no

Font
Theme

အပိုင်း ၁၃

ဤသည်ကိုပဲ ကြည့်ပါလား။

ဆိုအီယွန်းက ချက်ချင်းပင် သတိနှင့် မျက်စိရှင်ရှင်ထားကာ ကြည့်လာသည်။ အရှိန်နှင့်ခုန်နေသော သူ့နှလုံးခုန်သံကို ဤနေရာအထိ ကြားနေရသလိုပင်။ ဂွမ်ချယ်ဝူ မျက်ခုံးတစ်ဖက်ကို မသိမသာ ပင့်လိုက်သည်။

'ဂွမ်ချယ်ဝူ' က တကယ်ပဲ ကြင်နာပြီး နွေးထွေးတဲ့သူလား။

"အီယွန်း၊ ကောင်းကောင်းရှိနေရဲ့လား။"

"…အာ။"

"ကိုယ်လက်တွေ တောင့်တင်းနေတာပဲ။ ကိုယ်ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲဟင်။"

ဆိုအီယွန်းက နူးညံ့ညင်သာသည့် ထိုအသံကြောင့် စိတ်သက်သာရာရသွားသလို ပခုံးများကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။

"မနေ့က တစ်ပတ်ပြည့်တဲ့နေ့ပါ။"

ဂွမ်ချယ်ဝူ တောင့်တင်းနေသော လည်ပင်းကို လှည့်လိုက်တော့ ထောက်ခနဲ အသံမြည်ကာ အရိုးများပြေလျော့သွားသည်။

"အခုတော့ ကျိန်းသေပေါက် သိသွားပြီ။"

"ဘာကိုလဲရှင့်။"

"အီယွန်းက ကိုယ့်ရဲ့ မနက်ခင်းတွေကို ကိုင်တွယ်ထိန်းချုပ်ထားတယ်ဆိုတာ။"

ကျွမ်းကျင်သည့် ဆေးပညာရှင်တို့၊ စမ်းသပ်မှုတို့ ဘာမှမလိုအပ်ပေ။ နှစ်ယောက်အတူတူအိပ်ကြည့်ပြီးမှ နေထွက်ချိန်တွင် သဘာဝကျကျ သိသွားခြင်းပင်။

တောင့်တင်းပြီး လစ်ဟာနေသည့်ခေါင်းကို နေရာလပ်မရှိ ပြန်ပြည့်စေခဲ့သည်က အီယွန်း၏ဖြစ်တည်မှုသာ။

ရယ်စရာလည်းကောင်း၏။ ဤသစ်တုံးလိုမိန်းမသာမရှိလျှင် သူက အိပ်ရာပင်မထနိုင်သည့် အရူးတစ်ယောက်ဖြစ်နေပေပြီ။

"အဲ့ဒါကြောင့် ညတွေကိုလည်း လုံးဝ အပ်နှံချင်တာ၊ ဘယ်လိုလုပ်ရမလဲ။"

ဆိုအီယွန်းက တောင့်တင်းနေသည့် မျက်နှာနှင့် မျက်တောင်များကို တဖျပ်ဖျပ်ခတ်လိုက်သည်။ ချက်ချင်း ထွက်ပြေးချင်နေသည့်မျက်နှာကို အသည်းအသန် ဖုံးကွယ်ထား၏။

ယခုတင် ကြားလိုက်ရသည်စကားကို ဘာမှန်းပင်နားလည်ပုံမရဘဲ အိုးတိုးအမ်းတမ်းနှင့် နှုတ်ခမ်းကိုသာ အနည်းငယ်ပင့်ပြီး ပြုံးခဲ့သည်။ ထိုပုံစံက တကယ် ရယ်စရာကောင်း၏။

ဆိုအီယွန်းကလည်း အချိန်ရလျှင် ထွက်ပြေးဖို့ အခွင့်အရေးကို လိုချင်နေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်မျှပင် တံခါးခေါက်ခေါက် မပွင့်ခဲ့သည့် သူ့အခန်းလိုပေါ့။

ကျိန်းသေပေါက် အတည်ပြုနိုင်ခြင်းတော့မရှိပေ။ ယင်းမှာ ရှေ့လျှောက် တဖြည်းဖြည်းသိလာရမည့် ကိစ္စပင်။ သို့သော်လည်း သူ့တွင် ကြောက်လန့်နေသည့် ဆိုအီယွန်းကို အသာတကြည် လွှတ်ပေးလိုစိတ် မရှိ။

'ဘယ်သူက ရူးနေလို့ တစ်ခုတည်းသောမှတ်ဉာဏ်ကို လွှတ်ပေးမှာလဲ။'

ဆိုအီယွန်းက ဤလောကတွင် သူပိုင်ဆိုင်သည့် အသေးငယ်ဆုံးသော ယူနစ်နှင့် အရာအားလုံးဖြစ်ပေသည်။ ထို့ကြောင့် ဂွမ်ချယ်ဝူက လုံးဝ 'ကြင်နာပြီး နွေးထွေးသည့်' ခင်ပွန်းတစ်ယောက် ဖြစ်လာဖို့ စိတ်ကူးထား၏။

အီယွန်းက ထိုသို့ပြောခဲ့ပြီး ထိုသို့သောအရာကို လိုချင်သည်ဆိုပါလျှင်။

သူက ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ နှိမ့်ချပြီး တစ်ဦးတည်းသောဇနီး၏အကြိုက်အတိုင်း လိုက်လိုက်လျောလျောနေပေးရန် အသင့်ပင်။ အီယွန်းက သတိကိုလျှော့ပြီး အရာအားလုံးကို ထုတ်ဖော်ပြောပြလာချိန်အထိပေါ့။

ဆိုအီယွန်းကပဲ သူ့ထံမှ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်မလား ဂွမ်ချယ်ဝူကပဲ သူ့ကို အောင်အောင်မြင်မြင်ဖမ်းပြီး ချုပ်ထားနိုင်မလား။ နှစ်ယောက်အနက် ဘယ်သူက ပိုကျွမ်းကျင်မလဲဆိုသည်ကို မည်သူမျှမသိနိုင်ပေ။

"အီယွန်း၊ ဒီနေ့ကစပြီး အခန်းပြောင်းလိုက်ပါတော့။"

သေသပ်ပိရိသော မျက်နှာသွင်ပြင်က ကြည့်ကောင်းလှကာ ခက်ခက်ခဲခဲ အကြည့်ကို ရှောင်လွှဲနေသော အီယွန်း၏ပုံစံက ရယ်စရာကောင်းနေ၏။

ဂွမ်ချယ်ဝူက သူ၏ အမိုက်အမှောင်အတွင်းစိတ်ကို ဖုံးကွယ်ကာ အသာတကြည် ခေါင်းငုံ့လိုက်သည်။ ထိုအခါမှ စိုစွတ်နေသော အီယွန်း၏ အင်္ကျီလက်က မျက်လုံးထဲဝင်လာ၏။

'အာ၊ ဒါကြောင့် မျက်လုံးတွေစပ်နေပါတယ်လို့။'

ဟာနေသော သူ့ရင်ထဲသို့ နွေးထွေးမှုအသေးစားလေးတစ်ခု တစိမ့်စိမ့်ဝင်ရောက်လာသည်။ ဂွမ်ချယ်ဝူတစ်ယောက် လက်တစ်ဖက်ဖြင့် မျက်နှာကိုအုပ်ပြီး ပင့်တက်သွားသော နှုတ်ခမ်းများကိုဖုံးကွယ်ရန် အသည်းအသန် ကြိုးစားလိုက်ရ၏။

~~~~

"ဂွမ်ချယ်ဝူရှင့်၊ ဒီနေ့ နားလိုက်တာ ပိုမကောင်းဘူးလား။"

အီယွန်းက သပ်ရပ်သော ဘောင်းဘီအနက်နှင့် လည်ပင်းဝိုင်း ချည်သားတီရှပ်ဝတ်ထားသော ဂွမ်ချယ်ဝူကို အထက်အောက် စုန်ဆန်ကြည့်လိုက်သည်။ ရိုးရိုးလေးဝတ်ထားတာတောင် တက္ကသိုလ်ကျောင်းသားလေးလို ဖြစ်နေသည်ကို သဘောမကျမိပေ။

"ကိုယ် အမှားလုပ်မိမှာကို စိုးရိမ်လို့လားဟင်။"

"အဲ့ဒီလိုမဟုတ်ပါဘူး…."

အီယွန်းက စူထွက်လာတော့မည့် နှုတ်ခမ်းကို ဖိပိတ်လိုက်သည်။

'အဲ့ဒါက အတိတ်ကိုဖုံးဖိပြီး လုံးဝ အသွင်ပြောင်းလိုက်တာပေါ့။'

နှစ်နှစ်ကြာအောင် မညှပ်ထား၍ရှုပ်ပွနေသည့် ဆံပင်က နဖူးအထိ နူးညံ့စွာကျနေသောပုံစံဖြင့် သပ်ရပ်စွာပုံသွင်းထားလျက်ရှိသည်။ ထို့ကြောင့် မျက်နှာသွင်ပြင်က ပိုပြီးပေါ်လွင်နေ၏။

သာမန်အလင်းရောင်အောက်တွင် အီယွန်းကို သစ္စာရှိစွာ ကြည့်နေသည့်လူက အီယွန်းမှတ်မိသော ထိုလူသတ်သမားနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။အညိုရောင်အဝတ်များပေါ်တွင် ပြောင်ပြောင်လက်လက်မိုးကာခြုံထားသည့်ပုံစံက ဖျတ်ခနဲပေါ်လာကာ ပျောက်ကွယ်သွား၏။ ထိုကြီးမားလှသည့် ကွာခြားမှုကြောင့် အီယွန်း၏ စိတ်ထဲတွင် မသက်မသာ ဖြစ်သွားတော့သည်။

"တကယ် ကျွန်မဘာသာ သွားလို့ဖြစ်ပါတယ်ဆို။"

အီယွန်းက မျက်နှာကို ဖုံးကွယ်သည့်အလား ကောက်ရိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဖိဆောင်းလိုက်သည်။

အားလုံးက ချူဂျာကြောင့်ပင်။ နဂိုအတိုင်းသာဆို လူနာဝတ်စုံကလွဲ၍ ဝတ်စရာအင်္ကျီ တစ်ထည်မှရှိမည်မဟုတ်။ သို့သော် ချူဂျာက အဝတ်အစားအသစ်များသာမက ဆံပင်ကိုပါ ကိုယ်တိုင်ညှပ်ပေးကာ ဂွမ်ချယ်ဝူကို လုံးဝပြောင်းလဲပစ်ခဲ့သည်။

'ဒါဆို ဖိနပ်ပဲဖြစ်ဖြစ် ခိုးပြီးဝှက်ထားလိုက်ရမလား' ဟု တွေးလိုက်သော အီယွန်းက ကိုယ့်ကိုယ်ကိုယ် ချက်ချင်း ပြန်ရယ်လိုက်မိ၏။ ထိုသို့လုပ်လိုက်လျှင် တကယ်ပင် နတ်သမီးက တောင်ပံပါသည့်ဝတ်ရုံ ဝတ်မည်ကို စိုးရိမ်နေသည့် သစ်ခုတ်သမားလို ဖြစ်သွားပေမည်။

ရက်စက်သည်ဟုပဲထင်ထင် အီယွန်းကတော့ ဂွမ်ချယ်ဝူကို အပြင်မထုတ်ချင်ပေ။ သူ၏အလိမ်အညာများ ဤအိမ်၏အပြင်ဘက်အထိ ပြန့်သွားမည်ကို မလိုလားခဲ့။ အကြောက်ကြီးသော လိမ်ညာသူ၏ သတ္တိကလည်း လူတစ်ယောက်တည်းနှင့် အကန့်အသတ်ဂိတ်ဆုံးသွား၏။ ဂွမ်ချယ်ဝူကို လိမ်နေရရုံနှင့်တင် သူ့အသက်လည်း တဖြည်းဖြည်းတိုလာသလိုပင်။

ဂွမ်ချယ်ဝူကို ဒီအတိုင်း ကုသမှုအပေါ်မှာပဲ အေးအေးဆေးဆေး အာရုံစိုက်နေစေချင်ခဲ့သော်လည်း ထူးခြားသည်ထက် ပိုပြီးထူးခြားလှသော သူ၏ ပြန်လည်ကောင်းမွန်မှုစွမ်းအားက ပြဿနာဖြစ်နေ၏။

'နေခဲ့အောင် ဘာအကြောင်းပြချက်များပေးရမလဲ။'

"ဆေးရုံအုပ်၊ တကယ် အဲ့ဒီပုံစံနဲ့ သွားမှာလား။"

ထိုစဉ် ချူဂျာက မယုံနိုင်သလို မျက်လုံးများနှင့် အီယွန်း၏ ဝတ်စားဆင်ယင်မှုကို ထောက်ပြလာသည်။ မြေကြီးများပေပွနေသော အဖြူရောင် အားကစားဖိနပ်၊ ပွယောင်းနေသော ညစ်ထပ်ထပ် မီးခိုးရောင်ဝတ်စုံနှင့် အလုပ်လုပ်ချိန်မှသာဆောင်းသည့် ကောက်ရိုးဦးထုပ်။

"ငါတို့ အမြဲစိမ်းထင်းရှူးပင်ဆေးရုံရဲ့ ဂုဏ်သိက္ခာရော မရှိတော့ဘူးလား။"

"အဲ့ဒါက ဒီမှာရှိပါတယ်။"

အီယွန်းက တစ်လျှောက်လုံး အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံများနှင့် ကုသမှုမှတ်တမ်းများ ထည့်ထားသည့်ဖိုင်ကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြလိုက်သည်။ အေးဆေးတိတ်ဆိတ်သည့် ဆေးရုံဖြစ်သော်လည်း သူတာဝန်ယူခဲ့သည့် သစ်ပင်တစ်ပင်မှ သေဆုံးခဲ့ခြင်းမရှိပေ။ ယင်းမှာ အီယွန်း၏ဂုဏ်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပင်။

"နင့်ပုံစံက အဲ့ဒီလိုဖြစ်နေလို့ ဒီလိုလူမျိုးကို မဖြစ်မနေခေါ်သွားရမှာပေါ့။"

ချူဂျာက အီယွန်းဘေးတွင် ရပ်နေသည့်လူကို မျက်စပစ်ပြကာ အကြံကြီးသည့် အသံနှင့် ​ခပ်တိုးတိုးပြောခဲ့သည်။

"အခုကစပြီး ဒါက ငါတို့ဆေးရုံရဲ့ ဆိုင်းဘုတ်လို့ သဘောထားလိုက်။ ဒီလိုကလေးမျိုးကို ခေါ်သွားလိုက်မယ်ဆိုရင် 'အာ၊ ငါတို့အိမ်က သစ်ပင်လေးကိုလည်း အမြဲစိမ်းထင်းရှူးပင်ဆေးရုံမှာ အပ်မယ်ဆိုရင် အဲ့ဒီလိုလှပတဲ့ပန်းလေးတွေ ပွင့်လာမှာပဲ' ဆိုပြီး သူဌေးကတော်တွေက တွေးမိမှာလား၊ မတွေးမိဘူးလား။"

"အဲ့...အဲ့ဒါက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုလေ။"

အီယွန်း၏မျက်ခုံးများက လေပြင်းမိသည့် လိပ်ပြာတစ်ကောင်လို တဖျပ်ဖျပ်လှုပ်ရှားသွားတော့သည်။ သူ့မျက်နှာက နီရဲလာကာ အလကားနေရင်း အဝတ်ကို ဟိုဟိုဒီဒီ ခါထုတ်နေမိ၏။

ယနေ့ကား ဟွာယန်းမြို့၊ သစ်တောရေးရာဌာနနှင့် မြို့တွင်းပန်းခြံရုံးများ အတူပူးပေါင်းလုပ်ဆောင်မည့် 'လှပသော ဟွာအီဒို' ပရောဂျက် လေလံအတွက် ရှင်းလင်းပွဲလုပ်မည့်နေ့ပင်။ သေချာမပြောတတ်သော်လည်း ဤဒေသရှိ သစ်ပင်ဆေးရုံအားလုံး၏ တာဝန်ရှိသူများ စုဝေးရောက်ရှိလာမည့်နေရာဟု မျှော်လင့်ရသည်။

"ဂွမ်ချယ်ဝူရှင့်။"

အီယွန်းက ခါးထောက်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ပါးစပ်က မပွင့်တော့ဘူးလားမှတ်ရအောင် ကြမ်းပြင်ကိုသာ ကြည့်နေခဲ့သည့် အီယွန်းက ခဏနေမှ သူ့ကို မျက်နှာချင်းဆိုင်လိုက်၏။

"အပြင်ဘက်က… အန္တရာယ်များပါတယ်။"

ချူဂျာက 'ဘာတွေ လျှောက်ပြောနေတာလဲ' ဟူသော မျက်နှာနှင့်ကြည့်နေပြီး ဂွမ်ချယ်ဝူကတော့ အီယွန်း၏အသံကို အာရုံစိုက်နေကြောင်း ခံစားလိုက်ရသည်။

"အထူးသဖြင့် ဂွမ်ချယ်ဝူအတွက် ပိုဆိုးနိုင်တယ်ရှင့်။"

"ဘာဖြစ်လို့လဲ။"

'အပြင်ကနေရတဲ့ လှုံ့ဆော်မှုတွေက ပြင်းထန်လွန်းရင် မှတ်ဉာဏ်တွေ ပြန်ရသွားနိုင်လို့လေ။'

သို့သော် ထိုစကားကို မပြောနိုင်ဘဲ အီယွန်းတစ်ယောက် တုံ့ဆိုင်းနေ၏။ ခေါင်းထဲတွင် အစီအစဉ် ဆွဲနေကြောင်း သိသာပေါ်လွင်နေသဖြင့် အသာလေးစောင့်နေသည့် ဂွမ်ချယ်ဝူက ချောင်းဟန့်လိုက်ပြီး ရုတ်တရက် မေးခဲ့သည်။

"အီယွန်း၊ ကိုယ့်ကို တစ်ခုခု ဖုံးကွယ်ထားတာများ ရှိနေလို့လား။"

"မရှိပါဘူး။"

မသင်္ကာစရာကောင်းလောက်အောင် အဖြေက မြန်မြန်ထွက်လာသည်။ ထိုအခါ ဂွမ်ချယ်ဝူ၏ မျက်နှာတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သေးငယ်သည့် ဤအက်ကွဲကြောင်းကို ချက်ချင်း ပြန်ပြုပြင်ရမည်ဟု အီယွန်း အလိုလို သိလိုက်သည်။

"ချောလို့ပါ။"

အသုံးတည့်သည့် အလျင်အမြန် ဆုံးဖြတ်နိုင်စွမ်းပဲလား၊ သို့မဟုတ် ဆိုးဝါးသည့် ယာယီဖြေရှင်းချက်ပဲလားဆိုသည်ကို ကိုယ်တိုင်ပင်မသိတော့ပေ။

"အဲ့ဒီနေရာကိုသွားရင် အားလုံးက ဦးလေးကြီးတွေပဲရှိမှာလေ။ ယောက်ျားတွေရဲ့ မနာလိုစိတ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ငယ်ရွယ်ပြီး ကြင်နာတဲ့ ဂွမ်ချယ်ဝူက လုံးဝသိမှာမဟုတ်ဘူး။"

'ဟုတ်ပြီ၊ ဒီလောက်ဆို လုံလောက်ပြီ။'

အီယွန်းတစ်ယောက် အကြီးစားကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်သွားသူလို စိတ်ထဲမှ ချွေးသုတ်လိုက်သည်။

"ဝှက်ထားချင်ရလောက်အောင် ကိုယ်က လှတာလားဟင်။"

"…ရှင်။"

ဂွမ်ချယ်ဝူက ပြုံးသလိုလို မျက်မှောင်ကြုတ်သလိုလို ထူးဆန်းသည့် မျက်နှာထားနှင့် နားရွက်ကို ပွတ်သပ်ထိကိုင်နေခဲ့သည်။ ဘယ်လောက်တောင် နားရွက်ကို အားနှင့်ဆွဲပြီး နားပန်ကိုလိမ်ထားသလဲဆိုလျှင် နီရဲနေသော အရေပြားက နာကျင်နေမည့်ပုံပင်။

"အီယွန်းရဲ့ မျက်လုံးထဲမှာ ကိုယ်က တကယ်ပဲ အဲ့ဒီလိုဖြစ်နေတာလား။"

"အင်း…"

ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည့် အီယွန်းလည်း စကားတွေ ဖျစ်ညှစ်ထုတ်ကာ မျက်လုံးကို ဟိုကြည့်ဒီကြည့် ဂနာမငြိမ်စွာကစားနေ၏။ စဉ်းစားပြီးသည့်နောက်တွင် အီယွန်းက မရေမရာစကားနှင့်သာ သူ့သဘောထားကိုပြောရန် ဆုံးဖြတ်လိုက်သည်။

"…ဟို၊ ဂွမ်ချယ်ဝူကို အိမ်မှာပဲ ရှိနေစေချင်ပါတယ်။"

ထိုစကားက သူ့အတွင်းစိတ်နှင့် အနီးစပ်ဆုံးစကားလည်းဖြစ်၏။

"အီယွန်းတစ်ယောက်တည်းကပဲ ကိုယ့်ကို ကြည့်ချင်လို့လား။"

"အင်း…"

အဖြေကို ပါးနပ်စွာ ရှောင်လွှဲလေ၊ ပခုံးက ပိုပြီးတောင့်တင်းလာသလို ခံစားရလေပင်။ အီယွန်းက အကူအညီတောင်းသလို ချူဂျာကို လှည့်ကြည့်လိုက်သော်လည်း ချူဂျာက ခပ်လှမ်းလှမ်းသို့ခွာသွားပြီး အသံမထွက်စေဘဲ တခစ်ခစ်ရယ်နေသည်။

ယခု ဘာမှမတတ်နိုင်တော့။ အီယွန်းလည်း ရရာနည်းဖြင့် ဂွမ်ချယ်ဝူကို နားလည်အောင်လုပ်ကာ နှစ်သိမ့်ပြီး တတ်နိုင်သမျှ အိမ်အပြင်သို့ မထွက်အောင် ဖျောင်းဖျရန် ကြိုးစားလိုက်၏။

"ကျွန်...ကျွန်မတို့က အခုမှ ညားခါစလင်မယားလေ။ မတော်တဆမှုကြောင့် ခဏရပ်ထားခဲ့ရတာကို ထည့်တွက်ရင်တောင် ကျွန်မတို့က အခုမှ ညားခါစပဲ ရှိသေးတာကို။ အဲ့ဒါကြောင့် ကျိန်းသေပေါက်… ကောင်းတဲ့အရာကို တစ်ယောက်တည်းပဲ ကြည့်ချင်တာပေါ့…"

ဂွမ်ချယ်ဝူက ကျေနပ်သွားသလို နှုတ်ခမ်းထောင့်စွန်းများကို ပင့်လိုက်သော်လည်း...

"ဒါဆို အီယွန်းလည်း အပြင်ထွက်လို့မရတော့ဘူးပေါ့။"

"ရှင်။"

"ကိုယ်က တစ်စက္ကန့်လေးတောင် ခွဲမနေချင်လို့လေ။"

"…"

"ငြိမ်ငြိမ်လေး နေပေးမှာမို့လို့ ပန်းအိုးလိုပဲ သယ်သွားပေးပါနော်။"

ထိုစကားများနှင့် အကြည့်ကြောင့် အီယွန်းလည်း နောက်ပြန်ယိုင်သွားရသည်။ နူးညံ့သောစကားလုံးများလိုမဟုတ်ဘဲ မသွေမဖည် တဲ့တိုးဆန်သည့် အကြည့်ပင်။ အီယွန်း ငြင်းလိုက်မည်ဆိုလျှင် ဘယ်သူမှ အပြင်မထွက်နိုင်အောင် တံခါးလက်ကိုင်ကို ဆွဲကိုင်ထားပြီး နှစ်ယောက်တည်းတစ်ကမ္ဘာနေချင်သည့် သူ၏စိတ်က အကုန်ပေါ်လွင်နေ၏။

'ဒါဆို တစ်ခါလောက်ပဲထပ်ပြီး။'

ဟန်ဆောင်နေမှန်း သိသော်လည်း ချောင်ပိတ်ခံရခြင်းမှ ရှောင်ရှားရန် နည်းနည်းတော့ ထပ်တွန်းမှဖြစ်ပေမည်။ အီယွန်းက အခြေအနေကို ထပ်ပြီးထိန်းချုပ်ရန် ကြိုးစားလိုက်၏။

"…တကယ်ပဲ အဆင်ပြေရဲ့လား။ အခုအထိ လူနာပဲရှိသေးတာကို။ ဂွမ်ချယ်ဝူရဲ့ ပြန်လည်ကောင်းမွန်မှုက သူများတွေနဲ့မတူမှန်းတော့ သိပါတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် မှတ်ဉာဏ်မရှိတဲ့လူကို ရှုပ်ထွေးတဲ့နေရာဆီ ခေါ်သွားရမှာ စိတ်မသက်မသာဖြစ်ရတယ်ရှင့်။"

ညှစ်လိုက်လျှင် လက်ရာထင်သွားမည့် ပန်းရောင်ပါးပြင်နှစ်ဖက်က စကားပြောတိုင်း ချစ်စဖွယ်လှုပ်ရှားနေသည်။ ဂွမ်ချယ်ဝူ၏ အကြည့်က တစ်လက်မ ပိုနက်ရှိုင်းလာသည်ကို မသိရှာသော အီယွန်းကတော့ စကားတွေဆက်ပြောနေ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment