ကျွန်တော်နာမည်ကို ယန့်ရွှမ်းဟု ပြောင်းခဲ့၏။ “ဖုန်းဟယ်ရိရွှမ်း” [လေပြေအေးအေး၊နေခြည်နွေးနွေး] ထဲက "ရွှမ်း"ဟူသော စာလုံးကို ယူပြီး ကျွန်တော့်ကို ငရဲပြည်ကနေ နေရောင်အောက်ကို ပြန်ဆွဲခေါ်ခဲ့တာ ဖြစ်သည်။
ဝမ်းနည်းစရာကတော့ ထိုနာမည်က ကြည့်ရုံဖြင့်ပင် ကျွန်တော်က ယန့်ရန်၏ ဇာတ်ပို့သက်သက်၊ သူ့ကြီးမြတ်မှုကို နှိုင်းယှဉ်ပြဖို့ အသုံးချခံပစ္စည်း တစ်ခုဆိုတာ ဘယ်သူမဆို သိနိုင်နေတာပင်။
သို့ပေမဲ့ သူတို့က ဒီနာမည်ကို ကြိုက်ရဲ့လားဟု မေးသည့်အခါ ကျွန်တော်က ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းပြရရုံမက လူနှင့်တူသော နာမည်တစ်ခု ပေးခဲ့သည့်အတွက် သူတို့ကို ကျေးဇူးတင်ခဲ့ရသေးသည်။
ကျွန်တော်ပြောလိုက်၏။
"ဟုတ်ကဲ့… ဒီနာမည်ကို အရမ်းကြိုက်ပါတယ်"
ထိုအချိန်ကစ၍ ကျွန်တော့်ကို အိမ်ထောင်စုစာရင်းထဲကို ထည့်သွင်းခဲ့ပြီး မှတ်ပုံတင်ထားသော 'ယခင်နာမည်' ကိုလည်း 'ယန့်ရန်' ကနေ 'ယင်းမင်'အဖြစ် ပြောင်းလဲခဲ့ရသည်။
သို့ဖြင့် ကျွန်တော် တစ်ချိန်က ယန့်ရန် ဖြစ်ခဲ့ဖူးသော အထောက်အထားတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရတော့လေသည်။
ဤအကြောင်းဘာမှမသိသော ယန့်ရန် ကတော့ ကျွန်တော်ထက်တောင် သည်နာမည်သစ်ကို ပိုကြိုက်ပုံရသည်။ သူက ဆိုဖာပေါ်မှာ ပက်လက်လှန်ရင်း အိမ်ထောင်စုစာရင်းစာအုပ်ကို ထပ်ခါတလဲလဲ ကြည့်နေ၏။ မသိလျှင်အထဲကနေ အသစ်အဆန်းတစ်ခုခု ခုန်ထွက်လာမည့်နှယ်ပင်။
***********
နာမည်အသစ်၊ အဝတ်အထည်အသစ်တွေနှင့် ကျွန်တော့်ကိုတော့ အဖေက ကျောင်းအသစ်ကို ခေါ်သွားသည်။
အဲ့ဒီအချိန်တုန်းက ကျွန်တော် ဘယ်လိုပုံပေါက်နေခဲ့လောက်မလဲ။
ဆင်းရဲသားရပ်ကွက်ကနေ ထွက်လာသည့် လောကအကြောင်း ဘာမှမသိသော ငတုံးငအလိုဖြစ်နေလောက်မည်။ စိုစွတ်၊ ကျဉ်းမြောင်း၊ မှောင်မိုက်သည့်လမ်းတွေကို ဘေးတစောင်း လျှောက်ကျင့်ရှိခဲ့သော ကျွန်တော်က အခုလို ကျယ်ပြောလှသော ကျောင်းဝင်းထဲက နူးညံ့သည့် ပလက်စတစ်လမ်းကြောင်းပေါ်ကို ခြေချလိုက်ရသည့်အခါ နည်းနည်းတော့ နေရာမကျသလို ခံစားရသည်။
အဝတ်အသစ်တွေက ကျွန်တော့်အရိုးတွေပေါ်မှာ ပေါက်နေသော ရေညှိတွေကို ဖုံးကွယ်မထားနိုင်ချေ။ ယန့်ရန်နှင့် တံဆိပ်တူ ဖိနပ်စီးထားလျှင်တောင်မှ ကျွန်တော်လျှောက်သောလမ်းက သူနှင့်တူမည်မဟုတ်။
ကျွန်တော် ကျောင်းအပ်သည့်နေ့က ယန့်ရန် က စာသင်ခန်းထဲမှာဖြစ်သည်။ အဖေကပြောလာ၏။
"အနောက်ဘက်ကို ကြည့်"
သူညွှန်ပြသောဘက်ကို ကျွန်တော်ကြည့်လိုက်သည်။ ဘောလုံးကွင်းကတဆင့် ဘတ်စကတ်ဘောကွင်းကိုကျော်သော် တစ်ဖက်မှာ တန်းစီနေသော အဖြူရောင်အဆောက်အအုံတွေကို တွေ့ရသည်။
"ယန့်ရန်က ဟိုဘက်မှာ စာသင်နေတာ"
အနှီမူလတန်းကျောင်းအဆောက်အဦးက ကျွန်တော်စာသင်ရမည့် အဆောက်အဦးနှင့် မီတာရာဂဏန်းပဲ ကွာခြားသည်။
"မင်းတို့နှစ်ယောက် ကျောင်းတက်ချိန်ကအတူတူပဲ။ဒါပေမဲ့ မင်းက သူ့ထက် နာရီဝက်နောက်ကျပြီးမှ ကျောင်းဆင်းမှာ"
အဖေက ပြောသည်။
" ခုကစပြီး အဖေ မင်းတို့ကို နေ့တိုင်း လာကြိုမယ်။ နောက်ဆို ယန့်ရန်က ကျောင်းဆင်းရင် မင်းဆီလာရှာလိမ့်မယ်"
ကျွန်တော် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
သည်ကျောင်းကိုဝင်ဖို့ အဖေ ဘယ်လောက်ကုန်ခဲ့လဲတော့ ကျွန်တော် မသိ။ သို့သော်လည်း နောက်ပိုင်း ကြားရတာက အလယ်တန်းကျောင်းပြောင်းရွှေ့ကြေးက ပိုများကာ ယွမ်တစ်သောင်းကျော်လောက် ရှိမည် ထင်ရသည်ဟု။
သို့ပေမဲ့ ဤကိစ္စကြောင့် ကျွန်တော်ကတော့ သူ့အပေါ် ဘာအထင်အမြင်ကောင်းမှ မရှိလာဘဲ ပိုတောင် မုန်းတီးမိသေးသည်။
သူ့အတွက်တော့ ယွမ်တစ်သောင်းကို သည်လိုမျိုး လွယ်လွယ်လေး ပစ်ထုတ်နိုင်ပေမဲ့ ကျွန်တော်နှင့် အမေအတွက်ကျ ထောက်ပံ့ကြေးကိုတောင် နည်းနည်းလေးတောင်မျှ ပိုမပေးချင်ခဲ့ပေ။
သူ့အတွက်တော့ ကျွန်တော်တို့နှစ်ယောက်က ရွှံ့လောက်တောင် တန်မည်မဟုတ်လောက်။
စဉ်းစားလေလေ ပိုမုန်းလေလေဖြစ်ကာ ပိုမုန်းလေလေ သူ့ကို သေစေချင်လေလေပင်။ သို့ငြား သူပြောတာ တစ်ခုတော့ မှန်သည်။
စုတ်ပြတ်သတ်နေသောကျောင်းမှာ တက်ခဲ့သောကျွန်တော်နှင့် သည်ကျောင်းက မလိုက်ဖက်ချေ။
သည်က နေရောင်ခြည်ကတောင်မှ ကျွန်တော့်အရင်ကျောင်းထက် ပိုတောက်ပပုံရနေသည်။တောက်ပလွန်း၍ ထိုင်နေရင်း မျက်စိတွေပင် ကျိန်းလာရ၏။
ပထမဆုံးကျောင်းတက်သည့်နေ့မှာ ကျွန်တော်က နောက်ဆုံးတန်းမှာ ထိုင်ခဲ့ရသည်။ အကြောင်းမူ ကျန်သောလူတွေ၏ ထိုင်ခုံတွေကို သူတို့ ဝင်ခွင့်ရမှတ်အလိုက် စီစဉ်ထားတာမို့ပင်။ ကျွန်တော်ကမူ ခြွင်းချက်ဖြစ်လေရာ ဤ နေရာမှာပဲ ထိုင်လို့ရသည်။
ကျွန်တော့်အတန်းဖော်တွေကတော့ အတော်လေးဖော်ရွေသည်။ ကျွန်တော်နားမှာ ထိုင်သည့်သူတွေက အရင်စပြီး စကားပြောကြ၏။
ကျွန်တော့်မှာတော့ သူတို့နှင့် ပြောစရာ စကား မရှိချေ။ သူတို့ ပါးစပ်ဖွင့်လိုက်တာနှင့်ပင် ကျွန်တော်က သူတို့နှင့် ကမ္ဘာချင်းမတူဘူးဆိုတာ သိလိုက်ရပေသည်။
သူတို့ ဘာတွေပြောကြတာများလဲ။
ပြီးခဲ့သည့်အားလပ်ရက်မှာ ဘယ်နိုင်ငံကို ခရီးသွားခဲ့ကြောင်း။
စနေ၊ တနင်္ဂနွေမှာ စန္ဒယားသင်ပြီးလျှင် ပန်းချီဆွဲတာကို သင်ရကြောင်း။
အဆိုတော်တစ်ယောက်၏ အယ်လ်ဘမ်အသစ်အကြောင်း။
သူတို့ ဘယ်ဆုတွေ ရခဲ့ကြောင်း။
ကျွန်တော်ကရော….။
ကျွန်တော် ဘယ်မှမရောက်ဖူးသလို၊ ဘာပညာရပ်မှ မဆည်းပူးခဲ့။ ဘယ်အဆိုတော်တစ်ယောက်ကိုမှ မသိသလို ဘယ်ဆုမှလည်း မရဖူးပါချေ။
သို့ပေမဲ့ အရေးမကြီး။ ဒါတွေက ကျွန်တော်ဂရုစိုက်သည့်အရာတွေ မဟုတ်။
ထိုနေ့ကမူ စာသင်တာကို ကျွန်တော်နားထောင်ဖို့ ခက်ခဲခဲ့၏။ ပြီးခါမှ ရုတ်တရက်ပင် ဆရာမက
ဖတ်စာအုပ်ထဲက အရာများစွာကို လိုရင်းတိုရှင်း ပြောနေတာဖြစ်မှန်း ကျွန်တော်သိလိုက်ရချေသည်။
နောက်မှ ကျွန်တော်ရှေ့က ကောင်မလေးကို မေးကြည့်တော့ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေဟာ ကျောင်းပိတ်ရက်တွေမှာ ကျူရှင်တွေတက်ပြီး စာအုပ်ထဲက အကြောင်းအရာတွေကို သင်ယူပြီးသားဟု ယူဆထားကြတာမို့ အခုစာသင်ခန်းထဲမှာ
လိုရင်းတိုရှင်းခေါင်းထဲရောက်အောင် သင်ပေးနေတာမှန်း သိလိုက်ရသည်။
ဒါက ကျွန်တော်တစ်ခါမှ မကြားဖူးသော ကိစ္စပင်။
ကျွန်တော့်ကို စိန်ခေါ်ခံရစေသလိုမျိုး အရာတစ်ခုခု ရှိခဲ့သလား မေးလျှင်တော့ ဒါပဲဖြေရလိမ့်မည်။
ကျွန်တော်က ဥာဏ်ကောင်းသည့် လူတစ်ယောက် မဟုတ်ဘူးဆိုတာကိုရော၊ အဖေကလည်း ကျွန်တော့်ကို ကောင်းမွန်သည့် ရမှတ်တွေ ရလိမ့်မည်ဟု မမျှော်လင့်ထားဘူးဆိုတာကိုရော သိပေမဲ့ ဒီကဏ္ဍမှာတော့ အနည်းဆုံး ယန့်ရန်ထက် ပိုသာချင်သည်။ ကျွန်တော် တကယ်ပဲ အသုံးမကျသည့်လူလိုမျိုး သူတို့ဆီကနေ အထင်အမြင်သေးတာကို မခံချင်ပေ။
လေ့ကျင့်ခန်းစာအုပ်ထဲက မေးခွန်းတွေကို ကြည့်လိုက်ရင်း ကျွန်တော် ခေါင်းကိုက်လာသည်။ ဘာတစ်ခုမှလည်း မလုပ်တတ်ချေ။
ကျောင်းဆင်းတော့ တခြားသူတွေ အကုန်ပြန်သွားကြပြီ ဖြစ်သည်။ ကျောင်းတာဝန်ကျသည့် ကျောင်းသား နှစ်ယောက် သုံးယောက်ပဲ ကျောက်သင်ပုန်းသုတ်၍ကြမ်းပြင်ကို လှည်းကျင်းနေ၏။ ကျွန်တော်ကတော့ နေရာမှာ ထိုင်ရင်း လေ့ကျင့်ခန်းစာအုပ်ကို ငေးကြည့်နေတုန်းပင်။
ရုတ်တရက် တံခါးဝကနေ တစ်ယောက်ယောက်က ကျွန်တော့်ကို လှမ်းခေါ်လာသည်။ မော့ကြည့်လိုက်တော့ ယန့်ရန်ကို တွေ့ရသည်။ သူက ဝင်လာဖို့ ကြိုးစားနေပေမဲ့ မရဲပေ။
သူက ကျွန်တော့်ကို လက်ပြပြီး အော်ခေါ်လာသည်။
"ကိုကို! ကျောင်းဆင်းပြီလေ အိမ်ပြန်ကြရအောင်!"
ထိုအချိန်တုန်းက ယန့်ရန်က ငယ်ငယ်လေးနှင့် ပုပုလေးပင် ရှိသေးသည်။ ကျောပိုးအိတ်လွယ်၍ ကျောင်းယူနီဖောင်းနှင့်အတူ ကျွန်တော့်စာသင်ခန်းရှေ့ရပ်နေသည်မှာ အရုပ်လေးနှင့်ပင် တူသေး၏။
ကျွန်တော် သူ့ကို အေးစက်စက်ကြည့်လိုက်ရင်း လက်ချောင်းကြားမှာ လေ့ကျင့်ခန်းစာရွက်ကို ဆုပ်ထားမိသည်။
သတိပြန်ဝင်လာတော့ စာရွက်က ကျွန်တော့်လက်ထဲမှာ စုတ်ပြဲသွားချေပြီ။
"ပြန်ကြမယ်"
ကျွန်တော် ပစ္စည်းတွေ သိမ်းပြီး ထရပ်လိုက်သည်။ တံခါးရောက်တော့ သူ့ကို ပြုံးပြပြီးပြောလိုက်၏။
"စောင့်ရတာ ကြာနေပြီလား"
ယန့်ရန်က ကျောပိုးအိတ်ကြိုးနှစ်ဖက်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ရင်း မျက်လုံးထောင့်စွန်းတွေမှာ နေဝင်ဆည်းဆာအလင်းတန်းတစ်ခု ဖြာထွက်လာသည့်အထိ ပြုံးလာသည်။
သူက ဆို၏။
"ကြာလှပြီ။ ဒါပေမဲ့ ကိုကို့ကို စောင့်ရတာ ဝမ်းသာတယ်!"
ကျွန်တော့်ကို စောင့်ရတာ ဝမ်းသာတယ်တဲ့လား။
ဟုတ်တာပေါ့…သူက ကျွန်တော့်ကို အမြဲစောင့်ဆိုင်းဖို့ ဆန္ဒရှိခဲ့တာ။
ထိုနေ့ကစပြီး သူ ကျွန်တော့်ကို နေ့တိုင်းစောင့်ခဲ့သည်။
အစတုန်းကတော့ ကျောင်းမှာ ကျောင်းဆင်းချိန်စောင့်ပေးခဲ့တာ ဖြစ်ကာ နောက်ပိုင်း သူကြီးလာတော့ ညဘက် အိပ်ရာပေါ်မှာ သူ့ကို ကျွန်တော် လုပ်တာခံဖို့ စောင့်နေပေးခဲ့လေသည်။
ဒါတွေအားလုံး သူ့သဘောတိုင်း လုပ်တာပင်။ ကျွန်တော် ဘယ်တုန်းကမှ သူ့ကို ဖိအားပေးခဲ့တာ မဟုတ်ရ။