no

Font
Theme

အပိုင်း ၁၂

ပင်ပန်းရသော နေ့တစ်နေ့ပင်။ ရှုပ်ထွေးလှသည့် တစ်နေ့တာအပြီးတွင် ကျန်ခဲ့သည်က မေ့မရနိုင်သော ဒဏ်ရာဟောင်းများသာဖြစ်၏။

အီယွန်းတစ်ယောက် သူအမြတ်တနိုးရှိသော ပန်းအိုးလေးတစ်အိုးကို ရင်ခွင်ထဲပိုက်ကာ ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ အပင်လေးက ဘာမှပြန်ပြောခြင်းမရှိ၊ ပွတ်သပ်ပေးခြင်းမရှိ၊ အဖော်ပြုနှစ်သိမ့်ပေးခြင်းမရှိသော်လည်း ဒီအတိုင်း အပင်များ၏ သဘာဝကျသော ရိုးသားသည့်အပြုအမူမှတစ်ဆင့် နှစ်သိမ့်မှုကို လိုချင်သောကြောင့်ပင်။

မဆင်မခြင် ဒုတိယထပ်ကို မော့ကြည့်မိသော အီယွန်းတစ်ယောက် အလန့်တကြား ပြောလိုက်မိသည်။

"အမလေး..."

အီယွန်းက ကိုယ့်ကိုယ်ကိုယ် ဆူငေါက်သလို ခေါင်းကို ခါယမ်းလိုက်၏။

အဲ့ဒီ သစ်ပင်လူသားက ဘာဆိုင်လို့လဲ၊ နိမိတ်မကောင်းအောင်လို့။

အေးချမ်းသော ရက်သတ္တပတ်တာဖြစ်၏။ အီယွန်း အင်မတန်လိုချင်ခဲ့သော ဘာပြဿနာမှမရှိသည့် နေ့စဉ်ဘဝ။ သို့သော် ဂွမ်ချယ်ဝူ အိပ်ပျော်နေလေလေ၊ အီယွန်းတွင် အိပ်မပျော်သောညများ ဆက်တိုက်ဖြစ်လာလေလေပင်။

တိုတောင်းသည့်အချိန်လေးအတွင်း အလုပ်ရှုပ်နေခဲ့သဖြင့် အေးချမ်းလှသောညက မည်မျှအထိ ခြောက်ကပ်ကပ်နိုင်ကြောင်း ခံစားနေရ၏။ အလကားနေရင်း တိုးပွားလာသော အတွေးများကြောင့် စိတ်ဖိစီးနေရသည်။

ဝန်မခံချင်သော်လည်း ၂နှစ်တာကြာအောင် လူနှင့်အပင်အဖြစ် ထူးဆန်းစွာ အတူယှဉ်တွဲနေထိုင်မှုက သူ့နည်းသူ့ဟန်နှင့်သူ ဟန်ချက်ညီညီပေါင်းစပ်ကာ အတူနေနိုင်ခဲ့သော ကာလတစ်ခုဖြစ်ခဲ့၏။

သစ်ပင်လိုဖြစ်နေသည့်လူက တကယ်ပဲ သစ်ပင်လိုဖြစ်နေသေးရဲ့လားဟူ၍ အင်မတန် ရင်တမမဖြစ်နေခဲ့ရသည့် အီယွန်းတစ်ယောက် ညတိုင်း သူ့ကို စစ်ဆေးရန် စတင်ဆောင်ရွက်ခဲ့သောအချိန်ကတည်းက ဤသည်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်လောက်မလားမသိပေ။

"အင်း၊ မဟုတ်ဘူး။ မဟုတ်ဘူး။ ဘာမှလိုက်မတွေးနဲ့..."

အီယွန်းက မျက်နှာကို ရှုံ့မဲ့ပြီး ဆေးဖက်ဝင်အပင်၏ အရွက်တွင် နှာခေါင်းအပ်ထားလိုက်စဉ်....

ဟင်။

အီယွန်း ခေါင်းကို သတိထားပြီး မော့လိုက်သည်။

"..."

ခပ်သဲ့သဲ့လေးဆိုသော်လည်း တစ်နေရာမှ ငိုညည်းသံလေး ကြားလိုက်ရသည်။ အီယွန်းလည်း သံသယစိတ်အပြည့်ပါသော မျက်နှာဖြင့် ခေါင်းထောင်လိုက်၏။ သူ့အတွက် အကျဉ်းချခံရသလို ခံစားရစေသော ဤလှေကားက ယနေ့တော့ ပိုပြီးသံသယဖြစ်ဖွယ် ကောင်းနေသည်။

အီယွန်း၏ စိုးရိမ်စိတ်က ပျောက်မသွားခဲ့ပေ။ လှေကားကို ခပ်သွက်သွက်တက်သွားလိုက်သော အီယွန်းက ချက်ချင်းပင် လော့ခ်ပျက်ပြီး ဟောင်းလောင်းဖြစ်နေသည့် တံခါးကို မတွန့်မဆုတ် ဖွင့်လိုက်သည်။

ခုတင်ဘေးတွင် ဖွင့်ထားသောမီးရောင်က မှိန်ပျပျလေးလင်းနေ၏။

ထိုလူကတော့ ရုပ်တုတစ်ခုအလား အေးဆေးငြိမ်သက်လျက်။

'ကျိန်းသေပေါက် အသံကြားလိုက်တာကို။'

အီယွန်းက ဂွမ်ချယ်ဝူ၏ နှာခေါင်းနှင့်ပါးစပ်ပေါ်သို့ လက်ကလေးတင်ပြီး စမ်းလိုက်သည်။ ပုံမှန်အသက်ရှူသံက အရေပြားကို ထိတွေ့လာ၏။

'ဒီကမဟုတ်ဘူးလား။'

ခေါင်းကုတ်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်စဉ်တွင်။

တင်းတင်းစေ့ထားသော ထိုလူ၏ နှုတ်ခမ်းများ တဖြည်းဖြည်းပွင့်လာသည်ကို တွေ့မြင်လိုက်ရ၏။ ထိုစဉ် အီယွန်း၏ တစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားတော့သည်။ သို့သော် နှုတ်ခမ်းများကြားမှ ထွက်လာသည်က ခြိမ်းခြောက်စကားမဟုတ်ဘဲ ငိုရှိုက်သံဖြစ်နေ၏။

"ဟင်း..."

အီယွန်း၏ ခြေထောက်များက ခြေချင်းဝတ်မှစကာ မလှုပ်နိုင်တော့။ ဂွမ်ချယ်ဝူ ငိုနေပါသတဲ့။ ရှိုက်ငင်သံများက မျက်ရည်စများဖြစ်လာကာ မျက်ခွံများမှ တစ်စက်ချင်း စီးကျလာသည်။

"...ဟင့်အင်း..."

သူက တစ်စုံတစ်ရာကို မသဲမကွဲ ရေရွတ်ခဲ့သည်။ စိုစွတ်မှုမရှိဘဲ ခြောက်သွေ့နေသော နှုတ်ခမ်းတွေက တစ်ခုခုကို အဆက်မပြတ် ပြောနေ၏။

"...သွား၊ မြန်မြန်သွား..."

နာကျင်မှုကို ခံစားနေရသူတစ်ယောက်အလား သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။ အိပ်မက်ဆိုး မက်နေခြင်းပဲလား။ အီယွန်း၏ မျက်လုံးများ တုန်ယင်သွားတော့သည်။

'လူသတ်သမားက အိပ်မက်ဆိုးမက်စရာ ဘာရှိလို့လဲ။'

'အခုအချိန်အထိ မကောင်းတာတွေ လုပ်ခဲ့တယ်ဆိုရင်တော့ အိပ်မက်ဆိုးမက်သင့်တာပေါ့။'

'သူပြုတဲ့ကံ သူ့ဆီပြန်လာပဲ။'

ထိုသို့ စိတ်ထဲမှ ခနဲ့တဲ့တဲ့တွေးကာ အနည်းငယ် ဝမ်းသာသောစိတ်ဖြင့် သူ့ကို ငုံ့ကြည့်လိုက်သည်။

သို့သော် တမင် စိတ်မဝင်စားသလို ကြည့်နေသော်လည်း အီယွန်း၏ အကြည့်ကတော့ ထိုလူ၏ မျက်ရည်စများထံမှ မခွာနိုင်ခဲ့။ ယခုဆိုလျှင် သူ့ခမျာ အသက်ပင်ရှူမရဖြစ်နေပေပြီ။

"ဝှက်ထားပေးပါ..."

"....မေ့ပစ်ပြီး..."

ထိုလူက ဘာပြောနေမှန်းမသိအောင် ဗလုံးဗထွေး ရေရွတ်နေသော်လည်း သူ၏ခံစားချက်များကတော့ ထူးထူးခြားခြား ပေါ်လွင်နေ၏။ အင်မတန် မျှော်လင့်ချက်မဲ့ပြီး ဝမ်းနည်းနေပုံပင်။

"ဝှက်ထားပေးပါ..."

ခံ့ညားသောမျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ အီယွန်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ သူ့လက်မောင်းကို ဆွဲထားလိုက်မိ၏။

"ချူဂျာရယ်၊ ဒီပုံစံက နတ်သားလေးမဟုတ်ဘဲ ဒရယ်လေးနဲ့ တူနေတယ်မဟုတ်ဘူးလား။"

ဂွမ်ချယ်ဝူ၏ ရုပ်ရည်ကို ချူဂျာက နတ်သားလေးဟု ချီးကျူးကာ လက်ခုပ်လက်ဝါးတီးခဲ့သော်လည်း အီယွန်းကတော့ ချူဂျာကို နည်းနည်းစောဒကတက်မိသည်။ သို့သော် ဝတ်ရုံပျောက်သွား၍ ဝမ်းနည်းနေသော နတ်သားမဟုတ်ဘဲ ခိုးကြောင်ခိုးဝှက်ချောင်းကြည့်သူ၏ လည်ပင်းကို အချိန်မရွေး ချိုးပစ်နိုင်​သည့် လူသတ်သမားဖြစ်ကြောင်း အီယွန်းသိ၏။

သို့သော် ယခုတော့ အသက်ရှူသံကြမ်းကြမ်းက ထွက်ပြေးနေသူနှင့် တူနေပေသည်။

"ကယ်..."

အီယွန်း ချီတုံချတုံ စဉ်းစားလိုက်သည်။ နောက်လှည့်ပြီး ကျောခိုင်းလိုက်သော်လည်း သူ့ကို လှမ်းကြည့်မိနေ၏။ လက်ကို ဆုပ်လိုက်၊ ဖြန့်လိုက်လုပ်နေရာက နောက်ဆုံးတော့ သူ့မျက်လုံးထောင့်မှ စိုစွတ်နေသည့် မျက်ရည်များကို ဂရုတစိုက် သုတ်ပေးမိသွားခဲ့သည်။

ထိုလူ၏ ပူနွေးသောအသားကို ထိလိုက်ရချိန်တွင် လျှပ်စစ်စီးသွားသလိုပင်။ အီယွန်းလည်း ထိတ်လန့်တကြား လက်ကိုဖယ်လိုက်ရင်း မျက်နှာမကောင်းစွာ ပြောလိုက်၏။

"ဂွမ်ချယ်ဝူက အိပ်ရတာကို မကြိုက်ဘူးထင်တယ်။"

"..."

"ကျွန်မကတော့ ရှင်နိုးလာမှာ မကြိုက်တာကို။"

"တိတ်..."

ပြန်တွေးကြည့်တော့ သေနေသလိုပုံစံနှင့် အိပ်ပျော်နေသောမျက်နှာ သို့မဟုတ် မှတ်ဉာဏ်ပျောက်ဆုံးနေသော မျက်ဝန်းတစ်စုံနှင့်သာ အမြဲရင်ဆိုင်ခဲ့ရသော်လည်း ရုတ်တရက် တုန်ယင်နေသည့် ထိုလူကို မြင်ရတော့ စိတ်ထဲတွင် ထူးဆန်းနေခဲ့သည်။ အီယွန်းတစ်ယောက် လက်ဖျားတွင် ကပ်နေသော မျက်ရည်စများကို ညဝတ်အင်္ကျီပေါ် အမြန်ပွတ်သုတ်လိုက်၏။

'နင်က လူဖြစ်လာခဲ့တာပဲ။ အဲ့ဒီလိုဖြစ်မလာစေဖို့ မျှော်လင့်ခဲ့တာကို။'

"ကျွန်မကတော့ ဂွမ်ချယ်ဝူ တစ်သက်လုံး နိုးမလာတော့ရင်တောင် နည်းနည်း၊ ဟင့်အင်း၊ လုံးဝ ခံစားနေမှာမဟုတ်ပါဘူး။"

အီယွန်းက ဆံစလေးများကို ဟိုကိုင်ဒီကိုင်လုပ်နေခဲ့သည်။

"သစ်ပင်တွေလောက်တောင် သနားစိတ်မဝင်မိတာ ဘာကြောင့်ဖြစ်မလဲ။"

ခဏနေတော့ အီယွန်းက သက်ပြင်းအရှည်ကြီးချပြီး ခုံပေါ်တွင် ထိုင်လိုက်သည်။ ဒူးပေါ်ကို လက်တင်ထားလျက် စောစောကအတိုင်း စကားတွေ တရစပ် ပြောနေ၏။

"သူတို့က ဖြူစင်ပြီး ရိုးသားကြပါတယ်။ ဂွမ်ချယ်ဝူကတော့ ကြမ်းတမ်းမာကျောပြီး ညစ်ညမ်းနေတာပါ။ အဲ့ဒါကို ထိန်းချုပ်ဖို့ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ သိရဲ့လားရှင့်။ တချို့အပင်တွေဆို ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ။"

ပြီးတော့...

"မငိုပါနဲ့။"

အီယွန်းက မိုးရွာသောနေ့လို ကျနေသော သူ၏မျက်ရည်များကို အဆက်မပြတ် သုတ်ပေးနေခဲ့သည်။

"မျက်ရည်မှာ နစ်သွားလိမ့်မယ်။"

"..."

"ကျွန်မငိုရင်လည်း ဘာမှမထူးပါဘူး။ ဘယ်သူမှလည်း နားမထောင်ပေးခဲ့ဘူး။"

သစ်ပင်များနှင့် ပန်းပင်များကသာ ညတိုင်း ပေါက်ကွဲတတ်သည့် အီယွန်း၏ စကားများကို နားထောင်ပေးခဲ့၏။ ရင်းနှီးသောသူငယ်ချင်းဟူ၍ တစ်ယောက်ပင် မရှိခဲ့သဖြင့် သူတို့ကသာ အီယွန်း၏ တစ်ခုတည်းသော အချိန်ဖြုန်းဖော်များပင်။

"ဒီနေ့ သစ်ပင်အောက်က မြေကြီးကို ဆွပြီးမြည်းကြည့်တော့။ အရမ်းအေးနေပါတယ်။ တကယ်တော့ အဲ့ဒီလို ခံစားချက်မျိုး ခံစားရလို့မဖြစ်တာကို။"

"ဂွမ်ချယ်ဝူရဲ့ မျက်ရည်တွေကရော အဲ့ဒီလိုပဲလား။"

ဂွမ်ချယ်ဝူကို အိပ်မက်ဆိုးထဲမှ ကယ်ထုတ်မလား၊ ပစ်ထားမလားဆိုသည်က အီယွန်း၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသည်။ အီယွန်းက ကိုယ်ကို ကိုင်းညွှတ်ကာ သူ့ကို တိုးတိုးလေး ပြောလိုက်၏။

"ရှင့်ကို ဘယ်သူက မှော်ပညာနဲ့ ပြုစားထားတာလဲ။"

ထိုလူက ဘာမှပြန်မဖြေဘဲ မျက်နှာကိုသာ မဲ့ခဲ့သည်။ နဖူးမှတန်းပြီးဆက်နေသော နှာတံတစ်လျှောက် အဆင်မပြေစွာ အရေးအကြောင်းများပေါ်လာ၏။ ဂွမ်ချယ်ဝူက အားမပါသလို ညည်းတွားသံများကို အဆက်မပြတ်လုပ်နေသည်။

အီယွန်းက နှုတ်ခမ်းကိုစူပြီး စိတ်ထဲရှိရာကို ထုတ်ပြောလိုက်၏။

"ဒီနေ့တော့ ရှင်က ဒေါသထွက်နေတဲ့ ဂင်ဂိုပင်နဲ့တူနေပါတယ်။"

ဤသည်မှာ အန္တရာယ်ရှိသော ထင်ယောင်ထင်မှားဖြစ်မှုမှန်း သိသော်လည်း တစ်ခါတလေတော့ အလှည့်စားခံချင်သောအချိန်များ ရှိတတ်ပေသည်။ အီယွန်းက တစ်နေကုန် ပင်ပန်းနွမ်းနယ်ပြီး ဖျားချင်သလိုလိုဖြစ်နေသည်ကို မေ့ပျောက်ဖို့ရန်အတွက် ထိုထက်ပိုပြင်းသော ဆေးတစ်မျိုးကို သောက်လိုက်ရသလို ခံစားချက်မျိုးနှင့် ဂွမ်ချယ်ဝူကို ရင်ဆိုင်လိုက်၏။

"မွေးနေ့လက်ဆောင်ပါ။"

- တကယ်တော့ ကျွန်မအတွက်လည်း ဒီနေ့က မေ့ပစ်လိုက်ချင်တဲ့နေ့ပါ။

အီယွန်းက သူ့ဘေးတွင် ဂရုတစိုက် ဝင်လှဲအိပ်လိုက်သည်။

ဗလုံးဗထွေးအသံများ အီယွန်း၏ဦးနှောက်ထဲသို့ တိုးဝင်လာတော့၏။

~~~~~

ဂွမ်ချယ်ဝူတစ်ယောက် အိပ်ချင်မူးတူးနှင့် မျက်လုံးကို အဖွင့်အပိတ်လုပ်နေရာမှ နေရောင်ခြည်ဒဏ်ကို မခံနိုင်ဘဲ မျက်လုံးများကို လက်ဖြင့်ကွယ်လိုက်ရသည်။ သို့သော် မျက်လုံးကိုမအုပ်နိုင်ခင်မှာပင် ရောင်နေသော လက်ဖမိုးက တစ်စုံတစ်ခုနှင့် ထိမိပြီး စပ်ဖျဉ်းဖျဉ်းဖြစ်သွား၏။ သူက မေးရိုးတွင်အားထည့်ပြီး ခေါင်းကို လှည့်လိုက်သည်။

"..."

ထိုနေရာတွင် ဆိုအီယွန်းက ငှက်လို အသံလေးများနှင့် ငြိမ်းချမ်းစွာအိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ သူ့လက်မောင်းအောက်တွင် ကပ်ပါးကောင်လေးလို ကပ်နေကာ ပါးစပ်မှ မသဲမကွဲအသံလေးများပြုနေသည်။ ထိုပုံစံကိုမြင်တော့ ဂွမ်ချယ်ဝူတစ်ယောက် ဘာပြောရမှန်းမသိဘဲ အသက်ရှူရပ်သွားတော့၏။ တစ်ချိန်တည်းမှာပင် မျက်နှာကိုရှုံ့မဲ့သွားစေသော သက်သောင့်သက်သာမရှိသလို ခံစားချက်က အီယွန်းထံသို့ ဝင်သွားခဲ့သည်။

မနှစ်မြို့ဖွယ်ကောင်းပြီး ပင်ပန်းစရာအိပ်မက်ကို ပခုံးပေါ်ထမ်းထားရသလို ခံစားနေရသော်လည်း အီယွန်းကို မြင်လိုက်ရသည့်အချိန်တွင် အိပ်မက်ဆိုးက လုံးဝပျောက်ကွယ်သွား၏။

'ဂွမ်ချယ်ဝူ' ဟုခေါ်သော ဤလူကား မွေးရာပါ စိတ်နေစိတ်ထား မကောင်းသူဖြစ်ရာ ဘာမဟုတ်သည့် လူတစ်ယောက်ကြောင့်ပင် သူ့ခန္ဓာကိုယ်က အင်မတန် တင်းမာနေတတ်သည်။

ဆိုအီယွန်း။

ဇနီး။

သစ်ပင်ဆရာဝန်။

မတော်တဆမှု။

ဂွမ်ချယ်ဝူက သူ့အရှေ့တွင်ရှိနေသော မိန်းမကိုကြည့်ရင်း ထိုအချက်များကို စဉ်းစားနေ၏။ တစ်ခုမှ ယုတ္တိတန်သောအချက်များမဟုတ်။ ဤသို့သော မပြည့်စုံမှုကြောင့် သူက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

မရှိသော အစကို မှတ်မိနေ၏။

ခွဲထွက်နေသော အပိုင်းများက တစ်ပြိုင်နက်တည်းနိုးထလာပြီး ခံစားချက်များကို နိုးကြားလာစေသည့် အခိုက်အတန့်။ ယင်းပထမဆုံးမှတ်ဉာဏ်ကား အတိတ်ကမိန်းကလေးပင်။

ထိုမိန်းကလေး၏ ကျောရိုးကိုဖိထားပြီး လည်တိုင်ကို နမ်းရှုံ့အနံ့ခံလိုက်ချိန်တွင် စွဲမြဲနေသော မြေသင်းနံ့နှင့် ချွေးနံ့တို့ ရောနှောနေသည့် ထူးဆန်းသော ရနံ့ကို မမေ့နိုင်ခဲ့။

မှတ်ဉာဏ်အားလုံး လုံးဝပျောက်ကွယ်သွားသည့်အချိန်က ထင်ထားသည်ထက် ပို၍ပြင်းထန်ကာ အော်ဂလီဆန်ဖွယ်ကောင်းလှသည်။

မိသားစု၊ သူငယ်ချင်း၊ အမှတ်တရများ၊ ထိုအရာအားလုံး လစ်ဟာသွားသည့်နေရာတွင် လူတစ်ယောက်တည်းသာ ဝိုးတဝါးပေါ်လာ၏။ ယင်းက ကျယ်ပြန့်ပြီး...။

သူ၏ ပင်ကိုယ်အသိစိတ်မှ တီးတိုးပြောနေသလိုပင်။ ဆုံးဖြတ်ချက်က မယုံနိုင်လောက်အောင် လျင်မြန်ခဲ့သည်။ အချည်းနှီးဖြစ်နေသော အေးစက်စက်ခံစားချက်များထဲတွင် ကပ်ပါးကောင်လို ကပ်တွယ်နေသည့် ဆိုအီယွန်း၏ မျက်နှာတစ်ခုတည်းသာရှိ၏။ သူက တစ်ငုံတည်းနှင့် မျိုချလိုက်သည့်အလား ဆိုအီယွန်းကို လက်ခံခဲ့ခြင်းပင်။

သို့သော် ကြည့်လေလေ ဆိုအီယွန်းက ထူးဆန်းလေလေဖြစ်နေသည်။

'...မှတ်တောင်မမှတ်မိဘဲ ဇနီးတစ်ယောက် ရုတ်တရက် ပေါ်လာတာဆိုတော့ ဂွမ်ချယ်ဝူအတွက် ဒါက ဘယ်လောက်တောင် စိတ်ရှုပ်ထွေးပြီး မသက်မသာဖြစ်ရလိုက်မလဲ စိုးရိမ်လို့ပါ...'

ဟင့်အင်း၊ ငါကတော့ တစ်ချက်ကြည့်ရုံနဲ့ တန်းသိတာကို။ မင်းက ဘာလို့ ဇနီးဖြစ်နေရတာလဲဆိုတာ။ ဇနီး ဖြစ်ရုံအပြင်မရှိဘူးဆိုတာ။

ကြည့်ခွင့်မရတဲ့အချိန်ကိုတောင် နှမြောမိပါတယ်​ဆို။

'ဂွမ်...ဂွမ်ချယ်ဝူရှင့်။'

သို့သော် ဇနီးပါဟု ပြောနေလျက်ကပင် တုန်ရီနေသော ခန္ဓာကိုယ်။

ကြောက်ရွံ့မှု ကြီးစိုးနေသော မျက်လုံးများ။

လက်စွပ်ရာ တစ်စက်ကလေးပင်မရှိသည့် ချောမွတ်နေသော လက်သူကြွယ်။

သမားရိုးကျ မင်္ဂလာဓာတ်ပုံလေးတစ်ပုံတောင်မရှိသည့် အိမ်။

သစ်ပင်လိုဖြစ်နေသည့်ဘဝမှ နိုးထလာသော ခင်ပွန်းဖြစ်သူကို တွေ့ရတာဝမ်းသာသည့် အရိပ်အယောင်ပင် မျက်လုံးထဲတွင် တစ်စက်မှ မတွေ့ရပေ။ အမြဲတမ်း ကြောက်ရွံ့နေသည်ကိုသာ တွေ့ရ၏။ တစ်ခါတစ်ရံ အီယွန်း မြေကြီးကို ဟိုတူးဒီဆွလုပ်သည့်အခါတိုင်း သေးငယ်သော ထိုမေးရိုးလေးကို ဆုပ်ကိုင်ချင်မိ၏။

ဘာမှမရှိတဲ့ ကိုယ့်ရဲ့ကမ္ဘာမှာ အရာရာက မင်းပဲကို။

ဘာဖြစ်လို့ ကိုယ့်ကို ကြောက်နေရတာလဲ။ ဘာလို့ မပြုံးပြတာလဲ။

ဒီလောက်တောင် ခက်ခဲတယ်ဆိုရင်လည်း ဘာလို့ လူမမာကို ပြုစုပေးပြီး၊ ဘာလို့ စောင့်နေခဲ့တာလဲ။

"နိုးလာပြီလားရှင့်။"

ထိုအချိန်မှာပင် ဆိုအီယွန်းက မျက်လုံးကိုပွတ်ပြီး မနက်ခင်းနှုတ်ဆက်စကား ပြောလာသည်။

သူက တံတောင်ဆစ်ဖြင့် ကိုယ်ကို ထောက်ထားပြီး ဘာစကားမှမပြောဘဲ စိုက်သာကြည့်နေလိုက်တော့ အီယွန်း၏မျက်နှာထားက တဖြည်းဖြည်း တင်းမာလာတော့၏။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment