လေလာတစ်ယောက် ကောင်းကင်ကြီး နှင်းဆီရောင်သန်းလာတော့မှ အိမ်တော်ကနေ ထွက်လာခဲ့သည်။ ထွက်လာပြီးနောက် နှင်းဆီခြံအဝင်ဝသို့ရောက်သောအခါ လန်းဆန်းမွှေးကြိုင်သောရနံ့များကို ရှူရှိုက်လိုက်ရ၏။
သူ(မ)၏ညာဘက်လက်ထဲတွင် ရွှေဒင်္ဂါးပြားလေးကိုဆုပ်ကိုင်ထားရင်း လေလာ ဂုဏ်ယူစွာဖြင့် လျှောက်လှမ်းလာခဲ့သည်။ သို့သော် သူ(မ)၏ တက်ကြွသောခြေလှမ်းများမှာ ကြာရှည်မခံခဲ့ပေ။ ကလာရ်ဒင်းက လှပစွာဖူးပွင့်နေသော နှင်းဆီခြုံနွယ်များအနီးရှိ လင့်စင်အောက်မှာထိုင်နေ၏။ သူ(မ)၏ ဝမ်းကွဲမောင်နှမများနှင့် စကားပြောနေချိန်တွင် လေလာနှင့်အကြည့်ချင်းဆုံသွားသောကြောင့် ကလာရ်ဒင်းက ပြုံးပြလာခဲ့သည်။
"နှုတ်ဆက်ပါတယ် လေလာ။"
ကလာရ်ဒင်းက အရင်ဆုံး နှုတ်ဆက်လိုက်သည်။ ကလာရ်ဒင်း၏ဘေးတွင်ထိုင်နေသော လူငယ်လေးများ၏အကြည့်များက လေလာထံ ကျရောက်လာသည်။ ကံကောင်းစွာဖြင့် သူ(မ) မြို့စားဟာဟက်ဒ်ကိုတော့ မတွေ့ခဲ့ရပေ။
လေလာလည်း ဦးညွတ်ပြလိုက်ရာ ကလာရ်ဒင်းက ဘာမှဆက်မပြောလာခဲ့ပေ။
၎င်းတို့၏မြင်ကွင်းကနေ ကျော်လွန်လာပြီးနောက် လေလာ စပြီးပြေးလာခဲ့သည်။ ထူးဆန်းပြီး မရင်းနှီးသော အနှီလောကကြီးထဲကနေ ပြေးထွက်လာကာ ဦးလေးဘီလ်၏အိမ်ငယ်လေးသို့ သူ(မ)အမြန်ပြန်ချင်နေ၏။ သို့သော် အကြီးမားဆုံးသော ကံဆိုးမှုကြီးက နောက်ဆုံးအချိန်တွင်မှ ကျရောက်လာသည်။
ဥယျာဉ်နှင့်တောအုပ်အစပ်နေရာတွင် သူ(မ)လဲကျသွားသည်။ သူ(မ)၏လက်ထဲမှ ရွှေဒင်္ဂါးပြားက ကျောက်ခင်းလမ်းလေးအတိုင်း လှိမ့်သွားပြီး လူတစ်ယောက်၏ဖိနပ်နားသို့ ရောက်ရှိသွား၏။ လှိမ့်သွားသောရွှေဒင်္ဂါးပြားလေးကို လေလာ မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။ လှည်နေသည့်ရွှေဒင်္ဂါး၏အသံ ရပ်တန့်သွားစေရန်အလို့ငှာ ထိုလူက သူ၏ဖိနပ်ထိပ်ပိုင်းဖြင့် တက်နင်းလိုက်သည်။
ပြောင်နေအောင် တိုက်ချွတ်ထားသောဖိနပ်များ၊ ခြေတံရှည်များနှင့် သူ(မ)ကိုငုံ့ကြည့်နေသော သူ၏မျက်နှာကို လေလာ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ ထိုလူက မြို့စားဟာဟက်ဒ်ပင်။
အံ့အားသင့်သွားသောလေလာမှာ အလိုအလျောက် ထရပ်လိုက်မိသည်။ သူ(မ)၏ အဖြူရောင်ဂါဝန်လေးက ဒူးဒဏ်ရာကနေ ထွက်လာသောသွေးများနှင့် ဖုန်မှုန့်များပေကျံကာ ညစ်ပတ်သွားခဲ့သည်။ မြို့စားက လေလာ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။ သူ၏ အနီရောင်နှုတ်ခမ်းတို့က တစ်ဖက်သို့ အနည်းငယ်ရွဲ့စောင်းနေပုံပင်။
လေလာတစ်ယောက် နှုတ်ခမ်းကိုက်လိုက်ပြီး ဂါဝန်မှဖုန်များကို ခါလိုက်သည်။ မြို့စားဟာဟက်ဒ်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။ သူ့ခြေထောက်အောက်ရှိ ရွှေဒင်္ဂါးပြားက နေရောင်အောက်တွင် တောက်ပနေခဲ့သည်။
လေလာ ထားခဲ့ချင်သော်လည်း မြို့စား၏ရှေ့၌ ခန္ဓာကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ လက်ဆန့်ထုတ်ရန်လုပ်လိုက်စဉ် မိန်းကလေးဘရန့်ဒ်ပြောသွားသော စကားများကိုလေလာ ပြန်လည်ကြားယောင်လာခဲ့၏။
ခွေးတစ်ကောင်ထက်တောင် ပိုကောင်းမနေဘူး။
ထိုစကားများက လေလာ၏ရင်ထဲမှဒဏ်ရာကို ပို၍နက်ရှိုင်းလာစေခဲ့သည်။
လေလာ ဒင်္ဂါးပြားကိုကောက်ယူလိုက်ပြီးနောက် မြို့စားကို ယဉ်ကျေးစွာဖြင့် ဦးညွတ်လိုက်သည်။ သူ(မ) ခေါင်းမမော့ရဲပေ။ သူ(မ)လုပ်နိုင်သည်မှာ တတ်နိုင်သမျှခေါင်းငုံ့ထားပြီး အသက်အောင့်နေခြင်းသာ။ အံ့သြစရာကောင်းစွာပင် သူ(မ)ဦးညွတ်ထားသောအချိန်၌ မည်သည့်နာကျင်မှုမျိုးကိုမှ မခံစားရပေ။
မြို့စားထွက်သွားပြီးနောက် လေလာ နောက်တစ်ခါ ထပ်ပြေးခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် ဒဏ်ရာရထားသော သူ(မ)၏ခြေထောက်ကြောင့် လေလာ ယခင်ကကဲ့သို့ မပြေးနိုင်တော့သော်လည်း သွေးထွက်နေသောခြေထောက်နှင့် ဆက်ပြေးနေမိ၏။ တစ်ခုခုက သူ(မ)၏ရင်ထဲကနေ လည်ချောင်းထဲထိ စို့တက်လာသလိုခံစားနေရသည်။
တောအုပ်ကိုဖြတ်သန်းသွားပြီးနောက် အိမ်ငယ်လေးဆီမှအလင်းရောင်ကို တွေ့လိုက်ရသောအခါ ထိုအရာက မည်သည့်အရာဖြစ်ကြောင်း လေလာ နားလည်သွားသည်။
ထိုအရာက ဝမ်းနည်းမှုပင်တည်း။
~~~~
"သမီး ဦးကို ဒီဟာပေးမယ်။"
လေလာက အမူအရာတည်တံ့စွာဖြင့် ပေးလိုက်၏။ ဘီလ်၏မျက်ခုံးများက ဖြည်းဖြည်းချင်း တွန့်ချိုးသွားခဲ့သည်။
"ဒါကဘာလဲ။"
"ရွှေဒင်္ဂါးပြားလေ။"
"ဦး မသိဘူးထင်လို့လား။"
"မိန်းကလေးကလာရ်ဒင်း သမီးကိုပေးသွားတာပါ။"
"ကလာရ်ဒင်း။ ဟို မျိုးရိုးမြင့်မိန်းကလေးငယ်လေးပဲ။"
ဘီလ်က ထိုမိန်းကလေးကို သိသောပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
အိမ်တော်ဆီသို့ အခေါ်ခံခဲ့ရသည့်နေ့ကနေ နောက်ထပ်နှစ်ရက်လောက်အထိ လေလာ စိတ်ဓာတ်ကျနေခဲ့သည်။ သူ(မ)က ပုံမှန်အတိုင်း တောအုပ်နှင့် ဥယျာဉ်ထဲသို့ လမ်းလည်းမလျှောက်သလို စကားလည်းမပြောခဲ့ပေ။ ဘီလ်လည်း ယခင်က သွက်လက်တက်ကြွနေတတ်သော သူ(မ)၏နေထိုင်ပုံကို လွမ်းဆွတ်နေမိကြောင်း သတိပြုမိလိုက်သည်။
ကလေးမလေး ငြိမ်သက်နေသောကြောင့် လောကကြီးက တိတ်ဆိတ်သွားခဲ့သော်လည်း ထိုကဲ့သို့တိတ်ဆိတ်မှုမျိုးကို ဘီလ်သဘောမကျပြန်ပေ။
"ဘာလို့ ဒီငွေကို ဦးကိုပေးရတာလဲ။"
ဘီလ်က စားပွဲခုံရှေ့သို့ အနည်းငယ်ငုံ့ကိုင်းလိုက်၏။ လေလာက သူ၏မျက်နှာချင်းဆိုင်တွင် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်သည်။
"တန်ဖိုးကြီးတယ်လို့ သမီးထင်လို့ပါ။"
"ဒါက တန်ဖိုးကြီးတယ်လေ။"
"ဒီငွေကိုရချိန်မှာ သမီးဝမ်းနည်းခဲ့ရပေမဲ့ တန်ဖိုးကြီးတာမို့လို့ သမီးပစ်မထားခဲ့နိုင်ခဲ့ဘူး။ အဲ့ဒီအစား ဦးကိုပေးလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ဦးအပေါ် အကြွေးတင်နေတာကို နည်းနည်းလောက် ပြန်ပေးနိုင်ပြီထင်လို့ပါ။
"သေစမ်း။"
ဘီလ် ကြမ်းတမ်းစွာ ရေရွတ်လိုက်သည်။ လေလာက အနည်းငယ်တုန်လှုပ်သွားသော်လည်း သူဆဲလိုက်သောစကားကို စိတ်ထဲမထားခဲ့ပေ။
ထိုကလေး အာဗစ်သို့ရောက်လာချိန်ကတည်းက ဆွေကြီးမျိုးကြီးမျိုးရိုးမြင့်များ သူ(မ)၏နုနယ်လှသောနှလုံးသားလေးကို နာကျင်အောင်လုပ်လေမလားဟု ဘီလ်စိတ်ပူနေခဲ့မိသည်။ သူ(မ)၏မျိုးရိုးအဆင့်အတန်းက နိမ့်ပါးသောကြောင့် ၎င်းတို့က သူ(မ)ကို အနိုင်ကျင့်ကြမည်ဟု ဘီလ်ယုံကြည်ထား၏။ ဘီလ်အတွက်တော့ ဆွေကြီးမျိုးကြီးများအားလုံး အတူတူနှင့်အနူနူပင်။
ရက်စက်ကာ ရိုင်းစိုင်းပြီး လူတန်းစားခွဲခြားဆက်ဆံတတ်ကြသည်။
အိမ်တော်၌ ဖြစ်ခဲ့သည့်အရာများကို သူ မေးကြည့်လိုက်လျှင် ကလေးမလေး ငိုသွားမည်အား စိုးရိမ်မိသော်လည်း သူ(မ) ထိုနေရာ၌ မည်ကဲ့သို့ ဆိုးဆိုးဝါးဝါးဆက်ဆံခံခဲ့ရမည်ကို ဘီလ်တွေးကြည့်နိုင်သည်။
"လေလာ။"
ရင့်ကျက်သည့်ပုံစံဟန်ဆောင်နေသော လေလာက သူခေါ်လိုက်သောအခါ ကလေးဆန်စွာ ပြုံးပြလာသည်။
"မင်းက ငွေရှာနိုင်ခဲ့တာဆိုတော့ မင်းပဲယူထားလိုက်ပါ။"
"သမီးရှာခဲ့တဲ့ငွေ?"
"ဟုတ်တယ်။ မင်း အလုပ်လုပ်ပြီး ရလာတဲ့ငွေ။ အထက်တန်းလွှာတွေနဲ့ဆက်ဆံရတာက သေလောက်အောင် နာကျင်ရပေမဲ့ မင်းလုပ်နိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့ မင်းရဲ့ဆုကြေးကို ယုံကြည်ချက်အပြည့်နဲ့ယူထားလို့ရတယ်။"
လေလာ နားမလည်နိုင်စွာဖြင့် မျက်ခုံးများတွန့်လိုက်၏။ ဘီလ်တစ်ယောက် ထိုကလေးမလေးကိုကြည့်ကာ ခွက်ထဲမှအရက်များကို မော့သောက်လိုက်သည်။
"တကယ်လား။"
လေလာ သူ(မ)၏ဦးခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်ပြီး ရွှေဒင်္ဂါးပြားကို ထိလိုက်၏။
"တကယ်ပေါ့။"
သူ(မ) ရှာထားသောငွေ။
လေလာ၏မျက်နှာက စတင်၍အရောင်တောက်ပလာခဲ့သည်။
"အရွယ်ရောက်သူတွေရဲ့ လောကကြီးကနေ ကြိုဆိုပါတယ် လေလာ။"
ခပ်ကြီးကြီးအသားတုံးတစ်တုံးယူကာ ကလေးမလေး၏ပန်းကန်ထဲသို့ ဘီလ် ထည့်ပေးလိုက်၏။
"အရွယ်ရောက်တဲ့သူ? သမီးကလေ?"
"မင်း ကိုယ်ပိုင်ငွေရှာနိုင်တယ်ဆိုရင် မင်းက အရွယ်ရောက်တဲ့သူပဲ။ ပြီးတော့ မင်းရှာနိုင်ခဲ့တယ်လေ။"
"သမီး ရွှေဒင်္ဂါးတစ်ပြားပဲ ရခဲ့တာပါ။"
"ရွှေဒင်္ဂါးလေးတစ်ပြားတောင်မှ ရအောင်မရှာနိုင်တဲ့ လူကြီးတွေ ဒီလောကမှာ အများကြီးပဲ လေလာ။ ဒါကြောင့် မင်းကတော့ အစကောင်းတယ်လို့ပြောရမယ်။ ပြီးတော့ အစကောင်းခဲ့မယ်ဆိုရင် သေသေချာချာ အရွယ်ရောက်လာမှာပဲ။"
မကြာမီ ဘီလ်က လေလာ၏ပန်းကန်ထဲသို့ ပေါင်မုန့်နှင့် အသီးအရွက်များကိုပါ ထည့်ပေးခဲ့သည်။
"အရမ်းများနေပြီလေ ဦးလေး။"
များပြားလှသော အစားအသောက်များကိုကြည့်၍ လေလာ မျက်လုံးပြူးသွားရသည်။
"မင်း အစားအသောက်တွေကို ငှက်တစ်ကောင်လိုစားနေတာ တော်တော်ကြာပြီ၊ ဒါကြောင့် များများစားရမယ်။"
"ဒါပေမဲ့..."
"မင်း သိတယ်မလား။ ဦးက နွားတစ်ကောင်လို အစားစားတဲ့ကလေးတွေကိုပဲ သဘောကျတာနော်။"
လေလာက ရယ်မောလိုက်သည်။
"သမီးအများကြီးစားရင် လူကောင်ကြီးလာမှာလား။"
"ထင်တာပါပဲ။ ဘာလို့လဲ။ တစ်ယောက်ယောက်က မင်းကို လူကောင်သေးတယ်ဆိုပြီး ပြောလိုက်လို့လား။"
"မဟုတ်ပါဘူး။ သမီးကိုယ်တိုင်ကိုက အဲ့လိုခံစားမိလို့။ တကယ် စိတ်ရှုပ်စရာကောင်းတယ်။"
အဲ့ဒါ မင်းက ငယ်သေးလို့လေ။
ဘီလ် ထိုအကြောင်းကိုတော့ ထုတ်မပြောခဲ့ပေ။
လေလာလည်း သူ(မ)၏ပန်းကန်ထဲမှ အသားတုံးကို စတင်၍စားလိုက်သည်။
ဘီလ်အတွက်တော့ လေလာတစ်ယောက် လအနည်းငယ်အတွင်းမှာပင် အမှန်တကယ် မြန်ဆန်စွာကြီးထွားလာသည်ဟု ထင်မိ၏။ ကလေးမလေးက သံချောင်းလေးကဲ့သို့ ခန္ဓာကိုယ်မျိုး မဟုတ်တော့ပေ။ သူ(မ)က အတော်လှပသည်။ သူ(မ)၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက ငှက်ကလေးကဲ့သို့ သေးသေးသွယ်သွယ်ဖြစ်သည့်အတွက် ခန္ဓာကိုယ်ကြီးသူတော့ ဖြစ်လာမည်မထင်ပေ။ သို့သော် သူ(မ)က လှပသောမိန်းကလေး ဖြစ်လာမည်မှာသေချာပေါက်ပင်။
သူ လေလာ၏အလှအပကို ချီးကျူးနေမိသည်အား သတိထားမိသွားပြီးနောက် ဘီလ် သူ့ကိုယ်သူအံသြနေမိသည်။
***
Aurora Novel Translation Team