အပိုင်း ၅
"ကျွန်မတို့က အဲ့ဒီလို၊ အဲ့ဒီလိုဆက်ဆံရေးမျိုး မဟုတ်ပါဘူးရှင်။ အထင်မလွဲပါနဲ့။ ကျွန်မတို့ကလေ၊ ကျွန်မတို့က...ဆက်ဆံရေး တအားကောင်းကြတာပါ။ ရှင်က တအားကို...ကြင်နာတတ်တာရှင့်။ ကျွန်မအတွက် လည်...လည်ဆွဲလိုဟာလေးတောင် ဆွဲထားပေးတာပါ။"
ယင်း လည်ပတ်ပါးပါးလေးမှာ လက်နက်နှင့်မခြားသော်လည်း...
လေသံက နောက်သလိုလိုဖြစ်နေသော်လည်း အသံက အက်ကွဲပြီးထွက်လာ၏။ အမျိုးသားက တုံ့ပြန်မှုမရှိဘဲ အီယွန်းကို ငုံ့စိုက်ကြည့်လာသည်။
"ဒီတော့ စုပ်ခဲ့တယ်လို့ ပြောနေတာလား။"
"...ရှင်။"
"ကျွန်တော် ခင်ဗျားကို ခွေးကောင်လိုမျိုး ကျူးလွန်ဖျက်ဆီးခဲ့တယ်ထင်တယ်။ စကားပြောနေတဲ့ပုံက ဦးနှောက်အဆေးခံထားရတဲ့အတိုင်းပဲ။"
"မဟုတ်ပါဘူး၊ မဟုတ်တာ၊ မဟုတ်ပါဘူးရှင်။"
အီယွန်းက အော်ဟစ်နေသကဲ့ ခေါင်းတွင်တွင်ခါခဲ့သည်။
ကျွန်မက ရှင့်ကို ဦးနှောက်ဆေးဖို့လုပ်နေတာလို့...
အီယွန်းတစ်ယောက် ထူးထူးဆန်းဆန်း အစော်ကားခံလိုက်ရသလို ခံစားခဲ့ရသည်။ ကိုယ်မသိတဲ့ကိစ္စထဲ ဆွဲထည့်ခံရသည်က ဒီထက် ထပ်မရှိနိုင်အောင် မွန်းကျပ်စရာကောင်း၏။
"အဲ့ဒီလို မဟုတ်ပါဘူးရှင်...။ ဂွမ်ချယ်ဝူက ကျွန်မအပေါ် လက်လွတ်စပယ် မပြုမူနိုင်ပါဘူး။ ဘာကိုမှလည်း အတင်းအကျပ် ဖိအားပေးပြီး မလုပ်ခိုင်းဖူးဘူး။ ဒီနေ့လိုမျိုး အင်အားသုံးတာရော၊ စိတ်ရင်းနဲ့ ခြိမ်းခြောက်တာရော မရှိခဲ့ပါဘူးရှင်။"
အီယွန်းက လိုချင်သည့်အရာကို အလိမ္မာလေးနှင့် ပြောင်းလဲပြောဆိုလိုက်သည်။
"ဂွမ်ချယ်ဝူက မကောင်းတဲ့လုပ်ရပ်ဆို ဘာတစ်ခုမှ မလုပ်နိုင်တဲ့သူပါ။"
အမျိုးသားက အီယွန်း၏ စကားကို မယုံနိုင်သည့်အလား ဘာမှမပြောဘဲ မျက်ခုံးကို ပင့်လိုက်၊ ချလိုက် လုပ်နေ၏။ သူက ပျင်းတိပျင်းတွဲနှင့် အီယွန်း၏ လည်တိုင်တစ်လျှောက်ကို ပွတ်သပ်လိုက်သည်။
"ဘာလို့လဲ။"
"ရှင်။"
"ကျွန်တော်က ဘာလို့ မကောင်းတာကို မလုပ်နိုင်ရတာလဲ။"
"ဪ၊ ဘာလို့လဲဆိုတော့..."
အမျိုးသား၏ အထိအတွေ့ ပွတ်သပ်ထိပါးသွားတိုင်းတွင် သွေးခုန်နှုန်းက ဒုတ်ခနဲဒုတ်ခနဲ ခုန်လာတော့သည်။ အမှန်တော့ သူ့အထိအတွေ့က ရှုပ်ထွေးသည့်ပြဿနာကို အစ်အောက်အဖြေရှာဖို့ ကြိုးစားနေသည်နှင့် ပိုတူ၏။ သို့သော် ဂွမ်ချယ်ဝူကို ရှောင်ပြေးရာက ပြန်အဖမ်းခံလိုက်ရသည့် အီယွန်းအဖို့တော့ ယင်းအပြုအမူက အဓိပ္ပာယ်မရှိသလောက်ကို ခံစားရသည်။
အီယွန်းလည်း ခေါင်းထဲတွင် ဘာမှမတွေးတော့ဘဲ ပြောမိပြောရာ ပြောပါတော့သည်။
"ဥပဒေမှာ သတ်မှတ်ထားပြီးသားမို့လို့ အဲ့ဒီလိုပါ။"
"ဥပဒေ။"
"...အာ၊ အဲ့ဒီတော့လေ၊ အဲ့ဒါက..."
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကြမ်းပြင်က ဖုန်မှုန့်အဖြစ် ကြေမွသွားသလိုပင်။ အီယွန်းက အကျပ်ရိုက်နေသလို မျက်နှာထားနှင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။
'မှီခိုအားကိုးရသည့် အိမ်ထောင်ဖက်ဆိုသည်မှာ ဖူးစာပါ၍ ရှာတွေ့ခြင်းမဟုတ်။ ကိုယ်က ရှေ့ရေးကို ကြိုကြည့်ကာ ဂရုတစိုက် ရွေးချယ်ရခြင်းဖြစ်သည်။'
သို့သော် တိုက်တိုက်ဆိုင်ဆိုင် ဘာကြောင်းများ ထိုစကားက ယခုအချိန်မှာမှ အတွေးထဲပေါ်လာရသနည်း။ အီယွန်း၏ မျက်လုံးလေးများက ရုတ်တရက် လျှို့ဝှက်သော သန္နိဋ္ဌာန်နှင့် လင်းလက်သွားတော့သည်။
ဂွမ်ချယ်ဝူ၊ ရှင် အခုကစပြီး နာနာခံခံ နေသွားမှဖြစ်မယ်...
"...ကျွန်မကို ထိခိုက်အောင်လုပ်မယ်ဆိုရင် မိသားစုဝင်ကို သတ်ဖို့ကြိုးပမ်းမှု ဖြစ်သွားမှာပါ။"
သူ့ဆီမှ ဘေးကင်းကင်းရှိနိုင်မည့် နည်းလမ်း။ အနိမ့်ဆုံဖြစ်သော လုံခြုံရေးကွန်။
ယင်းအရာကား အချုပ်အနှောင် လက်ထိပ်ပင်။
အရောင်အသွေးမရှိ ငြိမ်သက်သော သူ့ထံတွင် ပထမဆုံးအကြိမ်အဖြစ် အရောင်အသွေးနှင့်တူသောအရာ ပေါ်လာတော့သည်။ မျက်ခုံးများကို ပေါ်ပေါ်တင်တင် ကျုံ့လိုက်သည့် သူက ဆေးထိုးအပ်ကို ထောက်ခနဲ လွှတ်ချလိုက်၏။
အသိတရားက တီးတိုးဆန္ဒပြကာ လျှာက တောင့်တင်းနေသော်လည်း အီယွန်းက မျက်မှောကြုတ်ကာ အားမလျှော့ဘဲနေရအောင်ဟု ပြောနေသည့်အလား ရဲဝံ့စွာ ကြေညာမောင်းခတ်ခဲ့သည်။
"ကျွန်မက ဂွမ်ချယ်ဝူရဲ့ ဇ...ဇနီးပါရှင့်။"
ထိုနေ့ညတွင် အန္တရာယ်များသည့် မျိုးစေ့တစ်စေ့ အပင်ပေါက်လာပါတော့သည်။
~~~~~
ဤသည်ကမှ ကတိုက်ကရိုက်နှင့် ဆိုင်းမဆင့် ဗုံမဆင့်ဆန်သည့် ကိစ္စပင်။
ဤကဲ့သို့သောအဖြစ်မျိုးက နိုင်ငံခြား သုတေသနစာတမ်းထဲတွင်သာ တွေ့ရမည်ဖြစ်သောအရာဖြစ်ကာ တဒင်္ဂတော့ အီယွန်းလည်း ပြောစရာစကားမရှိ ဖြစ်သွားခဲ့သည်။
"မနေ့ညက လျှပ်စီးထိသွားတယ်ပေါ့လေ။"
"ဟုတ်ပါတယ်....အီး...."
အီယွန်းတစ်ယောက်ထက်ခြမ်းကွဲကာ မည်းနက်ပြီး မီးကျွမ်းနေသည့် သစ်ပင်ကြီးကိုကြည့်ရင်း တောင့်တင်းသွားတော့သည်။ သူ့ကိုခေါ်ခဲ့သည့် အမျိုးသမီးက မျက်ရည်များကို လက်ကိုင်ပဝါနှင့် သုတ်ပစ်ရင်း လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။
"ဒါက ကျွန်မတို့သားလေး မွေးလာတုန်းက စိုက်ခဲ့တဲ့ သစ်ပင်လေးပါ၊ ဆရာမရယ်။ ဒါပေမဲ့ အဲ့ဒီကောင်လေးက ကြီးလာလို့ စစ်တပ်ထဲမှာတောင် တာဝန်ထမ်းနေပါပြီ။ ဒါက နိမိတ်မကောင်းလို့ ဘယ်လိုလုပ်ရမလဲ..."
"လောလောဆယ် တစ်ချက် ကြည့်လိုက်ပါမယ်။"
တစ်ချိန်က အကောင်းအတိုင်းရှိခဲ့ရာက ယခုတော့ အမြင်မလှစွာ ထက်ခြမ်းကွဲနေသည့် သစ်ပင်။ အီယွန်းက သူကိုယ်တိုင် နာကျင်ရသလို မျက်မှောင်ကြုတ်ကာ စစ်ဆေးမှုကိုစတင်လိုက်သည်။
"မန်နေဂျာကြီး၊ ဒါက ခွဲစိတ်မှုလုပ်ရမယ်ထင်တယ်။ လောလောဆယ်တော့ နေ့ရွေးပြီး ပျက်စီးသွားတဲ့အပိုင်းတွေကို ချိန်းကြိုးနဲ့တုပ်ထားကြတာပေါ့။
"အဲ့ဒီလိုကနေ သေသွားပြီး အပြစ်တင်ခံရရင် ဘယ်လိုလုပ်မလဲ။"
ခွဲစိတ်ကိရိယာဘူးနဲ့ အတူတူလိုက်လာတဲ့ ချူဂျာက စိုးရိမ်တကြီး တီးတိုးပြောခဲ့သည်။
"တော်သေးလို့ အမြစ်တွေ ထိခိုက်မသွားပါဘူး။ လုံလုံလောက်လောက်ကို ပြန်ကောင်းနိုင်တယ်လေ။ ပြီးတော့ သားဖြစ်သူမွေးလာတဲ့အထိမ်းအမှတ်နဲ့ စိုက်ခဲ့တဲ့သစ်ပင်မဟုတ်လား။ ဆေးရုံမှာ ဒေသထွက်မြေတွေ အများကြီးရှိတယ်မဟုတ်လား။"
ချူဂျာက သစ်ကြားသီးလို မာမာတင်းတင်းပြောလာသည့် အီယွန်းကိုကြည့်ရင်း ဆတ်ခနဲတွန့်သွားတော့သည်။
ဘာကြောင့်မှန်းမသိ သူ့မျက်နှာကို အလင်းရောင်ထဲတွင် တွေ့မြင်ရသည်က စိတ်မတင်မကျဖြစ်ရ၏။ ဟိုးအောက်အထိရောက်သည့် မျက်ကွင်းညိုများက အရေးကြီးသည့် တစ်စုံတစ်ရာကို သဲလွန်စပေးနေသည့်နှယ်။
"ဒါနဲ့ ဆေးရုံအုပ်၊ အခုတလော..."
ထိုအခိုက်အတန့်တွင် အီယွန်း၏ ဖုန်းက 'ဘီဇ်'ဟု တုန်သွားသည်။ ဖုန်းခေါ်သူကို စစ်ဆေးလိုက်သည့် အီယွန်းက အနားတွင်ရှိနေသည့် လူနှစ်ဦးဆီမှ ခွင့်ပြုချက်တောင်းကာ ခပ်လှမ်းလှမ်းသို့လျှောက်သွားပြီး ဖုန်းကိုင်လိုက်သည်။
"ဟယ်လို။"
ပျက်စီးသွားသည့် သစ်ပင်ကို စစ်ဆေးနေစဉ်က ရင့်ကျက်ကာ စုစည်းတည်ငြိမ်ခဲ့သော်လည်း သူ့မျက်နှာထားက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။ အကြည့်က စူးရှလာကာ ဆောက်တည်ရာမရစွာ လက်သည်းကိုကိုက်ရင်း ခေါက်တုံ့ခေါက်ပြန် စလျှောက်မိသည်။ အကြွေးရှင်များထံမှ ထွက်ပြေးနေသည့် လောင်းကစားသမားလိုပင်။
"...အဲ့ဒါက ဘာစကားလဲရှင့်။"
ကောက်ရိုးဦးထုပ်အောက်တွင် ဖုံးကွယ်နေသည့် မျက်လုံးများက အာရုံစူးစိုက်မှုမရှိဘဲ တုန်ယင်နေ၏။
သစ်ပင်လူသားအခြေအနေတွင်ရှိနေသည့် ဂွမ်ချယ်ဝူ သတိပြန်လည်လာသည်မှာ တစ်လရှိသွားပေပြီ။
သူ့ကိုခေါ်သွားသည့် ဆေးအဖွဲ့က 'အတိတ်မေ့တာပါ' ဟူသော အက်ကြောင်းထပ် ရှင်းပြချက်ကိုပေးကာ ဘာမှမပြောဘဲ ပျောက်သွား၏။ နောက်ဆုံး သူတို့ ဆက်သွယ်လာချိန်တွင် ကြားရသည့်သတင်းက လုံးဝ အဓိပ္ပာယ်မရှိသည့်အရာပင်။
-ဘယ်တော့ သတိရမလဲ မသိပါဘူး။
တကယ်ပဲ ဘာတွေပြောနေတာလဲ။ အီယွန်းတစ်ယောက် ကြောင်သွားသော်လည်း ခဏနေတော့ ခေါင်းတွင်တွင်ခါလိုက်သည်။
"...အဲ့ဒါက ဘာကို။ မနောက်စမ်းပါနဲ့ရှင့်။ ကျွန်မ သူနဲ့ စကားပြောခဲ့တာပါ။ ကျွန်မ သူ့အောက်မှာ ဆွဲဖိတာတောင် ခံခဲ့ရပါတယ်ဆို၊ တကယ်ပါပဲ။"
ရုတ်တရက် ဖုန်းတစ်ဖက်ကနေ ချောင်းဆိုးသံသဲ့သဲ့ကို ကြားလိုက်ရသည်။
~~~~~
ထိုနေ့ညက တိုက်တိုက်ဆိုင်ဆိုင် ဂွမ်ချယ်ဝူတစ်ယောက် ‘ကျွန်မက ရှင့်ဇနီးပဲ’ ဟူသော ဝန်ခံစကားကို ကြားလျှင်ကြားချင်း အားအင်လုံးဝပြတ်သွားသလိုဖြစ်ကာ နေရာမှာတင် လဲကျသွားသည်။ အီယွန်းလည်း ချက်ချင်း ဆေးအဖွဲ့ကို ခေါ်လိုက်ရာ ရလဒ်က ဤကဲ့သို့ဖြစ်လာခဲ့သည်။
စောင့်ဆိုင်းနေစဉ်အတောအတွင်း မည်မျှအထိ စိတ်ပင်ပန်းခဲ့ရသနည်း။ ကော်ဖီလည်းမသောက်ရပါဘဲ နှလုံးက မနားတမ်း တရစပ် တဒိတ်ဒိတ်ခုန်နေကာ စိတ်ဂယောက်ဂယက်နှင့် ဆံပင်တွေအထိပါ ဆွဲဆုပ်မိလုမတတ်ဖြစ်ခဲ့ရသည်။
ထိုသို့နှင့် အိပ်ပျက်ညပေါင်းများစွာ ကုန်လွန်ပြီးမှ အီယွန်းတစ်ယောက် သူ့ဆင်ခြေသူ ဘယ်လောက်အထိ ဆိုးဝါးမှန်း သဘောပေါက်လိုက်ရတော့သည်။
ဇနီးတဲ့လား။ လူသတ်သမားရဲ့ ဇနီးပေါ့လေ။ ဒီလောက် အများကြီးရှိနေတဲ့ ဆင်ခြေတွေထဲမှာ ဘာဖြစ်လို့ အဲ့ဒီဆင်ခြေကြီးမှလဲ…
-မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာ အဲ့ဒီလိုမဟုတ်ပါဘူး။ နည်းနည်း ကွဲပြားပါတယ်။
“ရှင်။”
-ဦးနှောက် စကင်န်က သတိပြန်ရလာပြီဖြစ်ကြောင်း အတည်ပြုပေးပြီးပါပြီ။ သစ်ပင်လူသား အခြေအနေကနေ သတိရလာတာကလည်း ယုံရခက်ပေမဲ့ အမှန်ပါပဲ။ တော်သေးလို့ တုံ့ပြန်ချက် စစ်ဆေးမှုကလည်း အားလုံး ပုံမှန်ပြန်ဖြစ်ပါပြီ။ ဒါပေမဲ့…
အီယွန်းတစ်ယောက် အမှတ်တမဲ့ အသက်အောင့်ထားလိုက်မိသည်။
-လူနာက ဘယ်တော့ သတိပြန်ရလာမလဲဆိုတာကို မသိနိုင်ပါဘူး။
“အခု ကျိန်းသေပေါက် သတိရလာတယ်လို့…”
အီယွန်းက လည်တိုင်တစ်လျှောက်ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
-အဖြေအတိအကျပေးဖို့က မလွယ်ပေမဲ့ လူနာက ရှားပါးတဲ့လက္ခဏာတွေကို ပြနေပါတယ်။
“…ရှားပါးလက္ခဏာတဲ့လားရှင့်။”
-အအိပ်လွန်လက္ခဏာပါ။
အီယွန်းက နားမလည်နိုင်သလိုမျက်နှာထားလေးနှင့် သူ့နှုတ်ခမ်းလေးသူ ထိလိုက်သည်။
-‘Sleeping Beatuy Syndrome’ လို့လည်း သိကြတဲ့ လက္ခဏာကို…တတ်နိုင်သမျှ စစ်ဆေးမှုတွေ အကုန်လုပ်ကြည့်ခဲ့ပေမဲ့ အကြောင်းရင်းအတိအကျကို အခုအထိ အတပ်မပြောနိုင်သေးပါဘူး။ ဦးနှောက်မှာလည်း မူမမှန်တာ ဘာမှမရှိတဲ့အတွက် လောလောဆယ်တော့ ခန့်မှန်းရုံပဲ လုပ်နိုင်ပါသေးတယ်။
အီယွန်းတစ်ယောက် ပါးစပ်လေးအဟောင်းသားနှင့် အကြောင်သားလေး ငေးကြည့်နေမိရုံအပြင် မတတ်နိုင်ခဲ့။ ထင်မှတ်မထားသည့် သတင်းကြောင့် ဘာမှမပြောဘဲ မျက်လုံးလေး ပေကလပ်ပေကလပ်သာ လုပ်နိုင်ခဲ့သည်။
-အခြေအနေ တိုးတက်မှုကို စောင့်ကြည့်မှဖြစ်မှာဆိုပေမဲ့ တကယ်ပဲ ဒီ syndrome ဖြစ်နေတယ်ဆိုရင်…တစ်ခါအိပ်ပျော်သွားတာနဲ့ တစ်ပတ်၊ ဆယ်ရက်လောက်ဖြစ်ဖြစ်၊ မဟုတ်ရင်လည်း အဲ့ဒီထက်ပိုကြာတာတောင် နိုးမှာမဟုတ်ပါဘူး။
“…”
-အခုလက်ရှိ လူနာအိပ်ပျော်နေတာ ၁၂ရက်ရှိသွားပါပြီ။
“…”
-လောလောဆယ်တော့ အိမ်ပြန်ပို့ဖို့ စီစဉ်လိုက်ပါ့မယ်။
ဆရာဝန် ဖုန်းချတော့မည်ဟု အာရုံရလိုက်သည်တွင် အီယွန်းက အလောတကြီး သူ့ကို ဆွဲထားလိုက်သည်။
“ဆ…ဆရာ၊ ခဏလေးပါ။”
အီယွန်းက တံတွေးမျိုချလိုက်ကာ ဦးထုပ်အနားကို ပင့်လိုက်သည်။ ချွေးစို့နေသည့်နဖူးကို ခြောက်သွေ့သွေ့လေညင်းက တို့ထိကျီစယ်သွား၏။
“အဲ့ဒီတော့…ဂွမ်ချယ်ဝူက အခု သစ်ပင်လူသားအခြေအနေ မဟုတ်တော့ပေမဲ့…ဘယ်တော့နိုးလာမယ်မှန်း ဘယ်သူမှမသိဘူးလို့ ပြောနေတာပေါ့နော်။”
အီယွန်းက အာရုံစိုက်နေသကဲ့သို့ မျက်လုံးကိုမှိတ်ကာ ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။
-ဟုတ်ပါတယ်ဗျ။ လောလောဆယ် စောင့်ကြည့်လေ့လာရသလောက်တော့ အဲ့ဒီလိုပါပဲ။
“ဟား…”
အီယွန်းတစ်ယောက် ငိုချတော့မလို အသက်ကိုရှူထုတ်လိုက်သည်။ ရင်ထဲတွင် လေးလံစွာ စုပြုံဖိစီးနေသော စိုးရိမ်ကြောင့်ကြမှုက ရုတ်တရက် တစ်ခါတည်း ပြေပျောက်သွား၏။ တင်းတင်းမှိတ်ထားသည့် မျက်ခွံများ တလှပ်လှပ် တုန်ယင်လာသည်။
“ကျေးဇူးတင်ပါတယ်။ တကယ် ကျေးဇူးတင်ပါတယ်။”
-…ခင်ဗျာ။
အီယွန်းက ဦးပါညွှတ်ကာ ဘာမှမရှိသည့် လေဟာပြင်ကြီးကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
အမှားပြင်ဆင်ရန် အချိန်ရှိသေး၏။
‘ကျွန်မက ဂွမ်ချယ်ဝူရဲ့ ဇ…ဇနီးပါနော်။’
ထိုလိမ်စဉ်ကို တစ်နည်းနည်းနှင့် ပြန်ပြင်နိုင်ပေတော့မည်။
အမှိုက်ပုံးကဲ့သို့ ပြည့်လျှံနေသည့် ရင်ထဲမှ စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက် ထွက်လာ၏။
‘ဘုရားသခင်၊ ကျေးဇူးတင်ပါတယ်။’
ပြန်ပြင်နိုင်ပေပြီ။ ကောင်းကောင်းလုပ်နိုင်လျှင် မသိချင်ယောင်ဆောင်၍ရပေလိမ့်မည်။ အားလုံးက အိပ်မက်တစ်ခုဖြစ်ခဲ့သလိုမျိုး အသာလေး ကျော်သွားလိုက်လို့ရမည်ပင်။
-ကျေးဇူးတင်ပါတယ် ဆရာ။ ဒီထက်ပိုပြီး ကြိုးကြိုးစားစား နေထိုင်သွားပါ့မယ်။
ထိုအတိုင်း လက်ရှိနေရာဆီသို့ ပြန်လာသည့် အီယွန်းတစ်ယောက် ယခုအထိ မျှော်လင့်ချက်မဲ့သလို မျက်နှာမျိုးနှင့် ရှိနေဆဲဖြစ်သည့် အလုပ်အပ်သူကို အကောင်းမြင်စိတ်အပြည့်နှင့် ပြောလိုက်သည်။
“ဒီသစ်ပင်ကို ကျွန်မ အကောင်းဆုံးကြိုးစားပြီး ကယ်တင်ပေးပါ့မယ်။
~~~~~
-ကျေးဇူးတင်ပါတယ် ဆရာ။ ဒီထက်ပိုပြီး ကြိုးကြိုးစားစား နေထိုင်သွားပါ့မယ်။
နားမလည်နိုင်စရာစကားများနှင့် ဖုန်းကိုချသွား၏။
ဆရာဝန်က နားမလည်နိုင်သလိုမျက်နှာထားဖြင့် ဖုန်းကို ငေးကြည့်နေခဲ့ရာက နောက်ဆုံးတွင် စိတ်မဝင်စားတော့သည့်အလား အိတ်ကပ်ထဲသို့ ဖုန်းကိုထိုးထည့်လိုက်၏။
၂နှစ်တာ သစ်ပင်လူသားဖြစ်နေခဲ့သည့် လူနာက ဆန်းကြယ်လှစွာ သတိပြန်ရလာသည်။
ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကို ရရှိခဲ့ရ၍ပဲဖြစ်မလား၊ သူ၏ အဆစ်များက ကွေးနိုင်ဆန့်နိုင်ကာ ပြန်လည်နာလန်ထူခြင်းကလည်း ချောမွေ့စွာ တိုးတက်မှုရှိခဲ့သည်။ ပင်ကို ကြံ့ခိုင်ကာ ခန္ဓာကိုယ်ကို ပေါ့ပါးထိရောက်စွာ ထိန်းချုပ်နိုင်စွမ်းမြင့်သည့်အတွက် သူ့ခန္ဓာကိုယ်သူ လျှင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့၏။
သို့သော် ဤသို့သော ဩချလောက်စရာ နာလန်ထူမှုက တစ်ပတ်သာခံလိုက်သည်။
ထို့နောက်တွင် သူက တစ်ခါအိပ်လျှင် သုံးရက်၊ ထိုမှတစ်ဆင့် ငါးရက်၊ ထို့နောက် ဆယ့်နှစ်ရက်အထိ စတင်အိပ်စက်ပါတော့သည်။ သစ်ပင်လူသားအခြေအနေကို စွဲလမ်းနေသကဲ့သို့ ဘာမှမလုပ်ဘဲ အိပ်ရုံသာအိပ်နေခြင်းပင်။
‘ထူးဆန်းနေတယ်လို့…’
ဦးခေါင်းဒဏ်ရာ၏ ပြင်းထန်မှုအရ နောက်ဆက်တွဲသက်ရောက်မှု တစ်စုံတစ်ရာကိုတော့ မျှော်လင့်ထားရမည်သာ။ သစ်ပင်လူသား အခြေအနေမှ အပြည့်အဝ ချို့ယွင်းချက်မရှိ ပြန်လည်သက်သာလာလိမ့်မည်ဟု နဂိုကတည်းက မျှော်လင့်ထားခြင်းမျိုး မရှိခဲ့။ ယင်းသို့တွေးလျှင် စိတ်ကြီးဝင်ရာကျပေမည်။ ထို့အပြင် လူနာက မှတ်ဉာဏ်တွင်လည်း ပြဿနာရှိနေပြီးသားဖြစ်သည်။
သို့သော် ဘာမှန်းမသိရဘဲ စနိုးစနောင့်ဖြစ်နေမိ၏။
“လူနာ၊ နာမည်လေး တစ်ချက်လောက် ပြောကြည့်မလား။”
“…”
“ကျွန်တော့်အသံကို ကြားရလားခင်ဗျ။ ဘာစကားပဲဖြစ်ဖြစ် ရပါတယ်။”
“…Se…”
“ဟုတ်ကဲ့၊ ကောင်းပါပြီ။ ဆက်ပြောပါဦး။”
လူနာပြောလိုက်သည့်စကားက မေ့မရစရာ ဖြစ်နေသောကြောင့်ပင်။
~~~~~
Miel’s Translations