no

Font
Theme

အပိုင်း ၁၄

"ဘာပဲဖြစ်ဖြစ်… အတူတူထွက်သွားဖို့တော့ အဆင်သင့်မဖြစ်သေးပါဘူး။"

"ကိုယ်လား၊ မဟုတ်ရင် တခြားတစ်ယောက်ယောက်လား။"

သူ့စကားကြောင့် အီယွန်းက ဘာမှမပြောနိုင်ဘဲ ခဏတုံ့ဆိုင်းသွားသည်။

"ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်။"

"…"

"အီယွန်း ပြောတာနဲ့ ခွင့်ပြုတာကိုပဲ လုပ်ပါ့မယ်။"

'အဲ့ဒါက ဘာလဲ၊ ထူးဆန်းနေတယ်လေ။'

ရုတ်တရက် သူ့လက်ထဲရောက်လာသော ထိန်းကြိုးကို ခံစားမိသွားသည့် အီယွန်းတစ်ယောက် ဘာမှပြောနိုင်တော့ဘဲ မျက်လုံးကို မှိတ်လိုက်သည်။

လိမ်ညာသူ၏ လှည့်ဖြားမှုနှင့် လူသတ်သမား၏ နာခံမှုအနက် ဒုတိယလူက ပို၍စွမ်းအားကြီးမှန်း သိလိုက်ရတော့ စိတ်တိုဖို့ကောင်း၏။ ဂွမ်ချယ်ဝူလောက် လူကိုစိတ်တိုအောင်လုပ်နိုင်သူ မရှိပေ။

"အီယွန်းက ရှင်ဆိုမှ ရှင်ပါ့မယ်။"

ပျားရည်အလား ချိုမြိန်စွာ ပြုံးလိုက်သည့် မျက်နှာက ထူးဆန်းစွာပင် အာရုံ၌ ကြာရှည်စွာစွဲမြဲနေလေတော့သည်။

~~~~

ဟွာအီဒို ဂရန်းဟိုတယ် စားသောက်ပွဲဧည့်ခန်းမ။

"ဟိုမှာကြည့်စမ်း၊ အမြဲစိမ်းထင်းရှူးပင်ဆေးရုံကလည်း လာတာပဲ။"

တစ်စုံတစ်ယောက်က တီးတိုးပြောခဲ့သည်။

အီယွန်း၏ ခပ်နွမ်းနွမ်းဦးထုပ်ကို မြင်သောအခါ နှုတ်ဆက်ရန် အလုပ်များကြသူများ၏ အသံများ ရုတ်တရက် ရပ်တန့်သွားတော့၏။ မသိမသာ ဒီဘက်ကို ခဏခဏ လှည့်ကြည့်နေသည့် အကြည့်များက ပို၍ပေါ်ပေါ်တင်တင် ဖြစ်လာသည်။

ဤနယ်ပယ်မှ လူများအတွက် <အမြဲစိမ်းထင်းရှူးပင်ဆေးရုံ> က စကားတစ်လုံးနှင့် အဓိပ္ပာယ်ဖွင့်ဆိုရန်ခက်သည့်နေရာပင်။ တစ်နည်းအားဖြင့် မိတ်ဆွေလား၊ ရန်သူလား သေချာခွဲခြား၍မရသော နေရာဖြစ်၏။

အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးနှင့် အသက်ကြီးကြီး အမျိုးသမီးတို့ အမြဲတမ်း တွဲသွားတွဲလာ လုပ်နေသဖြင့် အခြားလူများ၏ ပါးစပ်တွင် ပြောစရာဖြစ်လာသည်က ပုံမှန်ပင်။ တစ်ခါတလေ အာရုံစိုက်ရမည့် ကွင်းဆင်းလုပ်ငန်းခွင်သို့ ကလေးငယ်လေးကိုပါ ဆွဲခေါ်လာတတ်သေး၏။

ငယ်ငယ်ရွယ်ရွယ်နှင့် ထူးချွန်သည့် သစ်ပင်ဆရာဝန်က တစ်ခါတစ်လေ အရက်သမားထက်ပင် အနံ့ပိုထွက်နေတတ်ကာ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးများကိုလည်း လုံဝခွင့်မပြုပေ။ တစ်ဖက်တွင် ဂယ်ချူဂျာကား ငယ်စဉ်က ယောက်ျားလေးတိုင်း၏ အချစ်ဦးဖြစ်ခဲ့ဖူး၏။

ပျမ်းမျှအားဖြင့် ငါးဆယ်ကျော် ခြောက်ဆယ်ဝန်းကျင်အရွယ်တွေများသည့် ဤလုပ်ငန်းနယ်ပယ်တွင် နာမည်ကျော် အသည်းခွဲသမား ဂယ်ချူဂျာကို မသိလျှင် သူလျှိုပင်။

တစ်ယောက်က သစ်ပင်အိုကြီး၊ ကျန်တစ်ယောက်က မနွမ်းသည့်ပန်း။

ဤသို့သော သုံးသပ်မှုများနှင့် နားမလည်နိုင်စရာအကြည့်များ တစ်ပြိုင်နက်တည်း ကျရောက်လာတော့ အီယွန်း၏ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဝင်လာသလိုပင်။

'အဲ့ဒါကြောင့် ဒီလို လူများတဲ့နေရာတွေကို မကြိုက်တာပေါ့။'

မျက်လုံးများက ထင်ထားသည်ထက် အချက်အလက်များကို ပိုပြီးသယ်ဆောင်ထားကြသည်။ စစ်ထုတ်ခြင်းမရှိဘဲ ဖြတ်သန်းလာသည့်အကြည့်များကို ရင်ဆိုင်ရသည့်အခါတိုင်း အီယွန်းတစ်ယောက် အမြဲတမ်း စိတ်ထဲတွင် နေမကောင်းဖြစ်ရ၏။

ထိုကဲ့သို့ တစ်ခုသောနေ့နှင့် ဘာမှမကွာဘဲ ဝင်သက်ထွက်သက်က အေးခဲလာစဉ် ရုတ်တရက် နွေးထွေးသည့် တစ်စုံတစ်ရာက သူ့ကို ဆုပ်ကိုင်လာခဲ့သည်။

"…"

လန့်သွားပြီး ချက်ချင်း လက်ကို ရိုက်ချလိုက်သော်လည်း တစ်ဖက်လူက လှုပ်ပင်မလှုပ်ခဲ့။ ဂွမ်ချယ်ဝူက အီယွန်း၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။

"ကျွန်မ ခိုင်းတဲ့အတိုင်းပဲလုပ်မယ်ဆိုပြီး ပြောခဲ့တယ်လေ။"

အီယွန်းက နူးညံ့သော်လည်း စူးရှသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်တော့ ထိုလူက ဖြည်းဖြည်းချင်း နှုတ်ခမ်းထောင့်စွန်းကို ပင့်လိုက်သည်။

"အဲ့ဒီလိုလုပ်ပါ့မယ်။ တစ်ခုရွေးပါ။"

ရှိန်ချင်စရာကောင်းအောင် အေးစက်ပြီး အလွယ်တကူ မချဉ်းကပ်နိုင်သော လူတစ်ယောက်က ပြုံးရယ်ပြီး ပျော့ပျောင်းလာသည့်အခါ အင်မတန် ဖြူစင်ရိုးသားပုံပေါ်တတ်၏။

"မျက်လုံးလား၊ ပါးစပ်လား။"

"…ရှင်။"

"အီယွန်းကို ကြည့်နေတဲ့လူတွေကို ပြောတာ။ အဲ့ဒီလူတွေဆီကနေ ဘာကိုမရှိစေချင်တာလဲ။ မျက်လုံးလား၊ ပါးစပ်လား။ ပြောရခက်နေရင် လက်ညှိုးနဲ့ ထိုးပြလည်းရတယ်။"

ခေါင်းက ထူပူသွားတော့သည်။ ထို့ကြောင့်ပဲဖြစ်မလား၊ ဧည့်ခန်းမထဲ ဝင်ဝင်ချင်း နှာခေါင်းထဲဝင်လာတဲ့ မနှစ်မြို့ဖွယ်အငွေ့အသက်က အစအနမကျန်အောင် ပျောက်သွား၏။

"အဲ့ဒီလူတွေက အီယွန်းကို အိမ်ထောင်သည်မှန်း သိလား။"

"ရှင်။ အာ၊ ဟင့်အင်း..."

"မသိဘူးပေါ့လေ။"

စူးရှသည့် သူ့မျက်နှာတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။

'တကယ်ပဲ ခေါ်လာမိတာ မှားပြီလားနော်။'

ဂွမ်ချယ်ဝူက အခွင့်အရေးရသည်နှင့် ချက်ချင်း မှတ်ဉာဏ်များ ပြန်ရလာတော့မလို အစွန်းရောက်သည့်အတွေးများ အလိုအလျောက် ပေါ်ထွက်လာနေသည်။

"အဲ့ဒါကလေ… ဂွမ်ချယ်ဝူက သစ်ပင်လူသားလို အိပ်ရာထဲလဲနေလို့ပါ။ ကျွန်မ လက်ထပ်ထားတယ်ဆိုတာကို မသိတဲ့သူတွေ အများကြီးရှိနေတာရှင့်။"

အေးစက်နေသော သူ့မျက်လုံးများက ကြောက်စရာကောင်းလှ၏။ အီယွန်းတစ်ယောက် အပြင်မှလာသော လှုံ့ဆော်မှုများက သူ့အတွက် ကောင်းကျိုးမဖြစ်စေဘဲ မှတ်ဉာဏ်၏တံခါးကို ဖွင့်ပေးမည့် အကြောင်းရင်းများ ဖြစ်လာမည်ကို ကြောက်သဖြင့် သူ့အင်္ကျီလက်ကို ဆွဲလိုက်မိသည်။

"ဘာမှမလုပ်ပါနဲ့။"

"လိုချင်တာက အဲ့ဒါလား။"

"ရှင်ပဲ သေချာပေါက် ကတိပေးခဲ့တယ်လေ။ ကျွန်မ ခွင့်ပြုတဲ့အရာပဲ လုပ်မယ်ဆိုပြီးတော့။"

သူက တောင့်တင်းနေသော အီယွန်း၏ပါးပြင်ကိုကြည့်ကာ စကားစလိုက်သည်။

"ကိုယ် ခုနက မလိမ္မာဘူးလား။"

"…ရှင်။"

"ပုံမှန်ဆို ခွေးလေးက တစ်ခုခုကို ကိုက်ပြီးယူလာရင် သခင်က ချီးကျူးပေးတယ်လေ။"

'ဘယ်အိမ်က သခင်ကများ ခွေးကို အဲ့လောက်အထိ အကျင့်မကောင်းအောင် မွေးလို့လဲ…'

ဂွမ်ချယ်ဝူက ရှည်လျားသော အီယွန်း၏ဆံနွယ်တစ်စကို ကိုင်ကစားခဲ့သည်။ သူက နှာတံကိုကုတ်ပြီး မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်လိုက်၏။

"အဲ့ဒီလိုလုပ်လို့ မရဘူးလား။"

ခေါင်းကို ရိုက်လိုက်သလိုပင်။ အီယွန်းတစ်ယောက် သင့်တော်သည့်စကားလုံးကို မစဉ်းစားနိုင်ဘဲ ကြည်လင်သည့် သူ့မျက်လုံးများကို အကြာကြီးကြည့်နေမိသည်။

အညိုရောင်ဖျော့ဖျော့ မျက်ဆန်များထဲတွင် မည်သို့သော မစင်ကြယ်မှုမှ ရှိမနေပေ။ မျက်စိကန်းခြင်းက အသိဉာဏ်ကင်းမဲ့မှုနှင့်တူပြီး သန့်စင်လေ ပိုအန္တရာယ်များလေဖြစ်သည်။

အေးစက်သည့် လူက တစ်ခါတရံ ရှင်းလင်းတိကျသည့် စံနှုန်းဘောင်ကို တောင်းတတ်ကာ ယင်းမှာ အင်မတန် အန္တရာယ်များပြီး ရိုးအသလိုထင်ရ၏။

အီယွန်းလည်း သူ့ကို အပြစ်တင်မည့်အစား ဘာကိုခွင့်ပြုမည်၊ ဘာကိုခွင့်မပြုဘူးဟု တိတိကျကျ သတ်မှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

"မရပါဘူး။"

အီယွန်း ခပ်ပြတ်ပြတ်ပြောလိုက်တော့ ဂွမ်ချယ်ဝူက မျက်တောင်မခတ်ဘဲ သူ့ကို စိုက်ကြည့်နေ၏။

ဘာကြောင့်မှန်းမသိ ဖိချုပ်ထားသလိုစူးရှသောအကြည့်များကိုပင် မကြောက်မိ။ မျက်လုံးကိုကျုံ့ထားသော်လည်း လှိုင်းထသလို တုန်ယင်နေသည့် မျက်ဝန်းများကြောင့်ပင်။ ဂွမ်ချယ်ဝူက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သောအားဖြင့် တစ်စုံတစ်ရာကို မှတ်သားနေသည်။

ရုတ်တရက် နားလည်သွားသလို သူက ခေါင်းညိတ်လိုက်တော့မှပဲ အီယွန်းလည်း စိတ်သက်သာရာရကာ တည်ငြိမ်နိုင်သွား၏။

ဤကဲ့သို့ နှေးကွေးပြီး စိတ်ရင်းအပြည့်ပါသည့်ပုံစံကြောင့် အီယွန်းက ထိုလူ၏ခေါင်းကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်မိသည်။

'ဝါး...'

အီယွန်းတစ်ယောက် မိမိ၏ စိတ်လိုက်မာန်ပါလုပ်ရပ်ကြောင့် လန့်သွားကာ အကြောင်သား မျက်တောင်ခတ်လိုက်မိ၏။ အရှေ့မှကားကို တိုက်လိုက်မိသည့် ယခုမှ ကားစမောင်းသူတစ်ယောက်လို ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရသည်။

"...ဂွမ်ချယ်ဝူရဲ့လက်က တအားနွေးနေတယ်နော်။"

"မကြိုက်ဘူးလား။"

"အဲ့ဒီလို… အဲ့ဒီလိုမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကနေ အပူတွေကန်နေတာ မဟုတ်ဘူးလားရှင့်။"

အီယွန်းတစ်ယောက် အသည်းအသန် ကိုယ့်အတွေးကိုယ် လွှဲပြောင်းရန် ကြိုးစားလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"

"တစ်နေရာရာက နေမကောင်းတာလည်း ဖြစ်နိုင်တယ်လေရှင့်။"

တစ်စုံတစ်ယောက်၏ စိုးရိမ်မှုက ဤမျှအထိ ချိုမြိန်တတ်လေသလား။ ဂွမ်ချယ်ဝူက နှုတ်ခမ်းကိုဖိပိတ်ကာ အီယွန်းကို ကြည့်ရင်းအလုပ်များနေ၏။ အီယွန်း၏ မျက်နှာသွင်ပြင်ကို ဖြည်းဖြည်းချင်း စူးစမ်းလေ့လာနေသော အကြည့်က လျှာဖြင့်သပ်နေသကဲ့သို့ ဖြစ်နေသည်ကို အီယွန်းကတော့ လုံးဝမသိခဲ့ပေ။

"ဒါပေမဲ့ ကိုယ်ကတော့ ကြိုက်တယ်။"

"ရှင်။"

"အီယွန်းကိုမြင်တိုင်း ခန္ဓာကိုယ်ထဲမှာ သွေးတွေ ပျံ့နှံ့သွားသလို ခံစားရတာကို အရမ်းကြိုက်တယ်။"

"...အဲ့ဒါက တကယ် အဆင်ပြေတာ သေချာရဲ့လားရှင့်။"

အီယွန်းက မသင်္ကာစွာ မေးလိုက်သော်လည်း အဖြေက လေးနက်ခိုင်မာလှသည်။

"တအားကိုပေါ့။"

သူ နှုတ်ခမ်းထောင့်စွန်းများကို အသာလေးပင့်ပြီး ပြန်ချလိုက်ချိန်တွင် လူအပြည့်ရှိနေသော ဧည့်ခန်းမတစ်ခုလုံး တိတ်ကျသွားတော့၏။ ယခု လူတိုင်း၏အကြည့်များက ဂွမ်ချယ်ဝူဆီသို့ ဦးတည်နေပြီမှန်း အီယွန်း သိလိုက်တော့သည်။

အရပ်က ၁၈၅ စင်တီမီတာထက် ကျိန်းသေပေါက်မလျော့။ ပါးပါးလျလျရှိသော်လည်း တောင့်တင်းကြံ့ခိုင်သည့် ကိုယ်လုံးကိုယ်ပေါက်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ထင်းနေသော နှာတံမြင့်မြင့်၊ သေသပ်စွာ ပုံသွင်းထားသည့် ဆံပင်။ ဤသို့သော ထူထဲသည့် မျက်ခုံးနှင့် အေးစက်ပြီး လှပသည့်မျက်လုံးများကြောင့် လူတို့၏ အကြည့်များက တဒင်္ဂ သူ့ထံတွင် ကပ်ငြိသွားလေသည်။

ထိုအချိန်မှာပင် အစည်းအဝေးခန်းမတံခါး ပွင့်သွားတော့၏။

"ကျွန်မ သွားပြီးပြန်လာခဲ့မယ်။ ဒီမှာပဲ စောင့်နေနော်။"

အတူပါလာသည့်လူများကို မျက်လုံးဖြင့် နှုတ်ဆက်ပြီးနောက် အီယွန်းက ကျောခိုင်းလှည့်ထွက်ကာ အခြားလူများနောက်သို့ လိုက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် လက်ချောင်းများ နာကျင်အောင် ဆုပ်ကိုင်ခံထားရရာမှ ရုတ်တရက် ​ဖြေလွှတ်ပေးခြင်းခံလိုက်ရ၏။

ထိုအခါမှသာ သူ ဂွမ်ချယ်ဝူ၏လက်ကို အစကတည်းက ဆုပ်ကိုင်ထားခဲ့မိကြောင်း သတိထားမိသွားတော့သည်။

~~~~

ဟွာအီဒုမ် (Dome) စီမံကိန်း။

ဟွာအီဒိုတွင် ဆောက်လုပ်မည့် ပြည်တွင်း၌ အကြီးဆုံးဖြစ်သည့် ရုက္ခဗေဒဥယျာဉ်။

ရေတံခွန်အတု၊ အပူပိုင်း စိုစွတ်စိမ်းလန်းသော မှန်လုံအိမ်၊ အပြင်ဘက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့်ပန်းခြံ၊ ကောင်းကင် ဥယျာဉ်၊ ပြန်လည်ဖန်တီးထားသော မိုးသစ်တော အစရှိသဖြင့် အမျိုးမျိုးသော ရှုခင်းများက လက်ရှိတွင် ဟွာယန်းမြို့တော်ကို ခရီးသွားများလည်ပတ်ရာမြို့အဖြစ် နောက်တစ်ဆင့်တက်လှမ်းနိုင်စေရန် အာမခံချက်ပေးသွားမည့် လူထုစီမံကိန်းတစ်ခု။

လုပ်ငန်းလေလံဆွဲရန် စုဝေးနေကြသော ဆေးရုံအသီးသီးမှ ဒါရိုက်တာများက ဟွာအီဒုမ်၏ 3D သရုပ်ပြပုံစံငယ်ကိုကြည့်ကာ လောဘတက်နေသည့် မျက်နှာများကို မဖုံးကွယ်နိုင်ခဲ့ကြချေ။

သို့သော် တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြချက်များ အားလုံးပြီးသွားချိန်တွင် လူများလည်း ပို၍ငြိမ်ကျသွားတော့သည်။

"အခု ဘာပြောလိုက်တာပါလဲ။"

တစ်စုံတစ်ယောက်က အခြားနေရာမှ စားပွဲကြီးပေါ်ရှိ မိုက်ခရိုဖုန်းခလုတ်ကို နှိပ်လိုက်သည်။ ထိုအခါ တာဝန်ရှိသူက မျက်နှာအမူအရာ မပြောင်းလဲဘဲ စက်ရုပ်လို ပြန်ဖြေခဲ့၏။

"လုပ်ငန်းလေလံဆွဲတာကို လူသိရှင်ကြား စစ်ဆေးမှုနဲ့ ကြည့်ရှုအကဲဖြတ်မယ်လို့ ပြောလိုက်တာပါ။"

အစည်းဝေးခန်းမထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်မျိုး လွှမ်းခြုံသွားတော့သည်။ မိမိတို့၏ မိခင်ဘာသာစကားကိုတောင် နားမလည်ကြသည့် မျက်နှာထားများပင်။

"အခု ကျွန်တော်တို့ကို…အရွေးချယ်ခံဖို့ ပြောနေတာလား။"

ဒေါသကို အတင်းဖျစ်ညှစ်ထိန်းချုပ်ထားသည့် အသံကြောင့် အားလုံး၏မျက်နှာထားများ တင်းမာသွားတော့သည်။ ဤသို့သော ရန်လိုသည့် အတိုက်အခံရှိနေသော်လည်း တာဝန်ရှိသူကတော့ ရှင်းပြမှုကို ဆက်လုပ်ခဲ့၏။

"ပြဿနာရှိလို့လားခင်ဗျ။ အရည်အချင်းအရှိဆုံး သစ်ပင်ဆရာဝန်ကို ဒီအလုပ်အပ်ဖို့ပါ။ ဟွာအီဒုမ်မှာ ထည့်သွင်းမဲ့ အပင်တွေက ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ အဖိုးအတန်ဆုံး သစ်ပင်တွေ ပါဝင်မှာလေ။ ဒါပေမဲ့ အပင်တွေ၊ မြေဩဇာတွေနဲ့ပဲ အဲ့ဒီနေရာကိုဖြည့်ဖို့ကြံနေတဲ့ လူလိမ်တွေကို ကျွန်တော်တို့က ဘယ်လိုများ ယုံကြည်ရမှာလဲဗျ။"

အီယွန်းက 'လူလိမ်' ဟူသော စကားလုံးကြောင့် ရုတ်တရက် ဆတ်ခနဲတုန်သွား၏။ ဤလေလံပွဲတွင် မိမိကိုယ်မိမိ ယုံကြည်မှုအရှိဆုံးဖြစ်သော D ဆေးရုံကြီး၏ ဒါရိုက်တာပင် မျက်နှာပျက်သွားသည်ကိုကြည့်လျှင် ဤသတင်းက ဘယ်သူမှမသိသေးသော အချက်အလက်ဖြစ်သည်မှာ သေချာပေသည်။ တိုးတိုးတိတ်တိတ်နှင့် ဗုံးဖောက်ခဲ့သည့် တာဝန်ရှိသူကတော့ မပြောင်းလဲသည့်မျက်နှာထားနှင့်သာ စကားဆက်ခဲ့၏။

"လူသိရှင်ကြား စစ်ဆေးမှုကို ပြိုင်ပွဲပုံစံနဲ့ လုပ်သွားမှာပါ။"

ဤမျှအထိ အကြီးအကျယ်လုပ်ခြင်းက ဤနယ်ပယ်မှ အစိုးရအရာရှိများအတွက် တော်တော်လေး စိတ်ရှုပ်စရာကောင်းမည့် အလုပ်တစ်ခုပင်။ သို့သော် Green New Deal* မူဝါဒကို ကိုင်စွဲထားသည့် အစိုးရ၏ လမ်းညွှန်ချက်ကြောင့် သဘာဝတရားအပေါ် လူထု၏စိတ်ဝင်စားမှုကို အဓိက စျေးကွက်ရှာဖွေရေး အမှတ်အသားအဖြစ် တင်ပြကြရပေမည်။

[TL/N : *Green New Deal Policy ဆိုတာက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီအောင် ပေါင်းစပ်ဖို့ကြိုးစားတဲ့ public policy ပါ။ တောင်ကိုရီးယားက ၂၀၂၀ မှာ ဒီမူဝါဒကို အကောင်အထည်ဖော်ခဲ့ပြီး အရှေ့အာရှမှာ ဒီမူဝါဒကို ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဒီမူဝါဒရဲ့ သမိုင်းကြောင်းအသေးစိတ်ကို ဆောင်းပါးလေးတွေ ရှာဖတ်ကြည့်ပါ။]

"လာမဲ့နှစ် သစ်ပင်စိုက်ပျိုးရေးနေ့နဲ့အတူ ကျင်းပမှာဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ ပြိုင်ပွဲကို ကြော်ငြာဗီဒီယိုအဖြစ် ထုတ်လွှင့်သွားမှာပါ။ ရံဖန်ရံခါ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကလည်း စစ်ဆေးမှုမှာ ပါဝင်အကဲဖြတ်မှာဆိုတော့ အဲ့ဒါလေးလည်း သတိထားပေးဖို့ ပြောချင်ပါတယ်။"

တာဝန်ရှိသူက ပင်ပန်းနွမ်းနယ်မှုကို လျစ်လျူရှုပြီး အရေးအကြီးဆုံးစကားကို ထပ်ပြောခဲ့သည်။

"နောက်ဆုံးရွေးချယ်ခံရတဲ့ ဆေးရုံက ဟွာအီဒုမ်နဲ့ ၁၀ နှစ်စာချုပ်ချုပ်ဖို့  အာမခံချက်ရမှာ ဖြစ်ပါတယ်။"

'တစ်နှစ်မဟုတ်ဘဲ ၁၀ နှစ်ပေါ့လေ။'

တီးတိုးပြောဆိုသံများ အဆမတန် ပိုကျယ်လာတော့သည်။ ထို့နောက်တွင် လျှောက်လွှာနှင့် အီးမေးလ်များအကြောင်း ဆက်ပြောခဲ့သော်လည်း တက်ရောက်လာသူများ၏ နားထဲကို မဝင်တော့ပေ။

ပြည်တွင်း၌ အကြီးဆုံးဖြစ်သည့် ရုက္ခဗေဒဥယျာဉ်။ အရှားပါးဆုံးနှင့် အဖိုးအထိုက်တန်ဆုံး သစ်ပင်များ။ ဤသည်မှာ အကြီးမားဆုံးသော အလုပ်အပ်သူဖြစ်ကာ ပင်စင်နှင့်တူမည့် စာချုပ်လည်းဖြစ်၏။ ကန့်ကွက်ရန် ပြင်နေကြသူများ၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားသည့် အခိုက်အတန့်ပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment