လည်းအိမ်မပြန်ဘူး”

သူသည် ကျွန်တော့်ပုခုံးပေါ်တွင် ခေါင်းတင်လျှက်

“ကျွန်တော် ဒီနေရာကို သဘောကျတယ်.. ဒီမှာ ကိုကိုနဲ့အတူတူနေချင်တယ်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment