ကလေးမလေးတစ်ယောက် စာပို့ရထားတွဲနှင့် ရောက်လာခဲ့သည်။
ယခုက နွေဦးအစောပိုင်း၏ နေ့လယ်ခင်းဖြစ်သည်။ ဘီလ် ရမ်မာက တစ်နေ့လုံး နှင်းဆီပန်းမျိုးစေ့များကို စိုက်ပျိုးရင်း အလုပ်ရှုပ်နေ၏။
"ဦးက မစ္စတာ ဘီလ် ရမ်မာလား။"
သူ(မ)က မျက်နှာတွင် တွေဝေနေသော အကြည့်ဖြင့် ရပ်နေပြီး တိကျသေချာစေရန် မေးခွန်းမေးလိုက်၏။ သူ(မ)၏အသံထွက်က ထူးဆန်းသည့် ခံစားချက်ကို ပေးနေသည်။
"ဟုတ်ပါတယ်။ ဦးက ဘီလ် ရမ်မာ ပါ။"
ဘီလ်က သူ့အဝတ်မှ ဖုန်များကိုခါလိုက်သောလက်နှင့်ပဲ သူ၏ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်သည်။
ကောက်ရိုးဦးထုပ်၏အရိပ်အောက်တွင် ပုန်းကွယ်နေသော အသားညိုညိုမျက်နှာကို မြင်လိုက်ရသောအခါ စိုက်ကြည့်နေသည့် ကလေးမလေးက တံတွေးမျိုချလိုက်မိ၏။ ကလေးမလေး၏တုံ့ပြန်ပုံက ဘီလ်အတွက် သာမန်ထက်မပိုပေ။ ဘီလ် ရမ်မာကို ပထမဆုံးမြင်ဖူးသူတိုင်းက ကြမ်းတမ်းသော သူ၏ရုပ်ရည်သွင်ပြင်ကြောင့် ကလေးမလေးကဲ့သို့ တုံ့ပြန်တတ်ကြသည်။
"မင်းက ဘယ်သူလဲ။"
ဘီလ်က ကလေးမလေးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရာ သူ့မျက်နှာက ပို၍ပင်ကြောက်စရာကောင်းလာခဲ့သည်။
"မင်္ဂလာပါ၊ ဦးလေးဘီလ်။ သမီးက လေလာ လူဝဲလင်ပါ။ လိုဗီတာက လာခဲ့တာပါ။"
ကလေးမလေးက ရှင်းလင်းပြတ်သားစွာ ပြောပြလာသည်။ လိုဗီတာ ဟမ်...
သူ(မ)၏အသံထွက်က အဘယ့်ကြောင့် ထူးဆန်းနေသည်ကို ဘီလ်က နားလည်သွားလေ၏။
"မင်းက နယ်စပ်ကိုကျော်ပြီး ဘာ့ဂ်အင်ပါယာကို မင်းဘာသာလာခဲ့တာလို့ ပြောနေတာလား။"
"ဟုတ်ပါတယ်။ သမီး ရထားစီးပြီး လာခဲ့တာပါ။"
ကလေးမလေးက အနေရခက်စွာ ပြုံးလိုက်ပြီး သူ(မ)၏ခန္ဓာကိုယ်အနေအထားကို မတ်လိုက်သည်။ ကလေးမလေးကို ခေါ်လာပေးခဲ့သော စာပို့သမားက အနောက်ကနေ သူတို့နှစ်ဦးအနားသို့ ချဉ်းကပ်လာခဲ့၏။
"မှန်းစမ်း၊ ဒီကလေးမလေးက ခင်ဗျားနဲ့ တွေ့ပြီးပြီထင်တယ်၊ မစ္စတာ ရမ်မာ။"
"ကွက်တိပေါ့ဗျာ။ ဘယ်လိုကြောင့်များ ခင်ဗျား ဒီကလေးကို ခေါ်လာပေးခဲ့တာလဲ။"
"ကလေးမလေးက ရထားဘူတာရုံရှေ့မှာ တစ်ယောက်တည်း လမ်းလျှောက်နေတာတွေ့လို့ ကျွန်တော် သူ(မ) ဘယ်သွားမှာလဲ မေးကြည့်တော့ သူ(မ)က ဟာဟက်ဒ်မိသားစုရဲ့ ဥယျာဉ်မှူး ဘီလ် ရမ်မာကို ရှာနေတာလို့ပြောတယ်လေ။ ကျွန်တော် စာပို့ရမဲ့လမ်းနဲ့ကြုံနေတော့ သူ(မ)ကိုပါ ခေါ်လာခဲ့လိုက်တာ။"
စာပို့သမားက ပြုံးပြ၍ ပြောလိုက်ကာ ဘီလ် ရမ်မာကို စာအိတ်တစ်အိတ် ပေးလိုက်သည်။ ၎င်းက အိမ်နီးချင်းနိုင်ငံဖြစ်သည့် လိုဗီတာတွင်နေထိုင်သော အဝေးရောက်ဆွေမျိုးများထံမှ စာဖြစ်၏။
ဘီလ်က ထိုစာအိတ်ကို ကမန်းကတန်းဆွဲဖြဲ၍ ဖွင့်ဖတ်လိုက်သည်။ ထိုစာထဲတွင် ဆင်းရဲသော စားဝတ်နေရေး အခြေအနေကြောင့် ဆွေမျိုးများက ခေါ်ယူမစောင့်ရှောက်ပေးနိုင်တော့သည့် မိဘမဲ့ကလေးတစ်ယောက်အကြောင်း ပါဝင်၏။ ထိုကလေး၏အမည်က လေလာ လူဝဲလင်ပင်။ ဘီလ်၏ရှေ့တွင်ရပ်နေသော မိန်းမငယ်လေးက မိဘမဲ့ဖြစ်သည်။
ဘီလ်မှာ အံ့သြမှုကြောင့် အသက်ပင် မရှူနိုင်ဖြစ်သွားရသည်။
လိုဗီတာရှိ မည်သူကမှ ယခုလိုမိဘမဲ့ကလေးတစ်ယောက်ကို မစောင့်ရှောက်နိုင်ပေ။ ဘီလ် ရမ်မာက ထိုသူများထဲမှ ကလေးနှင့် အနည်းငယ်ဆက်စပ်မှုရှိသော နောက်ဆုံးသူ ဖြစ်သည်။ ထိုစာထဲတွင် အကယ်၍ ဘီလ်၏အခြေအနေက ထိုကလေးကိုစောင့်ရှောက်ရန် အဆင်မပြေခဲ့လျှင် မိဘမဲ့ဂေဟာသို့ပို့လိုက်ရန် ရေးထားသေး၏။
ဘီလ်တစ်ယောက် ဆဲရေးစကားအချို့ ရေရွတ်လိုက်ကာ စာကိုလုံးချေပြီး မြေပေါ်သို့ပစ်ချလိုက်သည်။
"အဲ့ဒီလူတွေက ငရဲကိုပဲ သွားသင့်တယ်။ ဘယ်လိုလုပ် ဒီလိုကလေးတစ်ယောက်ကို ဒီနေရာအထိ တစ်ယောက်တည်းလွှတ်နိုင်ရတာလဲ။"
ယခု ဘီလ်က အခြေအနေတစ်ခုလုံးကို နားလည်သွားကာ သူ့မျက်နှာက ဒေါသကြောင့် နီရဲလာခဲ့သည်။ ဒီကလေးကို ဘယ်သူမှမလိုချင်သည့်အတွက် ဗုံးတစ်လုံးကဲ့သို့ ဆွေမျိုးတစ်ယောက်ထံမှ နောက်တစ်ယောက်ဆီ လက်ဆင့်ကမ်းပို့နေကာ စွန့်ပစ်ရန် ရည်ရွယ်ထားခြင်းပင်။ သူ(မ)က သူ(မ)ကိုယ်တိုင်ပင်မသိသော အဝေးရောက်ဆွေမျိုးတစ်ယောက်၏လိပ်စာဖြင့် အခြားနိုင်ငံတစ်ခုသို့ အပို့ခံခဲ့ရသည်။
"ခဏလေးပါ ဦးလေးဘီလ်။ သမီးက မငယ်တော့ပါဘူး။"
ဘီလ်ကို တိတ်ဆိတ်စွာကြည့်နေသော ကလေးမလေးက ရုတ်တရက် စကားဆိုလာ၏။
"သမီးက နှစ်ပတ်လောက်ဆိုရင် ဆယ့်နှစ်နှစ် ပြည့်တော့မှာပါ။"
သူ(မ)က အရွယ်ရောက်သူတစ်ယောက်၏လေသံဖြင့် ပြောခဲ့သည်။ ဘီလ်က အံ့သြစွာ ရယ်လိုက်၏။ သူ(မ)က သူထင်ထားသည်ထက် ပို၍အသက်ကြီးနေသောကြောင့် သူ စိတ်သက်သာရာရသွားသည်။ ကလေးမလေးက ရှိရင်းစွဲအသက်ထက် ပိုငယ်နေပုံပေါ်၏။
ဒုက္ခရောက်နေသောမိန်းကလေးကို လာပေးပို့သောစာပို့သမား ပြန်ထွက်သွားသောအခါ ၎င်းတို့နှစ်ယောက်တည်းသာ ဥယျာဉ်ထဲမှာ ကျန်နေခဲ့သည်။ ဘီလ်က သူ့ခေါင်းကို လက်ဖြင့်ကိုင်ကာ ဘုရားသခင်ထံ အကူအညီတောင်းခံလိုက်သည်။
၎င်းတို့က အနေဝေးသောဆွေမျိုးများဆိုပေသော်ငြား နှစ်ဦးသားမှာ သားအဖနှင့်ပိုတူနေ၏။ ဘီလ်တစ်ယောက် သူ၏အနေဝေးနေသောဆွေမျိုးများနှင့် မဆုံဖြစ်သည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သော်လည်း လက်ရှိတွင် ဒီနေ့မတိုင်ခင်အထိ ရှိနေမှန်းပင်မသိသော ကလေးတစ်ယောက်နှင့် အကျပ်ရိုက်နေရသည်။
ရာသီဥတုက အေးနေသော်လည်း ကလေးမလေးက အဝတ်ပါးပါးလေးသာ ဝတ်ဆင်ထား၏။ သူ(မ)က သံချောင်းလေးကဲ့သို့ ပိန်လှီနေသည်။ ဘီလ် မြင်နိုင်သည်က သူ(မ)၏ ရွှန်းလဲ့နေသော အစိမ်းရောင်မျက်ဝန်းများနှင့် ရွှေရောင်ဆံနွယ်များသာ။
သူ(မ)ကို သူစောင့်ရှောက်ပေးရန်က မဖြစ်နိုင်ပေ။ ဘီလ် ဆုံးဖြတ်ချက်ချလိုက်သည်။
သို့သော်လည်း သူ့တွင်ကျန်နေသည့် တစ်ခုတည်းသောအဖြေက သူလက်မခံနိုင်သော မိဘမဲ့ဂေဟာသို့ ပို့လိုက်ခြင်းပင်။ ဘီလ်တစ်ယောက် သူ့ကို အရှုပ်များပေးခဲ့သော ဆွေမျိုးများအား နောက်တစ်ကြိမ် ဆဲရေးမိပြန်သည်။ ကလေးမလေးက တွန့်ဆုတ်နေကာ သူ(မ)၏အနီရောင်နှုတ်ခမ်းများကို ကိုက်နေ၏။
"ဦးနောက်ကလိုက်ခဲ့။"
ဘီလ် စိတ်ရှုပ်စွာခေါင်းယမ်းလိုက်ပြီး သူ(မ)ကို ဦးဆောင်၍ လမ်းပြလိုက်သည်။
"ဦးလေး ဆုံးဖြတ်ချက်မချခင် အရင်ဆုံး ဗိုက်ဖြည့်ကြတာပေါ့။"
သူ၏ တုံးတိတိစကားများက ညနေခင်းလေပြည်နှင့်အတူ လွင့်ပျံသွားခဲ့သည်။ ၎င်းတို့နှစ်ယောက်က ဘီလ်၏အခန်းကျဥ်းလေးဆီ လျှောက်သွားနေစဉ် ထိုကလေးမလေး၏ ကြောက်ရွံ့တွန့်ဆုတ်နေသောခြေလှမ်းများက ပေါ့ပါးသွက်လက်ကာ ပျော်ရွှင်လာခဲ့လေ၏။
~~~~
"ဒါက မင်းစားနိုင်တာ အကုန်ပဲလား။"
ဘီလ်က ကလေးမလေးကိုင်ထားသော အစားအသောက် ပန်းကန်သေးသေးလေးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"ဟုတ်ကဲ့၊ သမီးက အစားနည်းလို့ပါ။" ကလေးမလေးက ပြုံးပြလိုက်သည်။
"ကလေး၊ ဦးက အစားအသောက် အများကြီးမစားတဲ့ ကလေးတွေကို မုန်းတယ်။"
ဘီလ်၏စကားကြောင့် ကလေးမလေးက မျက်လုံးပြူးသွားရသည်။ စားပွဲပေါ်မှ မီးအိမ်၏အလင်းရောင်က ကလေးမလေး၏ ကပိုကရိုမ'တင်ထားသော အင်္ကျီလက်များအောက်၌ ပေါ်နေသည့် ပိန်လှီနေသောလက်ကောက်ဝတ်ကို ထင်ဟပ်နေစေသည်။
"မင်း နွားတစ်ကောင်လိုမျိုး အများကြီး စားသင့်တယ်။"
ဘီလ်၏အမူအရာက ပို၍ခက်ထန်လာ၏။ အကျပ်ရိုက်နေသောလေလာက ဖြည်းဖြည်းချင်း မျက်တောင်ခတ်ကာ အသားများနှင့် ပေါင်မုန့်များကို သူ(မ)ပန်းကန်ထဲ ယခင်ကထက် ပိုထည့်လိုက်သည်။ ထို့နောက် သူ(မ)က သူ(မ)၏ပန်းကန်ထဲမှ အစားအသောက်များကို အလောတကြီးစားလိုက်သည်။
"သမီး နွားတစ်ကောင်လို မစားနိုင်ပေမဲ့ ကောင်းကောင်းတော့ စားနိုင်ပါတယ် ဦးလေး။"
ကလေးမလေးက ပေါင်မုန့်အစများ ပေကျံနေသော နှုတ်ခမ်းနှင့် ပြုံးပြလာ၏။
"အင်း။ ဦး မြင်နေရပါတယ်။"
ဘီလ်က ရယ်မောလိုက်ပြီး သူ၏ဖန်ခွက်ရှည်ထဲသို့ အရက်များ ထည့်လိုက်သည်။
"မင်း ဦးကို မကြောက်ဘူးလား။"
ဘီလ်က သူ့မျက်နှာကို ရှုံ့မဲ့ပြကာ ကလေးကိုကြောက်စေရန် လုပ်ပြလိုက်၏။ ကလေးမလေးက သူ့ကို စိုက်ကြည့်နေပြီး အကြည့်မလွှဲရဲပေ။
"ဟင့်အင်း။ ဦးက သမီးကို မအော်ဘူးလေ။ သမီးကို အစားအသောက် ကောင်းကောင်းတွေလည်း ကျွေးတယ်။ ဒါကြောင့် ဦးက လူကောင်းလို့ သမီးထင်တယ်။"
ဒီကလေး ဘယ်လိုဘဝမျိုးမှာ နေခဲ့ရတာပါလိမ့်။
ဘီလ်က သူ့ခွက်ထဲ အရက်ပြန်ဖြည့်ရင်း တွေးလိုက်မိသည်။
စာထဲတွင် ကလေးမလေး၏မိခင်က သူ(မ)၏အမျိုးသားနှင့် ကလေးကိုပစ်ကာ အခြားအမျိုးသားတစ်ယောက်နှင့် လိုက်ပြေးသွားသည်ဟု ရေးသားထား၏။ ကလေးအဖေကလည်း သစ္စာဖောက်ခံရမှုကြောင့် ရင်ကွဲကာ အရက်စွဲလမ်းသူ ဖြစ်သွားပြီး အရက်အဆိပ်သင့်၍ သေဆုံးသွားခဲ့သည်။ နောက်ပိုင်းတွင် ကလေးမလေးက သူ(မ)၏ဆွေမျိုးများအိမ်တွင် ကြီးပျင်းလာခဲ့ပြီး သူတို့ထံမှ စွန့်ပစ်ခံခဲ့ရသည်။
ကလေးမလေးတွင် နာကျင်စရာ အတိတ်ရှိသော်လည်း သူ(မ)ကို ပျိုးထောင်ရန်က မဖြစ်နိုင်ဟု ဘီလ် ယုံကြည်နေဆဲပင်။
ဘီလ် အရက်ခွက်ကို ချလိုက်ပြီး နောက်အပတ်တွင် ဆုံးဖြတ်ချက်ချမည်ဟု တွေးလိုက်၏။
***
Aurora Novel Translation Team