အိမ်တော်အရှေ့မှ ကားပြေးလမ်းတွင် မက်သိုင်းရပ်စ် ကားရပ်ခိုင်းလိုက်သည်။ ၎င်းတို့သခင်၏ ရုတ်တရက်ဆန်သောတောင်းဆိုမှုကြောင့် ဒရိုင်ဘာနှင့် အိမ်တော်ထိန်းလည်း ထိတ်လန့်သွားကြ၏။
မြို့စားဟာဟက်ဒ် ပြန်ရောက်လာမှုက ရုတ်တရက်ဆန်လှသည်။ မြို့စား၏စောစောရောက်လာမှုကြောင့် အာဗစ်တွင်နေထိုင်သူများနှင့် အလုပ်သမားများ အလုပ်ရှုပ်သွားခဲ့ကြ၏။ ရလဒ်အနေဖြင့် စီစဉ်ထားသောလူမှုရေးတွေ့ဆုံပွဲများကို အားလုံးရွှေ့ဆိုင်းလိုက်ရတော့သည်။
အိမ်တော်ထိန်းဟက်ဆန်တစ်ယောက် စိတ်ဖိစီးစွာဖြင့် တံတွေးမျိုချလိုက်သည်။
"သခင်လေး ကျွန်တော်တို့အခုထိ..."
"ကျွန်တော် လမ်းလျှောက်ချင်တယ်။"
အိမ်တော်ထိန်း၏စကားကို မက်သိုင်းရပ်စ် တည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။ ဒရိုင်ဘာလည်း တုံ့ဆိုင်းစွာဖြင့် ကားပေါ်မှဆင်းလိုက်ပြီး နောက်ခုံတံခါးကိုဖွင့်ပေးခဲ့သည်။
"ဟင့်အင်း။"
သူ့အနောက်ကနေ လိုက်လာရန်လုပ်နေသော အိမ်တော်ထိန်းဟက်ဆန်ကို မက်သိုင်းရပ်စ် ခေါင်းခါပြလိုက်၏။
"အိမ်တော်မှာတွေ့မယ်။"
မက်သိုင်းရပ်စ်က ပြုံးပြပြီး တစ်ဖက်သို့လှည့်သွားခဲ့သည်။ ဟက်ဆန်လည်း အမိန့်ကိုနာခံကာ ကားထဲပြန်ဝင်လိုက်ပြီး ဒရိုင်ဘာကလည်း နေရာသို့ပြန်သွားလိုက်၏။ ၎င်းတို့မောင်းထွက်သွားသည်နှင့် လမ်းမထက်မှာ တိတ်ဆိတ်သွားခဲ့ပြန်သည်။
သူ၏အရာရှိဦးထုပ်ကို လက်တစ်ဖက်မှကိုင်၍ အပင်ရိပ်များအောက်တွင် မက်သိုင်းရပ်စ် လမ်းလျှောက်နေသည်။ သူ၏ခြေသံနှင့် သစ်ရွက်များလှုပ်ခတ်သံက ထူးထူးဆန်းဆန်း ကာရံညီသောသံစဉ်တစ်မျိုးကို ဖန်တီးပေးနေခဲ့၏။
မက်သိုင်းရပ်စ် ဘွန် ဟာဟက်ဒ်က ပြီးပြည့်စုံသော ကလေးတစ်ယောက်၊ ကျောင်းသားတစ်ယောက်၊ အရာရှိတစ်ယောက်ပင်။ ယခု သူက ပြီးပြည့်စုံသောအမျိုးသမီးတစ်ယောက်နှင့်လက်ထပ်ကာ ပြီးပြည့်စုံသော ဖခင်တစ်ယောက်ဖြစ်လာရမည်။ အရာအားလုံးက အစီအစဉ်တကျဖြစ်လွန်းနေသည့်အတွက် သူ စတင်၍ငြီးငွေ့လာခဲ့၏။
မက်သိုင်းရပ်စ် ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။ သစ်ရွက်များကြားမှ နေရောင်ခြည်က သူ့မျက်လုံးထောင့်ကို အလင်းထင်ဟပ်နေခဲ့သည်။ သူ၏ရွှေရောင်ခါးပတ်ကို အလင်းရောင်ထင်ဟပ်လာသောအခါ သူ၏ခဲပြာရောင် ဝတ်စုံအား ထင်ပေါ်သွားစေလေ၏။
'ဒီနွေရာသီမှာ မင်း စေ့စပ်သင့်တယ်။'
အချိန်ကောင်းတွင်လက်ထပ်ကာ အမွေဆက်ခံသူကို မွေးရမည်ဖြစ်သောကြောင့် သူ့အမေ၏စကားများကို မက်သိုင်းရပ်စ် လက်ခံခဲ့လိုက်သည်။
'ကလာရ်ဒင်းက အာဗစ်ရဲ့မြို့စားကတော်ဖြစ်လာဖို့ အသင့်တော်ဆုံးပဲ။'
ကလာရ်ဒင်း ဘွန် ဘရန့်ဒ်က အရည်အချင်းပြည့်မှီသော သတို့သမီးလောင်းဖြစ်သည့်အတွက် သူ၏အဖွား အကြံပြုလာသည်ကို မက်သိုင်းရပ်စ်လည်း လက်ခံခဲ့သည်။
မက်သိုင်းရပ်စ်က ဘယ်အရာကိုမှ လိုချင်သည့်စိတ်ဆန္ဒမရှိခဲ့ပေ။
သူ မသိလိုက်ခင်မှာပင် အရာအားလုံးက သူ့လက်ထဲကို ရောက်နေပြီဖြစ်၏။ လိုချင်သည့်ဆန္ဒက သူ့အတွက်တော့ စိတ်ကူးယဉ်ဆန်သောခံစားချက်ပင်။ လက်ထပ်ခြင်းကလည်း ထိုကဲ့သို့ဖြစ်လေသည်။
ပြီးပြည့်စုံသောလက်ထပ်ခြင်းကို မက်သိုင်းရပ်စ် လိုချင်သည်။
သူ့အတွက် လက်ထပ်ပွဲဆိုသည်မှာ သူ၏လောကတွင် အင်အားကြီးလာစေဖို့ ခြေလှမ်းတစ်လှမ်းပင်။ အခြားသောခံစားချက်များ ပါဝင်နေစရာမလိုဟု သူယုံကြည်ပေ၏။ ကလာရ်ဒင်း ဘွန် ဘရန့်ဒ်က သူ့အတွက် အသင့်တော်ဆုံးလက်တွဲဖော်ဖြစ်သလို သူ့အတွက် သူ(မ)က လုံလောက်သည်။ သူ ဘာမှမလိုချင်တော့သလို လိုအပ်သည်ဟုလည်း မထင်မိပေ။
လမ်းမအလယ်တွင် မက်သိုင်းရပ်စ် ရပ်တန့်လိုက်၏။ ရုတ်တရက်ဆိုသလို သူ အမျိုးသမီးတစ်ယောက်၏တည်ရှိမှုကို သတိပြုမိသွားသည်။ သူ ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ နေရောင်ခြည်အလင်းကြောင့် သူ့မျက်လုံးများ စူးရှသွားခဲ့ရသည်။
သူ၏လမ်းကြောင်းအတိုင်း စက်ဘီးစီးပြီးလာနေသော အမျိုးသမီးကို မက်သိုင်းရပ်စ် လှည့်ကြည့်လိုက်၏။ သူလမ်းဖယ်ပေးလိုက်သောအခါ သူ၏ဘယ်ဘက်ကနေ ထိုအမျိုးသမီးကဖြတ်သွားခဲ့ပြီး သူ(မ)၏ ရွှေရောင်ဆံနွယ်များက လေထဲမှာလွင့်မျောနေခဲ့သည်။
လေလာ လူဝဲလင်...
သူ(မ)၏နာမည်အား သူ သတိရသွားချိန်တွင် ထိုအမျိုးသမီးက သူ့ကိုလှည့်ကြည့်လာ၏။ သူနှင့်အကြည့်ချင်းဆုံသွားချိန်၌ အမျိုးသမီး၏ အစိမ်းရောင်မျက်ဝန်းများက ရုတ်တရက် ဝိုင်းစက်သွားခဲ့သည်။
နှစ်ဦးသား စိုက်ကြည့်နေမိကြရာ လေလာ ဟန်ချက်ပျက်သွားပြီး စက်ဘီးပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။ သူ(မ)၏အော်သံနှင့် စက်ဘီးမြေပေါ်ကျသံတို့က အတူတူထွက်ပေါ်လာ၏။ လဲကျသွားခဲ့သော်လည်း စက်ဘီး၏ဘီးများက လည်နေဆဲပင်။
လဲကျသွားသောအမျိုးသမီးအနားသို့ မက်သိုင်းရပ်စ် လျှောက်သွားလိုက်သည်။ သူ့အရိပ်အောက်တွင် သူ(မ)က ခေါင်းမော့ကြည့်လာခဲ့၏။ ဤသည်မှာ လေလာ လူဝဲလင်ပင်။
ငှက်တွေကို အရူးအမူးချစ်တတ်တဲ့ ကလေးမလေး။
"...ကျွန်မ တောင်းပန်ပါတယ် သခင်လေး။"
လေလာ ဦးညွတ်၍ တောင်းပန်လိုက်ပြီး သူ သူ(မ)ဘေးကဖြတ်သွားမည်ကို စောင့်နေလိုက်သည်။
မက်သိုင်းရပ်စ် ထွက်သွားရန်လုပ်လိုက်ချိန်တွင် လေလာ၏ဝတ်စုံကို မြင်လိုက်ရသည်။ သူ(မ)၏ကျောင်းဝတ်စုံ၌ ဖုန်များပေကျံနေပြီး ပြဲသွားသောအသားကပ်ခြေအိတ်မှာလည်း သွေးများစွန်းထင်နေခဲ့သည်။
လည်နေသောဘီးများ ရပ်သွားသောအခါ နှစ်ဦးသားကြား တိတ်ဆိတ်သွားခဲ့၏။
လေလာ မျက်လုံးများကို အနည်းငယ်မှေးကျဥ်း၍ မက်သိုင်းရပ်စ်ကို မော့ကြည့်လိုက်သည်။ သူ(မ)၏အကြည့်က သာမန်ဖြစ်သော်လည်း နူးညံ့နေပုံပင်။
ထိုမိန်းကလေးက ကောင်းမွန်စွာ အရွယ်ရောက်လာခဲ့သည်။
ကလေးတစ်ယောက် အရွယ်ရောက်လာသည်မှာ ပုံမှန်ဖြစ်သော်လည်း သူ(မ) အရွယ်ရောက်လာသည့်ပုံစံကတော့ သူ့အား စိတ်ရှုပ်သွားစေခဲ့၏။
မက်သိုင်းရပ်စ်အတွက် လေလာ လူဝဲလင်က ကလေးမလေးတစ်ယောက်သာ။ သူ့ကို အမြဲရှောင်နေတတ်သော ကလေးမလေး။ မသင့်တော်ဘူးဟု သူထင်ထားသော ကလေးမလေး။ သို့သော်လည်း ယနေ့မြင်တွေ့လိုက်ရသော လေလာ လူဝဲလင်သည် သူ၏မှတ်ဉာဏ်ထဲမှ မသင့်တော်သော လေလာ လူဝဲလင် မဟုတ်တော့ပေ။
ပါးလွှာသော နွေရာသီကျောင်းဝတ်စုံအောက်မှ မြင်တွေ့နေရသည့် သူ(မ)၏ သွယ်သွယ်လျလျခန္ဓာကိုယ်ကောက်ကြောင်း၊ လန်းဆန်းနေသော ပါးပြင်များ၊ နှုတ်ခမ်းများနှင့် လေထုထဲမှ ကိုယ်သင်းရနံ့များက သူ(မ)သည် အရင်ကလို ပိန်လှီနေသော ကလေးမလေးမဟုတ်တော့ကြောင်း ပြသနေခဲ့သည်။
မက်သိုင်းရပ်စ် ထူးဆန်းစွာဖြင့် အလိုမကျမှုတို့ကို ခံစားနေရချိန် လေလာက ထရပ်ဖို့ကြိုးစားလိုက်သည်။ ခြေတစ်လှမ်းနောက်ဆုတ်ကာ ဖိနပ်စီးလိုက်ပြီး အဝတ်အစားပေါ်မှ ဖုန်များကိုခါလိုက်၏။ အရွယ်ရောက်လာပြီဖြစ်သော်လည်း လေလာ၏အရပ်က မြို့စား၏မေးစေ့ကိုတော့ မမီသေးပေ။
"လေလာ လူဝဲလင်။"
မက်သိုင်းရပ်စ်က ရုတ်တရက်ခေါ်လိုက်သည်။ လေလာမှာ ကြောက်ရွံ့မှုကြောင့် ပခုံးများတွန့်သွားလေ၏။
"ကျွန်မ တောင်းပန်ပါတယ် သခင်လေး။"
တူညီသောစကားများကိုသာ ထပ်ပြောလိုက်ပြီး မြေပေါ်ကျသွားသော သူ(မ)၏ပစ္စည်းများကို ငုံ့ကိုင်းကာကောက်လိုက်သည်။
လွယ်အိတ်၊ စာအုပ်နှင့် မှတ်စုများ။
မက်သိုင်းရပ်စ်၏အကြည့်များက သွေးများနှင့် ဖုန်မှုန့်များပေကျံနေသော သူ(မ)၏လက်ပေါ် ကျရောက်သွားခဲ့သည်။ ထို့နောက် သူ(မ) မကောက်ရသေးသော ဘောပင်ဆီသို့ အကြည့်ရောက်သွားပြီး ရှေ့တစ်လှမ်းတိုးကာ တက်နင်းလိုက်သည်။ ထိုအခါမှ လေလာက သူ့ကိုမော့ကြည့်လာခဲ့၏။
"လေလာ လူဝဲလင်။"
သူ ထပ်ပြီးခေါ်လိုက်သည်။
"ငါ မင်းကိုစကားပြောနေတယ်လေ။"
"ဟုတ်ကဲ့ သခင်လေး။"
လေလာ မျက်လုံးမှိတ်၍ ပြန်ဖြေလိုက်သည်။ ဘောပင်ကို ဆွဲယူလိုက်သော်လည်း မက်သိုင်းရပ်စ်က ဖယ်မပေးခဲ့ချေ။
"ကျွန်မ နားထောင်နေပါတယ်။"
ခန္ဓာကိုယ်က တုန်လှုပ်နေသော်လည်း ယုံကြည်ချက်အပြည့်နှင့် လေလာ ပြန်ဖြေလိုက်၏။ သူ(မ)၏အစိမ်းရောင်မျက်လုံးများက ဒေါသများရောယှက်နေသည့် အစိမ်းရောင်နွေသစ်တောများသဖွယ်။ ရုတ်တရက်ဆိုသလို မြို့စား သူ(မ)၏ဒင်္ဂါးပြားကို တက်နင်းခဲ့သည့်နေ့အား လေလာ သတိရသွားခဲ့သည်။ ထိုနေ့ကလည်း မြို့စားက ယခုလိုအမူအရာအတိုင်း လေလာ့ကို ငုံ့ကြည့်နေခဲ့သည်။
တိတ်တဆိတ်ရယ်လိုက်ပြီးနောက် မက်သိုင်းရပ်စ် ခြေထောက်မကာ လေလာ့ဘေးကနေ ထွက်သွားလိုက်၏။ သူ၏အရာရှိဦးထုပ်ကို ပြန်ဆောင်းလိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အတိုင်း လျှောက်သွားခဲ့လေသည်။
မြို့စားဟာဟက်ဒ်၏ကျောပြင်ကို လေလာ ငေးကြည့်နေမိသည်။
သူက ဘာဖြစ်လို့ ဘာမှမပြောဘဲ ဒီလိုလုပ်ရတာလဲ။
ဘောပင်က လေလာ၏လက်ထဲကို ပြန်ရောက်နေလေပြီ။
အာဗစ်ကလူများယုံကြည်ထားသော ပြီးပြည့်စုံသည့် အထက်တန်းလွှာ မြို့စားဟာဟက်ဒ်က ယခုလိုလူမျိုးဖြစ်နေသည်ကို ထိုလူများ သိလေသလော။
သူ(မ)ပြောပြလျှင်လည်း မည်သူကမျှ ယုံကြည်မည်မဟုတ်ကြောင်း သူ(မ)စုဆောင်းထားသမျှနှင့် လောင်းကြေးထပ်ရဲပေသည်။ သူ(မ)ကို ရူးနေသည်ဟုသာ အားလုံးက ပြောကြလိမ့်မည်။
လေလာ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး စက်ဘီးကို ပြန်မလိုက်သည်။ ဘောပင်ကိုလည်း သေချာသုတ်ကာ အိတ်ထဲပြန်ထည့်ခဲ့၏။
ထို့နောက် ဖြည်းဖြည်းချင်းလမ်းလျှောက်နေသော မြို့စားအနောက်သို့ သူ(မ) လိုက်သွားခဲ့သည်။ အရေခွံပြဲသွားသော သူ(မ)၏ဒဏ်ရာကလည်း စပ်ဖျင်းဖျင်းဖြစ်လာ၏။ မြို့စား အနောက်ကိုလှည့်မကြည့်သည်မှာ သေချာနေသော်လည်း လေလာ ကောင်းကောင်းမွန်မွန် လမ်းလျှောက်ဖို့ ကြိုးစားနေခဲ့သည်။ သူ(မ)ကိုယ်သူ(မ) ထော့နဲ့ထော့နဲဖြစ်မနေစေဖို့ ခြေထောက်ကြွက်သားများကို အဆက်မပြတ် အကြောလျှော့နေခဲ့လေ၏။
မြို့စားသာ သူ၏ခြေတံရှည်များဖြင့် မြန်မြန်လမ်းလျှောက်သွားလျှင် ပိုကောင်းပေမည်။
လေလာတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချရန်လုပ်လိုက်စဉ် ထိုလူက ရုတ်တရက်ဆိုသလို အနောက်လှည့်လာ၏။ လေညင်းလေးများကြောင့် သစ်ရွက်ကလေးများလှုပ်ခတ်နေပြီး သစ်ရွက်လေးများကို နေရောင်ထိုးနေသဖြင့် မြေပြင်ထက်ဝယ် လှပစွာ အရိပ်ထင်ဟပ်နေခဲ့သည်။
အံ့သြနေသောလေလာတစ်ယောက် နေရာတွင်သာ ရပ်နေမိ၏။ မက်သိုင်းရပ်စ်ကတော့ သူ(မ)၏မျက်နှာကို စိုက်ကြည့်နေသည်။ ထိုမှတစ်ဆင့် သူ(မ)၏ ပြေလျော့နေသောဆံနွယ်များနှင့် ခန္ဓာကိုယ်အပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။
မို့မောက်နေသောရင်ဘတ်က မူမမှန်စွာဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်ကာ ခုန်ပေါက်လာ၏။ သွယ်လျသောလက်ကလေးများက စက်ဘီးလက်ကိုင်ကို ကိုင်ထားကြသည်။ မယုံကြည်နိုင်လောက်အောင် သေးငယ်သောခြေသလုံးလေးနှင့် ခြေဖဝါးသေးသေးလေးများ။
ထို့နောက်တွင်မူ သူ(မ)၏မျက်ဝန်းများ။
မက်သိုင်းရပ်စ်တစ်ယောက် လေလာ၏ကျောက်စိမ်းရောင်မျက်ဝန်းများကို အသံတိတ် စိုက်ကြည့်နေခဲ့သည်။
လေလာက သူ့အိမ်တော်၏ဂိုထောင်တွင်နေထိုင်သော မိဘမဲ့ကလေးတစ်ယောက် ဖြစ်နေသေးသော်လည်း ရက်စက်သည့်အမှန်တရားတစ်ခုက အရာအားလုံး ပြောင်းလဲသွားခြင်းပင်။
အချိန်များက ကုန်လွန်သွားခဲ့ပြီး ကလေးမလေးကလည်း အရွယ်ရောက်လာခဲ့သည်။
ထို့နောက် ထိုအမှန်တရားကို လက်ခံလိုက်ချိန်မှာပင် သူ လေလာ့ကို သတိပြုမိလာခဲ့သည်။
လေလာ လူဝဲလင်က ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူ(မ)က အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ချေပြီ။
***
Aurora Novel Translation Team