no

Font
Theme

ဂီလစ်အမျိုးသမီးကျောင်း၏ အရှေ့တွင်ရပ်နေသော ကိုင်းလ်အက်တ်မန်၏တည်ရှိမှုက ကျောင်း၏လမ်းမီးတိုင်ကြီးသဖွယ် သဘာဝကျလှသည်။ သူ ထိုနေရာကို ရောက်နေပြန်ပြီ။ ထိုလူငယ်လေး စောင့်ဆိုင်းနေသည်ကို ကျောင်းသူလေးများက သဘောတကျကြည့်နေခဲ့ကြ၏။


ကိုင်းလ်က ကျောင်းတံခါးပေါက်ကိုကြည့်ကာ အနည်းငယ်ပြုံးလိုက်သည်။ အဝေးမှ မိန်းမငယ်လေးတစ်ယောက် စက်ဘီးတွန်း၍လာနေသည်ကို သူ မြင်တွေ့နိုင်ပေ၏။ သူ(မ)၏ ရဲရင့်ပြီးကျက်သရေရှိသော ခြေလှမ်းများကြောင့် ထိုမိန်းကလေးကို ကိုင်းလ် မှတ်မိနေသည်။


သို့သော်လည်း သူ(မ)၏ လမ်းလျှောက်ပုံတစ်ခုတည်းကြောင့်သာ သူ မှတ်မိနေခြင်းမဟုတ်ပေ။


သူ(မ)၏မျက်နှာတွင် အမူအရာများစွာရှိသလို သူ(မ)၏ ခန္ဓာကိုယ်လှုပ်ရှားမှုများကလည်း နူးညံ့ညင်သာ၏။


သူ(မ)၏တည်ရှိမှုတစ်ခုလုံးသည် သူ့အတွက် အရာရာပင်။ လေလာ့လိုမျိုး အခြားမိန်းကလေးတစ်ယောက် မရှိနိုင်ဘူးဆိုသည်အား နွေရာသီ၏မိုးမခပင်ရိပ်အောက်ရှိ ၎င်းတို့တွေ့ဆုံခဲ့သည့်နေ့မှစ၍ သူနားလည်သွားခဲ့သည်။


"လေလာ!"


တစ်စုံတစ်ယောက် သူ(မ)၏နာမည်ခေါ်လိုက်သောကြောင့် လေလာရပ်လိုက်၏။ သူ(မ) နီးကပ်လာသောသူကို အာရုံစိုက်၍ ကြည့်လိုက်သည်။


ထိုအခိုက်အတန့်များကို ကိုင်းလ် သဘောကျလေ၏။


သူ မည်သူမည်ဝါဖြစ်ကြောင်း သိသွားပြီးနောက် ထိုမိန်းကလေး၏ခြေလှမ်းများ မြန်ဆန်လာသောအခိုက်အတန့်။ ထိုမိန်းကလေး သူ၏အနီးသို့လာကာ နူးညံ့စွာပြုံးပြလာသောအခိုက်အတန့်။


"နင် ဘာဖြစ်လို့ ဒီရောက်နေပြန်တာလဲ။ အိမ်မှာတွေ့တာ ပိုအဆင်မပြေဘူးလား။"


"ဟင့်အင်း။ ဘာပဲဖြစ်ဖြစ် ငါ့မှာအချိန်တွေအများကြီးရှိပါတယ်။"


၎င်းက အလိမ်အညာပင်။ လေလာနှင့်အတူ ကျောင်းမှပြန်ရန်အတွက် သူ၏ တင်းနစ်အသင်းမှအဖွဲ့သားများကို ထားခဲ့ခြင်းဖြစ်၏။ နောက်တစ်နေ့တွင် စီနီယာများက တင်းနစ်ရိုက်တံများဖြင့် သူ့ကိုစောင့်နေမည်ဖြစ်သော်လည်း ထိုကိစ္စကို ကိုင်းလ် စိတ်မပူပေ။


မနက်ဖြန်ကိစ္စကို မနက်ဖြန်မှရှင်းမည်။ အရာအားလုံး အဆင်ပြေပြေပင်။


~~~~


လူသူရှုပ်ထွေးနေသောလမ်းမထက်တွင် ကျောင်းသားနှစ်ယောက် ဘေးချင်းယှဉ်လမ်းလျှောက်နေကြသည်။ စျေးဆိုင်တန်းများအနီးမှ ဖြတ်လာသောအခါ ၎င်းတို့နှစ်ယောက် ရေခဲမုန့်ဝယ်စားလိုက်ကြ၏။ ထို့နောက် ဖုန်ထူသောစာအုပ်ဆိုင်အရှေ့တွင် ရပ်လိုက်ကြသည်။


လေလာက မကြာခဏရယ်တတ်၏။ လေလာသည် ဦးလေးဘီလ်အပြင် သူ့အရှေ့တွင်သာ မကြာခဏ ရယ်ပြတတ်သည့်အတွက် သူ(မ)၏အပြုံးက မည်မျှလှပသည်ကိုသိထားသည့် တစ်ဦးတည်းသောသူဟု သူ့ကိုယ်သူယုံကြည်ထားသည်။


အာဗစ်နယ်မြေသို့သွားသည့်လမ်းကို ဝင်လိုက်သည်နှင့် လေပြည်များက ပို၍အေးချမ်းစွာ တိုက်ခတ်လာခဲ့သည်။ ၎င်းတို့၏စကားများမှာ စာမေးပွဲအကြောင်းဆီဦးတည်လာသောအခါ လေလာ၏အကြည့်များက နက်ရှိုင်းလာ၏။ ဂျီသြမေတြီအကြောင်းပြောကြရာဝယ် လေလာ၏အကြည့်များတွင် စိတ်ပျက်သည့်ပုံစံပေါ်လာခဲ့သည်။ သူ(မ)၏ မျက်နှာအမူအရာပြောင်းလဲမှုသေးသေးလေးများကိုပါ ကိုင်းလ် ဂရုတစိုက်ကြည့်နေမိသည်။


မပြီးသေးပေ။


သူ၏ရင်ထဲမှ စကားသံများကို ထုတ်မပြောမိစေရန် ကိုင်းလ်မျိုသိပ်ထားရသည်။ သူ၏ ဝန်ခံလိုက်ခြင်းကြောင့် ဆက်ဆံရေးအဆင်မပြေဖြစ်သွားမည်ကို မလိုလားပေ။ သူ(မ)ကို လက်ထပ်မည်ဟု တွေးတောပြီးချိန်မှာ သူ(မ)အား သူနှင့်တွဲမလားဟု မေးဖို့လိုသေးရဲ့လားဟုတောင် သူတွေးနေမိ၏။


လေလာ အက်တ်မန်။ နားထောင်လို့ ကောင်းတာပဲ။ မဆိုးဘူး။


"နင် ဘာလို့ရယ်နေတာလဲ။"


လေလာတစ်ယောက် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူ(မ) ဂျီသြမေတြီဘာသာရပ်တွင် အမှတ်မကောင်းသည့်အကြောင်း ပြောနေစဉ် ကိုင်းလ်က ရယ်နေခဲ့ခြင်းပင်။


"ဟမ်...အာ! မြို့စား ဟာဟက်ဒ်ပြန်လာတော့မယ်လို့ ငါကြားထားတယ်။"


ကိုင်းလ် ရုတ်တရက်ဆိုသလို စကားလမ်းကြောင်းလွှဲလိုက်သည်။


"အတော်ကြာပြီနော်။ သူ ဘယ်တော့လာမှာလဲ။"


"ငါ မသိဘူးလေ။"


"မြို့စား ပြန်လာမဲ့အကြောင်း အားလုံးပြောနေကြတာကို မင်းကတော့ဂရုစိုက်ပုံမပေါ်ဘူးပဲ။"


စက်ဘီးလက်ကိုင်မှ လေလာ၏လက်များ တင်းမာသွားခဲ့သည်။


ယခင်နှစ်များတွင် သူ(မ)နှင့် မြို့စားဟာဟက်ဒ်အကြား အဆက်အသွယ်မရှိခဲ့ပေ။ တောအုပ်ထဲတွင် တွေ့ခဲ့သောအချိန်များနှင့် ကလာရ်ဒင်း သူ(မ)ကို အိမ်တော်သို့ခေါ်သောအချိန်များတွင်သာ အချင်းချင်းနှုတ်ဆက်ခဲ့ဖူးသည်။ မြို့စားအနီးမှ ဖြတ်သွားရသည်ကပင် သက်တောင့်သက်သာမရှိသည့်အတွက် သူ(မ) တတ်နိုင်သမျှ မတွေ့အောင်ရှောင်နေခဲ့သည်။


သူ(မ) သူ့ကို မမြင်ချင်ပေ။


မြို့စားဟာဟက်ဒ် သူ(မ)၏လည်နေသောရွှေဒင်္ဂါးကို ခြေထောက်ဖြင့်နင်းလိုက်သော နွေရာသီညနေခင်းမှစ၍ သူ့ကို မမြင်ချင်တော့ခြင်းပင်။


သူ(မ)ကို ဖိတ်ခေါ်ခဲ့ပြီး ထားရစ်ခဲ့သူမှာ ကလာရ်ဒင်းဖြစ်သော်လည်း လေလာ လူဝဲလင်သည် ထူးဆန်းပြီး အရောင်အသွေးစုံသောလောကကြီးနှင့် မသင့်တော်သူဖြစ်ကြောင်းကိုတော့ မြို့စားဟာဟက်ဒ်ကသာ နားလည်အောင်ပြသခဲ့သည်။


လိုဗီတာတွင် သူ(မ)ခံစားခဲ့ရသောအရာနှင့် မတူညီသည့်ဒဏ်ရာကို သူက ပေးခဲ့သည်။ ထိုအရာကို သူ(မ) မေ့လိုက်ချင်သော်လည်း မြို့စားနှင့်မျက်နှာချင်းဆိုင်လိုက်တိုင်း ဆိုးရွားသောနေ့မှ ထိုမှတ်ဉာဏ်များကို ပြန်သတိရလာတတ်၏။ မြို့စား၏ပုံစံက လှပသောအိမ်တော်ကြီးသည် သူ(မ)နှင့် ဘယ်လောက်တောင် မသင့်လျော်သည့်နေရာကြောင်းကို အမြဲသတိပေးနေသလိုပင်။


လေလာ စိတ်တည်ငြိမ်စေရန် ကြိုးစားနေချိန်၊ အနက်ရောင်ကားတစ်စီးက ဖြတ်သွားခဲ့သည်။ မဒမ်နော်မာက ကားမစီးသည့်အတွက် ၎င်းမှာ တွေ့ဆုံပွဲမှပြန်လာသော မဒမ်အဲလက်ဆာဖြစ်မည်ဟု လေလာထင်လိုက်မိ၏။


"မြို့စားပြန်လာရင် အာဗစ်ကတော့ တော်တော်ကြာတဲ့အထိ ရှုပ်နေတော့မှာပဲ။"


"ဟုတ်တယ်။"


"လေလာ။ ငါလည်း အရာရှိဖြစ်အောင် ကြိုးစားသင့်လား။"


"ငါလည်း မြို့စားဟာဟက်ဒ်လို ရွှေတံဆိပ်ဆုတွေလိုချင်တယ်။ ရန်သူတိုင်းကို တစ်ချက်ထဲနဲ့ထိအောင်ပစ်နိုင်တဲ့ ပစ်ခတ်ရေးသမား မစ္စတာအက်တ်မန်။"


ကိုင်းလ်က သေနတ်ပစ်သည့်ပုံစံလုပ်ပြကာ ခပ်ဆိုးဆိုးကောင်လေးကဲ့သို့ ပြုံးလိုက်သည်။


"အမယ်လေး မစ္စတာအက်တ်မန်။ နင်က ကြက်တစ်ကောင်တောင် မသတ်နိုင်ဘူးလေ။"


လေလာ ပြုံးလိုက်၏။ သူ၏မာနကို ထိခိုက်သွားခဲ့သော်လည်း ကိုင်းလ် မငြင်းဆန်နိုင်ခဲ့ပေ။


၎င်းမှာ ယခင်နှစ်တုန်းက အိမ်ငယ်လေးထဲတွင် ကိုင်းလ်တစ်ယောက် သူစားသောက်ခဲ့သည့်အရာအတွက် ပြန်လည်ကူညီပေးမည်ဟု ဂုဏ်ယူစွာပြောခဲ့ချိန်ကပင်။ ထို့ကြောင့် ညစာအတွက် ကြက်တစ်ကောင်ဖမ်းပေးရန် ဦးလေးဘီလ်က သူ့ကိုခိုင်းလိုက်ချိန်မှာ ကိုင်းလ်တစ်ယောက် ကြက်ခြံထဲရောက်သွားခဲ့သော်လည်း အမွေးတစ်ပင်မျှပင် ရအောင်မယူနိုင်ခဲ့ပေ။ ထို့နောက်မှာတော့ အက်တ်မန်လည်း ရှက်စရာကောင်းသည့် "အစားကြူးသောအပင်စားသတ္တဝါလေး" အမည်ကို ရခဲ့လေသည်။


"ငါ့ရဲ့ သူငယ်ချင်းကောင်းလေး အက်တ်မန်။ ဒါကြောင့်ပဲ ငါနင့်ကိုသဘောကျတာလေ။"


ကိုင်းလ်၏ စိတ်တိုနေသောမျက်နှာကိုကြည့်၍ လေလာပြုံးလိုက်သည်။


"နင့်ရဲ့လက်တွေနဲ့ လူတွေကိုသတ်မဲ့အစား သူတို့ကိုကယ်ပေးဖို့ပဲ ငါ မျှော်လင့်တယ်။"


"ဒါပေါ့။ ငါက ဆရာဝန်လုပ်မှာလေ။"


ကိုင်းလ် အနေရခက်စွာဖြင့် သူ၏ပါးကို ပွတ်သပ်လိုက်သည်။


"ဒါဆို ငါ စစ်ဆရာဝန်လုပ်ရမလား။ စစ်ဆရာဝန်တွေကိုလည်း ရွှေတံဆိပ်ဆုတွေပေးရဲ့လား။"


"နင် လူတွေအများကြီးကိုကယ်ရင် ပေးမှာပဲမလား။ သတ်ဖြတ်တာထက်တော့ ပိုကောင်းတာပေါ့။"


"တကယ်လား။"


လမ်းဆုံရောက်သည့်အခါ နှစ်ဦးသား စကားပြောရပ်လိုက်ကြသည်။ အက်တ်မန်၏အိမ်က လမ်းဘယ်ဘက်အဆုံးတွင်ရှိ၏။


"အာ! ငါ မင်းကိုငှားပေးမယ်ပြောထားတဲ့ ဂျီသြမေတြီမှတ်စုတွေ အိမ်မှာကျန်ခဲ့တယ်။"


ရုတ်တရက်သတိရသွားပြီးနောက် ကိုင်းလ် မျက်ခုံးပင့်လိုက်သည်။


"ဒါဆို ညစာစားချိန်မှ အိမ်လာခဲ့လေ။ မှတ်စုတွေ ပါအောင်ယူခဲ့။"


"ဟေး။ မင်း မှတ်စုကိုစောင့်မှာလား ငါ့ကိုစောင့်မှာလား။"


"မှတ်စု။"


လေလာ ပြတ်သားစွာဖြေလိုက်ပြီးနောက် ရယ်လိုက်၏။ ကိုင်းလ်ကတော့ အိမ်သို့ အမြန်ပြေးသွားခဲ့သည်။


"အလျင်မလိုပါဘူး။ ညစာက အချိန်မရွေးစားလို့ရတယ်။"


ကိုင်းလ်၏ကျောပြင်ကိုကြည့်၍ လေလာ အော်ပြောလိုက်သည်။


"ကိစ္စမရှိပါဘူး။ မှတ်စုယူပြီးတာနဲ့ မင်းဆီလာခဲ့မယ်။"


ကိုင်းလ်ပြန်ပြောလာသောအသံက ပို၍ကျယ်ပေ၏။


ကိုင်းလ်၏ခေါင်းမာမှုကြောင့် လေလာခေါင်းယမ်းလိုက်မိပြီး အာဗစ်အိမ်တော်သို့သွားရာ အပင်များစီတန်းနေသောလမ်းလေးထက် စက်ဘီးစီးသွားလိုက်တော့သည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment