အပိုင်း ၁၁
"တံခါးကိုလည်း သေချာပိတ်ထားပါ။"
အီယွန်း ခေါင်းလေးကို ငဲ့စောင်းလိုက်မိသည်။ တောက်လျှောက် လည်ပင်းအညှစ်ခံရသူလို အသနားခံနေခဲ့သော အပြုအမူနှင့် လုံးဝ ဆန့်ကျင်ဘက်စကား ဖြစ်နေသောကြောင့် အီယွန်းလည်း ထူးဆန်းသော သံသယစိတ်ဖြင့် လက်မောင်းကို အလိုလိုကုတ်ခြစ်လိုက်မိ၏။
"...အဖောက်ခံရမယ်။"
နောက်ဆုံးတွင် ဂွမ်ချယ်ဝူက နောက်သို့ ဆုတ်ခွာသွားလေသည်။ အီယွန်းလည်း မှေးမှိန်သွားသော အရိပ်ကိုကြည့်ရင်း တောင့်တင်းနေသော ပခုံးများကို လျှော့ချနိုင်သွားတော့၏။
"စိတ်ပူလို့ ပြောတာဆိုပေမဲ့ ဒုတိယထပ်ကိုတော့ တက်မလာနဲ့နော်။"
"...ရှင်။"
"ကိုယ်လည်း တော်တော်လေးကြာမှ အောက်ပိုင်းကို နည်းနည်းလောက် scrub လုပ်မလားလို့လေ။"
အီယွန်း၏ မျက်နှာတွင် နားမလည်နိုင်မှုများ ပြည့်သွားတော့သည်။ အပြင်ဘက်ကို မမြင်ရသော်လည်း သူရယ်နေလိမ့်မည်ဟု ခံစားရသည့် ခံစားချက်ကိုမူ မဖယ်ရှားနိုင်ခဲ့ချေ။
"ဒါဆို အီယွန်း၊ ကောင်းကောင်းနေရစ်ခဲ့ပါ။"
ထူးဆန်းသော ညနှုတ်ဆက်စကားက ခဏတာ နှုတ်ဆက်ခွဲခွာမှုကိုသိနေသူလိုပင်။
ထိုညတွင် အီယွန်းတစ်ယောက် တစ်ညလုံး လူးလှိမ့်နေခဲ့ပြီး ဂွမ်ချယ်ဝူကတော့ တစ်ပတ်ကျော်ကြာအောင် မနိုးထနိုင်ခဲ့ပေ။
~~~~~
ကြောက်စရာ အိပ်မက်ကို မက်ခဲ့သည်။
အီယွန်းတစ်ယောက် ချွေးစေးများကြောင့် ညဝတ်အင်္ကျီ စိုရွှဲနေအောင် လူးလှိမ့်ပြီးအိပ်ခဲ့ရာမှ နိုးလာ၏။ တစ်ညလုံး ဘယ်လောက်တောင် ရုန်းကန်ခဲ့ရမှန်းမသိ။ နှုတ်ခမ်းများပင် ဖြူဖျော့နေပြီး မျက်လုံးများကလည်း နွမ်းနယ်နေသည်။
ထိုင်းမှိုင်းနေသော အခြေအနေနှင့် လေဟာနယ်ကိုသာ ကြည့်နေမိသော အီယွန်းတစ်ယောက် ဒီနေ့ ဘယ်ရက်လဲဟု ပြန်စဉ်းစားပြီးနောက် သတိပြန်ဝင်လာ၏။
'အာ၊ အဲ့ဒီနေ့ပဲ...'
တစ်နေ့တာကို မစတင်ရသေးခင်မှာပင် မှတ်ဉာဏ်များက ပျောက်ကွယ်သွားသည်။
"ဆေးရုံအုပ်။"
နာရီကိုကြည့်လိုက်တော့ အလုပ်သွားရမည့်အချိန်ထက် အများကြီး နောက်ကျနေပေပြီ။ အိပ်ရာမှ အလျင်အမြန် ထလိုက်သောအခါ အမြင်အာရုံက ဝေဝါးသွား၏။
"နင် နေမကောင်းဘူးလား။"
ထိုအချိန်တွင် အခန်းထဲသို့ ဝင်လာသော ချူဂျာက သူ့ကို တွဲပေးရင်း နဖူးကို စမ်းခဲ့သည်။ ဤသို့ဖြစ်လာလိမ့်မည်ဟု သိနေသည့်အလား စိုးရိမ်မကင်းသော အကြည့်များက အင်မတန်သိသာပေါ်လွင်နေ၏။
"ဘယ်လိုဖြစ်လို့များ ဒီအတိုင်းပဲ ကျော်မသွားနိုင်ရတာလဲ။"
"..."
"ဒီနေ့ နားလိုက်တော့၊ အလုပ်ကလည်း သိပ်ရှိတာမှမဟုတ်ဘဲ။"
ထိုစကားကြောင့် မျက်ခုံးများကျုံ့သွားသော အီယွန်းက ချူဂျာကို တွန်းဖယ်ပြီး မတ်မတ်ရပ်လိုက်သည်။ သူက ထုံကျင်နေသော လက်ချောင်းများကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်နေ၏။
"ဒီလိုအချိန်မျိုးမှာ ပိုလုပ်ရမှာပေါ့။ ဒီနေ့တော့ သွားချောင်းမှာပါ။"
"ရှီး... ရှက်စရာကောင်းအောင် အဲ့ဒါမျိုးတွေ မလုပ်နဲ့လို့ ပြောထားတယ်လေ။"
ချူဂျာက ခါးထောက်ကာ ခြိမ်းခြောက်သည့်သဘောဖြင့် နှုတ်ခမ်းကိုဖိကိုက်ခဲ့သည်။
"အဲ့ဒီလိုလုပ်မဲ့အစား ဒုတိယထပ်က နင့်အပင်လေးကိုပဲ သွားကြည့်နေလိုက်ပါလား။"
ချူဂျာက သန့်စင်ခန်းဆီသို့ သွားနေသော အီယွန်း၏ ကျောပြင်ကိုကြည့်ကာ လှမ်းအော်လိုက်သည်။ အီယွန်းက တုံ့ဆိုင်းသွားသော်လည်း ရေပိုက်ခေါင်းကို အားဖြင့်ဖွင့်ပစ်လိုက်၏။
~~~~~
ဆောင်းရာသီထဲ၌ နုနယ်သော မိန်းကလေးတစ်ယောက်ရှိသည်။ မဖြီးမသင်ဘဲ ရှုပ်ထွေးနေသော ဆံပင်များဖြင့် မျက်လုံးကို ဖုံးအုပ်ထားကာ သွားလာလေ့ရှိသော ကလေးမလေးမှာ ယခုတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပေပြီ။
'ကျွန်မက အမှားတွေနဲ့မွေးလာတဲ့ ကလေးပါ။'
အိပ်မက်ထဲမှ ကလေးမလေးက လက်ချောင်းလေးများဖြင့် တစ်စုံတစ်ရာကို ရေးသားနေခဲ့သည်။
'ကျွန်မက အမှားတွေနဲ့မွေးလာတဲ့ ကလေးပါ။'
'ကျွန်မက အမှားတွေနဲ့မွေးလာတဲ့ ကလေးပါ။'
မနားတမ်း ဆက်တိုက်ရေးနေရ၏။ ထိုသို့ဖြင့် စုပုံလာသော A4 စာရွက်များမှာ အီယွန်းလေး၏ အရပ်ထက်ပင် ပိုမြင့်လာခဲ့သည်။ ဆယ့်ခုနစ်နှစ်အရွယ်၌ အိမ်မှထွက်မလာခဲ့ခင်အထိ အချိန်ရှိသမျှ ရေးခဲ့ရသော အီယွန်း၏ အပြစ်ကိုနောင်တရဆင်ခြင်ကြောင်းစာများပင်။
"ဒါနဲ့ ဆေးရုံအုပ်၊ မေ့ပြီး မေးဖို့ကျန်နေခဲ့တာရှိတယ်။ ငါရဲ့ သစ်ပင် သားမက်လေးက ဒီလိုပဲ အိပ်နေရုံနဲ့ ဘယ်လိုလုပ် ပိုက်ဆံရှာမတုန်း။"
အီယွန်းတစ်ယောက် ခြောက်သွေ့နေသော နှုတ်ခမ်းများဖြင့်ပင် သဘောကျကာ ရယ်မောလိုက်မိသည်။
ကျိန်းသေပေါက် ပုံမှန်နေ့ရက်များအတိုင်းပင်။ ထုံးစံအတိုင်း တိတ်တိတ်လေး အောင်မြင်စွာနေနိုင်ပေလိမ့်မည်။
မွေးနေ့ကို ပစ်ပယ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့်အချိန်ကအတိုင်း။
~~~~~
ချူဂျာက ပထမဆုံးအကြိမ်အဖြစ် ဒုတိယထပ်ကို ခြေချခွင့်ရချိန်တွင် အိမ်ခြံမြေပွဲစားတစ်ယောက်အလား အိမ်အခြေအနေကို သေချာစစ်ဆေးခဲ့သည်။ ထို့နောက် ထင်ထားသည်ထက် သပ်ရပ်သော အနေအထားနှင့် ဇိမ်ခံပစ္စည်းများကို တွေ့လိုက်ရတော့ စိတ်ထဲမှ 'သူဌေးပဲ' ဟု မှတ်ချက်ချလိုက်၏။
"သန့်စင်ခန်းသုံးဖို့ သွားနေတာ ကြားပါတယ်။"
"အိပ်နေတဲ့အနေအထားနဲ့လား။"
"ဟုတ်ပါတယ်။"
"အမလေး၊ ထူးဆန်းပါ့။"
မူမမှန်သောခြေလှမ်းများဖြင့် လှုပ်ရှားနေသော ဂွမ်းချယ်ဝူကို တွေ့လိုက်ရသောအခါ အီယွန်းတစ်ယောက် နှလုံးပင်ရပ်လုမတတ် ဖြစ်သွားရ၏။ အရပ်ရှည်လှသူဖြစ်၍ အမှောင်ထဲတွင် မတ်မတ်ရပ်နေသောအခါ ကြောက်စရာကောင်းလှသည်။ ဘာမှသိပ်မတွေးဘဲ သူ့ကိုကြည့်ရန် သွားလိုက်ရာက အလွန်အင်မတန် ထိတ်လန့်သွားရတော့၏။
"ကြည့်ပါဦး၊ ယောက်ျားလေးဆိုပေမဲ့ အသားအရေလေးက ကြည်လင်ဝင်းမွတ်ပြီး ကောင်းလိုက်တာ။"
ချူဂျာ လက်လှမ်းလိုက်သောအခါ အီယွန်းက အလျှင်အမြန်ပင် သူ့လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။
"...နိုးသွားမလားမသိပါဘူး။"
"ထိလိုက်ရုံနဲ့ နိုးသွားမဲ့သူဆိုရင် အရင်ကတည်းက လှုပ်နှိုးကြည့်ပြီးပြီကို။"
"ဒါပေမဲ့လည်း..."
အီယွန်းက အကြည့်လွှဲပြီး အိပ်ရာမှ နောက်သို့ တစ်လှမ်းဆုတ်သွားလိုက်သည်။
စိတ်ကို ပူပန်စေခဲ့သော လွန်ခဲ့သည့်ရက်ပိုင်းက ပြဿနာများမှာ အတုအယောင်အလား ပြန့်ကျဲသွားတော့၏။ ငြိမ်းချမ်းသော နေ့စဉ်ဘဝကို ပြန်ရလာသောကြောင့် မယုံနိုင်လောက်အောင် ပျော်နေမိသည်။ အီယွန်းက သေနေသလို လဲလျောင်းနေသည့်လူကို လှမ်းကြည့်ရင်း ငြိမ်းချမ်းသောနေ့လယ်ခင်းကို အချိန်အတော်ကြာ ခံစားနေလိုက်၏။
ဒီအတိုင်းပဲ... ကျေးဇူးပြုပြီး ဒီအတိုင်းလေးပဲ အိပ်နေပေးပါ။
~~~~~
ဂွမ်ချယ်ဝူ တစ်ဖန်ထပ်ပြီး အိပ်ပျော်သွားစဉ် အတောအတွင်း အဓိပ္ပာယ်မရှိသော ထိုလိမ်လည်လှည့်ဖြားမှုထဲသို့ ခြေချမိခဲ့သည့် ချူဂျာက အိမ်ကို တစ်ပတ်လှန်ပစ်ခဲ့သည်။ ကျိန်းသေပေါက် ရှိနေသော်လည်း ပိုင်ရှင်ကို မေ့နေသလို လုံးဝခြောက်သွေ့နေရမည့် သွားတိုက်တံ၊ ခွက်၊ အရက်ခွက်၊ အိမ်တွင်းစီးဖိနပ်ပါး၊ ထို့အပြင် ခြေရာလက်ရာများရှိနေသော အမျိုးသားသုံး တစ်ကိုယ်ရည်ပစ္စည်းများကို အစမရှာနိုင်အောင် ပြန့်ကျဲနေစေခဲ့၏။ ကျွမ်းကျင်သူဖြစ်သည့်အလျောက် လက်ရာက ပြီးပြည့်စုံပြီး သဘာဝကျလှပေသည်။ ခဏတွင်းချင်း ယုတ္တိတန် သင့်တော်သော ပတ်ဝန်းကျင်ကို ဖန်တီးလိုက်နိုင်ခြင်းမှာ ချူဂျာ၏ စွမ်းရည်ကြောင့်ပင်။
"ဒါနဲ့ သတင်းစာဖတ်ပြီးပြီလား။ အရင်က ငါတို့လက်သည်ဖော်ခဲ့တဲ့ မူလတန်းကျောင်းရှိတယ်လေ။ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ်ကြီး ဒုက္ခရောက်နေပြီတဲ့။ ကျောင်းပြင်တာကို အကြောင်းပြပြီး အားကစားကွင်းတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ခဲ့လို့ အရပ်တကာမှာ နာမည်ကြီးနေပြီ..."
ချူဂျာက စကားစကို ရုတ်တရက်ရပ်ပြီး အီယွန်းကို လှည့်ကြည့်လိုက်သည်။
"နေပါဦး။"
အီယွန်းက ပါးကို ကုတ်နေခဲ့သည်။ ထိုပုံစံကို မြင်လိုက်ရသောအခါ ချူဂျာ၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။
"သတင်းစာတိုက်မှာ နင်ပဲထည့်ခဲ့တာကိုး။"
"ဟိုလေ..."
"ဒီလို အကြံအစည်တွေချည်းပဲ လိုက်တွေးနေတဲ့ ကောင်မလေး၊ နင် အလုပ်မလုပ်တော့ဘူးလား။ ငါတို့က အလုပ်အပ်တဲ့တွေကို စီမံခန့်ခွဲပြီး လုပ်ကိုင်စားသောက်နေရတဲ့ လုပ်ငန်းလို့ ပြောခဲ့တယ်မဟုတ်လား။"
အီယွန်းက ပြန်မဖြေဘဲ ဒုတိယထပ်မှ ထွက်လာခဲ့လိုက်သည်။ လှေကားမှ ဆင်းလာစဉ် ချူဂျာ၏ ပူညံပူညံအသံများကို ကြားနေရဆဲဖြစ်သော်လည်း မတတ်နိုင်ပေ။
"ဒီလောက်တောင် စီးပွားရေးကျင့်ဝတ်မရှိတဲ့ ကောင်မလေး..."
အီယွန်းတစ်ယောက် ထိုစကားကိုကြားသော်လည်း ရယ်ချင်နေသော နှုတ်ခမ်းထောင့်စွန်းများကို ဖိထားခဲ့သည်။
သစ်ပင်ကို အလှဆင်ရန်အတွက်သာ အသုံးပြုပြီး အစာရေစာပင် မပေးဘဲ ညှဉ်းပန်းနှိပ်စက်သည်မှာ ထိုကျောင်းအုပ်ကြီးတစ်ဦးတည်းမှမဟုတ်။
လူသားများထက် သစ်ပင်များက ပိုအရေးကြီးသည့်ကမ္ဘာဟူ၍ ဘယ်တော့မှ ရောက်လာမည်မဟုတ်သော်လည်း တစ်ယောက်တလေလောက်တော့ အတိုက်အခံလုပ်လို့ ဖြစ်တယ်မဟုတ်ပါလား။
'ဒါဆို အီယွန်း၊ ကောင်းကောင်းနေရစ်ခဲ့ပါ။'
ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရသော အီယွန်းတစ်ယောက် တုန်ယင်သွားတော့သည်။
သူနှင့်အတူ မအိပ်စက်ရခြင်း၏ အကျိုးဆက်ကို ဂွမ်ချယ်ဝူက ခန့်မှန်းမိခဲ့ခြင်း ဖြစ်နိုင်ပေ၏။
တစ်ခါတလေ ထိုနှုတ်ဆက်စကားက တစ်ခုခုနှင့် ပတ်သက်နေသလို ခံစားရသည်။
~~~~~
"ရူးနေတာပဲ၊ ရူးနေတာပဲ..."
သစ်ပင်အောက်ခြေမှ မြေကြီးကို လက်ဖြင့်တို့စားလိုက်သော အီယွန်းတစ်ယောက် သွားချင်းကြိတ်လိုက်မိသည်။ ဂျုံရိုးဦးထုပ်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ချွတ်လိုက်သော မျက်နှာက ထူးဆန်းစွာ ရင့်ကျက်နေ၏။ သူက ဆာရှိမိဆိုင်ထဲသို့ တန်းဝင်သွားလိုက်သည်။
"ဆိုင်ရှင်။"
"ကြိုဆိုပါ... အား၊ ထွက်သွားစမ်း၊ ထွက်သွား။"
ပြုံးပြီး ဧည့်သည်ကို နှုတ်ဆက်ရန် ကြံရွယ်ခဲ့သော သတ်လတ်ပိုင်းအရွယ် ဆိုင်ရှင်က အီယွန်းကို မြင်သည်နှင့် မျက်စိပျက်မျက်နှာပျက်ဖြစ်သွားတော့၏။
"ထပ်ပြီး သတ်ဦးမလို့လား။"
"ငါဘာမှမသိဘူးလို့၊ မသိပါဘူးဆို။"
ဆိုင်ရှင်က အီယွန်း၏ ပခုံးကို ခပ်ကြမ်းကြမ်းပုတ်ပြီး တံခါးအပြင်သို့ မောင်းထုတ်ခဲ့သည်။ သို့သော်လည်း တံခါးဘောင်ကို တင်းတင်းဆုပ်ထားသော အီယွန်းက အလွယ်တကူ အလျှော့မပေးခဲ့ပေ။
"ပြီးခဲ့တဲ့တစ်ခါကလည်း အကြောဆေးသွင်းတဲ့ ပိုက်ထဲကို ပေါင်းသတ်ဆေးတွေခိုးထည့်ပြီး သတ်ခဲ့တယ်..."
"ဝင်ပါဖို့ စိတ်ကူးထားတယ်ဆိုရင် ငါလည်း ရဲခေါ်တော့မှာ။"
"ဒီတစ်ခါတော့ ထမင်းအရသာ ထည့်ထားတာပဲ။"
အီယွန်းက ရယ်ရင်း လျှာကို သပ်လိုက်သည်။ လျှာဖျားတွင် ငန်သောအရသာက ရှိနေဆဲပင်။
ဧည့်သည်များက နားမလည်နိုင်စရာ ရန်ဖြစ်စကားများမှုကြောင့် တီးတိုးပြောဆိုနေကြသဖြင့် ဆိုင်ရှင်၏ မျက်နှာက နီရဲလာတော့သည်။ ကျက်သရေတုံးပြီး အနှောင့်အယှက်ပေးနေသော မိန်းမက သူ့လုပ်ငန်းအားလုံးကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေသည်ကိုး။
"မဟုတ်တောင် အဲ့ဒီ ဂင်ဂိုပင်က ဆက်တိုက် ခြောက်ခြောက်သွားလို့ ထူးဆန်းတယ်ဆိုပြီး တွေးနေတာကို။"
"မပြောတတ်ဘူးလေ၊ ငါလည်း အဲ့ဒီဘက်ကို ခေါ်ဖူးတာ မရှိပါဘူး။ ဘာလို့များ အလကားနေရင်း သူများကိစ္စကို ဝင်ပါနေတာလဲ။"
ဆိုင်ရှင်က အားနှင့်မာန်နှင့် အီယွန်းကို အပြင်သို့ တွန်းထုတ်ခဲ့သည်။ သူက မျက်လုံးအပြူးသားနှင့် အီယွန်းကို သေအောင်ရိုက်သတ်တော့မလို ခြိမ်းခြောက်၏။ သို့သော်လည်း ကြောင့်ကြနေသည့်အလား တုန်လှုပ်နေသော မျက်လုံးများက ရယ်စရာကောင်းလောက်အောင် အလွယ်တကူ ဖတ်၍ရနေသည်။
"ဟိုအိမ်ဝင်လိုက်၊ ဒီအိမ်ဝင်လိုက်နဲ့ အဲ့ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်းနေလို့ နင်တို့ဆေးရုံလည်း ပျက်စီးရတာ။ သိလား။"
"သိပါတယ်။"
"သိရင်လည်း ကျေးဇူးပြုပြီးတော့ အရှက်အကြောက်လေး နည်းနည်းပါးပါးရှိစမ်းပါဦး။"
ထိုလူက ထွီခနဲ တံတွေးထွေးပြီး ခြေတစ်ချက်ဆောင့်လိုက်သည်။
အမြဲစိမ်းထင်းရှူးပင် သစ်ပင်ဆေးရုံ၏ ဒါရိုက်တာ ဆိုအီယွန်းကို မသိသူ ဤရွာတွင် တစ်ယောက်မှမရှိပေ။ မကြာသေးမီက ကျောင်းပြင်သည်ကို အကြောင်းပြပြီး အကျင့်ပျက်ခဲ့သော ကျောင်းအုပ်ကြီးတစ်ဦး သတင်းစာထဲတွင် ပါဝင်လာခဲ့ရာမှ သူ၏ နာမည်ဆိုးကလည်း ပို၍ပင် ကြီးလာခဲ့သည်။ အကြောင်းမူကား ဖြူစင်သောမျက်နှာလေးနှင့် ဆန့်ကျင်ဘက် အပြုအမူများကြောင့် ဒုက္ခရောက်ခဲ့ရသော ဒေသခံများ ကားတစ်စီးစာအပြည့်ရှိနေသောကြောင့်ပင်။
အဆုံးတွင် ဤသစ်ပင်ဆရာဝန်က လူတို့၏ အခြေအနေများကို နားမလည်နိုင်ခဲ့ပေ။ ကိုယ်ရေးကိုယ်တာ စကားပြောခြင်းကို လုံးဝမလုပ်သော်လည်း သစ်ပင်နှင့် ပတ်သက်လျှင်တော့ ကိစ္စတိုင်းတွင် ပါလေရာငါးပိချက်လုပ်လေ့ရှိ၏။
"ဒီအတိုင်း အေးအေးဆေးဆေး ထွက်သွားပါတော့၊ ဟုတ်ပြီလား။"
"..."
"ငါ့သစ်ပင်ကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လုပ်ပိုင်ခွင့်က ငါ့ဆီမှာပဲရှိသလို နင်တို့ဆေးရုံကိုလည်း ဘယ်တော့မှ သုံးတော့မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ဒုက္ခပေးတာ ဒီလောက်နဲ့ရပ်ပြီးတော့ ထွက်သွားပေးပါ၊ သွားတော့။ နင် ဒီလိုလုပ်နေတာက ပြစ်မှုမြောက်တယ်နော်။"
"ဒါဆိုရင် ဘယ်သူက လုပ်မှာလဲရှင့်။"
"ဘာ။"
"အဲ့ဒီ ဂင်ဂိုပင်ကို ဘယ်သူက ကူညီမှာလဲလို့။"
အီယွန်းက လက်ဆန့်ထုတ်ပြီး အားအင်ပြတ်လပ်ကုန်ခမ်းနေသော သစ်ပင်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဆာရှိမိဆိုင် ဆိုင်းဘုတ်ကို ကွယ်နေလို့၊ ဖတ်ရခက်လို့ အဲ့ဒီလိုလုပ်တာမဟုတ်လား။"
"..."
ဒေါနှင့်မောနှင့်ဖြစ်နေသော ဆိုင်ရှင်၏ မျက်နှာလည်း ခဏတွင်းချင်း အိုးတိုးအမ်းတမ်း တောင့်တင်းသွားတော့သည်။
"နေ့တိုင်း မနက်ဆို ပင်လယ်ရေဖြန်းတာ၊ သစ်ခေါက်တွေကိုခွာပြီးတော့ ဆီဟောင်းတွေသုတ်ပြီးသတ်တာ၊ ရေသယ်ပို့တဲ့ အခေါင်းတွေထဲကို ပိုးသတ်ဆေးတွေ ထိုးထည့်တာ၊ လွှနဲ့ဖြတ်တာ၊ ကျွန်မ ဒီမှာ မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေက ဒီလောက်အထိကို ရှိနေတာပါ။"
အီယွန်း၏ အသံက ကြမ်းလာသည်။
"ကျွန်မ ဂရုမစိုက်တော့ရင် သူတို့တွေ ဘယ်လိုဖြစ်သွားမလဲ။"
"..."
"လူတွေရဲ့ မျက်လုံးထဲမှာ သာမန်ဓာတ်တိုင်တွေလိုပဲ ထင်ရရင်တောင်မှ အဲ့ဒါတွေက အသက်ရှိတဲ့အရာတွေပါ။ လူတွေကသာ ရှင်ခွင့်ရှိတဲ့သူ၊ သေခွင့်ရှိတဲ့သူဆိုပြီး ခွဲခြားကြတာ၊ သစ်ပင်တွေကတော့ မဟုတ်ပါဘူး။ အမြစ်တွယ်ထားရင်ကိုပဲ အဲ့ဒါက လုံလောက်တဲ့အကြောင်းပြချက် ဖြစ်နေပါပြီ။"
အီယွန်းတစ်ယောက် မနက်ကတည်းက ဗြောင်းဆန်နေခဲ့သောစိတ်တွေ အရှိန်အဟုန်ဖြင့် ကြီးထွားလာသလို ခံစားနေရသည်။
"ဒါကို ဘာကိစ္စနဲ့ ဆိုင်ရှင်က သတ်နေရတာလဲ။"
ညည်းသံတစ်ချက် ထွက်လာသည်။ ခဲတံကို တုန်ယင်စွာ ဆုပ်ကိုင်ထားသော လက်သေးသေးလေးနှင့် အရပ်ထက် မြင့်သော အပြစ်ဆင်ခြင်နောင်တရကြောင်းစာကို သတိရမိ၍ပင်။
"သုံးပြီး ပစ်လိုက်မယ်ဆိုရင်လည်း သူတို့အတွက် နစ်နာရပါတယ်လို့။"
ဆိုင်ရှင်က ကလေးဆန်သော ခေါင်းမာမှုအပေါ် ဒေါသထွက်နေသော်လည်း နီရဲနေသော ထိုအမျိုးသမီး၏ မျက်လုံးများကို မြင်လိုက်ရသည့်အခါ ဘာကြောင့်မှန်းမသိ လည်ချောင်းက စို့နင့်သလို ဖြစ်လာတော့သည်။
"ကြောက်စရာကောင်းတဲ့စကား ပြောပြပေးရမလား။"
"..."
"ဆိုင်ရှင် သေသွားရင်တောင် သစ်ပင်တွေက ဆက်ပြီး ရှင်သန်နေကြဦးမှာပါ။"
-ရာစုနှစ်ပေါင်းများစွာ ဆက်ပြီး ရှင်သန်နေကြဦးမှာပါ။
အီယွန်းက အမြင်အာရုံများ ဝေဝါးလာသည်ကို သွားချင်းကြိတ်ရင်း တင်းခံထားခဲ့သည်။
~~~~~
Miel's Translations