အပိုင်း ၁၅
"ဒါဆို မလုပ်တော့ဘူးလား။"
အနီးအနားရှိ ကော်ဖီဆိုင်ထဲသို့ ဝင်လာသော အီယွန်းတစ်ယောက် မျက်နှာသိပ်မကောင်းလှ။ သူက ဓာတ်ရောင်ခြည်အလား အပြောင်းအလဲမြန်သည့် လူတို့၏ လောဘကို သိရှိတွေ့မြင်ခဲ့ရသည်။ ထိုသို့ နွမ်းနယ်နေလျက်ကပင် ဂွမ်ချယ်ဝူကို လှမ်းကြည့်နေကြသည့် အကြည့်များကို ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။
သေးငယ်သည့် စိတ်ဝင်စားမှုလေးမှစကာ ကြီးမားသည့် သဘောကျစိတ်အထိ အမျိုးသမီးများ၏ မျက်လုံးများတွင် အမျိုးမျိုးသော ခံစားချက်များ ပေါ်လွင်နေသည်။
"ကင်မရာ ရိုက်မလားလည်း မသိဘူးမဟုတ်လား…"
ချူဂျာက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် အသင့်ဖြစ်နေသည့် အီယွန်း၏ပုံစံကြောင့် ပြောမည့်စကားကို မျိုသိပ်လိုက်သည်။
"အီယွန်း၊ ကင်မရာက ဘာဖြစ်လို့လဲဟင်။"
သို့သော် ဂွမ်ချယ်ဝူကတော့ မချုပ်တည်းခဲ့။ သူက အီယွန်းနှင့်ပတ်သက်သမျှ ဘယ်အချက်အလက်ကိုမှ အလွတ်မပေးလိုပေ။ အီယွန်းက သူ၏ အရိုးခံ မျက်လုံးများကိုကြည့်ရင်း ခဲရာခဲဆစ် နှုတ်ခမ်းကို ဖွင့်လိုက်သည်။
"ကျွန်မက… တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်လေး နေချင်လို့ပါ။ ဧကန္တများ မတော်တဆ ရုပ်သံလိုင်းပေါ်ရောက်သွားရင် ရှုပ်ထွေးသွားမှာ ကြောက်လို့။"
ပခုံးကို ဘာမှမဟုတ်သလို တွန့်ပြလိုက်သော် မျက်နှာထားကတော့ ထိုသို့မဟုတ်။ ဂွမ်ချယ်ဝူက အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်ခဲ့သော်လည်း ဆိုအီယွန်း တစ်ခုခုကို ရှောင်နေမှန်း ကျိန်းသေပေါက် သိလိုက်၏။
"ဟော၊ ဆေးရုံအုပ် ဆို။"
ထိုစဉ် ကြမ်းရှရှအသံတစ်သံက သူ့ကို ပေါ့ပေါ့ပါးပါး ခေါ်လာသည်။
ဒီအသံ။ အီယွန်း၏မျက်နှာ တဖြည်းဖြည်း ပျက်ယွင်းသွားတော့သည်။ သို့သော် ချက်ချင်း မျက်နှာထားကိုထိန်းကာ မျက်နှာကို ပြန်ပြင်လိုက်သည့် အီယွန်းက ထိုင်ရာမှထပြီး နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါရှင့်။"
"ဒါက ဘယ်လောက်ကြာသွားပြီလဲ။ တစ်နယ်တည်းမှာနေကြတာတောင် တအား အဆက်အသွယ်ပြတ်နေတာပဲ မဟုတ်ဘူးလား။"
D ဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူ ဂျိုဂယောင်းချွန်းမှာ အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သော်လည်း ဆံပင်များစွာရှိနေသေးသည်ကို ဂုဏ်ယူတတ်သူဖြစ်ပြီး တစ်ချိန်တုန်းက အီယွန်း၏ အလုပ်ရှင်သူဌေးဖြစ်ခဲ့သူလည်း ဖြစ်ပေသည်။
စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်တွင် ဤသို့သော အရှက်မရှိ မျက်နှာပြောင်တိုက်တတ်သူနှင့်တွေ့ရသည်မှာ ကံဆိုးခြင်းပဲဟု တွေးလိုက်မိ၏။ သူ့ကို မကြိုက်ရခြင်း၏ အကြောင်းရင်းများမှာ ရေတွက်၍မရအောင် များပြားလှပေသည်။
"ကဲ...ကဲ နှုတ်ဆက်လိုက်ဦးလေ။ နှစ်ယောက်သား မတွေ့တာကြာပြီမဟုတ်လား။"
ဆေးရုံအုပ် ဂျိုက သူ့တပည့်၏ကျောပြင်ကို တစ်ချက်ပုတ်ပြီး အရှေ့သို့တွန်းပို့ခဲ့သည်။
အီယွန်းတစ်ယောက် လက်ဖဝါးကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်နေမိ၏။
ဟွာအီဒိုသို့ မရောက်မီ ဆိုးလ်တွင်နေခဲ့သည့် ၄ပေပတ်လည် အခန်းငယ်လေးကို ရုတ်တရက် သတိရလိုက်တော့ မရှိခဲ့ဖူးသည့် အလုံပိတ်အခန်းကျဉ်းကြောက်စိတ်က သူ့ကို အသက်ရှူကျပ်အောင် လုပ်နေသလိုပင်။ မျက်နှာထားကိုထိန်းရန် ခက်ခဲလာသည်။
"ငါ ဒီတစ်ခေါက် ဟွာအီဒိုကို ခေါ်လာခဲ့တာလေ။ နှစ်ယောက်သား အရင်တုန်းက ခင်ခင်မင်မင်ရှိကြတယ်မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီး ပြန်အဆင်ပြေအောင် နေမှပေါ့။"
"..."
"လူငယ်တွေပဲကို အမြဲတမ်း သစ်ခေါက်တွေချည်း လိုက်ကိုင်မနေဘဲ ရှုခင်းလှလှလေးတွေရှိတဲ့နေရာကိုသွားပြီး ကော်ဖီလေးလေး သောက်ရမှာပေါ့။"
ဆေးရုံအုပ် ဂျိုက ယခင်ကအတိုင်း အရိပ်အခြည်မကြည့်တတ်သူပင်။ သို့မဟုတ် အရိပ်အခြည် မကြည့်တတ်ချင်ယောင်ဆောင်ပြီး နေရသည်က ပိုအဆင်ပြေ၍ပဲလား။
သူ့တပည့် ဟွမ်ဂျိုယွန်းကတော့ ယခင်အတိုင်း စာကြမ်းပိုးမျက်နှာနှင့် ကျိုးတိုးကျဲတဲ မျက်ခုံးကို ပွတ်သပ်နေသည်။ ထိုအောက်တွင်ရှိသော မျက်လုံးမှေးမှေးကတော့ ယခင်ကအတိုင်း တစ်မျိုးထူးဆန်းနေ၏။
"အီယွန်း၊ မတွေ့တာကြာပြီနော်။"
"ဟုတ်ကဲ့၊ စီနီယာရော အဆင်ပြေပြေရှိရဲ့လားရှင့်။"
အီယွန်းက ဝတ်ကျေတမ်းကျေနှုတ်ဆက်စကားပြောပြီး ချက်ချင်း အကြည့်လွှဲလိုက်သည်။
ဟွာအီဒိုကို မရောက်ခင် အီယွန်းက ဂျိုဂယောင်းချွန်း၏ လက်အောက်၌ ၅ နှစ်ကြာ အလုပ်သင် လုပ်ခဲ့ဖူး၏။ အသက်မွေးဝမ်းကျောင်းကောလိပ်မှ ဘွဲ့ရထားသည့် ကလေးမလေးမှာ ထိုနယ်ပယ်တွင် အနိမ့်ဆုံးအဆင့်ပင်။ ကြားကောင်းအောင် ပြောရမည်ဆိုလျှင်ပင် လေးစားသမှုနှင့် ဆက်ဆံခြင်းမခံရသည့် ပတ်ဝန်းကျင်ဖြစ်ပေသည်။
အထူးသဖြင့် ဂျိုဂယောင်းချွန်း အလေးအထားဆုံးတပည့် ဟွမ်ဂျိုယွန်း။
တက္ကသိုလ်ကျောင်းသားဘဝကတည်းက ထူးချွန်သူအဖြစ် လူသိများခဲ့သော သူက ဘာမှမရှိသူ အီယွန်းကို ပေါ့ပေါ့တန်တန် သဘောထားကာ အခွင့်အရေးရလျှင်ရသလို နောက်ယောင်ခံလိုက်ခဲ့သည်။
စိုစွတ်ပြီး စူးရှသည့် မျက်လုံးနှစ်လုံး မြေအောက်ထပ် အခန်း၏ ပြတင်းပေါက်တွင် ကပ်နေသည်ကို တွေ့လိုက်ရသည့်အခါ သည်းမခံနိုင်တော့သည့် အီယွန်းလည်း ထိုအဖြစ်မှန်ကို ဆေးရုံတွင် ပြောပြလိုက်၏။ ထို့နောက်တွင် အလုပ်ထုတ်ခံလိုက်ရသူက ဟွမ်ဂျိုယွန်းမဟုတ်ဘဲ အီယွန်းဖြစ်နေခဲ့သည်။
"လူငယ်တွေကတော့ မပြောဖြစ်သေးတာတွေကို ပြောကြပေါ့။ ငါကတော့..."
ဂျိုဂယောင်းချွန်း၏အကြည့်က ချူဂျာထံသို့ ကျရောက်သွားသည်။
ချူဂျာက သဘောတူစွာ ထိုင်နေရာမှထကာ အီယွန်းကို အသာလေး မျက်စပစ်ပြ၏။ သတင်းနှိုက်ပေးမည်ဟူသော အချက်ပြပင်။ အီယွန်းလည်း စိတ်သက်သာရာရသွားသလို ပြုံးလိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားသည်နှင့်…
"ဟို၊ အီယွန်း။"
ဟွမ်ဂျိုယွန်းက အီယွန်းထံသို့ လက်လှမ်းခဲ့သည်။ ထိုအခါ သူ့ဘေးတွင်ရှိနေသည့် ဂွမ်ချယ်ဝူက အီယွန်း၏ခါးကို ခပ်ကြမ်းကြမ်း ဆွဲယူကာ နေရာတွင် ပြန်ထိုင်ခိုင်းခဲ့၏။ ဟွမ်ဂျိုယွန်းတစ်ယောက် လေထဲတွင် လက်ကို ဝှေ့ယမ်းလိုက်သလိုဖြစ်သွားကာ အီယွန်းကတော့ အကြောင်းရင်းကို မသိခဲ့။
"အီယွန်း၊ ကိုယ် စိတ်ပူတယ်။"
ဂွမ်ချယ်ဝူက အီယွန်း၏အနားသို့ ပူးကပ်လာသည်။ သူ၏ကိုယ်အပူချိန်က ရေနွေးငွေ့အလား ပူနွေးလှ၏။
"အဲ့ဒီလူက ဘယ်သူလဲဟင်။"
“ဪ…”
ပါးစပ်မှ စကားလုံးတစ်လုံးပင်ထွက်မလာဘဲ တုံ့ဆိုင်းနေတော့ သူ၏လက်မောင်းက အဖြေကို အလျင်လိုနေသကဲ့သို့ အီယွန်း၏ခါးကို ပို၍ဆွဲခဲ့သည်။ ထို့နောက် ပခုံးကျယ်ကျယ်များကိုကျုံ့ကာ အီယွန်း၏အနောက်တွင် ပုန်းနေသလို လုပ်လေ၏။
ဤသည်က စိုးရိမ်မှုလား၊ သတိထားနေခြင်းလားဆိုသည်ကို အီယွန်းမသိပေ။ သို့သော် ရုတ်တရက် လန့်သွားသည့် ဟွမ်ဂျိုယွန်း၏ မျက်နှာကိုမြင်လိုက်ရတော့ ဒုတိယတစ်ခုဖြစ်မည်ဟု တွေးလိုက်သည်။
"ကိုယ်သိတဲ့လူလား။"
တစ်ခွန်းမေးလိုက်သည်နှင့် အီယွန်းတစ်ယောက် သူ၏စိုးရိမ်မှုကို ချက်ချင်းနားလည်သွားတော့၏။ အချင်းချင်း သိနေသည်ဆိုလျှင် မှတ်ဉာဏ်ပျောက်နေသည့် ဂွမ်ချယ်ဝူအတွက် အခက်တွေ့နိုင်ပေသည်။ ထိုအခါ အီယွန်းမပြောချင်ခဲ့သော အကြောင်းအရာများသည်လည်း ဘာအခက်အခဲမှမရှိဘဲ ချောချောမွေ့မွေ့ ထွက်လာတော့၏။
"ကျွန်မ အရင် အလုပ်လုပ်ခဲ့တဲ့ ဆေးရုံက စီနီယာပါ။ ဂွမ်ချယ်ဝူက မသိတဲ့လူမို့လို့ စိတ်ဖိစီးစရာမလိုပါဘူး။"
"…အာ။"
သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ခဲ့သည်။ သို့သော် ဘာကြောင့်မှန်းမသိ အီယွန်း၏ခါးကို ဖက်ထားသောလက်က ယခင်အတိုင်းရှိနေ၏။ ဖယ်မသွားသည့်အပြင် အီယွန်းကို ပို၍တင်းကျပ်စွာ ပွေ့ဖက်ကာ ခါးနားတွင် သူ၏လက်နှစ်ဖက်ကို တင်းတင်းယှက်ထားလေသည်။ အထုပ်ကို ဖဲကြိုးဖြင့် စည်းနှောင်သည့်အလား သူ၏ချုပ်နှောင်မှုအောက်သို့ အပြည့်အဝ ကျရောက်သွားရတော့၏။
အီယွန်းတစ်ယောက် ဂွမ်ချယ်ဝူ၏ အပြုအမူကို သတိပေးချင်ခဲ့သော်လည်း....
"အီယွန်း၊ ဘေးက ဘယ်သူလဲ။"
ဟွမ်ဂျိုယွန်းက အီယွန်း၏ ခါးကို တစ်ချက်ကြည့်ကာ အလောတကြီး မေးလာသည်။
"ဟုတ်တယ်၊ အီယွန်း။ ကိုယ့်ကိုလည်း မိတ်ဆက်ပေးပါဦး။"
ရုတ်တရက် အဝတ်အစားပေါ်မှ ခံစားရသည့် နွေးထွေးသော လက်တစ်ဖက်ကြောင့် အီယွန်းလည်း ခါးကို မတ်မတ်ပြင်လိုက်သည်။ တင်းကျပ်စွာ ပွေ့ဖက်ခံထားရသည့်ခါးက ကိုယ့်အပိုင်မဟုတ်သလို ထူးဆန်းနေ၏။
"....ဒီဘက်က ဂွမ်ချယ်ဝူပါ။ ကျွန်မနဲ့ အတူနေတဲ့သူပါရှင့်။"
လက်ထပ်သည်ဆိုတာထက် အတူနေသည်ဟုပြောခြင်းက ပိုကောင်းမည်ဟုတွေးကာ အီယွန်းက စကားကို နည်းနည်းလေး ရှောလိုက်သော်လည်း ဘာကြောင့်မှန်းမသိ စိတ်မသက်မသာဖြစ်သွားပုံရသည့် ဟွမ်ဂျိုယွန်းကတော့ ဤစကားကို သာမန်အတိုင်း လက်မခံနိုင်ခဲ့ပေ။ ငြိမ်သက်နေသော သူ့မျက်လုံးများက ထူးဆန်းသည့်ပုံစံအဖြစ် ရွဲ့သွားလေသည်။
"…နင်၊ နင်၊ လက်ထပ်...လက်ထပ်လိုက်တာလား။"
အီယွန်း စိတ်ထဲမှ စုတ်သပ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ဂွမ်ချယ်ဝူက သူ၏ နားနားသို့ နှုတ်ခမ်းကိုကပ်ကာ တီးတိုးပြောလာ၏။
"ခေါင်းညိတ်မှပေါ့။"
"…"
-ခေါင်းညိတ်လေ။
သူက ထပ်ပြီး တွန်းအားပေးပြန်သည်။ အသားပေါ်တွင် ကြက်သီးထသွားတော့၏။ အီယွန်း၏ခါးကို ပွတ်သပ်နေသော လက်တစ်ဖက်ကြောင့်ပင်။
'အာ၊ အဲ့ဒီနေရာက ယားပါတယ်ဆို...'
အီယွန်းတစ်ယောက် ခန္ဓာကိုယ်ကို လူးလွန့်ရင်း ဘာမှမတွေးဘဲ ခေါင်းညိတ်လိုက်သည်။ ထိုအခါ ဂွမ်ချယ်ဝူ၏အသံက အနောက်မှ ချက်ချင်းလိုက်ပါလာ၏။
"အမျိုးသားပါခင်ဗျ။"
ဟွမ်ဂျိုယွန်းက ပါးစပ်ကို ပွတ်သပ်ရင်း တစ်ခါထပ်ပြီး အတည်ပြုခဲ့သည်။
"ဆိုအီယွန်း၊ နင် အိမ်ထောင်ကျသွားပြီလို့ ပြောနေတာလား။"
'အဲ့ဒီလိုဖြစ်နိုင်စရာအကြောင်းမရှိဘူး' ဟု တွေးနေပုံပေါ်သဖြင့် အီယွန်း၏ ခံစားချက်က မကောင်းတော့။
ပြန်တွေးကြည့်လျှင် ဟွမ်ဂျိုယွန်းက အမြဲတမ်း ဤအတိုင်းပင်။ စိတ်ပျက်သည်ဟု မည်မျှပင်ပြောပါစေ အသုံးမဝင်ခဲ့။ သူက ကိုယ့်အမှားကိုယ် ဘယ်တော့မှ လက်မခံသည့် လူစားမျိုးဖြစ်၏။
"နေပါဦး၊ အီယွန်း။ ခဏလေး။ ငါ မယုံနိုင်လို့ပါ။ နင်က ဘာကိစ္စနဲ့ လက်ထပ်ရမှာလဲ။ အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိဘူးလေ။ နင် အဆင်ပြေတာရော ဟုတ်ရဲ့လား။"
ဟွမ်ဂျိုယွန်း၏ နှုတ်ခမ်းများက မယုံနိုင်မှုကြောင့် တုန်ယင်နေသည်။
အီယွန်းတစ်ယောက် သူ့စီနီယာ ပန်းခင်းထဲတွင် လူမသိသူမသိ တံတွေးထွေးစဉ်ကရော၊ ငယ်ငယ်က အပင်များကို ကတ်ကြေးဖြင့်ညှပ်ကာ ဆော့ခဲ့သည်ဟု ပြောစဉ်ကပါ ထိုအရာအားလုံးကို မနှစ်မြို့ခဲ့သော်လည်း အထူးသဖြင့် ဤသို့သောအချက်များကို အင်မတန်မုန်း၏။
ဟွမ်ဂျိုယွန်းက တစ်ဖက်လူ သူ့သဘောကျမဖြစ်လျှင် နှုတ်ခမ်းများတုန်ရီကာ ထိုလူကပြဿနာဖြစ်သည်ဟု သတ်မှတ်တတ်သူပင်။
ဘယ်လောက်များ လွယ်ကူလိုက်သည့် အတွေးအခေါ်မျိုးလဲ။
အီယွန်းက ထိုသို့သောငြင်းခုံမှုများကို စိတ်ကုန်လာ၍ ဆေးရုံမှ အေးအေးဆေးဆေးပဲ ထွက်လာခဲ့၏။
"နင်က အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူးလေ။"
"…အဲ့ဒါက ဘာစကားပါလဲ။"
"နင်က ယောက်ျားလေးတွေနဲ့ ပက်သက်နိုင်တဲ့ လူစားမျိုးမှမဟုတ်တာ… ဟင့်အင်း၊ နဂိုကတည်းက လူတွေနဲ့ ပတ်သက်ဖို့ကိုတောင် မုန်းတဲ့သူလေ။ အီယွန်းရယ်၊ ငါ့ကို နင့်အကြောင်းမသိဘူးများမှတ်နေလား။"
"..."
"ညတိုင်း သစ်ပင်တွေ သွားကြည့်၊ စနေ၊ တနင်္ဂနွေတောင် အိမ်မှာ မြေသြဇာလုပ်တဲ့သူကို ဘယ်သူက နားလည်ပေးနိုင်မှာလဲ။ အဲ့ဒီလိုအရာတွေကို ငါတစ်ယောက်တည်းကပဲ လက်ခံပေးနိုင်မှန်း သိရဲ့သားနဲ့ ဘာလို့ ဒီလိုအမှားမျိုး လုပ်ခဲ့တာလဲ။"
'ဒီစီနီယာက ဘာလို့ မပြောင်းလဲတာပါလိမ့်။'
"ထင်တဲ့အတိုင်း ငါ နင့်အနားမှာလည်းမရှိရော နင်က ဒီလိုအမှားမျိုးကို…"
ဟွမ်ဂျိုယွန်းတစ်ယောက် မျက်လုံးများ ပြူးကျယ်လာကာ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။
အီယွန်းလည်း ရုတ်တရက်ရောက်လာသည့် စိတ်ဖိစီးမှုကြောင့် ခေါင်းများပင်ကိုက်လာရ၏။ ဟွမ်ဂျိုယွန်းက အလုပ်ဆင်းချိန်ဆိုလျှင် သူ့နောက်ကို လိုက်လာမှန်းသိသော်လည်း ပိုက်ဆံမရှိ၍ အိမ်မပြောင်းနိုင်ခဲ့။
လမ်းလွှဲပြီးသွားသည့်နေ့များတွင် သူက ရုတ်တရက် ဒေါသထွက်ကာ ပေါက်ကွဲတတ်သည်။ တွေ့ကရာမှာ တံတွေးထွေးပြီး ကိုယ့်ခံစားချက်ကိုယ် အထိန်းအကွပ်မဲ့ ဖွင့်ချပြနေသည့် ဤလူကိုကြည့်ရင်း အီယွန်းတစ်ယောက် လူဖြစ်လာရသည်ကို ကျိန်ဆဲရုံအပြင် မတတ်နိုင်ခဲ့။
မွေးဖွားလာခြင်းက ထိုသို့ဖြစ်နေ၍ ကံကြမ္မာဆိုးများ စုပုံနေခြင်းဟု တွေးမိသည်။
ထိုအခြေအနေမျိုးမှာပင် သစ်ပင်ဆေးရုံဖွင့်နိုင်ရန်အတွက် အလုပ်သင်အချိန်များကို ပြည့်မီအောင် လုပ်ရမည်ဖြစ်သဖြင့် အီယွန်းလည်း အံကြိတ်ကာ ဆက်လုပ်ခဲ့၏။ မခံနိုင်တော့သည်အတိုင်းအတာအထိ ဆက်လုပ်ကြည့်မည်။ သူ၏ အတိတ်ကဘဝနှင့်ယှဉ်လိုက်လျှင် ဤသို့သော သေးသိမ်သည့်လူက ရယ်စရာတစ်ခုမျှသာဟု တွေးထားခဲ့သည်။
ထို့နောက် နောက်ဆုံးတော့ ဤနေရာသို့ တစ်ယောက်တည်း ရောက်လာခဲ့၏။
"စီနီယာ၊ ဘာလို့ မနေ့တစ်နေ့ကမှ တွေ့တဲ့လူလိုမျိုး အပိုတွေလုပ်နေရတာလဲ။"
"မဟုတ်ဘူးလေ၊ အီယွန်းရဲ့။ ငါတို့ကြားမှာ အဲ့ဒီအချိန်တွေက အရေးကြီးသေးလို့လား။"
"ကျွန်မ အဲ့ဒီဆေးရုံကနေ ထွက်လာတာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ။ မြင်တဲ့အတိုင်းပဲ ကျွန်မမှာ ခင်...ပွန်းလည်းရှိနေပြီ၊ ဆေးရုံလည်းဖွင့်ထားလို့ အဆင်ပြေပြေ နေနေတာလေ။ စီနီယာကတော့ ကျွန်မကို အခုအထိ ပေါ့ပေါ့တန်တန်ပဲ သဘောထားနေတုန်းထင်တယ်။"
"အီယွန်း။"
သူက တုန်လှုပ်စွာနှင့် သူ့နှုတ်ခမ်းသူ မြန်မြန်သပ်ခဲ့သည်။
"စီနီယာက အခု ကိုယ့်ဂျူနီယာရဲ့ ခင်ပွန်းအရှေ့မှာ ရန်လာဖြစ်နေတာနော်။"
"အဲ့ဒီလူက တကယ် ခင်ပွန်းဟုတ်ရောဟုတ်ရဲ့လား။"
သူက ရှက်ရမ်းရမ်းပြီး ရုတ်တရက် အော်ပြောခဲ့သည်။
"…ဘာပြောလိုက်တယ်။"
"မိသားစုဆက်ဆံရေးဖြစ်ကြောင်း ထောက်ခံချက် ယူလာခဲ့။ အဲ့ဒီလိုမှမဟုတ်ရင် ငါ မယုံနိုင်ဘူး။"
"..."
အီယွန်းတစ်ယောက် ဘာမှပြန်မပြောနိုင်လောက်အောင် တောင့်တင်းသွားတော့သည်။ ကိုယ့်အတက်နှင့်ကိုယ်စူးချေပြီ။ အရာအားလုံး ပေါ်ကုန်မည်ကိုကြောက်ပြီး ဟွမ်ဂျိုယွန်းကိုပါ ထပ်ကြောက်နေရသည်ကလည်း အင်မတန် မာနထိခိုက်ရ၍ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိ၏။
ထိုအချိန်တွင် နှာခေါင်းရှုံ့ရယ်သံ ခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ အနီးတွင်ရှိနေသည့် အီယွန်းတစ်ယောက်တည်းသာ ကြားနိုင်သောအသံပင်။
~~~~
Miel's Translations