အပိုင်း ၈
"ရား၊ ကိုယ်ကပဲ စမြှူဆွယ်ခဲ့တာကိုး။"
"..."
"ဖြူစင်ပြီးသိမ်မွေ့တဲ့ အီယွန်းကို ကိုယ်က စကားလုံးချိုချိုလေးတွေနဲ့ အိပ်ရာပေါ်အထိ ခေါ်သွားခဲ့တာ။ ဟုတ်တယ်မဟုတ်လား။"
"..."
"တကယ်ကို အရှက်မရှိမျက်နှာပြောင်တဲ့ လူရမ်းကားကောင် ဖြစ်ခဲ့တာပေါ့။"
စကားနှင့်မတူစွာ သူက ပျော်ရွှင်ကျေနပ်နေပုံဖြင့် ရယ်မောနေသည်။ လုံးဝအဖြူရောင်ပဲကျန်အောင် ပျောက်ကွယ်သွားသော မှတ်ဉာဏ်များကို သူစိမ်းတစ်ယောက်၏ အဖြစ်အပျက်လို ကြည့်ရှုရသည်ကို စိတ်ဝင်စားနေသည့်ပုံပင်။
တဖြည်းဖြည်း သူ၏ ပရိယာယ်ကြွယ်ကြွယ်အပြောတွင် စီးဝင်မျောပါစပြုလာတော့သည်။ ထိုသို့ အမှတ်တမဲ့ သူ့အပြော၌ ပါသွားလိုက်မည်ဆိုလျှင် ရေဆင်းပိုက်ထဲတွင် ဆံပင်များညှပ်ပြီး သေဆုံးရမည့်သူမှာ အီယွန်းသာ ဖြစ်ပေမည်။
ထိုအခိုက်အတန့်တွင် အီယွန်းတစ်ယောက် ထွက်ပြေးချင်စိတ် ပေါက်လာလောက်အောင် အသားကျနေသော စိုးရိမ်စိတ်ကို ခံစားလိုက်ရ၏။ ဇနီးမောင်နှံဖြစ်သောကြောင့် စောင်တစ်ထည်တည်း အတူတူခြုံကြသည့်အဆင့်အထိရောက်ခဲ့ပြီဖြစ်၍ နောက်တစ်ဆင့်ဆိုလျှင် sex လုပ်ခြင်းပင် ဖြစ်ပေမည်။
ထိုအတွေးဝင်လာသည်နှင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ ထိုအဖြစ်မျိုးတော့ မဖြစ်စေရဟုတွေးကာ အလောတကြီး ပြောလိုက်မိသည်။
"အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်မတို့က sex ကိစ္စမှာ သိပ်ပြီးအတွဲမညီဘူးရှင့်။"
ဂွမ်ချယ်ဝူက ရယ်နေသည်ကို ဖြည်းဖြည်းချင်း ရပ်လိုက်သည်။
"ကောင်းကောင်း မလုပ်နိုင်ကြပါဘူး။"
"...sex ကိုလား။"
"ဟုတ်၊ ဟုတ်ပါတယ်။ အဲ့ဒါကိုပါ။"
"ဘယ်သူကလဲ။"
"ရှင်။"
"ဘယ်သူက sex မလုပ်နိုင်တာလဲလို့။"
အကြည့်ကို ရှောင်လွှဲလိုသော်လည်း မနှစ်မြို့ဖွယ်ရာ အဖြေကို အတင်းတောင်းဆိုနေသော သူ့မျက်လုံးများက မြဲမြံခိုင်မာလှ၏။
"... နှစ်ယောက်စလုံးက မလုပ်တတ်ကြတာပဲထင်ပါတယ်။"
ထိုအခါ ဂွမ်ချယ်ဝူက 'ဟား' ဟူ၍ ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်မှုစွက်သော ရယ်သံဖြင့် ရယ်လေသည်။ မျက်နှာက တဖြည်းဖြည်းပျက်ယွင်းလာပြီး မကြာမီ အေးစက်ခက်ထန်သောမျက်နှာအဖြစ်သို့ ပြောင်းသွားတော့၏။
"မှတ်ဉာဏ်ပျောက်သွားတာထက် ဒါက ပိုပြီး ရှော့ခ်ရစရာကောင်းနေတာပဲ။"
ဂွမ်ချယ်ဝူ၏ မျက်လုံးများတွင် မီးစများ တဖောက်ဖောက် လောင်ကျွမ်းနေသလိုပင်။ သူ့ကိုယ်သူ ဘာလုပ်လို့လုပ်နေမှန်းပင်မသိသော အရူးတစ်ယောက်အဖြစ် မြင်ခဲ့ရချိန်က ဘယ်တုန်းကလဲဟု မေးရလောက်အောင်၊ ယခုတော့ တစ်စုံတစ်ခုကို ကောင်းစွာသိရှိနေသူတစ်ဦးလို ရေရာပြတ်သားနေလေသည်။ သူက မျက်နှာတစ်ခြမ်းကို လက်ဖြင့်သပ်ရင်း အက်ရှရှရယ်ခဲ့၏။
"ဒါဆို ကိုယ်တို့မှာ sex မရှိခဲ့ဘူးပေါ့။"
"ဟုတ်ပါတယ်…"
"အတိအကျ ဘယ်နေရာမှာ၊ ဘယ်လိုပြဿနာ ရှိခဲ့တာလဲ။"
နူးညံ့သော သူ့အသံတွင် တင်းမာမှုက ပါလာသည်။
"အဲ့ဒါက…"
အီယွန်းလည်း ရူးတော့မလိုပင်။ သူ မေးနေသော မေးခွန်းများက အီယွန်း၏ အကန့်အသတ်ကို ကျော်လွန်နေပေပြီ။ သို့သော် အသက် ၃၂ နှစ်အရွယ်သို့ ရောက်ရှိပြီးသူတစ်ဦးအနေဖြင့် ဤနေရာတွင် လက်လျှော့၍ မဖြစ်ပေ။
"အရင်ဆုံးပြောရရင်၊ ကျွန်မတို့ကလေ… တစ်ယောက်နဲ့တစ်ယောက် သင့်လျော်တဲ့ အရွယ်အစား မဟုတ်ကြဘူး ထင်ပါတယ်။ ဘာမှကို မခံစားရတာပါ… ကျွန်မ အခုအထိ ကာမအထွတ်အထိပ်ရောက်တယ်ဆိုတာ ဘာမှန်းကို မသိသေးပါဘူး။"
"..."
"ပြီးတော့ ဂွမ်ချယ်ဝူကလည်း လိင်စိတ်သိပ်မရှိဘူးလို့ ပြောခဲ့တာပါ။ တော်သေးတယ်လို့ပဲပြောပြော အဲ့ဒီအချက်ကို ပိုသဘောကျခဲ့တာရှင့်။ Sex မှာ အတိုင်အဖောက်ညီလို့မဟုတ်ဘဲ၊ တစ်ချက်တစ်ချက် ခံစားရတဲ့ ရဟန္တာလို ပုံစံကြောင့် ဒီလူပဲဖြစ်ရမယ်ဆိုပြီး တွေးခဲ့တာမို့လို့ပါ။"
အီယွန်းက ထိုနည်းဖြင့် နိဂုံးချုပ်စကားကို ပစ်သွင်းလိုက်သည်။
"... ရဟန္တာပေါ့လေ။ ကိုယ်ကလား။"
ဂွမ်ချယ်ဝူက နားမလည်နိုင်ဟန်ဖြင့် မျက်ခုံးများကိုကျုံ့ခဲ့သည်။ ရယ်စရာကောင်းစွာ ထိုမြားက ကိုယ့်ကိုယ်ကိုယ်၊ ဟင့်အင်း... ဖြစ်တည်မှုမရှိနိုင်သော ဂွမ်ချယ်ဝူ၏ ပုံရိပ်ယောင်ကို ချိန်ရွယ်ခဲ့ခြင်းပင်။
"အဲ့ဒါကြောင့် ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် တဏှာရာဂမပါတဲ့ ပလာတိုနစ်ခ် ဆက်ဆံရေးမျိုးနဲ့ပဲ နေခဲ့ကြတာပါ။"
အီယွန်းက အခြေအနေကို အကဲခတ်ကြည့်ရင်း မသိမသာလေး အဆုံးသတ်လိုက်သည်။
ဂွမ်ချယ်ဝူကတော့ စကားမပြောနိုင်ဟန်ဖြင့် ခဏကြာအောင် မျက်နှာကြက်ကိုသာ ကြည့်နေ၏။ တိတ်ဆိတ်မှု နက်ရှိုင်းလာတော့ ထိုအတိုင်း ကိုမာပြန်ဝင်သွာတာမဟုတ်ပါဘူးနော်ဟုတွေးရင်း အီယွန်း လှမ်းကြည့်မည်ပြုစဉ် သူက ရုတ်တရက် ရေရွတ်ခဲ့သည်။
"ဂိလာန ယောက်ျားကို ၂ နှစ်တောင် ပြုစုခဲ့တာကိုး။"
"..."
"တကယ်ပဲ ဆိုအီယွန်းက ဘယ်လောက်တောင် ချစ်ခဲ့တာလဲနော်။"
သူက ဝှီခနဲ လေချွန်သံမျိုး လုပ်ခဲ့သည်။ အထင်လွဲမှု နောက်တစ်မျိုးထပ်တိုးလာသည့် အခိုက်အတန့်ပင်။
အီယွန်းတစ်ယောက် ဒိတ်ကုန်နေသောနို့ကို သောက်မိသည့်အလား ဗိုက်ထဲတွင် မအီမသာ ဖြစ်နေသော်လည်း သိသိသာသာ ထုတ်ပြပိုင်ခွင့်မရှိခဲ့။ အထင်လွဲလေလေ ကောင်းလေလေပင်။ ဂွမ်ချယ်ဝူကို တစ်ပတ်ရိုက်ရန် ဤနည်းလမ်းတစ်ခုအပြင်မရှိခဲ့ချေ။
"မြန်မြန်အိပ်ပါတော့။"
အီယွန်းက အိပ်ရာဝင်နှုတ်ဆက်စကားကို အကြောင်းပြကာ စကားလမ်းကြောင်း လွှဲလိုက်သည်။ ထိုလူနှင့် စကားပြောလေလေ၊ ကိုယ့်အတက်နှင့်ကိုယ်စူးသလို ခံစားရလေဖြစ်သောကြောင့်ပင်။
"...ဟုတ်ပါပြီ။ အီယွန်းလည်း ကောင်းကောင်းအိပ်ပါ။"
သူကလည်း အတိတ်ကို ထပ်ပြီးသိလိုစိတ်မရှိတော့ဟန်ဖြင့် အသာလေးမျက်လုံးမှိတ်သွားသည်။
အီယွန်းတစ်ယောက် ဘုရားသခင်ထံတွင် ဆုတောင်းလေတော့၏။
'ကျေးဇူးပြုပြီး ဒီလူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားအောင်လုပ်ပေးပါ။ ဖြစ်နိုင်ရင် တစ်ပတ်ကျော်ကျော်လောက် အိပ်ပျော်သွားပါစေ။ ဖြစ်နိုင်တယ် မဟုတ်လားရှင့်။ အဲ့ဒီလို ရောဂါလက္ခဏာမျိုးရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျေးဇူးပြုပြီး ဆောင်မပေးပါ။'
စိတ်ထဲမှ မျှော်လင့်တကြီး ဆုတောင်းနေခဲ့သည်။
ထိုအချိန်တွင် ဂွမ်ချယ်ဝူက လုံးဝနားမလည်နိုင်သလို မျက်နှာမျိုးဖြင့် တိုးတိုးလေး ပြန်မေးခဲ့လေသည်။
"ဒါနဲ့ 'မလုပ်တတ်ဘူး' ဆိုတာက အတိအကျ ဘာကိုဆိုလိုတာလဲ။ ထိုးသွင်းပြီးလုပ်တာကို မကြိုက်တာလား၊ ဒါမှမဟုတ် ရှေ့ပြေးနှိုးဆွတဲ့နေရာမှာ စိတ်ပါလက်ပါ ပြင်းပြင်းပြပြမရှိတာလား။ မဟုတ်မှ ကိုယ်က လူပျိုရည်မပျက်သေးတဲ့ virgin လေးတော့ မဟုတ်ပါဘူးနော်။"
ဇွဲကောင်းကောင်းနှင့်မေးနေသော မေးခွန်းကြောင့် တစ်ချက်လေး မှင်တက်သွားမိသော်လည်း အီယွန်းက နောက်မဆုတ်ခဲ့ပေ။
"... မပြောတတ်ပါဘူး။ ကျွန်မလည်း သေချာတော့မသိပေမဲ့ ပုံမှန်နဲ့မတူအောင်ကို မြန်မြန်ပြီးသွားတာ ထင်တယ်ရှင့်။"
ဂွမ်ချယ်ဝူက တုန်လှုပ်သွားဟန်ဖြင့် တစ်ချက်လောက် စကားမပြောနိုင်တော့ပေ။ ခဏနေတော့ သူ့ကိုယ်သူ သရော်သလို သက်ပြင်းချသံနှင့်အတူ "အရူးကောင်" ဟု ရေရွတ်ခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း အသံများ တိတ်ဆိတ်သွား၏။
ချက်ချင်း အခန်းထဲမှ ထွက်ခွာရန်ပြင်လိုက်သည့် အီယွန်းမှာ သူ၏လက်ထဲတွင် ဖမ်းဆုပ်ထားသော မိမိလက်ကို မထုတ်နိုင်ဘဲ အတော်ကြာ ရုန်းကန်ခဲ့ရသည်။ တင်းမာနေသော ခန္ဓာကိုယ်မှအားများ ဖြည်းဖြည်းချင်း ပြေလျော့သွားချိန်တွင် အီယွန်းလည်း ပွတ်တိုက်ပစ်သလို သတိလွတ်သွားကာ ပြောလိုက်မိ၏။
'ဘာလို့ သတ်တာလဲ။'
နောက်ဆုံးတွင် မမေးနိုင်ခဲ့သော ထိုစကားတစ်ခွန်းကို ရင်ထဲတွင်မြှုပ်နှံထားရင်းဖြင့်။
~~~~~
နောက်တစ်နေ့ နံနက်တွင်။
အိပ်နေရာမှ နိုးထလာသော အီယွန်းတစ်ယောက်....
"အာာားးး"
အော်ဟစ်ရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား။"
ဂွမ်ချယ်ဝူက လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ကာ သူ့ကို ငုံ့ကြည့်နေလေသည်။
'Sleeping beauty syndrome' လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။
ရက်ပိုင်းလောက်မှ ရက်သတ္တပတ်အနည်းငယ်အထိ နိုးထနိုင်မည်မဟုတ်ဟု ထင်မှတ်ခဲ့သည်နှင့်ဆန့်ကျင်စွာ ထိုလူက မနက်ခင်းနေရောင်ခြည်ကို ခံယူရင်း အီယွန်းကို အင်မတန်ကောင်းမွန်စွာ ကြိုဆိုနေ၏။
နေရောင်ခြည်ကို အပြည့်အဝ စုပ်ယူထားသော ပယင်းရောင်မျက်ဝန်းများက ထူးထူးခြားခြား နီရဲလျက်။
အခန်းထောင့်တစ်နေရာတွင် ရပ်နေသော အီယွန်းက မင်သေသေဖြင့် ဆေးစစ်မှုခံယူနေသော ထိုလူကို ဂနာမငြိမ်စွာ ကြည့်နေခဲ့သည်။ လက်မောင်းကို ပွတ်သပ်ကြည့်၊ လက်ခုံကို ဆွဲဆိတ်ကြည့်၊ လက်သည်းများကို ကိုက်ကြည့်သော်လည်း လုံးဝ စိတ်မငြိမ်နိုင်ပေ။
ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်တာလဲ။ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။
အီယွန်း လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်လိုက်သည်။ နှလုံးခုန်နှုန်းက မူမမှန်စွာ မြန်မြန်ခုန်နေ၏။ တရားလွန် နှလုံးခုန်နှုန်းကြောင့်ပဲဖြစ်မလား၊ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလှုပ်ခါနေသလို ခံစားရသည်။
"အစောကြီး ကောက်ချက်ချဖို့ကတော့ အခုအထိ စောပါသေးတယ်။ ပက်တန်ချကြည့်ဖို့ဆိုရင် အိပ်စက်မှုနဲ့ပတ်သက်ပြီး အချက်အလက် အမျိုးမျိုး ထပ်လိုအပ်ဦးမှာပါ။ လူနာက မနက်ဖြန်ပဲဖြစ်ဖြစ် ပြန်ပြီးတော့ အကြာကြီးအိပ်ပျော်သွားနိုင်ပါတယ်။ အခြေအနေကို ဆက်စောင့်ကြည့်တာက ပိုကောင်းလိမ့်မယ်ဗျ။"
ယနေ့တွင် ဂွမ်ချယ်ဝူက 'ပုံမှန်' အတိုင်း နိုးထလာခဲ့သည်။
ပထမက ၃ ရက်၊ ထို့နောက် ၅ ရက်၊ နောက်ဆုံးတွင် ၁၂ ရက်ကြာမှ နိုးထလာခဲ့သည်ဟုဆိုသော ထိုလူက ရုတ်တရက် တစ်ရက်အတွင်း ပုံမှန်အတိုင်း မျက်လုံးဖွင့်လာခြင်းပင်။
မည်သို့ပင်ဖြစ်စေ သူ့ကို တစ်ခါပြန်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေလိုသော အီယွန်းအတွက်တော့ နောက်စေ့ဖြတ်ရိုက်ခံလိုက်ရသလိုပင်ဖြစ်၏။
"လူနာရဲ့ခေါင်းမှာတော့ ဘာမှ ထူးခြားမှု မရှိပါဘူး။ ဒီတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နိုင်ခြေများပါတယ်။ အထူးသဖြင့် အိမ်နဲ့ ဆေးရုံက ပတ်ဝန်းကျင်ချင်း မတူတဲ့အတွက် မသိစိတ်က တစ်ခုခုကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်ဗျ။ အိပ်စက်မှုပက်တန်ကို သတ်မှတ်ဖို့ဆိုရင် နောက်ပိုင်း အဲ့ဒီအချက်တွေကို စောင့်ကြည့်တာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။"
ဆရာဝန် စကားပြောနေစဉ် ဂွမ်ချယ်ဝူက အီယွန်းကို မျက်လုံးဖြင့် အထက်အောက် စုန်ချည်ဆန်ချည်ကြည့်နေသည်။
"အဲ့ဒီလိုဆိုရင် ခန့်မှန်းလို့ရတာ တစ်ခုတော့ရှိတယ်။"
သူက အောက်နှုတ်ခမ်းကို ပွတ်သပ်ရင်း ရေရွတ်ခဲ့သည်။ စားပွဲတွင် တစ်ခုခုကို ရေးမှတ်ရင်း အလုပ်များနေသော ဆရာဝန်က လူနာ၏ တစ်ကိုယ်တည်း ရေရွတ်သံကိုပင် အလွတ်မခံခဲ့။
"ဘာများလဲဗျ။"
"မနေ့ညက ကျွန်တော့်ဇနီးနဲ့ အတူအိပ်ခဲ့ပါတယ်။"
"..."
တစ်ခဏလေး အခန်းထဲတွင် တိတ်ဆိတ်သွားတော့သည်။ မျက်လုံးများကို နှစ်ကြိမ် ဖြည်းဖြည်းချင်း မှိတ်လိုက်ဖွင့်လိုက်လုပ်ခဲ့သော ဆရာဝန်က အီယွန်းနှင့် ဂွမ်ချယ်ဝူကို တစ်လှည့်စီ ကြည့်လေ၏။ ထို့နောက် ခဏနေတော့ တာဝန်ထမ်းဆောင်နေသော လခစားဝန်ထမ်းတစ်ဦး၏ မျက်နှာလို ပုံမှန် ပရော်ဖက်ရှင်နယ်ဆန်ဆန် အမူအရာအဖြစ်သို့ ပြန်ရောက်သွားသည်။
"ချစ်တင်းနှောခဲ့တယ်လို့ ဆိုလိုတာလားဗျ။"
"မဟုတ်ပါဘူး။"
အီယွန်းက လျင်မြန်စွာ ငြင်းဆိုလိုက်ပြီး၊ ဂွမ်ချယ်ဝူကတော့ ဘာကြောင့်မှန်းမသိ လည်ပင်းကို ပွတ်သပ်နေသည်။
"ဒါဆိုရင် နည်းလမ်းအမျိုးမျိုး စမ်းသပ်ကြည့်ကြတာပေါ့။ လောလောဆယ်တော့ နှစ်ယောက် အတူအိပ်ရင်း အခြေအနေကို စောင့်ကြည့်တာ ကောင်းပါလိမ့်မယ်။"
အီယွန်း၏ မျက်နှာတစ်ပြင်လုံး ချက်ချင်းပင် မီးခိုးရောင်သို့ ပြောင်းလဲသွားလေတော့သည်။
~~~~~
ကာယကုထုံးအတွက် ဂွမ်ချယ်ဝူ ဆေးရုံသို့ သွားနေစဉ် အီယွန်းက ဆိုဖာပေါ်တွင် လှဲနေသည်။ သူက အားမရှိသလို မျက်နှာဖြင့် အဓိပ္ပာယ်မရှိသော သတင်းများကို ကြည့်နေ၏။
[ဖုန်းဆက်လိမ်လည်မှုတွေက ပိုပိုပြီး ဆန်းပြားလာကြပါပြီ။]
သို့သော် အီယွန်း၏ ခေါင်းထဲတွင်တော့ အလွန်ပင် ရှုပ်ထွေးနေသည်။
ဂွမ်ချယ်ဝူ၏ အခြေအနေ ကောင်းလာပါက ယခုလို သူ့ကို ဆက်ပြီးဝှက်ထား၍ ရနိုင်တော့မည်မဟုတ်ပေ။ သူ ပထမထပ်သို့ ဆင်းလာသည့်အခိုက်အတန့်၌ ချူဂျာထံတွင် အချိန်မရွေး ဖုံးထားသမျှပေါ်သွားနိုင်၏။ သို့သော် ချူဂျာ သိသွားမည်ဆိုလျှင်...
-ဒီစာချုပ် ပေါက်ကြားရင် ပြစ်မှုမှာ ပူးပေါင်းကြံစည်သူ နောက်တစ်ယောက်ရှိတယ်လို့ မှတ်ယူပါမယ်။
အီယွန်းကို ပြီးပြည့်စုံသော တရားခံအဖြစ် ဖန်တီးမည်ဟု ခြိမ်းခြောက်ခဲ့သော စကားများက ချူဂျာထံသို့ပင် ကူးစက်သွားနိုင်ပေသည်။ ဂွမ်ချယ်ဝူကို လေ့ကျင့်ပေးကာ ချူဂျာကို လိမ်လည်လှည့်ဖြားရမည်လား။
သို့မဟုတ် ချူဂျာအား အရာအားလုံး ဖွင့်ပြောရမည်လား။
ထိုလမ်းဆုံတွင်ရှိနေစဉ်။
ကြည်လင်ပြတ်သားသော သတင်းတင်ဆက်သူ၏ အသံက အီယွန်း၏ နားထဲသို့ တစ်ဖန် ထပ်မံ၍ ထိုးဖောက်ဝင်ရောက်လာလေသည်။
[...ဒီအသံဖမ်းယူမှုမှာ ပါတဲ့အတိုင်း လိမ်လည်သူတွေက သားကောင်တွေကို ဖုန်းမချနိုင်စေဖို့ 'ဖုန်းချရင် ထွက်ပြေးဖို့ ကြိုးစားတယ်လို့ မှတ်ယူမယ်' ဆိုပြီး ခြိမ်းခြောက်ကြပါတယ်။ အဲ့ဒါကတော့ သားကောင်တွေ ပတ်ဝန်းကျင်ကနေ အကူအညီရယူမှာကို ကြိုတင်တားဆီးဖို့သုံးတဲ့ နည်းလမ်းပါပဲ။]
အီယွန်းက အခင်းဖြစ်ပွားခဲ့သည့် ညမှစ၍ နေမထွက်မီအထိ ဂွမ်ချယ်ဝူ၏ အစ်ကိုနှင့် တစ်ယောက်တည်း တွေ့ဆုံခဲ့ရ၏။
စိတ်ပိုင်းဆိုင်ရာအရ အထိခိုက်ဆုံးဖြစ်နေသော အခြေအနေတွင် မည်သူနှင့်မှ တိုင်ပင်ဆွေးနွေး၍ မရသော ပတ်ဝန်းကျင်က သူ့အား လက်ခံလိုက်နာသူဖြစ်လာစေဖို့ လုံလောက်ခဲ့ပေသည်။ ခြိမ်းခြောက်မှုနှင့် ဖိအားများ ကျရောက်လာသောအခါ အီယွန်းလည်း ထိုနေရာမှ အမြန်ဆုံး ရှောင်ထွက်လိုသောစိတ်ဖြင့် အလျင်စလို လက်မှတ်ရေးထိုးခဲ့၏။
[မကြာသေးခင်က သားကောင်တွေကို စိတ်ပိုင်းဆိုင်ရာအရ အထီးကျန်စေတဲ့ ဒီနည်းလမ်းတွေ...]
အီယွန်းတစ်ယောက် တီဗီဖန်သားပြင်မှ အကြည့်မခွာနိုင်ပေ။
အကြောင်းမဲ့ ရင်ဘတ်ထဲတွင် စူးခနဲ ဖြစ်သွားပြီး လက်ဖျားများ အေးစက်လာသည်။ လည်ပင်းအထိ တက်လာသော စိုးရိမ်စိတ်ကို လျစ်လျူရှုရန်အတွက် ဖက်ခေါင်းအုံးကို ပွေ့ဖက်ကာ ကိုယ်ကို ကွေးလိုက်၏။ သို့သော် အသက်ရှူနှုန်း ပိုမိုမြန်ဆန်လာရုံမှလွဲ၍ ထူးခြားသည့် အကျိုးသက်ရောက်မှု မရှိပေ။
ဂွမ်ချယ်ဝူ နိုးထလာပြီးနောက် တစ်လအကြာလောက် အိပ်ရေးပျက်ခဲ့ရသည်။ ဟင့်အင်း၊ ထိုမတိုင်မီကတည်းကပင်။ သူ မြင်နေရသော ကမ္ဘာကြီးက တစ်နေရာမှ စတင်ကာ ပုံပျက်လာခဲ့ခြင်းဖြစ်၏။
သတင်းတင်ဆက်သူ၏အသံ နားထဲရေဝင်လာသလို ခပ်အုပ်အုပ် တိတ်ဆိတ်သွားချိန်တွင် အီယွန်းလည်း နောက်ဆုံး၌ ဆုံးဖြတ်ချက်ချနိုင်ခဲ့တော့သည်။
~~~~~
Miel's Translations