no

Font
Theme

"အဝေးကြီးမသွားနဲ့နော် လေလာ!"


လေလာက စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲမှထွက်သွားသောကြောင့် ဘီလ် အသံမြှင့်၍ အော်ပြောလိုက်သည်။


လေလာက တစ်ဖက်လှည့်ကာ လက်များကို ခေါင်းပေါ်မြင့်မြင့်မြှောက်၍ လှုပ်ယမ်းပြခဲ့၏။ ကလေးမလေးကိုင်ထားသော သားရေလွယ်အိတ်အဟောင်းလေးသည် ခုန်ပေါက်နေသော ကလေးမလေး၏လှုပ်ရှားမှုအတိုင်း ခါယမ်းနေတော့သည်။


သစ်ကိုင်းပေါ်တွင် ငှက်ကလေးများ ဥထဲမှအကောင်ပေါက်လာသည်ကို လေလာ ပထမဆုံးမြင်လိုက်ရသည်။ အတောင်မစုံသေးသော ငှက်လေးများက သူတို့မိခင်အစာယူလာမည်ကို စောင့်ဆိုင်းနေကြ၏။ လေလာလည်း အပင်အောက်ပြန်ဆင်းလိုက်ပြီး သားရေလွယ်အိတ်ထဲမှ မှတ်စုစာအုပ်ကိုထုတ်ကာ သူ(မ) ယနေ့မြင်ခဲ့ရသောငှက်ကလေးများကို မှတ်တမ်းတင်လိုက်သည်။ ဆွဲသားချက်များက ရှုပ်ပွနေသော်လည်း သူ(မ)၏ပုံထဲတွင် ငှက်ကလေးများကို အကောင်းဆုံးပုံဖော်ထားလေသည်။


တောအုပ်ထဲတွင် မြင်ခဲ့ရသောအရာအားလုံးကို သူ(မ)၏မှတ်စုစာအုပ်လေးထဲတွင် လေလာ မှတ်တမ်းထင်ထားသည်။ ဒီနယ်မြေက သူ(မ) နေဖူးသမျှနေရာအားလုံးထဲတွင် အလှဆုံးနေရာပင်။ လေလာ အရာအားလုံးကို မှတ်သားထားချင်သည်။ သို့မှသာ သူ(မ) ထွက်သွားရမည့်အချိန်ရောက်လာလျှင် တောအုပ်ထဲမှအမှတ်တရများကို သူ(မ)၏မှတ်စုစာအုပ်ကိုကြည့်ရင်း ပြန်တွေးနိုင်မည်ဖြစ်၏။ တစ်နေ့တွင် ဤနေရာမှထွက်သွားရမည်ဆိုသောအတွေးက သူ(မ)ကို ဝမ်းနည်းမိစေသည်။


မြစ်ကမ်းဘေးသို့ သွားနေသည့်လမ်းတစ်လျှောက်တွင် တောအုပ်ကို လေလာ မှတ်တမ်းတင်နေခဲ့၏။ အရောင်နုနု ပန်းပွင့်ချပ်လေးများကို သူ(မ)၏မှတ်စုစာအုပ်ထဲထည့်ထားကာ လမ်းတွင်တွေ့သော စတော်ဘယ်ရီများကိုလည်း ခူးလိုက်သည်။ မြစ်ဘေးသို့ သူ(မ)ရောက်ချိန်တွင် နေဝင်တော့မည်ပင်။


မြစ်ကမ်းနှင့်တောအုပ်ကြားရှိ အပင်ကြီးပေါ်သို့ လေလာ တက်လိုက်သည်။ အပင်၏ ကြီးမားသောသစ်ကိုင်းကြီးများက ခုံကဲ့သို့ ထိုင်ရအဆင်ပြေသောကြောင့် ၎င်းက သူ(မ)၏ အကြိုက်ဆုံးနေရာဖြစ်နေသည်။ သူ(မ)၏မှတ်စုစာအုပ်ကို ဖွင့်တော့မည့်အချိန်တွင် မြင်းခွာသံသဲ့သဲ့ကို လေလာ ကြားလိုက်ရ၏။


လေလာ တွန့်ဆုတ်စွာဖြင့် စာအုပ်ကို အိတ်ထဲပြန်ထည့်လိုက်သည်။ ခဏအကြာတွင် မြင်းခွာသံက ပို၍နီးကပ်လာခဲ့သည်။ နီးကပ်လာသောအသံကြောင့် ကြောက်လန့်လာကာ လေလာ သူ(မ)လဲလျောင်းနေသော သစ်ကိုင်းကြီးကိုဖက်၍ အသက်ပင်မရှူနိုင်တော့ချေ။


မကြာခင်မှာပင် ချောမွေ့သောအမွေးများဖြင့် အညိုရောင်မြင်းကြီးတစ်ကောင်ပေါ်လာခဲ့၏။ သူ့ကျောပေါ်တွင် လူတစ်ယောက်ပါလာသည်။ မြင်းပေါ်မှဆင်းလိုက်သော ထိုလူ၏လှုပ်ရှားမှုများက သွက်လက်ပေါ့ပါးနေသည်။


သူ(မ) အောက်ဆင်းသင့်သည်ဟု လေလာ တွေးမိနေသော်လည်း ထူးဆန်းသောသူက အပင်အောက်တွင် ကျောမှီနေလေပြီ။ အခြားဘယ်လိုအကြောင်းပြရမည်ကို မသိသည့်အတွက် ထိုလူ လက်မြှောက်ကာ ဦးထုပ်ချွတ်နေသည်ကို လေလာ ကြည့်နေလိုက်၏။ ထိုအချိန်တွင် လေလာ၏သားရေလွယ်အိတ်က ပခုံးပေါ်မှ လျှောကျကာ သစ်ကိုင်းကိုသွားထိခဲ့သည်။


ထိုလူက သစ်ပင်ပေါ်သို့ ခေါင်းမော့ကြည့်လာရာ လေလာနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ သူ့မျက်လုံးကို လေလာ စိုက်ကြည့်လိုက်၏။ သူ၏ နဖူးထိအုပ်နေသော အနက်ရောင်ဆံပင်များကြားမှ ကြည်လင်သော ဖန်ပုတီးစေ့များကဲ့သို့ အပြာရောင်မျက်လုံးများကို သူ(မ) မြင်လိုက်ရသည်။ လေလာ ထလိုက်ချိန်တွင် ထိုလူ၏သေနတ်က သူ(မ)၏ မျက်နှာဆီသို့ ချိန်ရွယ်ထားပြီဖြစ်သည်။ ရှည်လျားပြီး ကြောက်စရာကောင်းသောသေနတ်နှင့် အပစ်ခံရမည်ကိုတွေးမိကာ လေလာ၏မျက်နှာက ဖြူဖျော့လာ၏။


လေလာ နေရာတွင်ရပ်တန့်သွားပြီး သူ(မ)အသက်အတွက် သစ်ပင်ကြီးကို ဖက်ထားလိုက်သည်။ သူ(မ)၏တစ်ကိုယ်လုံး ချွေးစေးများထွက်ကာ တုန်ယင်နေချေပြီ။ ထိုလူက တိတ်တဆိတ် သက်ပြင်းချကာ သေနတ်ကို အောက်ချလိုက်သည်။


"မင်း ဘယ်သူလဲ။"


သူ၏နှုတ်ခမ်းများမှ အက်ရှရှ အသံထွက်ပေါ်လာသည်။


"...လေလာ။"


လေလာ အသံထွက်ပြောရန် ကြိုးစားနေသော်လည်း မျက်ရည်များသာထွက်လာခဲ့သည်။ သူ(မ)၏ ရွှေရောင်ဆံနွယ်လေးများက လေပြည်နှင့်အတူ လွင့်မျောနေ၏။


"ဘာ။"


သူ့မျက်လုံးများက ကျဉ်းမြောင်းလာခဲ့သည်။ အပင်ကြီးကိုဖက်ထားသည့်အတွက် လေလာ၏လက်ချောင်းများက နာကျင်လာ၏။


"လေလာ။ လေလာ လူဝဲလင်ပါ။"


~~~~


"ဦးလေး! ဦးလေး ဘီလ်!"


လေလာ၏အသံက တောအုပ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။


ဘီလ်က ဂိုထောင်ရှေ့တွင်ထိုင်နေပြီး လေလာ၏အလန့်တကြားအော်သံကြောင့် ခေါင်းလှည့်ကြည့်လိုက်၏။ နီရဲနေသောမျက်နှာဖြင့် လေလာက သူ့ထံ ပြေးလာခဲ့သည်။


"ဘာဖြစ်လာတာလဲ။"


"တောအုပ်ထဲမှာ လူတစ်ယောက်ရှိနေတယ်။ သူက အရပ်အရှည်ကြီးပဲ။"


လေလာက အသက်ကိုပင် ဝအောင်မရှူနိုင်ဘဲ ထိုထူးဆန်းသောသူကို ပုံဖော်ပြနေခဲ့သည်။


"အမဲလိုက်ဖို့လာတဲ့ မြို့စားနဲ့တွေ့ခဲ့တာဖြစ်မယ်။"


ဘီလ်က ဂိုထောင်ထဲမှပစ္စည်းများကို ယူလိုက်ရင်း ပြောလိုက်သည်။


"သူ့ဆံပင်တွေက အနက်ရောင်တွေ၊ ပြီးတော့ မျက်လုံးက အပြာရောင်တွေ။ အသံကလည်း ငှက်မွေးလေးလို ပေါ့ပါးနေတာပဲ။


"ဒါဆို မြို့စားဟာဟက်ဒ်ဆိုတာ သေချာသွားပြီ။"


ဘီလ် ရယ်မောလိုက်သည်။ လေလာက သူ့ရှေ့တွင်ရပ်နေကာ အသက်ဝအောင်ရှူလိုက်၏။


လှပသော်လည်း ကြောက်စရာကောင်းသောအမျိုးသားက လေလာ့ကို စိုက်ကြည့်နေခဲ့ပြီး စကားမပြောဘဲ လှည့်ထွက်သွားခဲ့သည်။ သူ မြင်းပေါ် တက်သွားသောအခါ အခြားလူနှစ်ယောက်ကလည်း တောထဲမှထွက်လာသည်။ ထိုလူက မြင်းကိုလှည့်ကာ အခြားသူများနှင့်အတူ တောအုပ်အတွင်း ပြန်ဝင်သွားခဲ့၏။ ၎င်းတို့ကိုမမြင်ရတော့မှ လေလာ အပင်ပေါ်မှဆင်းကာ အခန်းဆီပြန်လာခဲ့ခြင်းပင်။


"ဒါဆို မြို့စား..."


လေလာ တစ်ခုခုပြောရန်ပြင်လိုက်ချိန်၊ သေနတ်ပစ်သံတစ်ခုထွက်ပေါ်လာပြီး တောအုပ်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။


အသံလာရာဘက်သို့ကြည့်ကာ လေလာ အံ့သြနေမိသည်။ အလန့်တကြားဖြစ်သွားသော ငှက်များက တောအုပ်ထဲကနေ ပျံထွက်လာခဲ့ကြသည်။ အလန့်တကြားဖြစ်နေသော ငှက်များထဲမှ တစ်ကောင်က အတောင်ပံများပြုတ်ကာ အပင်ပေါ်ကနေ ပြုတ်ကျလာ၏။


ပစ်ခတ်သံများကို အတန်ကြာတဲ့အထိ ကြားနေရသည်။ ကြောက်လန့်နေသောမိန်းကလေးကို စိတ်ငြိမ်စေရန် လေလာ၏ကျောကို ဘီလ် ပုတ်ပေးခဲ့လေ၏။


"လေလာ။"


လေလာက ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာသည်။ ၎င်းတို့ အကြည့်ချင်းဆုံသွားခိုက်မှာ ဘီလ်တစ်ယောက် အသက်မရှူနိုင်ဖြစ်သွားလေ၏။


ကလေးမလေးက ငိုနေခဲ့သည်။


~~~~


လှပသော ငှက်သတ်သမား။


လေလာ လူဝဲလင် ထိုသူ့ကို ဤသို့ နာမည်ပေးထားသည်။


ဒီအိမ်တော်မှလူအားလုံးနှင့် ဘီလ်ရမ်မာက သူ့ကို ပြီးပြည့်စုံသောအုပ်ချုပ်သူအဖြစ် ချီးကျူးကြ၏။ ဤနယ်မြေ၏ ပိုင်ရှင်အဖြစ် ထူးချွန်သော မက်သိုင်းရပ်စ် ဘွန် ဟာဟက်ဒ်ကို လူအများက ချစ်ကြပြီး ဂရုစိုက်ကြပုံပင်။


သို့သော် လေလာကတော့ လက်မခံပေ။


မြို့စား အမဲလိုက်ထွက်ပြီးသည့်နေ့မှစ၍ မိခင်ငှက်မကြီး ပျောက်ဆုံးသွားခဲ့သည်။ ယခုမှ အကောင်ပေါက်စငှက်ကလေးများကို အစာရှာကျွေးမည့် အမေမရှိတော့ပေ။ ထပ်ပြောရလျှင် အခြားသောငှက်များကိုလည်း မတွေ့ရတော့ပေ။


ဘာလို့ မြို့စားက စားလို့ရတဲ့ငှက်ကြီးတွေမဟုတ်ဘဲ လှပတဲ့ငှက်သေးသေးလေးတွေကိုပဲ အမဲလိုက်ရတာလဲ။


ယခင်လတုန်းက ထိုအကြောင်းကိုစပ်စုကာ သိချင်နေသော လေလာတစ်ယောက် ဘာကြောင့်လဲဆိုသည်ကို ယခုသိသွားလေပြီ။


သူ့အတွက်တော့ ငှက်များက ရွေ့လျားနေသော ပစ်မှတ်များသာ။


ပို၍သေးငယ်လေလေ ပစ်ခတ်ရန်ပိုခက်ခဲပြီး အာရုံစိုက်ရလေလေဖြစ်ရာ စိတ်ဝင်စားစရာပိုကောင်းပေသည်။ မြို့စားက သူပစ်လိုက်သောသားကောင်ကို စိတ်မဝင်စားပေ။ ပစ်မှတ်ထိသွားလျှင် တစ်ဖက်လှည့်သွားတတ်၏။ သူအမဲလိုက်ထွက်သောနေ့များတွင် သွေးများပေကျံကာ သေနေသောငှက်များကို လေလာ မြှုပ်နှံပေးရစမြဲပင်။


ဘန်း-


ခပ်လှမ်းလှမ်းမှ သေနတ်သံထွက်ပေါ်လာခဲ့ပြန်သည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment