no

Font
Theme

အပိုင်း ၉

အီယွန်းက ဖုန်းဖြင့် တစ်စုံတစ်ယောက်ကို ချက်ချင်း ခေါ်လိုက်သည်။

တူ... တူ...

ဖုန်းဝင်သံ ကြားလိုက်ရသည်နှင့် ရယ်စရာကောင်းလှစွာပင် မျက်ရည်များ တတောက်တောက် ကျလာတော့၏။

၂နှစ်တာ ခံစားခဲ့ရသည့်ဒုက္ခများ အရည်ပျော်ကျသွားသလို၊ မိုက်မဲမှုက နောက်ဆုံးတော့ ကိုယ့်အမှားကိုယ် သိနားလည်ပြီး ဒူးထောက်အညံ့ခံလိုက်သလိုပင်။

-စနေ၊ တနင်္ဂနွေမှာ ဘာလို့ ဖုန်းခေါ်ရတာလဲ။

"ချူဂျာ...အီးဟီးဟီး..."

-ဘာလဲ။ နင် အရက်သောက်ထားတာလား။

"ဘယ်လိုလုပ်ရမလဲ... သစ်ပင်လူသားက ကျွန်မတို့ ဆေးရုံမှာ အလုပ်လာလုပ်တော့မလားမသိဘူး။"

'ဒီတစ်ယောက် စိတ်လွတ်ပြီး မူးယစ်ဆေးများ သုံးထားတာလား။'

အပြစ်ဝန်ခံနေသလို ရှည်လျားစွာ ပြောဆိုနေသော အီယွန်း၏ စကားများက စိုးရိမ်စရာကောင်းလောက်အောင် ရှုပ်ထွေးနေသည်။ အဓိပ္ပာယ်မရှိတာမှ ထိုမျှလောက် အဓိပ္ပာယ်မရှိတာမျိုးမရှိတော့။

ထိုသို့ဖြင့် မိတ်ကပ်တောင် ပြီးအောင်လိမ်းမနေနိုင်ဘဲ အသည်းအသန် ပြေးလာမိသူက ချူဂျာပင်။ ချူဂျာတစ်ယောက် ရုတ်တရက် အာခေါင်ခြောက်သွားတော့သည်။

နီရဲနေသော မျက်လုံးများနှင့်နှာတံ၊ ငါးဖယ်လို ဖူးရောင်နေသော နှုတ်ခမ်းများ။ စားပွဲပေါ်တွင် တစ်ရှူးများ တစ်ပုံကြီး စုပုံထားကာ နှာခေါင်းကို အဆက်မပြတ် ညှစ်ထုတ်နေသော၊ ကြည့်ချင်စရာ ဘာတစ်ခုမှ မရှိသော အီယွန်း၏ အသွင်အပြင်ကြောင့်ပင်။

ဒီတော့ အနှစ်ချုပ်ရမည်ဆိုလျှင်...

အရှင်လတ်လတ် မြေမြှုပ်နေရတာကို မျက်မြင်တွေ့သွားတဲ့အတွက် လူသတ်သမားက လိုက်လာပြီး မတော်တဆမှု ဖြစ်ခဲ့ရာက သစ်ပင်လူသား ဖြစ်သွားတယ်။ အဲ့ဒါကို ရုတ်တရက်ကြီး လက်ခံလာခဲ့တယ်။

အကြမ်းဖျင်း စစ်ဆေးပေးတာမျိုး မဟုတ်ဘဲ၊ ပြဿနာရှာမဲ့လူကို လုံးလုံးတာဝန်ယူလိုက်တာတဲ့လား။

ချူဂျာတစ်ယောက် အီယွန်း ဝှက်ထားသော အရက်ပုလင်းများ ရှိ၊မရှိ ဆိုဖာအောက်ကို စစ်ဆေးကြည့်ခဲ့သည်။

"ချူဂျာရယ်...."

သို့သော် ဆိုဖာအောက်တွင် ရှင်းလင်းနေကာ၊ တွေ့ရခဲသော အီယွန်း၏ မျက်ရည်များကြောင့် ချူဂျာလည်း မျက်နှာကို တင်းမိသွားရုံအပြင်မရှိတော့။

လူတွေခဲနှင့်ပေါက်တာကို ခံခဲ့ရတုန်းကတောင် မငိုခဲ့သော ကလေးပင်။ ထိုသို့ဆိုလျှင် တကယ်ပဲ ဆိုးဝါးသည့်ကိစ္စတစ်ခုတွင် ပတ်သက်နေသည်မှာ ပေါ်လွင်မနေဘူးလား။

"ရာဇဝတ်သားကို မြင်ခဲ့ရင် ရဲတိုင်ရမှာပေါ့၊ ဒါက ဘယ်လိုဖြစ်ရတာလဲ။"

"ဘယ်လိုမှမတတ်သာလို့ပါ။"

"ဟောတော်။ စွန့်ပစ်ခံရတဲ့ ခွေးလေးလည်းမဟုတ်ဘူး၊ ငါ့တစ်သက် နေလာရင်း သစ်ပင်လူသားကို ခေါ်လာပါတယ်ဆိုတဲ့စကားမျိုး ကြားဖူးတာ ပထမဆုံးပဲ။ ပိုက်ဆံလည်းမရှိတဲ့ မိန်းကလေးက ဒေါသတကြီးနဲ့ အဓိပ္ပာယ်မရှိတာတွေပြောပြီး ရူးရူးနှမ်းနှမ်းကိစ္စတွေ လုပ်နေကတည်းက သိသားပဲ။ အဲ့ဒါကို အခုတော့ ကြည့်ရင်းကြည့်ရင်း သစ်ပင်လူသားတဲ့လား။ တယ်လည်း တော်ပါပေတယ်။"

ချူဂျာက လည်ပင်းကြောများ ထောင်ထလာသည်အထိ ရွဲ့ပြောခဲ့သည်။

"ဒီလို အရေးကြီးတဲ့ကိစ္စကို ဘာလို့ အခုမှ လာပြောရတာလဲ။"

"အဲ့ဒါက..."

အီယွန်းတစ်ယောက် မဝံ့မရဲနှင့် ဘာစကားမှမပြောနိုင်ဖြစ်နေသောအခါ ချူဂျာလည်း ရင်ထဲတွင် နာကျင်လာရသည်။

ဆိုအီယွန်းက ယခင်အတိုင်း ယခုလည်း ပြောင်းလဲမသွားပေ။ မည်မျှကြာကြာ သိကျွမ်းခဲ့ပါစေ စိတ်ထဲမှစကားများကို လွယ်လွယ်ကူကူ ဖွင့်ပြောလေ့မရှိသူပင်။ အပင်တွေသာလျှင် ကြံ့ကြံ့ခံသော ထိုတံတိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပေသည်။

တစ်သက်လုံး တစ်ယောက်တည်း ကြီးပြင်းလာခဲ့ရသော ကလေးမတွင် အပြည့်အဝ မရင့်ကျက်သေးသည် အပိုင်းများရှိနေပြီး၊ ပုံမှန်အားဖြင့် ထိုသို့သော ကလေးများက အမြစ်မခိုင်တတ်ပေ။

ထိုအချက်ကို သတိရလိုက်သည်နှင့် ချူဂျာ၏ ဒေါသသည်လည်း အရှိန်သေသွားသလို တဖြည်းဖြည်း ပြေလျော့သွားတော့၏။ ဆိုဖာပေါ် ထိုင်ချလိုက်သော ချူဂျာက တီးတိုးရေရွတ်ခဲ့သည်။

"နင် တကယ်ပဲ လူပျိုလူလွတ်ကို ဝှက်ထားခဲ့တာလား။"

"လူပျိုလူလွတ် မဟုတ်ပါဘူး၊ သစ်ပင်လူသားပါ..."

အီယွန်းက တစ်ရှူးဖြင့် မျက်လုံးများကို တရှပ်ရှပ် သုတ်နေခဲ့သည်။

"အဲ့ဒီတော့ရော။ ငါက ဘာကို ဘယ်လို ကူညီပေးရမလဲ။"

"ချူဂျာရယ်...."

အီယွန်း ထပ်မံပြီး ရှိုက်ကြီးတငင် ငိုလေသောအခါ ချူဂျာလည်း အလကားနေရင်း ဒူးခေါင်းကို ပွတ်လိုက်သည်။

"စိတ်ထဲကမပါတဲ့ မြှောက်ပင့်စကားတွေ ထားလိုက်တော့။"

"...လောလောဆယ်တော့၊ ကျွန်မ အဲ့ဒီလူကို သူ့ဇနီးပါဆိုပြီး လိမ်ထားပါတယ်။"

"ဘာ။"

တစ်ဖက်တည်းဆွဲထားသော အိုင်းလိုင်နာက မျက်နှာရှေ့သို့ ရုတ်တရက် ရောက်လာတော့ အီယွန်းလည်း လန့်ပြီးတုန်သွားခဲ့သည်။

"ဒီဟာလေး ရူးနေပြီပဲ။ လွတ်သွားပြီကိုး။"

ချူဂျာက သန်မာသော လက်ဖြင့် အီယွန်း၏ ကျောပြင်ကို ရိုက်ခဲ့သည်။ ထိုအခါ အီယွန်းက နေရာမှ ကမန်းကတန်း ထရပ်ကာ စားပွဲကိုပတ်ပြီး ပြေးတမ်းလိုက်တမ်းကစားတော့၏။

"ဘာပဲဖြစ်ဖြစ် မှတ်ဉာဏ်မရှိတဲ့သူပဲကို။ နိုးလာတာနဲ့ ကျွန်မကို ဖိချုပ်ထားတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရှောင်လွှဲရမှာပေါ့၊ ဘယ်လိုလုပ်မလဲ။"

"လောကမှာ အဆုံးအထိ ဖုံးကွယ်ထားလို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ ဘယ်မှာရှိလို့လဲဟဲ့။"

"တကယ် ချူဂျာက မသိသေးလို့ အဲ့ဒီလိုပြောတာပါ။ အဲ့ဒီလူက ဘယ်ဘက်မှာ လူတစ်ယောက်ကို မြေမြှုပ်ပြီး၊ ညာဘက်မှာလည်း သွေးအလိမ်းလိမ်းနဲ့ နောက်ထပ် သုံးယောက်ကို ထားခဲ့တဲ့လူမျိုးလို့။ အဝတ်စလေးကို နည်းနည်းလောက် သွားထိမိရုံနဲ့တောင် ကမ္ဘာပျက်သွားနိုင်တဲ့ အဲ့ဒီလိုလူစားမျိုးပါဆို။"

ပြန်တွေးကြည့်လျှင်ပင် ကြောက်စရာကောင်းသည့်အလား အီယွန်းတစ်ယောက် အသက်ရှူမှားသွားခဲ့သည်။

"အဲ့ဒီတော့ အဲ့ဒီလိုလူမျိုး နိုးလာတာကို အသာလေး ငြိမ်ခံနေရုံနဲ့ရမလား။"

"အမလေးနော်၊ ဒီဟာလေးကတော့။"

"ဘာမှမသိသေးခင်ကတည်းက ထိန်းကြိုးတပ်ထားရမှာပေါ့။ အထူးသဖြင့် အဲ့ဒီလို သားရဲမျိုးဆိုရင်လေ။"

လက်နှစ်ဖက်ဖြင့်ခါးထောက်ပြီး လှုပ်ရှားမှုကို ခဏရပ်လိုက်သော အီယွန်းက ခိုင်မာပြတ်သားသည့်ပုံပေါ်နေသည်။ စိုစွတ်နေသော မျက်ဝန်းများက ထူးဆန်းစွာ တောက်ပနေ၏။

"ကျွန်မက ဒီအတိုင်း၊ ကိုယ့်ရဲ့နေ့စဉ်ဘဝကို တစ်ရက်ပဲဖြစ်ဖြစ် အမြန်ဆုံး ပြန်ရချင်ရုံလေးပါ။"

ယင်းမှာ ဘုမသိဘမသိဘဲ အလိမ်ခံရပြီး သစ်ပင်လူသားကို လက်ခံလာခဲ့သော အမိုက်အမဲတစ်ယောက်၏ မျက်လုံးများမဟုတ်။

"ကျွန်မမှာ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်ပြီး၊ ဆက်ပြီးတော့ ရပ်တည်နေထိုင်သွားဖို့၊ အဲ့ဒီအတောအတွင်း ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။"

သူ့အသံက ပါးလွှာသော နန်းကြိုးလို တုန်ယင်နေ၏။ ချူဂျာက အားလုံးကို နားလည်လေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ကြောက်တတ်သလောက် လွယ်လွယ်နှင့် အရှုံးပေးတတ်သည့် ဆိုအီယွန်းမဟုတ်။ အသာတိတ်တိတ်လေးနေသော်လည်း ကြာရှည်စွာ ဆက်လက်ရပ်တည်လိုသူပင်။ ထို့ကြောင့် ဤနေရာတွင် ဘဝအပေါ် ထိန်းချုပ်ခွင့်ကို လက်လွှတ်ရမည့်စိတ်ကူး လုံးဝမရှိပေ။

"နောက်မှ အဲ့ဒီလူ အကုန်သိသွားရင် ဘယ်လိုလုပ်မလဲ..."

ချူဂျာက မျက်မှောင်ကြုတ်လိုက်သည်။ တစ်နေရာရာတွင် ထူးဆန်းစွာ လွဲချော်နေသော စကားပင်။

"အဲ့ဒါဆို သူ့နေရာသူ ပြန်သွားမှာပေါ့။"

သရဲမလို ဆံပင်ရှည်များကို ဖားလျားချထားရင်း ရေရွတ်နေသည့်ပုံစံက ဘာကြောင့်မှန်းမသိ ထိုင်းမှိုင်းနေသယောင် ပေါ်လွင်နေ၏။

အီယွန်း စွဲလမ်းနေသော အတွေးများက သူကိုင်စွဲထားသော စည်းမျဉ်းများပင်။ ထို့ကြောင့် ထိုလူကို သစ်ပင်လူသားဖြစ်အောင် လုပ်ရာတွင် အထောက်အကူ ဖြစ်စေခဲ့ပုံရသည့် ယင်းလုပ်ရပ်တစ်ခုတည်းကိုသာ အားလုံးစူးစိုက်ထားခဲ့မိ၏။

အားလုံး ထိုနေရာမှ စတင်ခဲ့တာဟူ၍။

မိမိကိုယ်ကို ကာကွယ်ခြင်းက အသုံးမဝင်သည့် တစ်ဖက်လူ၏ အာဏာ။ အီယွန်းက ယင်းအာဏာ၏ ပြင်းထန်သော ရိုက်နှက်မှုဒဏ်ကို ခံခဲ့ရပြီးပြီဖြစ်၍ နောက်ထပ် အားနည်းသော ပြစ်တင်ကျိန်ဆဲစကားများကိုပင် ဆုပ်ကိုင်မထားနိုင်တော့ပေ။

ထို့ကြောင့် ဂွမ်ချယ်ဝူကို လက်ခံထားသည့် အချိန်အတွင်း တိတ်တိတ်ဆိတ်ဆိတ် နေနိုင်မည်ဆိုလျှင်ဘာမဆိုလုပ်ရန် စိတ်ကူးထား၏။ ယောက်ျားနှင့် မိန်းမ နှစ်ယောက်တည်း တစ်အိမ်တည်းတွင် နေနေသော ဤအခြေအနေကို သူ သံသယမဝင်စေရန်၊ ပြီးတော့ ဂွမ်ချယ်ဝူကို စိတ်ကြိုက် ကိုင်တွယ်၍ရစေရန်အတွက် လင်မယားဟန်ဆောင်ခြင်းက အကောင်းဆုံးပင်။

သို့သော် ချူဂျာ၏ မျက်လုံးထဲတွင်တော့ ဤသည်က လုံးဝ မှားယွင်းနေပုံရ၏။

'ဒါက အဖြေမဖြစ်နိုင်ဘူး။'

အီယွန်းက ယောက်ျားမိန်းမ ဆက်ဆံရေးဆိုသည်မှာ မည်မျှ မြန်မြန်စတင်ပြီး ပျက်စီးသွားတတ်သလဲ၊ ထိုသို့ဖြစ်လျှင် ဘဝက မည်မျှပင်ပန်းခက်ခဲလာရသလဲဆိုတာကို သိသူမဟုတ်။ အရေးကြီးသည်က ပြစ်မှုကျူးလွန်သူနှင့် နစ်နာသူ ဆက်ဆံရေး မဟုတ်ဘဲ ယောက်ျားမိန်းမ ဆက်ဆံရေးအဖြစ် ချည်နှောင်ခံထားရသည့် ဤအခြေအနေပင်။

"ငါလည်း မသိတော့ဘူး။ ဝင်မပါဘူးနော်။"

"လုံလောက်ပါပြီ။ ဒီအတိုင်း အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်လိုသာ သဘောထားပြီးဆက်ဆံပေးပါ။"

အမလေးနော်၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် တက်တက်ကြွကြွနဲ့ ရှုပ်ထွေးအောင် လုပ်နေတာပါလား။

ချူဂျာက နားထင်ကို ဖိနှိပ်လိုက်သည်။

နုံအသည့် အရိုးခံ အီယွန်းက လောကကြီးကို ခွဲခြားမသိဘူးဟု ထင်ရသော်လည်း၊ ခင်ပွန်း ငါးယောက်ပြောင်းပြီး နာရေးအခမ်းအနားဝတ်စုံ သုံးကြိမ် ဝတ်ဖူးခဲ့သော ချူဂျာအတွက်တော့ တစ်ခုခုက ဆက်တိုက် ဘဝင်မကျစရာဖြစ်နေ၏။

ထိုလူက အီယွန်း ပြောသလို တကယ် လူသတ်သမားလား၊ တကယ် မှတ်ဉာဏ်ပျောက်နေတာလားဟူသော ပြဿနာကို အသာထား။ မသင်္ကာစရာအကောင်းဆုံးက ထိုလူ၏ အခြေအနေပင်။

စည်းစိမ်ရော အာဏာပါ ရှိပုံရသော မိသားစု၏ သားဖြစ်သူက ဆိုးလ်မြို့တွင် ဆေးရုံကြီးများ ရှိနေသည်ကို ဘာကြောင့် ဤသို့သော ကျေးလက်ဒေသလေးတွင် ကပ်နေရတာဖြစ်မည်နည်း။ ဘာကြောင့် မိဘတွေ မဟုတ်ဘဲ အစ်ကိုက ရှေ့ကဦးဆောင်နေရသနည်း။

"အီယွန်း။"

ထိုအချိန်တွင် ချူဂျာ၏ နောက်ကျောဘက်မှ မရင်းနှီးသော အသံကို ကြားလိုက်ရသည်။

အဘိုးကြီးများ၏ အသံဝင်နေသလို ခြောက်ကပ်ကပ် အသံမျိုးမဟုတ်ဘဲ မတူညီသောကြိမ်နှုန်းနှင့် ပဲ့တင်သံမျိုးရှိသောအသံ။ သစ်သားဗုံထူထူကဲ့သို့ နက်နဲပြီး ပြည့်ဝသည့် အရည်အသွေးဖြင့် လူသား၏ အသံပြွန်မှထွက်ပေါ်လာသော ထိုအသံက သဘာဝကျကျပင် နားထောင်သူကို ဆွဲဆောင်လေသည်။ တစ်ယောက်ယောက်က ဆံပင်ကို ဆွဲလိုက်သည့်အလား ချူဂျာ၏ ခေါင်းက အလိုလို လည်ထွက်သွားတော့၏။

အဆင့်ဆင့် လိမ်လည်မှုတွေကနေ တစ်ပတ်ရိုက်ခံပြီး ရလာတဲ့ အပူပေးကျောက်စိမ်းဖျာလိုပဲဖြစ်မယ်လို့ ထင်ခဲ့တာကို အံ့ဩစရာကောင်းအောင် ဒါမျိုးလေးပေါ့လေ။

ချောမောတင့်တယ်သော လူငယ်တစ်ဦးက ဒုတိယထပ်မှ လှေကားလက်ရန်းကိုကိုင်ပြီး ဆင်းလာနေသည်။

အီယွန်းက အသက်ရှင်ရပ်တည်ရေးအတွက် ဗီဇစိတ်အတိုင်း လိုက်နာခဲ့သည်ဆိုလျှင် ချူဂျာကတော့ တခြားဗီဇကို မကျော်လွှားနိုင်ခဲ့ပေ။

"...သမက်လေး လာပြီပဲ။"

~~~~~

"သစ်ပင်ဆေးရုံဆိုတာကို ပထမဆုံး ကြားဖူးတာပါ။"

ဂွမ်ချယ်ဝူက အိမ်နှင့် ရုံးခန်းကြားရှိ နယ်နိမိတ်မရှိသော အတွင်းပိုင်းကို သေသေချာချာ ကြည့်ရှုစနည်းနာခဲ့သည်။

အီယွန်းတစ်ယောက် သူ၏ ဆိုဖာပေါ်တွင် ယောက်ျားတစ်ယောက် ထိုင်နေသည်ကို မရင်းနှီးသဖြင့် ဖင်တကြွကြွဖစ်နေကာ၊ ချူဂျာကတော့ အင်တာဗျူးစစ်သူလို သတိရှိရှိနှင့် ဂွမ်ချယ်ဝူကို အကဲခတ်နေ၏။

ချူဂျာတွင် နွားချေးမြေထဲ လူးလှိမ့်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ၏ ဒေတာများရှိပေသည်။ ထိုအချိန်က သဘောကျခဲ့သော ဘုန်းကြီးအစ်ကိုထံတွင် တပည့်ခံကာ မျက်နှာဖတ်ပညာကို လေ့လာခဲ့ပြီးနောက် ယောက်ျားကြည့်ရာတွင် တစ်ခါမှ မမှားခဲ့ဖူးပေ။

သို့သော် ဤလူက လူတစ်ယောက်ကို အရှင်လတ်လတ် မြေမြှုပ်ခဲ့သတဲ့လား။ ဘုန်းကြီးက ဝတ်လစ်စားလစ်နဲ့ တောင်တွေထဲမှာ လျှောက်သွားတာမျိုးပဲ မဟုတ်ဘူးလား။

'ချောချက်ကတော့ ပြောမပြတတ်အောင်ပဲ။'

အေးစက်သော်လည်း သပ်ရပ်သောပုံစံတွင် မည်သည့် ချို့ယွင်းချက်ကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။ ရှည်လျားစွာ မြင့်တက်သွားသော မျက်လုံးများက ရက်စက်တယ်ဆိုတာထက် နက်ရှိုင်းနေပြီး၊ မျက်ဝန်းများက ထတောက်သော မီးကဲ့သို့ စူးရှလှ၏။ ထို့အပြင် မျိုးရိုးအမြင့်ကြီးက လာသည့်ဟန်ရှိကာ မွေးကတည်းက လက်နှစ်ဖက်စလုံးတွင် စည်းစိမ်နှင့် အာဏာကို ကိုင်ပြီးမွေးလာသည့်ပုံပင်။

'အဲ့ဒီလို အခြေအနေမျိုးနဲ့ လူသတ်သမားပဲ ဖြစ်နိုင်တာဆိုရင်တော့ နှမြောစရာပဲ။'

အနည်းဆုံး လူများစွာကို ထိန်းချုပ်နိုင်သော ရာထူးနေရာတွင်ရှိမှသာ တန်ပေမည်။ အာဏာကို ကိုင်ဆောင်ပြီး ဘာတွေလုပ်နိုင်လဲဆိုသည်ကိုတော့ လောလောဆယ် သိနိုင်မည့်နည်းလမ်း မရှိပေ။

"ယောက္ခမကြီး။"

ထိုအခိုက်အတန့်တွင် အကြည့်ကို အနည်းငယ် အောက်စိုက်လိုက်သော ဂွမ်ချယ်ဝူက ခပ်တိုးတိုး ပြောလာ၏။ 'ယောက္ခမ' ဟူသော စကားလုံးနှင့် ရင်းနှီးအသားကျခြင်းရှိမနေသလို သူ့နှုတ်ခမ်းများက တောင့်နေသည်။

"ကျွန်တော် အဲ့ဒီဘက်ကို လာလို့ရမလားခင်ဗျ။ အီယွန်းရဲ့ဘေးမှာ ထိုင်ချင်လို့ပါ။"

ချူဂျာ၏ ပေါ့ပါးသော မျက်တောင်များ တဖျပ်ဖျပ် ခတ်သွားသည်။ အလွယ်တကူ ကြောင်အမ်းအမ်းဖြစ်ဖူးခြင်းမရှိသော ချူဂျာတစ်ယောက် ဘာကြောင့်မှန်းမသိ သတိလက်လွတ်ဖြစ်သွား၏။ အီယွန်းသည်လည်း နဂိုကတည်းက ဂနာမငြိမ်ဖြစ်နေသော ခန္ဓာကိုယ်ကို တင်းမာစွာ ထိန်းချုပ်ထားလျက်ရှိနေသည်။

မိန်းမနှစ်ယောက်စလုံးထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိသောအခါ ဂွမ်ချယ်ဝူးက စိတ်မရှည်ဟန်ဖြင့် ခေါင်းကိုငဲ့လိုက်၏။ ထိုပုံစံက 'ငါ ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ' ဟု အသံတိတ်ဖိအားပေးနေသည်နှင့်တူသဖြင့် အီယွန်းလည်း ကမန်းကတန်းပင် မျက်နှာချင်းဆိုင်ဆိုဖာသို့ ရွှေ့ထိုင်လိုက်ရသည်။ ထိုအခါမှသာ ထိုလူ၏ မျက်လုံးများတွင် မသိမသာ စိတ်သက်သာရာရမှုတစ်မျိုး ပြည့်တက်လာတော့သည်။

"ဟို... ဂွမ်ချယ်ဝူရှင့်။ ဒီမှာရှိတဲ့ ချူဂျာကလေ တကယ်တော့ ကျွန်မအမေ မဟုတ်ပါဘူး၊ ဆေးရုံက ဝန်ထမ်းပါ။ ကျွန်မနဲ့က ဆယ့်ငါးနှစ်လောက် ရင်းနှီးလာတဲ့ ဆက်ဆံရေးမို့လို့ ဂွမ်ချယ်ဝူကို ရင်းနှီးတဲ့သဘောနဲ့... သမက်လေးလို့ နောက်ပြီးခေါ်လိုက်တာပါ။"

"ဘာလို့ ကိုယ့်ကို မျိုးရိုးနာမည်ပါ ထည့်ခေါ်နေတာလဲ။"

"ရှင်။"

"အီယွန်းလည်း ကိုယ့်ကို ရင်းရင်းနှီးနှီး ဆက်ဆံပေးရင် ကောင်းမှာပဲ။"

"..."

ဖြစ်စေချင်သလိုဖြစ်မလာသော စကားပြောဆိုမှုကြောင့် အီယွန်း လမ်းပျောက်နေစဉ် ချူဂျာက အသံမထွက်စေဘဲ နဖူးကို အုပ်လိုက်သည်။ မှတ်ဉာဏ်ပျောက်သွားသည့်အတွက်ကြောင့်ပဲလားမသိ၊ ရွက်ထည်ကားတစ်ချပ်လို ဖြူစင်သန့်ရှင်းသော မျက်နှာက အီယွန်းကိုသာ အာရုံစိုက်နေ၏။ ထို့ကြောင့် ချူဂျာလည်း ထိုအချက်ကို စိတ်မသက်မသာ ဖြစ်မိရတော့သည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment