《အိမ်ပေါ်မှနှင်ချခံရခြင်း》
မေမေစုက Manchu Han Imperial Feast စားသောက်ပွဲလိုဟင်းပွဲတွေအများကြီးတော့မချက်ထားပေမယ့် ထမင်းစားပွဲတစ်ခုလုံးအပြည့်နီးပါးလောက်တော့ချက်ပြုတ်ထားခဲ့သည်။
သူ့သားပြန်ရောက်လာတာကိုတွေ့တာနဲ့ သူမလည်းမီးဖိုချောင်ထဲကထွက်လာခဲ့သည်။သူ့သားပြန်လာပြီဆိုတော့ ချွေးမလေးလည်းပါလာလောက်မယ်ထင်ပါရဲ့.....သို့သော် သူမဖုန်းရှင်းလန်ကိုတွေ့လိုက်ရတဲ့ တစ်ခဏမျက်လုံးတွေပြူးကျယ်ကုန်သည်။
"ဥက္ကဌဖုန်းက ဒီအိမ်ကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ မသိဘူး"
ဖုန်းရှင်းလန် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကိုတွေ့လိုက်ရသည့်နှယ် အလွန်စိတ်ဝင်စားသွားသည်။
"စုပေကပြောတယ် ခင်ဗျားကကျွန်တော့်ကိုညစာတူတူစားဖို့အိမ်ကိုဖိတ်ခဲ့ပါ လို့ သူ့ကိုမှာလိုက်တယ်တဲ့"
မေမေစုအတွေးပေါင်းစုံဖြတ်သမ်းသွားသည်။ သူမရဲ့မသိစိတ်ထဲကနေလည်းအော်ပြောနေသေးသည်။
"မဟုတ်ဘူး! ငါသူ့ကို နင်ကြိုက်နေတဲ့မိန်းကလေးကိုညစာတူတူစားဖို့အိမ်ခေါ်ခဲ့လို့ သေချာရှင်းရှင်းလင်းလင်းကိုပြောလိုက်တာ"
မေမေစု တစ်ခုခုမှားယွင်းနေသလိုခံစားလိုက်ရသည်။ သူမမှားယွင်းနေတဲ့အရာကိုသတိပြုမိလိုက်တဲ့အခါမှာ သူမမျက်နှာဖြူစုတ်သွားသည်။
သေချာသည် သူမသားဖုန်းရှင်းလန်ကိုအိမ်ခေါ်လာတာက သူမပြောလိုက်တဲ့ချွေးမကိုအိမ်ခေါ်လာဆိုတဲ့အဓိပ္ပါယ်နှင့်ညီမျှနေသည်။ ဒါဆို.............
မေမေစုထိုနေရာမှာတင်တောင့်ခဲပြီးသတိလွတ်သွားသည်။
စုပေ သုန်သုန်မှုန်မှုန်နှင့်စူပုတ်နေသည့်ဖုန်းရှင်းလန်အတွက်ထိုင်ဖို့ခုံဆွဲထုတ်ပေးလိုက်သည်။
"မစ္စတာဖုန်း စိတ်မရှိပါနဲ့"
ဖုန်းရှင်းလန်ခုံမှာဝင်ထိုင်ပြီး စားပွဲပေါ်ကဟင်းပန်းကန်တွေကိုမျက်စိဝေ့ကြည့်လိုက်သည်။
"ဘယ်ဟင်းခွက်ကမင်းချက်ထားတာလဲ"
စုပေ မနည်းကြိုးစားပြုံးလိုက်ရသည်။
"ကျွန်တော် မချက်တတ်ဘူးလေ"
ဖုန်းရှင်းလန် သူ့လက်ချောင်းလေးတွေကိုစားပွဲပေါ် စည်းဝါးကျကျမှန်မှန်ကန်ကန်တီးခေါက်နေသည်။သူတစ်ခါတီးခေါက်လိုက်တိုင်း စုပေနှလုံးသားလေးလည်းပိုပိုခုန်လာသည်။ချီးပဲ!! သူ့နှလုံးသားပြုတ်ကျတော့မလိုတောင်ခံစားလာရသည်။
နောက်ဆုံးမှာတော့ မေမေစုဟာသူ့ရဲ့မွေးရကျိုးမနပ်တဲ့သားလေးစိတ်ဒုက္ခရောက်နေတာကိုမြင်မှသတိပြန်ဝင်လာသည်။
"မစ္စတာဖုန်း သူကမီးဖိုချောင်ထဲကပစ္စည်းတစ်ခုခုပေါက်ကွဲအောင်လုပ်ဖို့ပဲတတ်တာ ကျန်တာဘာမှမလုပ်တတ်ဘူး။အကယ်၍ သူချက်တာကိုပဲစားချင်တယ်ဆိုရင်တော့ ဟို....ဟင်း!!"
"ဒါမှမဟုတ် မစ္စတာဖုန်းက ကျွန်မချက်တာတွေကအရသာမရှိဘူးလို့ထင်လို့လား အဲ့ဒါဆိုရင်တော့ ကျွန်မအပြင်စားသောက်ဆိုင်ကနေလှမ်းမှာပေးပါ့မယ် ဒီလောက်ဆိုလုံလောက်လား"
ဖုန်းရှင်းလန် စားပွဲခုံကိုတီးခေါက်နေသည့်အမူအရာကိုရပ်တန့်လိုက်သည်။
"အဆင်ပြေပါတယ် မစ္စစုချက်တဲ့အိမ်ဟင်းထမင်းကိုစားခွင့်ရတဲ့အတွက်လည်း ကျွန်တော်အလွန်ပျော်ရွှင်မိပါတယ် ကျေးဇူးပါ"
ညစာစားနေတဲ့အတောအတွင်း လေထုကတစ်မူထူးခြားနေတဲ့အတွက် စုပေကတော့ သူ့ခန္တာကိုယ်ကိုအပ်သေးသေးလေးတွေနဲ့အထိုးခံနေရသလို ခံစားလာရသည်။
နောက်ဆုံး ဖုန်းရှင်းလန်ညစာ စားသောက်ပြီးလို့အိမ်ပြန်သွားတဲ့အခါ မေမေစု၏အော်သံကြီးကကျားဟိန်းသလိုထွက်ပေါ်လာသည်။
"စုပေ!! မင်းဖင်ကိုရွှေ့ ပြီးဒီနားကိုလာထိုင်စမ်း ဘယ်နေရာကိုမှရွှေ့သွားမယ်မကြံနဲ့!!"
စုပေတုန်လှုပ်သွားသည်။သူရှက်ကိုးရှက်ကန်းဖြစ်နေသည့်လေသံလေးနှင့်သူမကိုပြန်ပြောသည်။
"အမေကလည်း ကျွန်တော်ရေသွားချိုးတော့မလို့"
မေမေစုစားပွဲခုံကိုတဒုန်းဒုန်းမြည်အောင်ထုလိုက်သည်။
"ပြန်လာခဲ့စမ်း!!"
စုပေသူ့အမေဘေးနားသွားထိုင်လိုက်တာနဲ့ သူမကတန်းပြီးစုပေနားရွက်ကိုဆွဲလိမ်ပစ်သည်။
"မင်းကတော်တော် တော်နေတတ်နေတတ်ပေါ့ဟမ်! မင်းကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်တွဲနေတာကိုငါဒီတိုင်း တွဲချင်တွဲပါစေဆိုပြီးလွှတ်ထားမိတာ အခုတော့မင်းက ဖုန်းရှင်းလန်ကအစမျက်စိကျပြီးတွဲဖို့ကြံစည်နေတယ်ပေါ့!!မင်းရူးသွားပြီလား!!"
စုပေနာလွန်းလို့အော်သံတွေထွက်လာသည်။
"အမေရေ တော်ပါတော့ နာတယ်! နာတယ်!! ရပ်ပါတော့! ကျွန်တော်တကယ်မရူးသွားပါဘူး တကယ်ပြောတာပါ"
နောက်ဆုံးမှာတော့ မေမေစု စုပေနားရွက်ကိုလွှတ်ပေးလိုက်သည်။
"အမေ့ကိုအမှန်အတိုင်းပြောစမ်းပါ မင်းဘာတွေဖြစ်နေတာလဲ"
ဒီမေးခွန်းက စုပေကိုတကယ်စိတ်အနှောက်အယှက်ပေးသည်။သူမကိုဘယ်လိုလုပ်အမှန်အတိုင်းပြောလို့ရမှာလဲ!!
မေမေစုကထပ်မေးသည်။
"မင်း ဟင်းချက်ဖို့ကြိုးစားတာ ဖုန်းရှင်းလန်ကြောင့်လို့တော့ငါ့ကိုလာမပြောနဲ့နော်"
စုပေသူမကိုမျက်လုံးချင်းစုံအောင်မကြည့်ရဲ....ဟိုလှည့်ဒီလှည်လုပ်ကာပြန်ဖြေသည်။
"အမေ ကျွန်တော်ရေမချိုးရသေးတာ ရက်တော်တော်ကြာပြီ ဒီ့အတွက်ကျွန်တော်တကယ်မအီမသာခံစားနေရတယ်"
မေမေစုတော်တော်စိတ်ဆိုးသွားသည်။သူမစုပေကိုတံခါးနားရောက်အောင်တွန်းပို့ပြီးပြောသည်။
"ငါပြောမယ် မင်းငါ့အတွက်ချွေးမကောင်းကောင်းတစ်ယောက်မရမချင်းအိမ်ပေါ်ကိုပြန်တက်မလာနဲ့ အခုချက်ချင်းအိမ်ပေါ်ကဆင်း!"
စုပေအိမ်ပေါ်ကမောင်းချခံလိုက်ရသည်။ဒါပေမယ့် သူဝမ်းမနည်းပါဘူး။ ဘာလို့လည်းဆိုတော့ သူဖုန်းရှင်းလန်အိမ်ကိုသွားနေဖို့အစတည်းကစဥ်းစားထားပြီးသား.....
ဘယ်လိုအကြောင်းပြချက်နဲ့ဖုန်းရှင်းလန်အိမ်သွားနေရမလဲ မသိသေးတာ... ကံတော်တော်ကောင်းနေတယ်ထင်ပါ့ မမျှော်လင့်ဘဲမေမေစုကသူ့ကိုဒုတိယအကြိမ်အကူအညီပေးလိုက်ပြန်ပြီ အစကညစာ.....အခုသူ့အိမ်သွားနေခွင့်.....
ထိုသို့တွေးရင်း စုပေသူ့အမေအတွက်တော့နည်းနည်းစိတ်မကောင်းဖြစ်သွားပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ လောလောဆယ်တော့ သူ့ mission ကပိုအရေးကြီးနေသည်လေ။ထို့ကြောင့် စုပေသူမအပေါ်ဆုတောင်းပေးယုံတာတတ်နိုင်တော့သည်။
စုပေသွားရင်းလမ်းမှာပန်းစည်း တစ်စည်းလောက်ဝင်ဝယ်ရဦးမည်။ပြီးတော့မှ ဖုန်းရှင်းလန်အိမ်ရှိရာသို့ သွားမည်။ ဖုန်းရှင်းလန်အိမ်သွားပြီး သူ့ကိုတည်းခိုခွင့်ပေးပါလို့သွားမေးမယ့်ဟာ မျက်နှာပြောင်တိုက်ပြီးလက်ဗလာနဲ့သွားလို့တော့မကောင်းဘူးမလား.....
ဒါပေမယ့် သူငွေရှင်းတဲ့အချိန်မှာ သူ့ ဘဏ်ကတ်တွေတစ်ကတ်မှသုံးလို့မရတော့ဘူး! ဘယ်သူရှိမလဲ သူ့အမေလက်ချက်ပဲနေမှာပေါ့... ကုန်ကုန်ပြောရရင် စုပေ ပန်းဝယ်ဖို့နေနေသာသာ taxi ငှားစီးဖို့တောင်ပိုက်ဆံမရှိတော့ဘူး!!
နောက်ဆုံးတော့ သူ သုခဘုံစံအိမ်တော်ကိုလမ်းလျှောက်သွားလိုက်ရသည်။ mission အတွက်ဆိုတော့လည်း သည်းခံရမှာပေါ့.....
သုခဘုံစံအိမ်တော်ကမြို့ပြင်ကတောင်ကုံးပေါ်မှာတည်ရှိတဲ့အတွက် စုပေထိုနေရာကိုရောက်ဖို့ နှစ်နာရီကျော်ကျော်လမ်းလျှောက်လိုက်ရသည်။ စုပေစံအိမ်တော်တံခါးဝရောက်တာနဲ့ချက်ချင်းလဲကျသွားသည်။
အဓိကအချက်ကအခုချိန် ဖုန်းရှင်းလန်အိမ်မှာမရှိသေးဘူး!!
စုပေတံခါးရှေ့မှာသနားစဖွယ်ဆောင့်ကြောင့်ထိုင်ရင်း ဖုန်းရှင်းလန်အိမ်ပြန်လာတဲ့အချိန်ထိ စောင့်နေဖို့ပဲတတ်နိုင်တော့တယ်။ပတ်ဝန်းကျင်က တစ်ဖြည်းဖြည်းနဲ့မှောင်လာပြီ။စုပေ အရမ်းချမ်းနေသလိုအလွန်အမင်းပင်ပန်းလာသည်။သူ့မျက်လုံးတွေတဖြည်းဖြည်းမှိတ်နေတာကိုတောင် ပြန်မဖွင့်နိုင်တော့ဘူး။
ဖုန်းရှင်းလန်အလုပ်တွေအကုန်လုပ်ပြီးလို့အိမ်ပြန်လာတဲ့အချိန် တစ်စုံတစ်ယောက်သူ့အိမ်ရှေ့မှာဆောင့်ကြောင့်ထိုင်စောင့်နေတာကိုတွေ့လိုက်ရသည်။
ဆံပင်အဝါရောင်ဆိုးထားတဲ့ခေါင်းလေးကခေါင်းကိုငိုက်ငိုက်ကျနေတယ်။သူ့မျက်လုံးလေးတွေကလည်းမှိတ်လို့....သူ့ပုံစံကြည့်ရတာ ပိုင်ရှင်မရှိတဲ့ခွေးလေးနဲ့တူတယ်။အလွန်အမင်း ဒုက္ခဆင်းရဲရောက်ခဲ့ရတဲ့ခွေးလေးတစ်ကောင်လိုလို...........
ဆူညံသံအနည်းငယ်ကြားလိုက်ရတဲ့အခါမှာ စုပေချက်ချင်းခေါင်းထောင်ပြီး စကားလှမ်းပြောသည်။
"အမေကကျွန်တော့်ကိုအိမ်ပေါ်ကနှင်ချလိုက်ပြီ ဒါကြောင့်ကျေးဇူးပြုပြီးကျွန်တော့်ကိုအိမ်ထဲခေါ်သွင်းပါလားဟင်"
ဒီအချိန်မှာ စုပေကတကယ့်ခွေးလေးတစ်ကောင်ရဲအမူအရာနဲ့တူသည်ဟု ဖုန်းရှင်းလန်တွေးလိုက်သည်။အကယ်၍စုပေမှာသာ အမြီးရှိခဲ့ရင် အခုအချိန်မှာသူ့အမြီးလေးကိုပြင်းပြင်းထန်ထန်လှုပ်ရမ်းပြနေလောက်သည်။
"ငါ့အိမ်က ဒုက္ခသည်စခန်းမဟုတ်ဘူး"
ဖုန်းရှင်းလန်သူ့နဂိုအေးစက်စက်မျက်နှာထားကိုတစ်စက်မှမပြောင်းလဲဘဲပြောလိုက်သည်။