no

Font
Theme

အပိုင်း ၁၀

“ယောက္ခမကြီးက အီယွန်းအတွက် အရေးကြီးတဲ့သူလား။”

“...အင်း၊ ဒီလိုပဲ ပြောရမလား။”

အီယွန်း၏ မျက်နှာကို စိုက်ကြည့်နေသော ဂွမ်ချယ်ဝူက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကိုယ့်အနေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံရမဲ့သူပေါ့။”

“ဟင့်အင်း၊ အဲ့ဒီလောက်အထိတော့...”

စကားမဆုံးမီ သူက ချူဂျာဘက်သို့ ခေါင်းလှည့်သွားသည်။

“ယောက္ခမကြီး၊ တောင်းပန်ပါတယ်။ လက်ထပ်ခါနီးတုန်းက ပေးခဲ့တဲ့ ကတိကို မတည်နိုင်တော့ပါဘူး။”

“သိတယ်။ ညစ်နွမ်းသွားတဲ့အချိန်ကတည်းက သိနေခဲ့တာပဲ။”

ချူဂျာက သဘာဝကျကျလေး ပြန်ပြောခဲ့သည်။

“အီယွန်းက ကျွန်တော့်ကို ကြင်နာတတ်ပြီး ယဉ်ကျေးတယ်လို့ ပြောပါတယ်။”

“ဟုတ်တယ်၊ အဲ့ဒီလိုပဲ။”

ချူဂျာက အီယွန်းနှင့် မျက်လုံးချင်းဆုံကာ အဓိပ္ပာယ်ပါသောအပြုံးဖြင့် ရယ်ပြခဲ့သည်။ ပရိယာယ်ကြွယ်လှသော ထိုအပြုံးထဲတွင် 'နင့်လိုအနေအထားမျိုးနဲ့ တော်တော်လေးကို ကောင်းကောင်းမွန်မွန် ဆွဲဆောင်နိုင်ခဲ့တာပဲ' ဟူသော အဓိပ္ပာယ်ပါရှိနေသဖြင့် အီယွန်းလည်း မျက်နှာတွေပူလာသလို ခံစားရတော့၏။

“အီယွန်းမှတ်မိတဲ့ခင်ပွန်း ဖြစ်လာဖို့ကတော့ အချိန်နည်းနည်းကြာမယ်ထင်ပါတယ်။”

“သိတယ်။ နားလည်တယ်လို့။”

“ဒါပေမဲ့ အကြာကြီးတော့ ကြာမှာမဟုတ်ပါဘူး။ ဆရာဝန်ရဲ့စကားအရဆိုရင်၊ နဂိုပုံစံအတိုင်းပြန်ဖြစ်ဖို့ အရှိန်အဟုန်ကျန်နေသေးလို့ သိပ်မခက်ခဲလောက်ဘူးဆိုပြီး ပြောခဲ့လို့ပါ။”

အီယွန်း တုန်လှုပ်သွားသည်ကို ချူဂျာတစ်ယောက် နေရာမှနေ၍ အင်မတန် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

“အီယွန်း၊ ဒါဆို ကိုယ် ဘယ်တော့စပြီး အလုပ်ဆင်းရမလဲဟင်။”

“အလုပ်...ဆင်းမလို့ပေါ့လေ။”

အီယွန်း မျက်လုံးပြူးသွားသောအခါ ဂွမ်ချယ်ဝူက မျက်မှောင်ပြန်ကြုတ်လိုက်သည်။

“ဒီအတောအတွင်း တစ်ယောက်တည်း ဒုက္ခခံခဲ့ရတာကို မခံပြင်းဘူးလား။”

“မဟုတ်ဘူးလေ၊ အဲ့ဒီလိုဆိုပေမဲ့လည်း...။ လုံလုံလောက်လောက် နားလို့ရပါတယ်။ ဂွမ်ချယ်ဝူက ပြန်နာလန်ထူဖို့ အာရုံစိုက်နေတဲ့အချိန်မှန်း နားလည်ပါတယ်ရှင့်။ အဲ့ဒီလိုမှ ကျွန်မလည်း စိတ်ဖြောင့်လက်ဖြောင့် ရှိနိုင်မှာမို့လို့...”

အီယွန်းတစ်ယောက် ချွေးစိုနေသော လက်ဖဝါးများဖြင့် ဘောင်းဘီမျက်နှာပြင်ကို ပွတ်လိုက်သည်။

“ချယ်ဝူ။”

“ရှင်။”

ရုတ်တရက် ဂွမ်ချယ်ဝူက ဆိုဖာခုံနောက်ကျောပေါ် လက်တင်ကာ ခေါင်းကိုမှီချလိုက်သည်။

“ချယ်ဝူပါ။”

“...”

“ချယ်ဝူလို့ ခေါ်ပေးပါ။”

မျက်လုံးချင်း တည့်တည့်စိုက်ကြည့်ရင်း ပြောလာသည့် တောင့်တောင့်တတလေသံက ကျောချမ်းချင်စရာပင်။ ခေါင်းငုံ့ကာ မျက်လုံးကို အပေါ်သို့လှန်ပြီး စိုက်ကြည့်နေသောကြောင့် မျက်သားဖြူများ ပေါ်နေသည်မှာ ကြောက်စရာကောင်းလှ၏။

အီယွန်းလည်း လည်ပင်းတွင် ဓားထောက်ခံထားရသလို တောင့်တင်းသွားတော့သည်။ ဂွမ်ချယ်ဝူက ဖြူဖျော့သွားသော အီယွန်း၏ မျက်နှာကို မြင်ရသည်တွင် ရုတ်တရက် သူ့လက်မောင်းပေါ်သူ မျက်နှာကိုအပ်လိုက်သည်။ သို့သော် ပင့်ထားသော မျက်ခုံးအစွန်းကိုမူ မဖုံးကွယ်နိုင်ဘဲ ထင်ရှားစွာ မြင်နေရ၏။

“အခု ကိုယ့်ကို ယောက်ျားလို့တောင် မမြင်တော့ဘူးလား။”

ဘာကြောင့်မှန်းမသိ၊ လက်ချောင်းတစ်ချောင်းပင် မလှုပ်ရှားနိုင်ခဲ့ပေ။ ခဏတာ ခံစားလိုက်ရသော အငွေ့အသက်က တောင်ထဲ၌ ပထမဆုံး မျက်လုံးချင်းဆုံခဲ့စဉ်အချိန်ကို ပြန်လည်အမှတ်ရသွားစေခဲ့သည်။

ဂွမ်ချယ်ဝူက ခေါင်းပြန်မော့ကာ သူ့နားထင်သူ လက်ညှိုးဖြင့်ဖိလိုက်၏။

“ကိုယ်က ခေါင်းထဲမှာ တစ်ခုတည်းအပြင်မရှိတဲ့ အသုံးမကျတဲ့ကောင်ပါ။”

“...”

“မင်းရဲ့မျက်နှာ။”

နူးညံ့ပျော့ပျောင်းသော ဆိုဖာက ချက်ချင်းပင် ဆူးထိုင်ခုံဖြစ်သွားသလို ခံစားလိုက်ရတော့သည်။

“အီယွန်းကတော့ ဒါက ဘယ်လိုခံစားချက်မျိုးလဲဆိုတာကို ဘယ်သိပါ့မလဲ။”

“...”

“အဲ့ဒါက ရူးလောက်တယ်။”

ဂွမ်ချယ်ဝူက တစ်စုံတစ်ရာကို ဖိနှိပ်ချုပ်တည်းထားသည့်နှယ် မျက်ခုံးများကို တစ်ဆုံးကျုံ့လိုက်သည်။

“ကိုယ့်မှာရှိသမျှ အားလုံးက ကိုယ်တောင်မသိတဲ့ မိန်းမတစ်ယောက်ရဲ့ မျက်နှာတဲ့လေ။ ဒါပေမဲ့ အဲ့ဒါကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရရင် ဘယ်လိုဖြစ်သွားမလဲ။”

အီယွန်းတစ်ယောက် မျက်​နှာကိုရှုံ့မဲ့ပြီး ကြေကွဲသလို လုပ်နေသည့် ဂွမ်ချယ်ဝူ၏ မျက်နှာထံမှ အကြည့်မခွာနိုင်ခဲ့။ ဒီလိုတော့ မဖြစ်ပေ။ တကယ်ပဲ ဒီလိုဖြစ်၍မရသည်ကို။ သူက သနားစရာကောင်းလိုက်တာဟု ထင်မိ၏။

“ကိုယ်က မကောင်းတဲ့ခင်ပွန်းဖြစ်နေတာကို မကြိုက်ဘူးမဟုတ်လား။”

သူက လက်ကိုဆန့်ထုတ်ကာ အီယွန်း၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ခဲ့သည်။ အီယွန်း၏ နှလုံးက အလန့်တကြား ခုန်ပေါက်နေ၏။ ကြောက်စရာကောင်းသောကြောင့်၊ ဂွမ်ချယ်ဝူ၏ လက်ဖျားများက အေးစက်နေသောကြောင့်၊ ကြွေအန်တို့၊ အံစာတို့ကို ကိုင်ထားမိတာတော့မဟုတ်ပါဘူးနော်ဟူ၍ စိုးထိတ်လာရသည်။ မီတာတစ်ရာပြေးပွဲတွင် အခုလေးတင် ​ဝင်ပြေးထားသူတစ်ယောက်လို သူ့နှလုံးက ဆူညံစွာ ခုန်နေတော့၏။

ချူဂျာက တောင့်တောင့်ကြီးဖြစ်နေသော အီယွန်း၏ ပုံစံကြောင့် အသာလေးရေရွတ်ခဲ့သည်။

“သာမန်မဟုတ်တဲ့ဟာ ဝင်လာတာပဲ။”

ချူဂျာက ဖုန်းကိုခိုးထုတ်ကာ တစ်စုံတစ်ယောက်၏ ဖုန်းနံပါတ်ကို ရှာလိုက်သည်။

အရင်ဆုံး 'ဂွမ်ချယ်ဝူ' က ဘယ်သူမှန်း တိတိကျကျသိအောင် လုပ်ရပေမည်။

~~~~~

ထိုညတွင်။

အီယွန်းက အလုပ်ကို အကြောင်းပြကာ တစ်ယောက်တည်း အောက်ထပ်တွင် နေခဲ့သည်။ ယနေ့ညတော့ သူနှင့်အတူ မအိပ်တော့ဘူးဟု ဆုံးဖြတ်ထား၏။ တကယ်တော့ ဒုတိယထပ်တံခါးကို ပိတ်ထားချင်သော်လည်း ဆုံးဖြတ်ထားသည်ကို အကောင်အထည်မဖော်နိုင်မီမှာပင် သော့ကပျက်သွားပေပြီ။ ယင်းမှာ မသင်္ကာစရာ ဂွမ်ချယ်ဝူ၏ လက်ချက်ပင်။

ထိုစဉ် အခန်းထဲသို့ ချောင်းကြည့်လိုက်တော့ ထိုလူ ဒိုက်ထိုးနေသည်ကို တွေ့လိုက်ရ၏။ ခန္ဓာကိုယ်အပေါ်ပိုင်းက ချွေးများဖြင့် စိုရွှဲနေကာ အောက်ပိုင်းတွင်တော့ ဘောင်းဘီရှည်အပါးလေးကိုသာ ဝတ်ဆင်ထားသည်။ ကြမ်းပြင်နားအထိ ဆင်းသွားပြီး ပြန်တက်လာသည့် လှုပ်ရှားမှုကို စက်ရုပ်လို ထပ်ပြန်တလဲလဲ လုပ်နေသော်လည်း သူ့အသက်ရှူသံက တစ်ချက်မျှပင် ပြောင်းမသွားခဲ့ပေ။

ပြားချပ်သော ကျောပြင်၊ ခါးအလယ်ပိုင်းမှ ချိုင့်ဝင်နေသောနေရာ၊ တင်းမာနေသော အရွတ်များ၊ ပုံမှန်ထိန်းထားသောအရှိန်။ သူ၏ ပြန်လည်သက်သာနှုန်းမှာ ကြောက်ခမန်းလိလိ လျင်မြန်လှ၏။ အားမရှိဘဲ လဲလျောင်းရုံသာ လဲလျောင်းနေခဲ့သော သစ်ပင်လူသားကို ပြန်စဉ်းစားကြည့်မည်ဆိုလျှင် ဤကွာဟချက်က စိတ်စနိုးစနောင့်ဖြစ်ချင်စရာပင်။

'အပင်က သက်တောင့်သက်သာရှိပေမဲ့၊ သားရဲကတော့ စိတ်ရှုပ်စရာပဲ။'

ဒေါင်၊ ဒေါင်၊ ဒေါင်...

“...”

အီယွန်း၏အတွေးစကို ဖြတ်တောက်ကာ နာရီသံမြည်လာသည်။

အီယွန်းလည်း သူ့အိပ်ခန်းထဲသူ အလျင်အမြန် ဝင်သွားလိုက်၏။ တံခါးကို ပိတ်လိုက်သည့်အခိုက်အတန့်၌ပင် နားထဲတွင် တဝီဝီမြည်နေပြီး ခေါင်းထဲက တဒိတ်ဒိတ်ထိုးနေသည်။ နေဝင်ပြီးနောက်ပိုင်းမှစ၍ ဘယ်လိုလုပ်လျှင် ယနေ့ညကို လုံခြုံစွာရှောင်ရှားနိုင်မည်နည်းဟုသာ ဆက်တိုက် စဉ်းစားနေခဲ့သောကြောင့်ပင်။

မဟုတ်လျှင် ခဏကြာပြီးနောက်တွင်။

ဒေါက် ဒေါက်။

“...”

“အီယွန်း။”

ဆေးရောင်ကွာနေသော တံခါးအောက်ခြေတွင် ယောက်ျားတစ်ယောက်၏ ခြေဖဝါးအရိပ် ထင်ဟပ်နေသည်။ အပြည့်အဝ စေ့စေ့မပိတ်ဘဲ အနည်းငယ် ဟနေသော ထိုတံခါးဟောင်းကို ဤမျှစိတ်တိုဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။

အီယွန်းက စောင်ကို ခေါင်းမြီးခြုံကာ ကိုယ်ကို လုံးနေအောင် ကွေးထားလိုက်သည်။

ပြန်ပါတော့...

အကြွေးရှင်ကို မောင်းထုတ်သကဲ့သို့ တောင်းပန်နေမိ၏။ သို့သော် ငယ်ငယ်က အတွေ့အကြုံများကြောင့် သိနေပေသည်။ ထိုသို့သော ထောက်ထားသက်ညှာမှုမျိုး သူ့ထံသို့ ရောက်လာစရာ အကြောင်းမရှိပေ။

ဂျပ်၊ ဂျပ်...

တံခါးလက်ကိုင်က ကျိုးထွက်တော့မတတ် ကြမ်းတမ်းစွာ လှုပ်ခါနေသည်။ အီယွန်းတစ်ယောက် အောက်နှုတ်ခမ်းကိုကိုက်ကာ အသည်းအသန် အိပ်ချင်ယောင်ဆောင်နေလိုက်၏။

“အီယွန်း၊ တံခါးဖွင့်ပါဦး။”

ခံစားချက်ကင်းမဲ့နေသော အသံကြောင့် အီယွန်း၏ ခန္ဓာကိုယ်လည်း တုန်ယင်လာတော့သည်။ တစ်ယောက်တည်း ကျန်ရစ်ခဲ့သောလူ၏ မျက်လုံးများကိုသာ မြင်ရမည်ဆိုလျှင် ထိုသို့သော ခံစားချက်မျိုး အနည်းငယ် လျော့ပါးသွားလောက်ပေမည်။ ဓာတ်ငွေ့ကာ မျက်နှာဖုံးတပ်ထားသကဲ့သို့ ခပ်အုပ်အုပ်အသံက အီယွန်းကို ကြောက်ရွံ့သွားစေရန် လုံလောက်ခဲ့၏။

“...”

“...”

တိတ်ဆိတ်မှုက အပ်တစ်ချောင်းအလား စူးရှလှသည်။ ထိုသို့ဖြင့် မိနစ်အနည်းငယ် ကြာသွား၏။ ရှပ်ခနဲ သစ်သားကြမ်းပြင်မှ ပွတ်တိုက်သံထွက်လာသည်။

အီယွန်းလည်း ခေါင်းမြီးခြုံထားသောစောင်ကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ သူ ထွက်သွားသော အသံကိုကြားမှသာ အသက်ရှူချောင်သွားရ၏။

ဇနီးပါဟု ပြောခဲ့သူက ခင်ပွန်းကို ရှောင်ရှားနေသည့် ဤအခြေအနေကို သူ မည်သို့လက်ခံမည်နည်း။ သို့သော် နာရီသံ မြည်လာသည့်အခိုက်အတန့်တွင် စဉ်းစားချိန်ပင်မရဘဲ ခန္ဓာကိုယ်က ဦးအောင်လှုပ်ရှားသွားတော့သည်။

တိတ်တဆိတ် အိပ်ရာပေါ်မှဆင်းလာသော အီယွန်းတစ်ယောက် တံခါးနားသို့ နားကပ်လိုက်သည့် အခိုက်အတန့်တွင်။

“ကိုယ်သွားပြီလို့ ထင်နေတာလား။”

“...”

အီယွန်းလည်း လန့်ဖျပ်သွားကာ ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်မိတော့၏။ တုံ့ဆိုင်းတုံ့ဆိုင်း နောက်ပြန်ဆုတ်နေစဉ် သူက ဆက်ပြောလာသည်။

“ဘယ်ကိုသွားမလို့လဲ။ အနားတိုးလာခဲ့ပါ။”

အောက်ကို ငုံ့ကြည့်လိုက်တော့ တံခါးအဟနေရာတွင် သူ့ခြေဖဝါး၏အရိပ် ထပ်မံထင်ဟပ်နေလေသည်။ ဂွမ်ချယ်ဝူသည်လည်း ဝေးကွာသွားသော သူ၏အရိပ်ကို မြင်နေရပေမည်။

'ဒါဆို ခုနက အဲ့ဒီ ရှပ်ခနဲအသံက ဘာလဲ...။'

အီယွန်းက လှုပ်ရှားနေသော နှလုံးသားကို ဖိနှိပ်ကာ တည်ငြိမ်အောင် လုပ်လိုက်သည်။

“တံခါးနားလေး တိုးလာပါဦး။ အီယွန်းရဲ့အနံ့ကို မရတော့ဘူးလေ။”

“ဘာ၊ ဘာကို...။”

“မသိဘူးလား။ အီယွန်းဆီကနေ မြက်နံ့ရတာကို။”

ဒုန်း...

ထိုအခိုက်အတန့်တွင် တံခါးတစ်ခုလုံး တုန်ခါသွားလေသည်။ အီယွန်းက သံတိုင်များကိုဝင်တိုက်သော တစ်စုံတစ်ရာကို ရှောင်ရှားသလို နောက်သို့ ဆုတ်လိုက်၏။ ခဏတာ တုန်ခါမှုကြောင့်ပဲဖြစ်မလား၊ မဖွင့်ဖြစ်လိုက်သော မီးသီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ မှိတ်သွားပြီးမှ ပြန်လင်းလာသည်။ ဘာကြောင့်မှန်းမသိ လက်ဖဝါးများ စိုစွတ်လာတော့၏။

“အီယွန်းသာမရှိရင် ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်လို့ လိုချင်နေမှန်းတောင် မသိတော့ဘူးထင်တယ်။”

ဂွမ်ချယ်ဝူက တံခါးကို နဖူးဖြင့်ဆောင့်ပြီး ရေရွတ်ခဲ့သည်။

“ခြေတွေလက်တွေ အကောင်းအတိုင်းရှိနေတာတောင် တကယ်လို့ မခံစားရဘူး။ ကိုယ်က လူရောဟုတ်ရဲ့လား။”

ဂျစ်...

တံခါးကို အစွမ်းကုန် ကုတ်ခြစ်နေသော အသံက အီယွန်း၏ အသားကို ပွတ်သပ်ထိပါးသွားသလိုပင်။ ဂွမ်ချယ်ဝူကို ရှောင်ရှားရင်း ထွက်ပြေးလာခဲ့သော အိပ်ခန်းက ထောင်ချောက်ဖြစ်လာသလို ခံစားနေရ၍ပဲလား။ ထိုလူက ဤနေရာသို့ ခြေချရန်ကြိုးစားနေသော သရဲတစ်ကောင်နှင့်တူပြီး၊ အီယွန်းကို အဆက်မပြတ် မျှားခေါ်နေလေသည်။

“အဲ့ဒါကြောင့် ဒါက အိပ်မက်မဟုတ်ဘူးလို့ ပြောပေးပါ...”

သူက နဖူးကို တံခါးဖြင့် တစ်ကြိမ်ထပ်ပြီးဆောင့်ခဲ့သည်။

“ကိုယ် ရူးသွားတာမဟုတ်ပါဘူးလို့ ပြောပေးပါ။”

“...”

“အရင်ကအကြောင်းဆိုရင်လည်း ကိစ္စမရှိဘူး။ အဓိပ္ပာယ်မရှိတဲ့စကားမျိုး ဖြစ်နေရင်လည်းရတယ်။ ကိုယ် တည်ရှိခဲ့တယ်ဆိုတာကိုပဲ အတည်ပြုပေးပါ။”

ဒုန်း...

သူ့ အသက်ရှူသံက ကြမ်းတမ်းနေသည်။ လက်ဖြင့် မထိတွေ့ရဘဲနှင့်ပင် ရေနွေးငွေ့ပူများ ဆူပွက်နေသလို ခံစားရ၏။

ဂွမ်ချယ်ဝူတစ်ယောက် ဟောင်းနွမ်းနေသော ဤတံခါးကို လုံလောက်စွာ ရိုက်ချိုးပြီးဝင်လာနိုင်ကြောင်း အီယွန်း ကောင်းကောင်းသိသည်။ သို့သော် သူက ထိုသို့မလုပ်ခဲ့ပေ။ ဟင်အင်း၊ မလုပ်နိုင်ခြင်းပင်။ သူက တံခါးကို ခြစ်နေ၊ ခေါင်းဖြင့်တိုက်နေ၊ ညည်းညူနေရုံသာလုပ်ခဲ့၏။

ထိုအခါ ဘာမှန်းမသိသော တုန်လှုပ်မှုတစ်မျိုး ကျောရိုးတစ်လျှောက် ဖျတ်ခနဲဆင်းသွားတော့သည်။

ကြင်နာသော၊ ယဉ်ကျေးသော၊ ချစ်တတ်သော...

ဂွမ်ချယ်ဝူ၏ အင်မတန် ရက်စက်ကြမ်းကြုတ်သော ပင်ကိုစရိုက်ကိုဖိနှိပ်ရန် အမှတ်တမဲ့ ပြောဆိုခဲ့သော အဓိပ္ပာယ်မရှိသည့်စကားများ အောင်မြင်ခဲ့သည်ဟူသော သက်သေက မျက်စိရှေ့တွင်ရှိနေပေပြီ။ ခေါင်းထဲဗလာဖြစ်နေသော ထိုလူက အီယွန်း၏လက်ဖြင့်သာ သူ့ပုံသဏ္ဌာန်သူ ဖန်တီးပုံသွင်းနေ၏။ ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ရင်ဘတ်က အကြီးအကျယ် နိမ့်ချည်မြင့်ချည် ဖြစ်လာတော့သည်။

“...ဂွမ်ချယ်ဝူရှင့်။”

အီယွန်း၏အသံကြောင့် သတ္တုတံခါးလက်ကိုင်က ထပ်မံ၍ ဂလောက်ဂလက် မြည်သွားပြန်သည်။ အီယွန်းက လက်နှစ်ဖက်ကိုဆုပ်ကာ အသက်ကို တစ်ချက်ပြင်းပြင်းရှူသွင်းလိုက်၏။

“ကျွန်မ scrub လုပ်ဖို့ အဝတ်အစားတွေ အကုန်ချွတ်ထားပါတယ်...”

အဲ့ဒါကြောင့် ယဉ်ကျေးမှုလေး နည်းနည်းထိန်းမယ်ဆိုရင်ရော ဘယ်လိုလဲရှင့်ဟု အရိပ်အကဲပြလိုက်သည်။ တစ်ဖက်တွင်မူ ဂွမ်ချယ်ဝူက သူ့စကားကို မည်မျှအထိ လိုက်နာရန်အသင့်ရှိသလဲဟု သိချင်မိ၏။

“ခေါင်းလျှော်ရည်တွေ စီးကျထားလို့ မျက်လုံးတွေလည်း စပ်နေပါတယ်။”

“...”

“အရင်ကအကြောင်းတွေ ပြောနေဖို့အတွက် အခြေအနေက နည်းနည်းမကောင်းဘူးမဟုတ်လားရှင့်။”

ထိုအခိုက်အတန့်တွင် တံခါးအပြင်ဘက်က ကြောက်စရာကောင်းအောင် တိတ်ဆိတ်သွား၏။ မုန်တိုင်းကျသလို အရာအားလုံးကို ကြမ်းတမ်းစွာ ဒေါသတကြီး လှုပ်ခါနေမှုကလည်း ငြိမ်ကျသွားတော့သည်။ ဂွမ်ချယ်ဝူက ခံစားချက်များကို အပြည့်အဝ ချွန်းအုပ်ထိန်းချုပ်ကာ ည၏လေထဲသို့ ပျော်ဝင်သွား၏။ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားခြင်းပင်။

ခဏနေတော့ “ဟုတ်ကဲ့ပါ” ဟူသော လေးနက်သည့် ဩရှရှအသံတစ်သံ ထွက်လာသည်။ အနည်းငယ် နောက်ကျမှထွက်လာသော အဖြေပင်။

“ကောင်းကောင်း အိပ်ပါ၊ လောလောဆယ်တော့။”

အင်မတန်ကြားချင်ခဲ့သည့် စကားဖြစ်သော်လည်း တစ်ခုခုက မတင်မကျဖြစ်နေသည်။ အီယွန်းတစ်ယောက် အေးစက်နေသော လက်ဖျားများကို ပွတ်သပ်ရင်း သတိကို မလျှော့ဝံ့ခဲ့ချေ။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment