no

Font
Theme

အပိုင်း ၇

"...မှတ်တောင်မမှတ်မိဘဲ ဇနီးတစ်ယောက် ရှိနေတာမဟုတ်လား။ ဂွမ်ချယ်ဝူဘက်ကကြည့်ရင် ဘယ်လောက်တောင် နားမလည်နိုင်စရာဖြစ်ပြီးတော့ စိတ်ကသိကအောက် ဖြစ်ရမလဲဆိုပြီး စိုးရိမ်လို့ပါ..."

"ကိုယ့်အတွက် အဲ့ဒီလိုလုပ်ခဲ့တာပေါ့လေ။"

သူက ဘာမှမဖြစ်သလို ပြန်မေးခဲ့သည်။

ကိုယ့်ဉာဏ်နီဉာဏ်နက်ကိုယ် တော်တော်လေးကျေနပ်နေသော အီယွန်းတစ်ယောက် အားတက်သရော ခေါင်းညိတ်လိုက်သည်တွင် ဂွမ်ချယ်ဝူက အီယွန်းနှင့် မျက်လုံးလယ်ဗယ်လ်ချင်း တန်းတူဖြစ်သည်အထိ ကိုယ်ကို ကိုင်းညွှတ်လာ၏။

"ချီးပဲဗျာ။"

"..."

"အဲ့ဒါမျိုးကို ထောက်ထားပေးတယ်လို့ ခေါ်တယ်တဲ့လား။ ကိုယ်တော့မကြိုက်ပါဘူး။ အီယွန်းခင်ဗျ။"

သတိရလာကတည်းက ယဉ်ယဉ်ကျေးကျေး စကားပြောနေသော်လည်း ဝိရောဓိဆန်လှစွာ ယဉ်ကျေးခြင်းနှင့် အဝေးကြီးပင်။

"ဥပဒေအရ သတ်မှတ်ထားပြီးသားဆိုဗျ။ မိသားစုကို စွန့်ပစ်ဖို့ ကြံနေတာလား။"

အမှောင်ထုထဲတွင် သူ၏မျက်လုံးများကသာ အဆီဝေ့နေသကဲ့သို့ လက်နေသည်။

"တစ်ယောက်ယောက်က ကိုယ့်ခေါင်းထဲကို ထွန်ခြစ်နဲ့ခြစ်ပြီး အကုန်ယူသွားပေမဲ့ ဆိုအီယွန်းရဲ့ မျက်နှာတစ်ခုပဲ တဝဲလည်လည် ပေါ်လာနေတယ်။"

"..."

"ကိုယ်က ယောက်ျားဆိုတာ တကယ် အဟုတ်ပဲထင်တယ်။ မင်း ကိုယ့်ကို စွန့်ပစ်ဖို့လုပ်တာနဲ့ ခေါင်းထဲမှာ ဒေါသက တဟုန်းဟုန်းတောက်လာတာဆိုတော့။"

အဲ့ဒါက ဒီအတိုင်း....ဂွမ်ချယ်ဝူရဲ့ စရိုက်ကိုက ဆိုးလို့ပါရှင်....

ထိုစကားကို ပါးစပ်မှ ပြောမထွက်ခဲ့သော အီယွန်းတစ်ယောက် အူကြောင်ကြောင်နှင့် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေခဲ့သည်။

သွားပြီ။ လုံးဝကိုသွားပြီ။

တဖြည်းဖြည်းပျက်ယွင်းလာသော မျက်နှာထားကို မပေါ်လွင်စေရန်ထိန်းဖို့အရေး ကြိုးစားရုန်းကန်မှ ဖြစ်ပေမည်။

သို့သော် တိုက်ပွဲက ယခုအထိ မပြီးသေး။ ဂွမ်ချယ်ဝူတွင် မွေးရာပါ အသာစီးအရယူနိုင်သော အရည်အချင်းရှိသည့်တိုင် ယခုမူကား ဘာဆိုဘာမှမသိသော အားနည်းချက်ကြီး ရှိနေပေသည်။

တစ်ဖက်တွင် အီယွန်းက ယင်းမှတ်ဉာဏ်ဟာကွက်များကို ကိုယ်ပိုင်စတီယာရင်ဘီးအဖြစ်သုံးကာ သူ့ကို လွတ်လပ်စွာ ထိန်းချုပ်မောင်းနှင်နိုင်ပေမည်။ အမှန်တရားကို တစ်ယောက်တည်း သိထားခြင်းက အင်မတန်ကောင်းသည့်ကတ်ပင်။

သို့ရာတွင် ပြဿနာက...

"ကိုယ်က အီယွန်းကို တကယ်ပဲ သိပ်ချစ်ခဲ့တယ်ထင်ပါရဲ့။"

'မဟုတ်ပါဘူးဆို။ ရှင်က ကျွန်မကို သတ်ဖို့လုပ်ခဲ့တာလို့။'

ဤတစ်ကြိမ်လည်း သူက အရှိုက်ထိအောင် ထိုးခဲ့ပြန်သည်။

အီယွန်းတစ်ယောက် စိတ်ထဲတွင် ပဋိပက္ခဖြစ်သွားရသည်ကို ဝန်မခံ၍မဖြစ်ခဲ့ပေ။

သတ်ဖြတ်လိုသောဆန္ဒက အချစ်အဖြစ်သို့ အသွင်ပြောင်းသွားသည့် လက်ရှိ ဤအခိုက်အတန့်၌...

~~~~~

အီယွန်း ဒယီးဒယိုင်ဖြစ်နေသောလူကို ထည့်ထားသည့် တွန်းလှည်းအလွတ်ကို ဆွဲလာသည်။

နောက်စေ့ပေါက်လုမတတ် စိုက်ကြည့်နေသည့်အကြည့်ကို ခံစားမိသော်လည်း အီယွန်းက လုံးဝ ပြန်လှည့်မကြည့်ခဲ့။ အင်းစက်မြည်သံများသာ နှစ်ဦးကြားမှ တိတ်ဆိတ်မှုကို ဖြည့်စွက်ပေးခဲ့သည်။

"ကိုယ်က အသက်ဘယ်လောက်ရှိပြီလဲ။"

ဂွမ်ချယ်ဝူက လှည်းပေါ်တွင် လက်မောင်းထောက်ကာ ရုတ်တရက် မေးလာသည်။

"အော..."

ယခုမူ ထွေထွေထူးထူးမဟုတ်သော မေးခွန်းတစ်ခုကိုပင် အများကြီး စဉ်းစားရပေပြီ။ ဤသည်ကား မိုင်းရှင်းရသည့်ဂိမ်းလိုပင်။ တစ်ချက်လေး ခြေလှမ်းမှားလိုက်သည်နှင့် ထပေါက်ကွဲမည်သာ။

"ကျွန်မက ၃၂နှစ်ဆိုတော့...."

အီယွန်းက ဦးခေါင်းကိုလှည့်ကာ ထိုလူ၏မျက်နှာကို တစ်ချက်ခိုးကြည့်လိုက်သည်။

အပြစ်ပြောစရာတစ်ကွက်မရှိအောင် ခံ့ညားချောမောသော မျက်နှာ​က အသက်အတိအကျကို ခန့်မှန်းရခက်အောင်လုပ်နေ၏။ ကျောင်းဝတ်စုံဝတ်ထားလျှင် လက်တွေ့လောကအကြောင်း ဘာမှမသိသေးသော ဖြူစင်အပြစ်ကင်းသည့်ကျောင်းသားလေးလို၊ အနောက်တိုင်းဝတ်စုံဝတ်ထားလျှင် လုပ်ငန်းစုကြီးတစ်ခုခုမှ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို ထင်ရပေမည်။

"ကျွန်...ကျွန်မနဲ့ ရွယ်တူပါပဲ။"

သူက အသစ်သိလိုက်ရသည့် အချက်အလက်ကို မှတ်သားနေသကဲ့သို့ ခေါင်းကို ဖြည်းဖြည်းချင်းညိတ်ခဲ့သည်။

"ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ ယဉ်ယဉ်ကျေးကျေးပဲ စကားပြောကြပါတယ်။....ဂွမ်ချယ်ဝူက အမြဲတမ်း တအားကို သိမ်မွေ့ပြီး ယဉ်ကျေးလို့ပါ။"

အီယွန်းတစ်ယောက် မဟုတ်ကဟုတ်ကတွေ ရှာကြံပြောမိသဖြင့် လျှာတွင် ဆူးများပေါက်လာသလို ခံစားရတော့သည်။

သစ်ပင်တွင် အကိုင်းအသစ်ထွက်နိုင်သော အရည်အချင်းရှိ၏။ ယခု တွေးကြည့်လိုက်တော့ အလိမ်အညာသည်လည်း ထိုကဲ့သို့ပင်။ မဟုတ်မမှန်စကားတစ်ခွန်း အမြစ်တွယ်လိုက်သည်နှင့် ထိန်းမနိုင်သိမ်းမရ ပြန့်တော့သည်။

"ဒါဆို ကိုယ်က ဘာလုပ်တဲ့လူလဲ။"

"..."

အီယွန်းတစ်ယောက် ဤတစ်ကြိမ်တွင်လည်း ပြောစရာမရှိဖြစ်ရပြန်သည်။

ဂွမ်ချယ်ဝူက လူကို မြေမြှုပ်တဲ့နေရာမှာ တအားတော်တာပေါ့ရှင်...

"ဪ....အဲ့ဒါက...."

အီယွန်း တွေဝေတွန့်ဆုတ်နေတုန်း ထိုလူက အီယွန်း၏ လက်မောင်းကို ထောက်ခနဲတောက်ခဲ့သည်။ ယင်းတဒင်္ဂအထိအတွေ့လေးနှင့်တင် ပခုံးလေး ဆတ်ခနဲတွန့်သွားသည့် အီယွန်းလည်း ကိုယ်တိုင်တောင်မသိဘဲ ပါးစပ်ထဲရှိရာ ပြောမိတော့၏။

"မြေကြီးမှာ ကောင်းကောင်းစိုက်တတ်ပါတယ်ရှင့်။"

"စိုက်တယ်။ ဘာကိုလဲ။"

"...အဲ့ဒါ၊ အဲ့ဒါက။"

လူသေကောင်အလောင်း....

"...ပန်းပါ။"

"ဗျာ။"

"ဂွမ်ချယ်ဝူက ကျွန်မ...ကျွန်မရဲ့ဆေးရုံမှာ ပန်းစိုက်ပါတယ်။"

အီယွန်းတစ်ယောက် ကိုယ့်ပါးစပ်ကိုယ် အပ်နှင့်သာ ချုပ်ပစ်ချင်တော့သည်။

~~~~~

ထိုလူက ညစ်ပတ်နေကာ သူ့ခန္ဓာကိုယ်တွင် မြေကြီးများ ပေကျံနေပြီး မြေပြင်ပေါ်တွင် တရွတ်ဆွဲခဲ့သော နေရာများ၌ အသားများ ပွန်းပဲ့ပေါက်ပြဲနေသည်။ သူ ရေချိုးသန့်စင်ပြီးသွားသည့်နောက်တွင် အီယွန်းက ရိုးရိုးရှင်းရှင်းဆေးတချို့ ပေးလိုက်၏။

အနီရောင် ပွန်းပဲ့ဒဏ်ရာများက မြင်ရုံနှင့် မျက်မှောင်ကြုတ်မိလောက်အောင် အင်မတန် နာမည့်ပုံပင်။ သို့သော် ဂွမ်ချယ်ဝူက တစ်ချက်ကလေးတောင် မညည်းခဲ့ချေ။ သူ၏ ဖြည်းဖြည်းမှန်မှန် အသက်ရှူသံသာ တစ်ခန်းလုံးပြည့်နေသောကြောင့် အီယွန်း၏စိတ်က ဂနာမငြိမ်အတွေးပေါင်းစုံဖြင့် ဂယောက်ဂယက်ဖြစ်ရတော့သည်။ ထိုသို့ဖြစ်တိုင်း အီယွန်း၏ လက်ဖျားကလေးများ တဆတ်ဆတ်တုန်လာပြီး ဤညကို မြန်မြန်ကုန်လွန်စေဖို့ မျှော်လင့်မိ၏။

"အတူတူအိပ်ရအောင်။"

"....ရှင်။"

အီယွန်း အကြောင်သား ခေါင်းမော့လိုက်မိသည်။

"လင်မယားပဲကို ဘာလို့ သပ်သပ်စီ အိပ်မှာလဲ။"

အဖြူထည်အရိုးခံမေးခွန်းကြောင့် အီယွန်း၏မျက်နှာလည်း ချက်ချင်း နီရဲသွားတော့သည်။

"အဲ့...အဲ့ဒါကလေ၊ ဂွမ်ချယ်ဝူက အခုအထိ လူမမာဆိုတော့...."

"လူမမာတော့ လူမမာပေမဲ့ အခု သစ်ပင်လူသား မဟုတ်တော့ဘူးလေ။"

ထိုသို့ပြောနေရင်း အီယွန်းကိုကြည့်သည့်အကြည့်က တဲ့တိုးဆန်လှသည်။ အီယွန်းလည်း ကိုယ်တိုင်တောင်မသိဘဲ မွေ့ရာအစွန်းနားသို့ ဖြည်းဖြည်းချင်း တိုးသွားမိတော့၏။

~~~~~

အိမ်ထောင်ဝတ္တရားဆိုသည်မှာ အီယွန်း ယောင်လို့တောင် တွေးမထားခဲ့သည့်အရာပင်။ မုသားတစ်ခု၏ လှိုင်းဂယက်က ယခုမှ သူ့အသားကို စူးခနဲလာရိုက်ခတ်သလိုခံစားရတော့သည်။ ပြန်ပြင်၍မရတော့မှန်း သိလိုက်ရချိန်တွင် နှလုံးခုန်သံက မြန်ဆန်စွာ တဒိန်းဒိန်းခုန်လာလေ၏။

"ကိုယ့်ကို စိမ်းနေလို့လား။"

"......"

"အီယွန်းမှတ်မိထားတဲ့ ခင်ပွန်းနဲ့ မတူတော့လို့လား။"

"အဲ့ဒါက............"

"ဒါဆို သစ်ပင်လို အသက်ပဲရှူရုံရှူပြီးနေမယ်လေ။"

ကြည်လင်သော သူ၏ မျက်ဝန်းများက အီယွန်းကို စူးစူးရဲရဲ စိုက်ကြည့်လာသည်။

"ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဘူး၊ အတင်းအကျပ် မလုပ်ဘူး၊ ခြိမ်းခြောက်တာလည်း မလုပ်တော့ဘူး၊ အီယွန်းသိထားတဲ့ အရင်က ခင်ပွန်းလို ပြုမူပြီးနေမယ်။"

ကြမ်းတမ်းခဲ့သော အချိန်များက အားလုံးမင်နှင့်ဆွဲထားသော ထင်ယောင်ထင်မှားပုံရိပ်သက်သက်ဖြစ်ခဲ့သလိုပင်။ စိုစွတ်နေသည့် ဆံပင်ကြားတွင် မြင်နေရသော မျက်လုံးများက ဘာကြောင့်မှန်းမသိ...သနားစရာကောင်းသလိုဖြစ်နေသည်။

"အဲ့ဒါကြောင့် ကိုယ်နဲ့အတူတူအိပ်နော်။"

သူ မကြိုးစားလျှင်တောင်မှ ဘာပဲဖြစ်ဖြစ် အိပ်ပျော်သွားသည်နှင့် ပွဲသိမ်းမည်သာ။ 'တစ်ခါအိပ်လိုက်တာနဲ့ ဂွမ်ချယ်ဝူက ဘယ်တော့မှ ပြန်နိုးထမယ်မှန်း မသိရပါဘူး' ဟု ဆရာဝန်က ပြောထား၏။ ထို့ကြောင့် လောလောဆယ် သူ့ကိုအိပ်ပျော်အောင်လုပ်ဖို့က အရေးကြီးဆုံးဖြစ်ပေသည်။

အတွင်းစိတ်ကို ဖုံးကွယ်ထားသော အီယွန်းက စကားမပြောဘဲ ဂွမ်ချယ်ဝူဘေးတွင် နေရာယူလိုက်သည်။ ခုတင်က မကြီးသော်လည်း လူနှစ်ယောက် ဘေးချင်းယှဉ်လျက် လှဲနိုင်လောက်အောင် ကျယ်ဝန်း၏။ ဆေးရုံ၏ ထူးခြားသော ပိုးသတ်ဆေးနံ့က စောင်မှ မသိမသာ ပျံ့လွင့်တက်လာသည်။

"မေးချင်တာတွေ အများကြီးရှိတာ။"

ဂွမ်ချယ်ဝူက ခေါင်းလှည့်ကာ အီယွန်းကို ကြည့်လာသည်။ မြားတစ်စင်းအလား စူးရှသော မျက်လုံးများဖြင့် ကြည့်နေသော်လည်း အီယွန်းက မျက်နှာကြက်ကိုသာ မဆုတ်မနစ် ငေးကြည့်နေ၏။

".........ဘာကို အသိချင်ဆုံးလဲရှင့်။"

"ကိုယ်က ဘယ်လိုဖြစ်ပြီးတော့ သစ်ပင်လူသားဖြစ်သွားရတာလဲ။"

စလာကတည်းက မေးခွန်းသတ်လေပြီ။ အီယွန်း၏ လည်ချောင်းထဲတွင် အကြီးအကျယ်ဆို့သွားတော့၏။

"........အတူတူ တောင်တက်ကြရာကနေ မတော်တဆ ချော်ကျသွားတာပါ။"

"အီယွန်းရောလား။"

သူက သတိထားကာ မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်...ကျွန်မကတော့ သိပ်များများစားစား မထိခိုက်သွားပါဘူး။"

ကြားရသည်မှာ မရှင်းမလင်းမရေမရာဖြစ်စေနိုင်သောစကားပင်။ ထိခိုက်သည်ဟုလည်း ယူဆနိုင်သလို မထိခိုက်ဘူးဟုလည်း ယူဆနိုင်၏။ နောက်ပိုင်းတွင် ဆင်ခြေပေးရန်အတွက် မတင်မကျပြောထားသော စကားဖြစ်သည်။ အီယွန်း၏နှလုံးက ရေပွက်သလို ခုန်နေတော့၏။

"ဒါဆို အဲ့ဒီအချိန်ကတည်းကစပြီး ပြုစုစောင့်ရှောက်ပေးခဲ့တာလား။"

"........ကျွန်မထက် ဆရာဝန်တွေ၊ သူနာပြုတွေက ပိုပြီးပင်ပန်းခဲ့ရတာပေါ့။"

ဤမုသားစကားအလွှာပါးလေးသာ အလိမ်ပေါ်မည်ဆိုလျှင် သားရဲကြီး၏ ကြမ်းတမ်းသော လက်သည်းများဖြင့် တစ်စစီဆုတ်ဖြဲခံရမည်မှာ ကျိန်းသေသည်။ သားရဲတို့သည် နဂိုက အနံ့ခံကောင်းပြီး အချက်အလက်များကိုလည်း လျင်မြန်စွာ ချိန်ဆတွက်ချက်တတ်ကြ၏။ အီယွန်းတစ်ယောက် ရေခဲလွှာပါးပါးလေးပေါ်တွင် လျှောက်နေရသလို ခံစားရတော့သည်။

"အခုတော့ ကိုယ့်ကျန်းမာရေးကိုယ်ပဲ တွေးထားပါဦး။ မကြာခင် မိသားစုတွေနဲ့လည်း တွေ့နိုင်မှာပါ။ ဂွမ်ချယ်ဝူမှာ အစ်ကိုတစ်ယောက်ရှိတယ်လေ။"

"ဘယ်သူမှန်း မသိတော့ပါဘူး။"

သူက လက်တစ်ဖက်ဖြင့် အီယွန်း၏လက်ကို ဖမ်းဆုပ်လိုက်သည်။ အီယွန်း ဆတ်ခနဲတုန်သွားတော့ သူက ဆုပ်ကိုင်ထားသည့်လက်ကို ပို၍ပင်အားထည့်ကာ ဆုပ်ထားလေသည်။ လက်ကလေးတစ်ဖက်ကိုသာ ဆုပ်ကိုင်ထားသော်လည်း ထူးဆန်းလှစွာ တစ်ကိုယ်လုံး တုပ်နှောင်ခံထားရသလိုပင်။

"ကိုယ့်အတွက် အခု တကယ်လိုအပ်နေတဲ့သူက အီယွန်းပဲ။"

"......"

"ဇနီးမျက်နှာပဲ ပေါ်ပေါ်လာတယ်ဆိုတော့ အဲ့ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်းချစ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။"

အချစ်......ရုတ်တရက် မိဘများ၏ မျက်နှာများက ဓားမြှောင်တစ်လက်အလား စိတ်ထဲတွင်ပေါ်လာတော့သည်။ အီယွန်းတစ်ယောက် ပျို့အန်ချင်စိတ်ကို ချုပ်တည်းထားသလိုမျိုး နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသက်ရှူထုတ်လိုက်သည်။

ရုတ်တရက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ထူမတ်လိုက်သည့် ဂွမ်ချယ်ဝူက ခြေရင်းတွင်ရှိနေသောစောင်ကို နှစ်ဦးသားအပေါ် ခြုံလွှမ်းလိုက်၏။ ရုတ်ခြည်းဆိုသလို လွှမ်းခြုံလာသော အနွေးဓာတ်ကြောင့် အီယွန်းက မျက်တောင်လေးသာခတ်မိသည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်းပြေပျောက်သွားစေသော အနွေးဓာတ်ပင်။ အီယွန်း အမှတ်တမဲ့ စောင်ပေါ်တွင် ပါးလေးကို ပွတ်သပ်နေမိစဉ် ရုတ်တရက် ဂွမ်ချယ်ဝူနှင့် မျက်လုံးချင်းဆုံမိလေသည်။

"ကိုယ်တို့ ဘယ်တုန်းက လက်ထပ်ခဲ့တာလဲ။"

"လွန်ခဲ့တဲ့ နှစ်နှစ်က....."

"ဒါဆို ကိုယ့်ကိုမုန်းလို့ ငိုဖူးတာပေါ့။"

"ရှင်...."

"အိမ်ထောင်သက်တစ်လျှောက်လုံး ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပဲ လုပ်နေရတာမဟုတ်လား။"

'ဒါကတော့ အဆိုးဆုံးပဲ' ဟု သူက မယုံနိုင်သလို သဘာဝကျကျ တီးတိုးရေရွတ်ခဲ့သည်။

"ကျွန်မက မလှုပ်ရှားနိုင်တဲ့ လူနာတွေနဲ့ အသားကျနေပြီးသားမို့လို့ ငိုဖူးတာမျိုးမရှိပါဘူး။"

"တွဲတာကရော ဘယ်လောက်ကြာကြာ တွဲခဲ့ကြတာလဲ။"

"အဲ့....အဲ့ဒါက....."

မေးခွန်းက တဖြည်းဖြည်း အဆင့်မြင့်လာသည်။ သို့သော် တစ်သက်လုံး အထီးကျန်လာခဲ့သည့် တစ်ကိုယ်တည်းသမားက သူများ၏ ချစ်ရေးချစ်ရာဇာတ်လမ်းကို ယုံချင်စရာဖြစ်အောင်၊ ချစ်ဖို့ကောင်းအောင် ကြံဖန်ပြောနိုင်မည်မဟုတ်ပေ။

"ဒီအတိုင်း တွေ့တွေ့ချင်း တန်းပြီး....."

"တန်းပြီးတော့ ဘာလဲ။"

တန်းပြီးလက်ထပ်လိုက်တယ်ဟုပြောလျှင် ထူးဆန်းနေလောက်မည်လား။ သို့သော် ဤကျွန်းတွင် အရှေ့တောင်အာရှနိုင်ငံသူ အမျိုးသမီးများနှင့် ကိုရီးယားပြည်သားတို့ လက်ထပ်ကြတာတွေလည်း တော်တော်များတွေ့ရပြီး၊ ကော်ဖီဆိုင်များတွင် တွေ့ကြသည့် အိမ်ထောင်ဖက်တွေ့ဆုံပွဲများလည်း ယခုထက်ထိတိုင် များစွာရှိနေသေး၏။ အီယွန်း အတွေးထဲမျောနေတော့ သူက မျက်ခုံးပင့်လိုက်သည်။ 

"One night stand လား။"

"ရှင်။"

"တွေ့တွေ့ချင်းပဲ ခန္ဓာကိုယ်ချင်း အရင်စညှိလိုက်ကြတာလား။ လုပ်ကြည့်ပြီးတော့မှ ဒီလူပဲဖြစ်ရမယ်ဆိုပြီးတော့လေ။"

"..."

အီယွန်း အသံမထွက်ဘဲ ပါးစပ်ထဲမှာပင် အော်ဟစ်နေစဉ် သူက ညင်သာစွာ ရယ်ခဲ့သည်။

"ကိုယ်က အဲ့ဒါကို မေ့သွားတယ်ဆိုတော့၊ အဲ့ဒီလောက် နှမြောဖို့ကောင်းတာ ရှိပါ့ဦးမလား။"

လတ်ဆတ်စွာ အနည်းငယ် ပင့်တက်သွားသော နှုတ်ခမ်းထောင့်စွန်းများက လူပျိုဖော်ဝင်ခါစ ချာတိတ်လေးလိုပင်။ လူကို မထီမဲ့မြင်ပြုဖို့အတွက်သာ အသုံးပြုမည့်ပုံပေါ်နေသည်နှင့်ဆန့်ကျင်စွာ သူ၏မျက်ဝန်းအိမ်များက လခြမ်းကွေးလို ကိုင်းညွတ်သွားသည်။ အီယွန်းလည်း ယင်းအခြေအနေကို ပါးစပ်အဟောင်းသား ငေးကြည့်နေမိ၏။ အိပ်မက်ဆိုးကို မျက်လုံးဖွင့်လျက်သားနှင့် မက်နေရသလိုပင်။ 

"အီယွန်းကလည်း ဇတော့မသေးဘူးကိုး။"

"အဲ့ဒီလို မဟုတ်ဘူး....."

ထိုကဲ့သို့ အထင်လွဲစရာဖြစ်မိစေရင်းကပင် စိတ်ထဲရှိတစ်နေရာရာတွင် မသက်မသာ ဖြစ်လာရသည်။ သို့သော် ပြန်လည်ချေပငြင်းဆိုရာတွင် ထပ်မံဖြည့်စွက်ပြောဆိုရန် သင့်တော်သောစကားလုံး မရှိခဲ့ချေ။ 

ထိုတဒင်္ဂနှုတ်ဆိတ်မှုကို မည်သို့အဓိပ္ပာယ်ကောက်လိုက်သည်မသိ၊ ဂွမ်ချယ်ဝူက ခေါင်းငဲ့လိုက်၏။ ထိုအခါ ဦးခေါင်းအနောက်ဘက်ရှိဆံပင်များက ရွှပ်ခနဲ ခေါင်းအုံးကို ပွတ်တိုက်သွားတော့သည်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment