အပိုင်း ၁၆
"အီယွန်း၊ အီယွန်း။"
ဖြည်းဖြည်းချင်း ရွတ်လိုက်သော နာမည်က စေးကပ်နေသလို ကပ်ပါလာ၏။ စီနီယာ ရှူးရှူးရှားရှား ပြောသွားသော စကားများနှင့် လုံးဝကွဲပြားသည့် သိပ်သည်းမှုမျိုးပင်။ ဂွမ်ချယ်ဝူက ခေါင်းကိုက်နေသလိုပုံစံနှင့် မျက်ခုံးများကို ဖိနှိပ်လိုက်သည်။
"သူများမိန်းမရဲ့ နာမည်ကို တစ်ဆိတ် ဒီလောက်ပဲခေါ်ပါတော့။ မသတ်ပစ်မိခင်။"
အေးစက်စက် အကြည့်က ဓားသွားအလား ပြတ်သားလှ၏။ မျက်နှာအမူအရာမရှိတော့သောနေရာတွင် အဓိပ္ပာယ်မဲ့သော လူသားမျက်နှာဖုံးသာ ကျန်ရစ်ခဲ့သည်။
ပတ်ဝန်းကျင်အပူချိန်က ရုတ်တရက် ကျဆင်းသွား၏။ မလှုပ်မယှက် တောင့်တင်းသွားကာ အသက်ပင်မရှူနိုင်သည့် ဟွမ်ဂျိုယွန်း၏ပုံစံကိုမြင်တော့ ဤသည်က ဒီအတိုင်း အထင်မှားခြင်းမဟုတ်ဘူးဟု တွေးလိုက်မိသည်။ အီယွန်းတစ်ယောက် ကိုယ်တိုင်လုပ်ဗုံးကို မြင်လိုက်ရသူအလား မောဟိုက်စွာ အသက်ရှူရတော့၏။ သူ့ထံမှ အတိတ်၏ အရိပ်အယောင်များကို မြင်လိုက်ရသည်။
'ဂွမ်ချယ်ဝူကို အပြင်လွှတ်လိုက်မိတာ အရမ်းစောသွားတာလား။ ခေါင်းကိုက်တယ်ဆိုတော့ ချက်ချင်း မှတ်ဉာဏ်တွေ ပြန်ရတော့မှာမဟုတ်ဘူးလား။'
အီယွန်း ဆောက်တည်ရာမရ ပူပန်လာတော့သည်။ နှလုံးက တဒိတ်ဒိတ်ခုန်နေ၏။ ဂွမ်ချယ်ဝူ၏ အကြည့်က စားပွဲပေါ်မှဖန်ခွက်ဆီသို့ ရောက်သွားကာ အီယွန်းအား ဖက်ထားသည့်လက်ကို ဖြေလွှတ်လိုက်သည်။
'အာ၊ အာ၊ မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် မဖြစ်ဘူး။'
အီယွန်းက ပြေလျော့သွားသော ဂွမ်ချယ်ဝူ၏လက်ကို ဖမ်းဆွဲကာ safety bar လို သူ့ခါးမှာ ပြန်ပတ်ထားလိုက်၏။ ဂွမ်ချယ်ဝူက တုံ့ဆိုင်းသွားကာ ခေါင်းလှည့်လာသည်။ အကြည့်ချင်းဆုံသွားသည့် မျက်လုံးများက တည်ငြိမ်နေ၏။
"ကိုယ် တကယ်ပဲ ဘာမှမလုပ်ရဘူးလားဟင်။"
"..."
"မျက်လုံးနဲ့ လက်ကတော့၊ ကိုယ်မှားသွားတာပါ။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ အီယွန်းက နောက်တစ်ခါထပ်ပြီး ကောင်းကောင်းရွေးပေးပါနော်။"
သူက စောစောကလို စူးရှသောပုံစံမျိုးမဟုတ်တော့ဘဲ နူးညံ့သော မျက်နှာထားသို့ ပြောင်းလဲလိုက်သည်။
"ညာဘက်ဥလား၊ ဘယ်ဘက်ဥလား။"
အီယွန်းတစ်ယောက် ကြောင်တောင်တောင် မျက်တောင်ခတ်လိုက်မိသည်။
"ခုနကထက်စာရင် ရွေးချယ်စရာတွေက အထိအခိုက်နည်းတယ်မဟုတ်လားဟင်။"
ဟွမ်ဂျိုယွန်းက အီယွန်း၏စိတ်ကို ထပ်ပြီး လှုပ်ခါနိုင်ခြင်းမရှိတော့ပေ။
~~~~
အီယွန်းက ထိခိုက်စေမည့်အရာများမှစ၍ သူ့ကို ကာကွယ်ရန် ဂွမ်ချယ်ဝူကိုခေါ်ပြီး ကော်ဖီဆိုင်ထဲမှ စိတ်နှင့်ကိုယ်မကပ်စွာ ထွက်လာခဲ့သည်။ ထိုသို့လုပ်နေရင်းမှပင် သူ့နှလုံးက ကြောက်စရာကောင်းလောက်အောင် ခုန်နေ၏။
'...မသတ်ပစ်မိခင်။'
ရုတ်တရက် ဂွမ်ချယ်ဝူ၏အတိတ် အတွေးထဲပြန်ပေါ်လာချိန်တွင် ကူကယ်ရာမဲ့သွားတော့သည်။ ပြန်တွေးကြည့်လေ၊ ကျောရိုးတစ်လျှောက် အေးစက်လာလေပင်။ မည်သို့ပင်စဉ်းစားပါစေ စီနီယာ၏ ဖြစ်တည်မှုက ဂွမ်ချယ်ဝူ၏ တစ်နေရာရာကို ပြင်းပြင်းထန်ထန် ထိသွားပုံရ၏။
...ဟင့်အင်း၊ မဟုတ်ဘူး။
ဤသည်မှာ အင်မတန်ရိုးရှင်းလွန်းသည့် ကောက်ချက်ချမှုပင်။ ခုံးကောင်အလား ပါးစပ်ပိတ်ထားသည့် အီယွန်း၏မျက်နှာက ရုတ်တရက် မှောင်သွားတော့သည်။
စီနီယာနှင့် အခြားသူများက ဂွမ်ချယ်ဝူကို စိတ်မသက်မသာဖြစ်အောင် လုပ်ခဲ့ခြင်းမဟုတ်၊ သူက အီယွန်း၏ခံစားချက်ကို ခံစားတုံ့ပြန်နိုင်စွမ်းမြင့်စွာ သိရှိနေခြင်းပင်။
အီယွန်း နည်းနည်းလောက်လေး စိတ်မသက်မသာ ဖြစ်သွားသည်နှင့် ထိုလူက စည်းကျော်တော့မည့်အလား လျင်မြန်စွာ အသင့်ဟန်ရေးပြင်တော့သည်။ ယင်းမှာ လည်ပတ်ကြိုးကို ကိုင်ထားသူက ဤလူကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဟူသော အဓိပ္ပာယ်ပင်။
အီယွန်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
'အနည်းဆုံးတော့ ငါက ကိုယ့်အစီအစဉ်ကိုယ် ဖျက်ဆီးပစ်လို့မဖြစ်ဘူး…'
ထို့ကြောင့် ဂွမ်ချယ်ဝူအရှေ့တွင် အမြဲတမ်း စိတ်လှုပ်ရှားနေသည့်ပုံစံကို ပြခြင်းက အန္တရာယ်ရှိ၏။ သူ၏အတိတ်မေ့မှု အကောင်းအတိုင်း ဆက်ရှိစေရေးအတွက် အီယွန်းကိုယ်တိုင်က မယိမ်းမယိုင် တည်ငြိမ်နေရပေမည်။
အီယွန်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်တိုင်း ဂွမ်ချယ်ဝူ၏ခြေထောက်ကို နင်းမိသလို ဖြစ်သွားခြင်းပင်။ ယင်းမှာ အပြင်ထွက်ပြီး သောင်းကျန်းစေသော အချက်ပြမှုလိုဖြစ်နေ၏။
"…ကျွန်မ၊ ဟွမ်ဂျိုယွန်းနဲ့ တစ်ယောက်ချင်း ရင်ဆိုင်မှာပါ။"
အိမ်ကိုပြန်ရောက်တော့ အီယွန်းက မျက်လုံးထဲတွင် အားအင်အပြည့်နှင့် ကြေညာလိုက်သည်။ ထိုစကားကြောင့် ဘာမှမပြောဘဲ လိုက်လာသည့် လူက အနည်းငယ် အေးစက်သောမျက်နှာနှင့် အီယွန်းကို ဆွဲလှည့်ခဲ့၏။
"အီယွန်း။"
"ဂွမ်ချယ်ဝူက စိတ်ပူစရာမလိုပါဘူး။ ကျွန်မက တရားဝင်၊ တရားသဖြင့် သေချာဖြေရှင်းသွားမှာမို့လို့။ အာရုံစိုက်မနေပါနဲ့။ အဲ့ဒီလိုလုပ်နေရာက ခေါင်းကိုက်တာမျိုးတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။"
နောက်ဆုံးစကားကိုတော့ သူ့မျက်နှာကို ခိုးကြည့်ရင်း ထပ်ဖြည့်လိုက်၏။ ဂွမ်ချယ်ဝူက အသက်ရှူသွင်းကာ ဆံပင်ကို သပ်တင်လိုက်သည်။
"တခြားယောက်ျားနဲ့ တရင်းတနှီးပတ်သက်မဲ့အကြောင်းကို ဒီလောက် အကျယ်ကြီးပြောနေတော့ ကြားလိုက်ရတဲ့ ခင်ပွန်းက ကမ္ဘာကြီးပြိုသွားသလိုပါပဲ။"
"အဲ့ဒီလို မဟုတ်ဘူးလေရှင့်…"
အီယွန်းက ဆွေ့ဆွေ့ခုန်ကာ ခုခံငြင်းဆိုခဲ့သည်။
"လူသိရှင်ကြား စစ်ဆေးအကဲဖြတ်မှုကို ပြောတာပါ။ D ဆေးရုံလောက်ကိုတော့ ကျွန်မလည်း တကယ် အနိုင်ယူချင်ပါတယ်။"
အီယွန်း လက်သီးလက်မောင်းတန်းကာ သူ့သန္နိဋ္ဌာန်သူ အခိုင်အမာ အတည်ပြုနေချိန်တွင် သတိတောင်မထားမိဘဲ ဂွမ်ချယ်ဝူ၏လက်က ကောက်ရိုးဦးထုပ်နှင့် အပေါ်ဝတ်အင်္ကျီကို တစ်ခုပြီးတစ်ခု သဘာဝကျကျလေး ချွတ်သွား၏။
"အဲ့ဒီ စီနီယာဆိုတဲ့ကောင်က အီယွန်းကို ဘာတွေလုပ်ခဲ့တာလဲ။"
"အဲ့ဒါက..."
မျက်လုံးများ ဂနာမငြိမ်ဖြစ်နေပုံအရ အသေးစိတ် ပြောပြချင်ပုံမပေါ်ပေ။
"ဒီအတိုင်း စိတ်ရှုပ်စရာကောင်းပြီး စကားပြောလို့မရတဲ့လူပါ။"
"ကိုယ် ကူညီပေးလို့ရတာ မရှိဘူးလားဟင်။"
"...ရှေ့လျှောက် လှပြီး ကောင်းတဲ့အရာလေးတွေကိုပဲ ကြည့်ဖို့။"
အဖြေမှန်ရွေး မှန်သွားသည့်အလား သူက မျက်ခုံးများကိုပင့်ကာ ပို၍နက်ရှိုင်းသော မျက်လုံးများနှင့် နှုတ်ခမ်းများကိုဖြည်းဖြည်းချင်းပင့်ပြီး ပြုံးခဲ့သည်။
"အဲ့ဒါက မခက်ပါဘူး။"
နူးညံ့သောမျက်လုံးများက အီယွန်း၏ မျက်နှာအစိတ်အပိုင်းတစ်ခုစီကို ကြည့်နေသည်။ အီယွန်းက လည်ပင်းကိုကုတ်ကာ အကြည့်ကို နည်းနည်းရှောင်လွှဲလိုက်၏။
"ဂွမ်ချယ်ဝူရှင့်၊ ဒါနဲ့လေ..."
"ဗျာ။"
"စောစောက 'သတ်ပစ်မယ်' ဆိုတဲ့စကားကို ဘာလို့ပြောခဲ့တာလဲဟင်။"
အီယွန်းက သူ့ကို အလေးအနက်မျက်နှာထားနှင့် မော့ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်။"
"တောင်းပန်တာကို ကြားချင်တာမဟုတ်ပါဘူး၊ အံ့ဩသွားလို့ပါ။ ဂွမ်ချယ်ဝူ အဲ့ဒီလိုလုပ်တာကို ပထမဆုံးအကြိမ်...မြင်ဖူးတာမို့လို့။ ဟုတ်တယ်၊ ပထမဆုံးပဲ... ဖြစ်မှာ..."
အားမပါစွာ တီးတိုးရေရွတ်နေသော အီယွန်း၏ပုံစံကြောင့် ဂွမ်ချယ်ဝူ၏ ရင်ထဲတွင် ပူလောင်လာတော့သည်။
"အဲ့ဒီကောင် 'အီယွန်း၊ အီယွန်း' လို့ ခေါ်လိုက်တိုင်း မျက်စိရှေ့မှာ နီရဲလာသလို ခံစားရလို့ပါ။"
"...အဲ့...အဲ့ဒီလိုလားရှင့်။"
"အဲ့ဒီပါးစပ်ကို ဆွဲဖြဲပစ်ချင်တာကို သည်းခံပြီးရင်း သည်းခံခဲ့ရတာပါ။"
ဂွမ်ချယ်ဝူက ထိုအချိန်ကို ပြန်တွေးရင်း အံကြိတ်လိုက်သည်။
"ကိုယ့်မျက်လုံးထဲမှာ အီယွန်းက ငိုချင်နေတာကို အောင့်ထားသလိုပဲ မြင်ရလို့။"
အီယွန်း အကြောင်သား ခေါင်းမော့လိုက်မိသည်။ အကြည့်ချင်းဆုံမိတော့ ဂွမ်ချယ်ဝူ၏မျက်နှာက ရုတ်တရက် အသက်ရှူရလွယ်သွားသည့်ပုံပေါ်လာ၏။
"အဲ့ဒီနေရာမှာပဲ အဲ့ဒီလူက တစ်ခါသေပြီးသွားပါပြီ၊ အီယွန်း။"
ဂွမ်ချယ်ဝူက အီယွန်း၏ ခြောက်သွေ့သောမျက်ခွံကို ထိလာသည်။
"ကိုယ်က အီယွန်းမှမဟုတ်ရင်ကြင်နာမှုဆိုတာ မရှိပါဘူး။"
ထိုစကားကို သက်သေပြသည့်အလား ထိုလူက နွေဦးလို ပြုံးပြခဲ့သည်။
~~~~
"လုပ်မယ်ပေါ့လေ။"
ဆေးရုံသို့ ပြန်ရောက်လာသည့် ချူဂျာက အံ့ဩတကြီး ထပ်မေးခဲ့သည်။
သူက အီယွန်း လူများနှင့်ထိတွေ့ဆက်ဆံရခြင်းကို မည်မျှအထိ မုန်းတီးမှန်းသိ၏။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အထိ အီယွန်းနောက်သို့ လိုက်ခဲ့သည်က သူငယ်ချင်းများမဟုတ်ဘဲ ကောလာဟလများဖြစ်ပြီး သူ့အကြောင်းများ ဖော်ထုတ်ခံရမည်ကို သေတာထက် ပိုကြောက်သူပင်။
သို့ရာတွင်...
"တကယ် လုပ်မှာလား။"
"ဟုတ်ကဲ့။"
"ကင်မရာတွေ လာလောက်မလားလည်း မသိတာကို။"
"…အဲ့ဒီမတိုင်ခင် အရွေးမခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။"
အီယွန်းက လက်ချောင်းလေးများကို ဟိုကိုင်ဒီကိုင်လုပ်ကာ အကြည့်ကို ရှောင်လိုက်သည်။
"အရင်ဆုံး D ဆေးရုံက ပန်းတိုင်ပါ။"
သို့သော် အံ့ဩရလောက်အောင် ခိုင်မာပြတ်သားသည့်အသံကြောင့် ချူဂျာက မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း ကြောင်သွားတော့သည်။
'ဘာလို့ ဒီလိုမျိုး ချီးကျူးစရာ သန္နိဋ္ဌာန်ကို ဂွမ်ချယ်ဝူရဲ့နောက်ကျောကိုကြည့်ပြီး လုပ်နေတာပါလိမ့်။'
ချူဂျာက သူ ဘာများလွတ်သွားသလဲ သိရရန်အတွက် သူတို့နှစ်ယောက်ကို အနီးကပ် အကဲခတ်လိုက်သည်။
"တောင်းပန်ပါတယ်။ ကိုယ်က အီယွန်းကို အကူအညီလည်းမပေးနိုင်ဘူး။"
"မဟုတ်တာ၊ ဂွမ်ချယ်ဝူက နဂိုကလည်း အဲ့ဒီလိုပါပဲ။"
ချီးမွမ်းမှုနှင့် ဘယ်လိုမှမတူသောစကားကြောင့် ထိုလူ၏ မျက်နှာထားက ထူးဆန်းသွားသည်။
"အီယွန်းက တကယ်ပဲ ကိုယ့်ကို ဘာကြည့်ပြီး သဘောကျခဲ့တာလဲဟင်။ နေ့ဘက်လည်း အလုပ်မလုပ်နိုင်၊ ညဘက်လည်း အလုပ်မလုပ်နိုင်။ အသုံးကျတာ ဘာတစ်ခုမှမရှိတဲ့လူကို။"
"အပင်လိုဖြစ်နေလို့ သဘောကျခဲ့တာပါ။"
"ဗျာ။"
'ငါနော်။'
အီယွန်းတစ်ယောက် ကိုယ့်ပါးစပ်ကိုယ် အပြစ်တင်ရင်း အိုးတိုးအမ်းတမ်း ပြုံးလိုက်သည်။
"အဲ့ဒီတော့ကလေ... အရမ်းကို တိတ်ဆိတ်တယ်လို့ ပြောချင်တာပါ။ ခေါ်ရင်လည်း ပြန်မထူးတဲ့အချိန်က ပိုများလောက်အောင်ပဲလေ။ အဲ့ဒီလိုဆိုရင် ကျွန်မဘာသာ တစ်ယောက်တည်း ရေရွတ်နေတာ။ အဲ့ဒီ တိတ်ဆိတ်တဲ့အချိန်ကို သဘောကျခဲ့တာပါ။"
ထိုစကားမှာ ဂွမ်ချယ်ဝူ သစ်ပင်လူသား ဖြစ်နေခဲ့သောအချိန်ကို ပြောနေခြင်း ဖြစ်လောက်ပေသည်။
'တော်တော်လည်း ကွန်ဖြူးရှပ်လမ်းစဉ်လိုက်နေတာပဲ။ အလိမ်အညာတွေ တစ်ခုပြီးတစ်ခု ပြောနေတာများ ကြည့်ပါဦး။'
ချူဂျာက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်... အဲ့ဒီလိုနဲ့ပဲ ဂွမ်ချယ်ဝူရဲ့အနားမှာနေရတာ သက်သောင့်သက်သာဖြစ်လာခဲ့တာပါ။"
ရုတ်တရက် ချူဂျာ၏မျက်ခုံးများ ပင့်သွားတော့သည်။ တမင်ပဲ အလိမ်အညာနှင့် အမှန်တရားကို တစ်ဝက်စီရောနှောထားခြင်းလား၊ သို့မဟုတ် မသိစိတ်ထဲမှ လွှတ်ခနဲ ထွက်လာသလားဆိုသည်ကို ချူဂျာလည်း သိနိုင်စရာအကြောင်းမရှိပေ။
သို့သော် ဘယ်အရာက အမှန်တရား၊ ဘယ်အရာက အလိမ်အညာဟူသည်က နားထောင်နေသူမပြောနှင့် အီယွန်းကိုယ်တိုင်ပင် မျက်စိလည်နေသည်။ မကောင်းဆိုးဝါးနှင့် တိုက်ခိုက်ရင်း ကိုယ်တိုင် မကောင်းဆိုးဝါးဖြစ်သွားတတ်ပြီး၊ အမြဲတမ်း လိမ်ညာနေရာက ကိုယ့်ကိုယ်ကိုယ်ပင် လှည့်စားမိတတ်၏။ ချူဂျာက အနည်းငယ် လေးနက်သွားသော မျက်နှာထားနှင့် အီယွန်းကို လှမ်းကြည့်လိုက်သည်။
"အခု အဖြေရပြီလားရှင့်။"
အီယွန်းက မသိမသာ လေးလံသော အနေအထားကို ပြေလည်သွားအောင်လုပ်သည့်အလား လက်ကို လှုပ်ယမ်းလိုက်သည်။
ဂွမ်ချယ်ဝူက အီယွန်းကို နက်ရှိုင်းပြီး မှောင်မိုက်သည့်အကြည့်နှင့် စိုက်ကြည့်နေ၏။ သစ်သားနှင့်တူသော အညိုရောင်ဖျော့ဖျော့ မျက်ဝန်းများဖြစ်သော်လည်း ရုတ်တရက် မည်းမှောင်သော တွင်းနက်ကြီးက သူ့ခြေထောက်ကို ဆွဲဖမ်းသွားသလိုပင်။ ယင်းက သွေးတိုးစမ်းနေသည့်အကြည့်မှန်း သဘောပေါက်လိုက်ရချိန်တွင် ထိုခံစားချက်က အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ပေပြီ။
~~~~
"အိပ်ကြတော့မလားဟင်။"
နေဝင်သွားတော့ နောက်ဆုံးတွင် ဖြစ်ရမည့်အရာက ဖြစ်လာတော့သည်။ အီယွန်းတစ်ယောက် မဖြစ်စလောက် သနားစိတ်လေးနှင့် သူ့ကို နှိုးခဲ့သည့်အချိန်ကတည်းက အိပ်ရာအတူတူဝင်ဖို့ ငြင်းဆန်ရန် ပို၍ ဆင်ခြေရှာရခက်တော့မည်မှန်းသိ၏။
လွတ်လမ်း လုံးဝမမြင်ပေ။ အီယွန်းရဲ့စကားများကို သံသယမရှိ ယုံကြည်နေသောလူကို အခန်းခွဲအိပ်ရအောင်ဟု ပြောလိုက်လျှင် သံသယသာ တိုးလာပေလိမ့်မည်။ ထို့အပြင် ဂွမ်ချယ်ဝူ သံသယဝင်သွားချိန်တွင် အီယွန်း၏ အလိမ်အညာများလည်း အန္တရာယ်ရှိလာမည်မှာ သေချာ၏။
"ရေချိုးပြီး... တက်လာခဲ့ပါ့မယ်။"
"ရေချိုးပေးရမလား။"
"ရှင်။"
အီယွန်းတစ်ယောက် အလန့်တကြားနှင့် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
"အဲ့ဒီလောက် လန့်သွားစရာကိစ္စလားဟင်။"
"ကျွန်မ... ကျွန်မက ရှေးရိုးစွဲတဲ့သူပါ။ အသက်ခုနစ်နှစ်ကစပြီး ယောက်ျားလေးနဲ့ မိန်းကလေး ခွဲခြားနေခဲ့ရလို့…ငယ်ငယ်က လူမှုရေး စံနှုန်းသတ်မှတ်ချက်တွေကို တလွဲသင်ယူခဲ့ရလို့ ပြင်ဖို့ခက်ပါတယ်။"
"ခင်ပွန်းနဲ့ရောလားဟင်။"
"လက်ထပ်တာက အဲ့ဒီလိုအရာတွေ အကုန်လုပ်လို့ဖြစ်တဲ့ 'free pass' မဟုတ်ပါဘူး။"
"ဒါဆိုရင် ဘာလဲဗျ။"
ဂွမ်ချယ်ဝူက ဖြူစင်အပြစ်ကင်းသောမျက်နှာလေးနှင့် အီယွန်းအနားသို့ တိုးကပ်လာသည်။
"အီယွန်းက သင်ပေးပါ။ ကိုယ် မေ့သွားတာတွေ အများကြီးပဲမဟုတ်လား။"
နှုတ်ခမ်းကို လှုပ်လိုက်သော်လည်း အသံထွက်မလာခဲ့။ အီယွန်းတစ်ယောက် စောင်တစ်ထည်တည်းခြုံ၍ အတူတူအိပ်ခြင်းထက် ပိုခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်လိုက်ရတော့ ဖျူစ်ကြိုးများ ပြတ်တောက်သွားတော့သည်။
~~~~
Miel's Translations